ဖုန်းစာချုပ် ၊ ဆင်းကဒ်ပျောက်ဆုံးပျက်ဆီးသူများ အခမဲ့ ပြန်လည်လျှောက်ထားနိုင်

ပို့စ်တင်ချိန် - 2/22/2014 12:00:00 PM


လားရှိုး၊ ဖေဖော်ဝါရီ ၂၂။

လားရှိုးမြို့တွင် ဆင်းကတ်များ၊ ဖုန်းစာချုပ်များ ပျက်ဆီးပျောက်ဆုံးပါက ပြန်လည်လျှောက်ထားရာတွင် ဆက်သွယ်ရေးရုံးသို့ အခကြေးငွေများ ပေးဆောင်နေရကြောင်း မြို့နေပြည်သူလူထုထံမှ ယမန်နေ့ကသိရှိရသည်။

ယင်းဆင်းကတ်ပြန်လည် လျောက်ထားသူတစ်ဦးက “ဦးလေးသမီးရဲ့ဖုန်းကတ် ပျက်သွားလို့ လာလျောက်ပေးတာပါ။ ဦးလဲသိချင်လို့ ရှေ့ကလူတွေကို မေးကြည့်တာ အမျိုးမျိုး ပြောကြတာပဲ တစ်သောင်း၊ တစ်သောင်းခွဲ၊ တစ်သောင်းရှစ်ထောင်၊ နှစ်သောင်းစသည်ဖြင့် ပြောကြတာပါ။ ဘယ်သူတွေ ဘာပြောပြောဦးကတော့ တစ်ပြားမှမပေးခဲ့ရပါဘူးဗျာ”ဟု ပျက်သောဖုန်းကတ်အားပြန်လည် လျှောက်ထားသူ စစ်ထွက်အငြိမ်းစားတစ်ဦးက ပြောသည်။
အဆိုပါဆင်းကတ်နှင့် ပတ်သက်ပြီးတာဝန်ရှိသူတစ်ဦးက “ဒါတွေကမဟုတ်ပါဘူး၊ ကျွန်တော်တို့ရုံးက မယူပါဘူး၊ ဆိုင်က၀ယ်တဲ့ဆင်းကတ်တွေနဲ့၊ ကြားပွဲစားတွေနဲ့တွေ့လို့ ပေးရတာပါ။ ကျွန်တော်တို့ရုံးကို တိုက်ရိုက်လာပြီးတော့ လျှောက်ကြပါ၊ တစ်ပြားမှမကုန်ပါဘူး”ဟု မြန်မာ့ဆက်သွယ်ရေးပြည်နယ်မန်နေဂျာရုံး၊ စက်မှု(၄)မှ ကိုသူရကျော်က ပြောသည်။
ဖုန်းစာချုပ်များနှင့်ပတ်သက်လျှင်လည်း ကိုယ်ပိုင်မှတ်ပုံတင်မိတ္တူနှင့် စာချုပ်မိတ္တူထုတ်ပေးပါရန်ရုံးသို့ ကိုယ်တိုင်လာရောက် လျှောက်ထားနိုင်ကြောင်း တာဝန်ရှိသူထံမှသိရသည်။

စိုးမင်းနိုင်
The Myanma Age