မုန့်ဖုတ်ဆိုဒါရဲ့ အလှအပအတွက် အသုံးဝင်ပုံ (၈)ချက် - အပိုင်း(၁)

ပို့စ်တင်ချိန် - 2/22/2014 03:04:00 PM


          မုန့်ဖုတ်ဆိုဒါကို အိမ်ရှင်မတွေ အနေနဲ့ မီးဖိုထဲမှာပဲ သုံးရတဲ့အရာလို့ ထင်ချင်ထင်နေမှာပေါ့။ တကယ်တမ်းမှာတော့ မုန့်ဖုတ်ဆိုဒါဟာ အလှအပအတွက်လည်း အင်မတန်မှ အသုံးဝင်ပါတယ်။ ဈေးကြီး ပစ္စည်းတွေလိုပဲ အသုံးဝင်တဲ့ အလှအပရေးရာ နည်းလမ်းလေးတွေကို ဖော်ပြပေးပါဦးမယ်။

(၁)     ချွေးထွက်နည်းစေပြီး ခန္ဓာကိုယ်အနံ့ကင်းစေခြင်း
          မုန့်ဖုတ်ဆိုဒါကို ရေအနည်းငယ်နဲ့ ခပ်ပျစ်ပျစ်လေးရအောင်ဖျော်လိုက်ပါ။ ပြီးရင်တော့ ချိုင်းနားတ၀ိုက်မှာ လိမ်းပေးထားပါ။ သဘာဝအတိုင်း ချွေးနံ့ကို သက်သာပျောက်ကင်းစေပါတယ်။

(၂)     ဆံပင်ကို ပြန်လည်အားဖြည့်ပေးခြင်း
          သင့်ရဲ့ဆံကေသာတွေ သန်စွမ်းစေဖို့ ထုတ်ကုန်အချို့နဲ့ ပြန်လည်အားဖြည့်ပေးဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ခေါင်းလျော်တဲ့အခါ သင့်ရဲ့ ခေါင်းလျော်ရည်ထဲကို မုန့်ဖုတ်ဆော်ဒါနည်းငယ် ထည့်ပြီး လျော်နေကျအတိုင်းပဲ လျော်ပါ။ အသစ်တဖန်သစ်လွင်ပြီး ပြန်လည်သန်စွမ်းလာမယ့် ဆံကေသာတွေကို တွေ့ရပါလိမ့်မယ်။

(၃)     သွားတွေဖြူဖွေး တောက်ပလာစေခြင်း
          ဒီလို သွားတွေ ဖြူဖွေးဖို့အတွက်ဆိုရင်တော့ မုန့်ဖုတ်ဆိုဒါ ထမင်းစားဇွန်းတစ်ဇွန်းကို ဟိုက်ဒရိုဂျင် ပါအောက်ဆိုဒ် (၅)စက်နဲ့ ခွက်တစ်ခွက်ထဲ အတူရောထည့်ပြီး ခပ်စေးစေးပျစ်ပျစ် ဖြစ်လာတဲ့အထိ မွှေပေးပါ။ လိုအပ်ပါက ရေအနည်းငယ်ထည့်ပေးပါ။ ရလာတဲ့ အနှစ်တွေကို သွားပွတ်တံကို အသုံးပြုပြီးပဲဖြစ်ဖြစ် သွားပေါ်မှာ သုတ်လိမ်းပြီး (၅)မိနစ်လောက်ကြာအောင် ထားပေးပါ။ ပြီးရင်တော့ သုံးနေကျ သွားတိုက်ဆေးနဲ့ တိုက်ပြီး ဆေးပစ်လိုက်ပါ။ တကယ်လို့ ရလဒ်ကို စိတ်မကျေနပ်သေးဘူးဆိုရင်တော့ ရောနယ်ထားတဲ့ အနှစ်တွေကို (၁၀)မိနစ်လောက်အထိ ထားလို့ရပါတယ်။ အဲဒီ့ထက်တော့ပိုမထားသင့်ပါဘူး။ ဒါကို တစ်ပတ်တစ်ကြိမ် ပုံမှန်လုပ်ပေးသွားမယ်ဆိုရင် လှပပြီး ဖြူဖွေးတဲ့ သွားတွေ ပိုင်ဆိုင်နိုင်ပါတယ်။

(၄)     ခြေသည်း ၊ လက်သည်းရင်းရှိ အခွံမာအရစ် (ခြေ/လက်သည်း ပန်းကုံး) များကို နူးညံ့ပျော့ပျောင်း စေခြင်း
          သင့်ရဲ့ ခြေသည်းပန်းကုံးလေးတွေ နူးညံ့နေစေဖို့ lotion တွေ gel တွေနဲ့ ပြုပြင်နေရပါသလား။ မုန့်ဖုတ်ဆိုဒါအနည်းငယ်ကို ရေနွေးနဲ့ရောလို့ စောစောကလို အနှစ်လေးရအောင် မွှေပေးပါ။ ရလာတဲ့အခါ ခြေသည်းရင်းက အသားမာတွေပေါ်မှာ နူးညံ့တယ်လို့ ခံစားရတဲ့အထိ ပွတ်တိုက်ပေးပါ။ လုံလောက်ပြီထင်ရင် ရေဆေးချလိုက်ပါ။ လက်သည်းပန်းကုံးလေးတွေကိုလည်း အလားတူပွတ်တိုက်ပေးလို့ ရပါတယ်။

Ref:womenshealthmag.com
Trend Myanmar