အခြားပါတီများကို တိုက်ခိုက်ပြီးမဲဆွယ်စည်းရုံးမှု မလုပ်ရန် ဒေါ်အောင်ဆန်းစုကြည်ညွှန်ကြား

ပို့စ်တင်ချိန် - 2/20/2014 04:41:00 PM


မင်းမင်း|ဖေဖော်ဝါရီ ၁၉ ရက်၊ ဗုဒ္ဓဟူးနေ့၊ ၂၀၁၄ ခုနှစ်။

ပြည်သူလူထု ထောက်ခံလာအောင် မဲဆွယ်စည်းရုံးရမည် ဖြစ်သော်လည်း အခြားနိုင်ငံရေး ပါတီများကို ထိခိုက်စေသော အောက်တန်းကျသည့် နိုင်ငံရေးမျိုး မလုပ်ကြရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က သူ၏ပါတီဝင်များကို ညွှန်ကြားလိုက်သည်။

“အဆင့်ရှိရှိ လုပ်ရမယ်။ အောက်တန်းကျတဲ့ နိုင်ငံရေးမျိုးမလုပ်ရဘူး။ တခြားဘက်ကို တိုက်ခိုက်တာတို့၊ မဟုတ်မမှန်တာပြောပြီးတော့ ဆွယ်တာတို့ အဲ့ဒါမျိုးတွေ မလုပ်ရဘူး။ အဲ့ဒါတွေက ရေရှည်မှာလည်း အကျိုး မရှိဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

လွှတ်တော်သို့ လာရောက်လေ့လာသည့် အန်အယ်ဒီပါတီဝင်များအား ဖေဖော်ဝါရီ ၁၈ ရက် ပြည်ထောင် စုလွှတ်တော်အစည်း အဝေးနားချိန်တွင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ပါတီဝင်များသည် ဒီမိုကရေစီနည်းလမ်းတကျ အရွေးချယ်ခံရအောင် ကြိုတင်ပြင်ဆင်ထားရမည်ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းခဲ့သေးသည်။ “ကိုယ်က စည်းရုံးရေးအားနည်းသွားလို့ အရွေးမခံရ လို့ရှိရင် နောက်တစ်ခါအတွက် သင်ခန်းစာယူပြီးတော့ အရွေးခံရအောင် ဘယ်လိုလုပ်ရမလဲဆိုတာ ကိုယ့် ဟာကိုယ် စဉ်းစားရမယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် လက်ရှိ ပြည်ထောင်စုလွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ် ၄၃ ဦးဖြင့် ဒုတိယ အများဆုံးနေရာယူ ထားသည်။

“အရွေးချယ်ခံရအောင်တော့ လုပ်ရမှာပဲ။ ဒီလိုပဲ နေရင်းထိုင်ရင်းနဲ့တော့ အရွေးခံရမှာ မဟုတ်ဘူး။ စည်းရုံး ရမယ်။ ကိုယ့်ကို ထောက်ခံအောင်လို့ ကြိုးစားရမယ်” ဟု ပါတီဝင်များကို တိုက်တွန်းသည်။

ဖွဲ့စည်းပုံပြင်ဆင်ရေး ကြွေးကျော်ပြီး ကြားဖြတ်ရွေးကောက်ပွဲဝင် ရောက်ယှဉ်ပြိုင်ခဲ့သည့် ဒေါ်အောင်ဆန်း စုကြည်က လက်ရှိဖွဲ့စည်းပုံသည် ဒီမိုကရေစီကိုဖေါ်ဆောင်မည့် ဥပဒေဘယ်လိုမှ ဖြစ်နိုင်မည် မဟုတ်ဟု လည်း ဝေဖန်ခဲ့သည်။ အခြေခံ ဥပဒေပြင်ဆင်ရာတွင်လည်း နိုင်ငံနှင့် အဖွဲ့ အစည်း၏ သိက္ခာကိုထိန်းပြီး မှန်ကန်သည့်နည်းဖြင့် ဆောင်ရွက်ရန်လည်း တိုက်တွန်းသည်။

“သိက္ခာရှိရှိနဲ့ အဆင့်မြင့်မြင့်တော့ လုပ်ပါ။ ရန်ဖြစ်သလို၊ ရန်တွေ့သလို၊ ကလေးတွေ တစ်ယောက်နဲ့ တစ်ယောက် ရိုက်နှက်သလို အဲ့လိုဟာမျိုး လုံးဝမလုပ်ပါနဲ့” ဟု ပြောသည်။

အန်အယ်ဒီပါတီသည် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို အဓိကစိန်ခေါ်နေသည်ဟု နိုင်ငံတကာကပါ ထောက်ပြနေသည့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော်က သဘောတူရမည် ဟု ပြဋ္ဌာန်းထားသည့် ပုဒ်မကိုပြင်ရန် ၈၈မျိုးဆက်ကျောင်းသားများ ဦးဆောင်သည့် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းနှင့် ပူးပေါင်းဆောင်ရွက်မည်ဟု ယခုလ ၁၆ ရက်က ပူးတွဲကြေညာချက် ထုတ်ပြန် ထားသည်။

Mizzima Burmese