ဆီတစ်ဂါလံကို ၈၄မိုင် စီးနိုင်မယ့် သုံးဘီး Elioကို ခံစားကြည့်ရအောင် …

ပို့စ်တင်ချိန် - 2/20/2014 07:41:00 PM


ဒီခေတ်မှာ ကားတစ်စီး ဈေးကွက်မှာ ပေါက်ချင်ရင်၊ နောက်ပြီး တဟုတ်တိုး လူသိများချင်ရင် အဲဒီကားမှာ အနည်းဆုံး တခြားကားတွေထက် သာတဲ့၊ ဒါမှမဟုတ် မတူတဲ့ အချက်တစ်ချက်တော့ ရှိမှကို ဖြစ်ရမယ်ဗျ။ ဒါမှလည်း ဈေးကွက်မှာ အောင်မြင်တာ၊ မအောင်မြင်တာ နောက်ထား၊ လတ်တလောမှာတော့ မော်ဒယ်သစ်ကို လူသိများသွားဖို့က အရင်ဆုံး လက်တွေ့ကျမယ် မဟုတ်လား။ ဒါကြောင့်လည်း ကားကုမဏီတွေက တစ်ခုမဟုတ် တစ်ခု ထူးခြားတဲ့၊ ဈေးကွက်ဝင်ထားပြီးသား ကားတွေထက် သာလွန်ကောင်းမွန်တဲ့ ကားတွေကို ဖန်တီးထုတ်လုပ်ရောင်းချနေကြတာ တွေ့နိုင်ပြီး အထူးသဖြင့် သူတို့ ထူးခြားအောင် ဖန်တီးတဲ့ အပိုင်းတွေက စွမ်းဆောင်ရည်အပိုင်းနဲ့ ဆီစားနှုန်း အပိုင်းတွေ ဖြစ်တာ တွေ့နိုင်ပါတယ်။

အခုလည်း Elioကား ကုမ္ပဏီကနေ ဆီတစ်ဂါလံကို ၈၄မိုင်ထိအောင် စီးနင်းမောင်းနှင်နိုင်မယ့် တန်ကြေးနည်း သုံးဘီးကားတစ်စီးကို မိတ်ဆက်လိုက်ပြန်တော့ အဲဒီလို ဖွတ်ချက် ဖွတ်ချက်တွေဆို အသံတောင် မကြားချင်တဲ့ ကျွန်တော်တောင် သူ့ အကြောင်းလေး ဖတ်ကြည့်မိတာ အမှန်ပါ။ အဲ… နောက်ပြီး စိတ်ပါလာတော့ အခုလို ပုံမှန် မိတ်ဆက်ပေးနေကျနေရာမှာပါ ထည့်ပြီး မိတ်ဆက်ပေးလိုက်တော့တာပေါ့။ ကဲ… သူ့အကြောင်းလေး ဆက်ကြည့်ရအောင်နော်။

ဒီကားကို Elio Motorက ပြီးခဲ့တဲ့ မကြာသေးခင်ကပဲ မိတ်ဆက်ခဲ့တာ ဖြစ်ပြီး လာမယ့် နွေရာသီမှာ စတင်ထုတ်လုပ်ရောင်းချသွားဖို့ ရည်ရွယ်ထားကြောင့် ပြောထားပါတယ်။ ဒါပေမယ့် စက်ရုံအခက်အခဲကြောင့် ရှေ့နှစ်ထဲရောက်မှ ဈေးကွက်ဝင်လာဖို့ ရှိနေပြီး အခု စက်ရုံအတွက် မြေတွေ ၀ယ်ယူလိုက်ပြီ ဖြစ်ပြီး လက်ရှိမှာ စက်ရုံတည်ဆောက်ရေး လုပ်ငန်းတွေ စတင် နေပြီ ဖြစ်တယ်လို့ ဆိုပြန်ပါတယ်။ အမေရိကန် ဈေးကွက်အတွက် ကနဦး ရည်ရွယ်ထားတာ ဖြစ်ပေမယ့် နောက်ပိုင်းမှာ တစ်ကမ္ဘာလုံးကို အမြန်ဆုံး ဖြန့်ဖြူးရောင်းချနိုင်အောင် ကြိုးစားသွားမယ်လို့ Elio Motorရဲ့ CEOက ဆိုပါတယ်။

အလုပ်သမား ၁၅၀၀လောက်နဲ့ ရွေ့လျားတပ်ဆင်စက်တွေကို သုံးပြီး ထုတ်လုပ်သွားမှာ ဖြစ်သလို ဒီကားဟာ ရှေ့နှစ် ပထမလေးလပတ်အတွင်းမှာ ဈေးကွက်ဝင်လာနိုင်ပါတယ်။ တပ်ဆင်ထားမယ့် အင်ဂျင်က ၀.၉လီတာသုံး သုံးလုံးထိုး အင်ဂျင် ဖြစ်ပြီးတော့ စွမ်းအင် ထုတ်လုပ်နိုင်မှုက မြင်းကောင်ရေ ၅၅ကောင်အား ဖြစ်ပါတယ်တဲ့။ Highwayလမ်းကြောင်းတွေမှာပါ စီးနင်းနိုင်အောင် ဖန်တီးထုတ်လုပ်မှာ ဖြစ်ပြီးတော့ ဆီစားနှုန်းက Highwayမှာ ဆီတစ်ဂါလံကို ၈၄မိုင်လောက်ထိအောင် အသုံးခံနိုင်မှာလည်း ဖြစ်ပါတယ်။ မြို့တွင်းလမ်းကြောင်းတွေမှာတော့ ဆီစားနှုန်းကို ပုံမှန်ထက် အနည်းငယ် ပိုမှာ ဖြစ်ပေမယ့် အနည်းဆုံး မိုင်၇၀လောက်ရအောင် ဖန်တီးထုတ်လုပ်သွားမယ်လို့ ဆိုပါတယ်။

အမြန်ဆုံး မောင်းနှင်နိုင်မယ့် နှုန်းက တစ်နာရီ မိုင်၁၀၀ထိအောင် ဖြစ်ပြီး သုံးဘီးတပ်ယာဉ် ဖြစ်တာကြောင့် အမြန်နှုန်း မြင့်တက်လာတဲ့ အချိန်မှာ လက်ကိုင်ပိုင်းနဲ့ ကိုယ်ထည်ရဲ့ လေခွင်းစနစ်နဲ့ ထိန်းချုပ်တည်မြဲမှုတွေကို ဈေးကွက်တင်ချိန် အမီ အကောင်းဆုံး ဖြစ်အောင် စီမံပြီး အာမခံနဲ့ ထုတ်လုပ်ရောင်းချသွားမှာ ဖြစ်တယ်လို့ CEOဖြစ်သူက ဆက်ပြောပါသေးတယ်။ ကနဦး စတင်ရောင်းချဖို့ အတွက် သတ်မှတ်ထားတဲ့ ဈေးနှုန်းက ဒေါ်လာ ၆၈၀၀ဖြစ်တာကြောင့် ဈေးနှုန်း အပိုင်းမှာတော့ နည်းနည်း များတယ်လို့ ဝေဖန်သူတွေ ရှိနေပြန်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ အဓိက အားသာချက် ဖြစ်တဲ့ ဆီစားနှုန်း အပိုင်းကလည်း Hybridတွေထက်တောင် သာနေသေးတာကြောင့် အပြစ်ပြောလို့တော့ မရပြန်ပါဘူးနော်။

ဒါပေမယ့် တစ်ခု ရှိသေးတာက Elioရဲ့ အထိုင် စနစ် ဖြစ်ပြီး သုံးဘီးကားဆိုတော့ မိသားစု မပြောနဲ့ ချစ်သူရည်းစားတောင် နှစ်ယောက်တွဲပြီး မစီးနိုင်တော့ ဈေးကွက်မှာ အောင်မြင်ဖို့ ဖြစ်နိုင်ပါ့မလားနော်။ ဒီအချက်ကို Elioက ကြိုတွေးထားပုံတော့ရတယ်ဗျ၊ ဘာဖြစ်လို့လဲဆိုတော့ သူ့ရဲ့ ကားကို ရုံးသွား၊ ရုံးပြန်လို ယာဉ်ကြော ရှုပ်ထွေးတဲ့ နေရာတွေမှာ သုံးနိုင်ဖို့ ရည်ရွယ်ပြီး ထုတ်လုပ်မှာ ဖြစ်တယ်လို့ ဆိုတာကြောင့်ပါ။

လင်းလင်း(IA)
TechSpace Journal