မြန်မာ့ဟေမာန် ပန်းချီလုပ်သားအဖွဲ့ ခေါင်းဆောင်ခြောက်ဦး အလုပ်ထုတ်ခံရ

ပို့စ်တင်ချိန် - 2/20/2014 06:57:00 PM


ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉

လစာပေးရန် ငွေကြေး အခက်အခဲရှိ၍ လုပ်သားအင်အား လျှော့ချသည်ဟုဆိုကာ ပန်းချီလုပ်ငန်း လုပ်ကိုင်သည့် မြန်မာ့ဟေမန် ကုမ္ပဏီက အလုပ်သမား အဖွဲ့အစည်း ခေါင်းဆောင် ခြောက်ဦးကို အလုပ်ထုတ်လိုက်ကြောင်း ယင်းကုမ္ပဏီတွင် လုပ်ကိုင်သူများဖြင့် ဖွဲ့စည်းထားသည့် ရုပ်ပြ ပန်းချီဆရာများ အခြေခံ အလုပ်သမား အဖွဲ့အစည်း ဥက္ကဋ္ဌ ဦးအောင်လင်းက ပြောကြားသည်။

ဦးအောင်လင်း အပါအဝင် လုပ်သားခေါင်းဆောင် ခြောက်ဦးကို ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှစ၍ အလုပ်ရပ်စဲလိုက်ပြီ ဖြစ်ပြီး နို့တစ်ကြေး တစ်လစာ အပြည့်အဝရရှိမည် ဖြစ်ကြောင်း၊ ယင်းအပြင် မတ်လ ၁၃ ရက်နေ့တွင် အလုပ်ထုတ် နစ်နာကြေးကို ဥပဒေနှင့်အညီ ပေးအပ်မည် ဖြစ်သည်ဟု ကုမ္ပဏီက စာထုတ်ပြန်ထားကြောင်း ၎င်းကဆိုသည်။

ငွေကြေး အခက်အခဲကြောင့် လုပ်သားများကို အင်အားလျှော့ချခြင်း မဟုတ်ဘဲ အလုပ်သမား အဖွဲ့အစည်းကို ဖြိုခွဲရန် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း၊ အလုပ်ဖြုတ်ခံရသည့် ကိစ္စကို တရားဥပဒေကြောင်းအရ ရင်ဆိုင်သွားမည် ဖြစ်ကြောင်း ဦးအောင်လင်းက ၎င်း၏အမြင်ကို ပြောဆိုသည်။ “ခေါင်းဆောင်တွေကို ပိုက်ဆံပေးလိုက်ရင် သမဂ္ဂတွေကို ဖြိုခွင်းလို့ရတယ် ဆိုတာမျိုး လုံးဝအဖြစ်မခံနိုင်ဘူး” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

၂၀၁၃ ခုနှစ် ဒီဇင်ဘာလ အတွင်းကလည်း ယခုလုပ်ထုတ်ခံရသူ ခြောက်ဦးတွင် ပါဝင်သူ လုပ်သားခေါင်းဆောင် နှစ်ဦးကို အလုပ်နေရာ ပြောင်းရွှေ့လုပ်ကိုင်မှုကို ငြင်းဆန်သည်ဟုဆိုကာ အလုပ်ထုတ်ခံ ခဲ့ရသော်လည်း ခုံသမာဓိကောင်စီက အလုပ်ပြန်ခန့်ရန် ဆုံးဖြတ်ခဲ့ကြောင်း၊ ယင်းဆုံးဖြတ်ချက်ကြောင့် အဆိုပါနှစ်ဦးကို လုပ်ခလစာ ပေးထားသော်လည်း အလုပ်ပြန်လုပ်ခွင့် မပေးခဲ့ကြောင်း လုပ်သားများထံမှ သိရှိရသည်။

အဆိုပါ ကိစ္စများနှင့် ပတ်သက်၍ မြန်မာ့ဟေမာန် ကုမ္ပဏီ အုပ်ချုပ်မှု ဒါရိုက်တာ ဒေါ်သင်းသင်းရွှေကို ဆက်သွယ် မေးမြန်းခဲ့ရာ တယ်လီဖုန်းမှတစ်ဆင့် ပြန်လည် ဖြေဆိုရန် ငြင်းဆန်ခဲ့သည်။ လူချင်း တွေ့ဆုံဖြေကြားမှုကိုလည်း ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင်သာ ခွင့်ပြုနိုင်မည်ဟု ဒေါ်သင်းသင်းရွှေက ပြောဆိုခဲ့သည်။

အလုပ်သမား အဖွဲ့အစည်း ဖွဲ့စည်းပြီးနောက် အလုပ်သမားများ၏ ရပိုင်ခွင့်အခွင့်များ တောင်းဆိုမှုကြောင့် လစာထက် တစ်ဝက်ကျော် လျှော့ချခံရသည်ဟု ဆိုကာ မြန်မာ့ဟေမန် ရုပ်ပြပန်းချီ ကုမ္ပဏီနှင့် လုပ်သားများအကြား ၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်းမှစတင်ကာ အငြင်းပွားမှုများ ဆက်တိုက် ဖြစ်ပွားခဲ့သည်။

အလုပ်ထုတ်ခံရသူ လုပ်သားခေါင်းဆောင် ခြောက်ဦးအနက် သုံးဦးမှာ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (ယာယီ) တွင် ပါဝင်သူများလည်း ဖြစ်သည်။ ယင်းအဖွဲ့ချုပ်တွင် ဦးအောင်လင်းသည် ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည်။

The Voice Weekly