ဘန်ကောက်အဓိကရုဏ်း ၅ ဦးသေဆုံး၊ ၆၅ ဦး ဒဏ်ရာရ

ပို့စ်တင်ချိန် - 2/20/2014 03:11:00 PM


ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ မနေ့က ဆန္ဒပြပွဲအတွင်း အပြန်အလှန် သေနတ်ပစ်ခတ်မှုကြောင့် လူ ၅ ဦး သေဆုံးခဲ့ပြီး ဒီန့မှာလည်း ဆန္ဒပြသမားတွေဟာ  ထိပ်တိုက်တွေ့နိုင်မယ့် အခြေအနေ ရှိပါတယ်။

မနေ့က အဓိကရုဏ်းဟာ နိုဝင်ဘာလက စတင်ခဲ့တဲ့ အစိုးရကို ဖြုတ်ချရေး ဆန္ဒပြပွဲတွေအတွင်း ရဲတွေနဲ့ ဆန္ဒပြသမားတွေကြားမှာ အဆိုးရွားဆုံး ထိပ်တိုက်တွေ့မှုတခုဖြစ်ပါတယ်။

ဘန်ကောက်ဆေးရုံတွေကို စောင့်ကြည့်နေ တဲ့ Erawan Medical Center ရဲ့ အဆိုအရ ရဲ ၁ ဦး၊ ဆန္ဒပြသမား ၄ ဦး စုစုပေါင်း ၅ ဦးသေခဲ့ပြီး ၆၅ ဦး ဒဏ်ရာရတယ်လို့ ဆိုပါတယ်။

ဝန်ကြီးချုပ် ယင်းလပ် ခေါင်းဆောင်တဲ့ အစိုးရအဖွဲ့ကို ဖြုတ်ချဖို့ ကြိုးစားနေတဲ့ သပိတ်စခန်းတွေကို ရဲဘက်က သိမ်းပိုက်ဖို့ အစီအစဉ် မရှိတော့ဘူးလို့ လုံခြုံရေး အရာရှိတဦးက ပြောပါတယ်။

ဝန်ကြီးချုပ် ယင်းလပ်ဟာ ဆန္ဒပြပွဲတွေနဲ့ ရင်ဆိုင်နေရတဲ့ တချိန်တည်းမှာ အစိုးရရဲ့ စပါးဝယ်ယူရေး အစိအစဉ်မှာ အဂတိလိုက်စားမှုတွေ ရှိနေတာကို လျစ်လျူရှုခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က အမှုဖွင့်ထားပါတယ်။

ဆူသက် သောင်ဆူဘန် ခေါင်းဆောင်တဲ့ ဆန္ဒပြသမားတွေဟာ ဘန်ကောက်မြို့ပေါ်က အဓိက လမ်းဆုံကြီးတွေကို ဆက်ပိတ်ထားပါတယ်။ ထိုင်းနိုင်ငံရေးမှာ သက်ဆင်မိသားစုရဲ့ သြဇာလွှမ်းမိုးမှုကို အမြစ်ဖြုတ်ပြီး ရွေးကောက်ပွဲစနစ်ကို ပြောင်းလဲဖို့ လိုလားနေကြတာပါ။

တချိန်တည်းမှာ အစိုးရက စပါးဖိုးငွေ တောင်းဆိုတဲ့ နိုင်ငံအနှံ့က လယ်သမားတွေလည်း ဘန်ကောက်မြို့ပေါ်မှာ ဆန္ဒပြနေကြပါတယ်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ဟာ အရင်လကတည်းက ဒီကိစ္စကို စုံစမ်းနေပြီး အမှုဖွင့်ထားလိုက်ပြီလို့ မနေ့က ပြောပါတယ်။ ၀န်ကြီးချုပ် ယင့်လခ်က ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာ ဖြေရှင်းချက် ပေးရမှာ ဖြစ်ပါတယ်။

DVB Burmese