တက္ကသိုလ်ကျောင်းသားကို ဘော်ဒါဆောင်အတွင်း အုပ်စုဖြင့် ရိုက်

ပို့စ်တင်ချိန် - 2/20/2014 05:11:00 PM


20-02-2014

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ ကလေးတက္ကသိုလ်တွင် တက်ရောက်နေသည့် ကျောင်းသားတစ်ဦး ဘော်ဒါ ဆောင်တွင် အုပ်စုဖွဲ့ ရိုက်နှက်ခံရသည့်အတွက် ကလေးမြို့မရဲစခန်းက အမှုဖွင့် အရေးယူထားသည်ဟု တာဝန်ကျရဲတပ်ဖွဲ့ဝင်တစ်ဦးက မဇ္ဈိမကို ပြောသည်။

ဘော်ဒါဆောင်အတွင်းရှိနေစဉ် ၀င်ရောက်ရိုက်နှက်ခံရသူသည် ဘူမိဗေဒအထူးပြုပထမနှစ်ကျောင်းသား မောင်ညီညီကို အသက် (၁၉)နှစ် ဖြစ်ပြီး ဖေဖော်ဝါရီ ၁၅ ရက် ညနေပိုင်းက အရိုက်ခံရခြင်းဖြစ်သော် လည်း ကာယကံရှင်၏ သဘောဆန္ဒအရ ဖေဖော်ဝါရီ ၁၈ ရက်မှသာ အမှုဖွင့်ခဲ့ကြောင်လည်း ရဲဌာနက အတည်ပြုပြောကြားသည်။

ဖြစ်စဉ်မှာ တက္ကသိုလ်ကျောင်းသား မောင်ညီညီကိုသည် ဖေဖော်ဝါရီ ၁၅ ရက်၊ ညနေ ၅ နာရီအချိန်တွင် ကလေးမြို့၊ တာဟန်းရပ်ကွက်ရှိ “အန်တီနွယ်”ဘော်ဒါဆောင်၏ အိပ်ခန်းအတွင်း စာကြည့်နေစဉ် ကျော် ကျော်ထွေး၊ ကောင်းမြတ်သူဆိုသူတို့အပါအ၀င် လူဆယ်ဦးခန့်သည် အဆောင်အတွင်းသို့ဝင်ရောက်လာပြီး မောင်ညီညီကိုအား ညစ်ညမ်းစွာဆဲရေးတိုင်းထွာပြီး ကျောက်ခဲများဖြင့် ထုနှက်ရိုက်ခဲ့ခြင်းဖြစ်သည်ဟု တိုင်တန်းသူ၏ ထွက်ဆိုချက်ကို ကိုးကား၍ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

အုပ်စုဖွဲ့ရိုက်နှက်ခံရမှုကြောင့် မောင်ညီညီကိုတွင် ဦးခေါင်းနောက်စေ့ ဖုရောင်ညိုမဲဒဏ်ရာ၊ ယာဘက် မျက်လုံး ဖုရောင်ညိုမဲဒဏ်ရာ၊ ယာဘက်မျက်ခုံး ဖုရောင်ညိုမဲဒဏ်ရာများနှင့် နောက်ကျော နာကျင်ဒဏ် ရာရရှိခဲ့ကြောင်း ရဲမှတ်တမ်းတွင် ပါရှိသည်။

ယင်းတိုင်တန်းမှုနှင့်ပတ်သက်ပြီး ကလေးမြို့မရဲစခန်းက (ပ) ၆၈/ ၂၀၁၄ ပြစ်မှုပုဒ်မ ၂၉၄/၃၂၅/၁၁၄ အရ အမှုလက်ခံလိုက်သည်ဟု ရဲမှတ်တမ်းအရ သိရသည်။

Mizzima - News in Burmese