မြောက်ဦး ရှေးဟောင်းယဉ်ကျေးမှု ထိန်းသိမ်းရန် ရခိုင်လူမျိုးများတွင် အဓိကတာဝန်ရှိဟု ဦးခင်အောင်မြင့် ပြောကြား

ပို့စ်တင်ချိန် - 2/20/2014 03:11:00 PM


နေပြည်တော်၊ ဖေဖော်ဝါရီ ၁၉

ကမ္ဘာ့ရှေးဟောင်းမြို့များ စာရင်း ထည့်သွင်းနိုင်ရန်အတွက် အစိုးရက ကြိုးပမ်းနေသော ရခိုင်ပြည်နယ် မြောက်ဦးမြို့ ရှေးဟောင်း ယဉ်ကျေးမှု ထိန်းသိမ်းရန်မှာ ဒေသခံ ရခိုင်လူမျိုးများတွင် အဓိက တာဝန် ရှိကြောင်း အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပြောကြားသည်။

ဖေဖော်ဝါရီ ၁၉ ရက်နေ့တွင် ပြုလုပ်သော အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၂) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးကျော်ကျော်၏ မြောက်ဦးမြို့ ယဉ်ကျေးမှု နယ်မြေကို ပြည်ထောင်စုအစိုးရမှ ပြုပြင်မွမ်းမံ ထိန်းသိမ်းရန် အစီအစဉ်ရှိ မရှိနှင့် ပတ်သက်ပြီး မေးမြန်းချက်ကို ၎င်းက အထက်ပါအတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။

အဆိုပါ မြောက်ဦး ရှေးဟောင်း ယဉ်ကျေးမှုများကို ထိန်းသိမ်းရန်အတွက် အစိုးရမှ ဘတ်ဂျက် ချထားပေးမှုများနှင့် သက်ဆိုင်ခြင်း မရှိဘဲ ဒေသခံများတွင် တာဝန်ရှိကြောင်း ဦးခင်အောင်မြင့်က ပြောကြားသည်။
“ယဉ်ကျေးမှူ ဝန်ကြီးဌာနက ချထားပေးတဲ့ ဘတ်ဂျက်နဲ့ မဆိုင်ဘူး၊ ဝန်ထမ်းအင်အားနဲ့လည်း မဆိုင်ဘူး၊ ကိုယ်တိုင် တာဝန်ရှိတယ်လို့ ခံယူပြီး ဝိုင်းဝန်း ထိန်းသိမ်းဖို့ လိုတာပါ” ဟု ၎င်းကဆိုသည်။

ယင်းသို့ ထိန်းသိမ်းရာတွင် မြောက်ဦး ယဉ်ကျေးမှု နယ်မြေအတွင်းရှိ ကျူးကျော်များကို ဖယ်ရှားရန် လိုအပ်ပြီး ယဉ်ကျေးမှု အမွေအနှစ်များ ခိုးယူခံရမှုများတွင် ဒေသခံများသည် ယဉ်ကျေးမှု ဝန်ကြီးဌာနနှင့် ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။

ယင်းသို့ ဝိုင်းဝန်း ထိန်းသိမ်းရန်အတွက် ဒေသခံများတွင် တာဝန်ရှိသည်မှာ မှန်သော်လည်း အစိုးရ ဘတ်ဂျက် ချထားပေးမှု မရှိလျှင် ထိထိရောက်ရောက် လုပ်ဆောင်နိုင်မည် မဟုတ်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးကျော်ကျော်က ပြောကြားသည်။
“အားလုံးကို ဝိုင်းဝန်း ထိန်းသိမ်းဖို့ ဆိုတာက ပြောတော့သာ လွယ်တာ၊ ဒေသခံတွေကို စည်းရုံးရေးတွေ အသိပညာ ပေးတာတွေကို ဝန်ကြီးဌာနက အရင်ဆုံး လုပ်ဆောင်ပေးမှရမယ်” ဟု ၎င်းကဆိုသည်။

မြောက်ဦး ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်ဒေသကို ပျက်စီးစေနိုင်မည့် တိုးချဲ့ကျူးကျော်မှုများ မရှိစေရေးကို ဥပဒေအရ တားမြစ်ထားသော်လည်း လူဦးရေ တိုးပွားနှုန်းအရ နေထိုင်ရန် တိုးချဲ့မှုများ ထပ်မံရှိလာကြောင်း ယဉ်ကျေးမှု ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန်းဆွေက ပြောကြားသည်။
“ဥပဒေဖြင့် ကာကွယ်စောင့်ရှောက်သည့် ကြားထဲက ကျူးကျော်နေအိမ်များ တည်ဆောက် နေထိုင်ခြင်းမျိုးကို တွေ့ရှိနေရပါတယ်” ဟု ၎င်းကဆိုသည်။

မြောက်ဦး ယဉ်ကျေးမှု အမွေအနှစ် ဒေသအတွင်း ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများအတွက် ၁၉၉၂-၁၉၉၃ ဘဏ္ဍာနှစ်မှ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်အထိ နိုင်ငံတော် ဘတ်ဂျက်သုံးစွဲမှုမှာ ကျပ်သိန်းပေါင်း ၆၄၀၇ ဒဿမ ၀၃ သိန်းသာ သုံးစွဲခဲ့သော်လည်း ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွက် ကျပ်သိန်းပေါင်း ၆၇၂၀ လျာထား တောင်းခံထားကြောင်း ယဉ်ကျေးမှုဝန်ကြီးဌာနမှ သိရသည်။

The Voice Weekly