ဟိုင်းလပ်ယာဉ်ပြေးဆွဲခွင့် ပိတ်သိမ်းခြင်း ထပ်မံရွှေ့ဆိုင်းပေးတော့မည်မဟုတ်

ပို့စ်တင်ချိန် - 2/20/2014 09:02:00 PM



ထိုက်သူဇော်၊ ရန်ကုန်၊ ဖေဖော်ဝါရီ-၁၉

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာနယ်နိမိတ်အတွင်း ခရီးသည်တင် ဟိုင်းလပ်ယာဉ်များ ပြေးဆွဲခွင့်ပိတ်သိမ်းမည့်အစီအစဉ်ကို ဖေဖော်ဝါရီ
၂၈ ရက်သို့ ရွှေ့ဆိုင်းပြီးဖြစ်သောကြောင့် ထပ်မံရွှေ့ဆိုင်းပေးမည် မဟုတ်ဘဲ နယ်နိမိတ်အတွင်းပြေးဆွဲခွင့်ပြုတော့ မည်မဟုတ်ကြောင်း ရန်ကုန်တိုင်း
ဒေသကြီး မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေးကြီးကြပ်မှု (ဗဟို) ကော်မတီဥက္ကဋ္ဌ ဦးလှအောင်က မထသ (ဗဟို) အစည်းအဝေး ခန်းမ၌ ဖေဖော်ဝါရီ ၁၉ ရက်က မီဒီယာများနှင့်တွေ့ဆုံစဉ် ပြောဆိုခဲ့သည်။

" နောက်ဆုံးနေ့အဖြစ် ဖေဖော်ဝါရီ ၂၈ ရက်ကို သတ်မှတ်ထားပြီးပါပြီ။ အဲဒီနေ့နောက်ပိုင်း ပြေးဆွဲခွင့်ရမှာ မဟုတ်တော့ပါဘူး။ အများစုဝင်တာပဲခူး၊ လှည်းကူးကား တွေများတယ်။အဲဒီယာဉ်လိုင်းတွေကို ထောက်ကြန့်မြို့
ရှောင်လမ်းတိုးဂိတ် အနီးမှာ နောက်ဆုံးရပ်ရမှာဖြစ်ပါတယ်။ ဟိုင်းလပ်ယာဉ်တွေက အခုချိန်ထိတော့ ယာဉ်အို၊ယာဉ်ဟောင်းအပ်နှံမယ့် စာရင်းတက်မလာသေးပါဘူး " ဟု ၎င်းက ပြောဆိုသည်။

ပဲခူးသို့ ပြေးဆွဲသောယာဉ်လိုင်းများသည်နယ်နိမိတ် ပြင်ပတွင် မောင်းနှင်ရ
မည်ဖြစ်သော်လည်း ကားများအဆင်ပြေစေရန် လှည်းကူးမြို့အနီးရှိ ဂတ်စ်ဆိုင်များသို့ ခရီးသည် မပါရှိဘဲသွားလာခွင့်ပြုထားမည်ဖြစ်ကြောင်း၊ တိုက်ကြီး၊ မှော်ဘီယာဉ်လိုင်းများသည် လှော်ကားလမ်းခွဲ၌ ရပ်နား ရမည်ဖြစ်သော်လည်း ဂက်စ်ဖြည့်ရန် အထိုက်အလျောက်သွားလာခွင့်ပြုထား မည်ဖြစ်ကြောင်း၊ သန်လျင်မှ တာမွေသို့ ပြေးဆွဲသောယာဉ်လိုင်းများသည် ၀င်ခွင့်လုံးဝမရရှိတော့ ကြောင်း ၎င်းက ဖြည့်စွက်ပြောဆိုခဲ့သည်။

" ဒလကနေ တွံတေးပြေးတဲ့ကားတွေရယ်၊ လှိုင်သာယာကနေတွံတေး
ပြေးတဲ့ကားတွေကတော့ စည်ပင်သာယာနယ် နိမိတ်ဖြစ်ပေမယ့် လူထုသွားလာမှု အဆင်ပြေစေဖို့အတွက် သတ်မှတ်တဲ့ ယာဉ်ရပ်ကွင်း
တွေကနေ ပြေးဆွဲခွင့်ရရှိမှာဖြစ်ပါတယ်။

ဟိုင်းလပ်ယာဉ်တွေကို ဖြုတ်လိုက်ပေမယ့် မီနီဘတ်စ်တွေရှိပါတယ်။ ကျန်ရှိနေတဲ့ ယာဉ်တွေကို တိုးချဲ့ပြီး ယာဉ်ထွက်ချိန်ပြောင်းလဲပြီး ခပ်စိပ်စိပ်ဆွဲဖို့ စီမံဆောင်ရွက်ထားပါတယ်။ တင်ပြချက်တွေအရ လမ်းကြောင်းတူ ယာဉ်တွေနဲ့ ဖြည့်စွက် ပြေးဆွဲပေးသွားမှာ ဖြစ်ပါတယ် " ဥက္ကဋ္ဌ ဦးလှအောင်ကပြောဆိုသည်။

ထိုသို့ စီမံထားသော်လည်း အခက်အခဲဖြစ်လာပါက ကျန်ရှိသော ယာဉ်လိုင်းများမှ ထုတ်နုတ်ပြေးဆွဲရန် အရန်အနေဖြင့် စီမံထား ရှိကြောင်း ပြောင်းလဲချိန်ကာလတွင် အခက်အခဲတွေ့ရှိမည်မှာ သဘာဝဖြစ်ကြောင်း၊ မည်သို့ပင်စီမံသည် ဖြစ်စေ အခက်အခဲများ ရှိနေမည်ဖြစ်ကြောင်း၊ ထိုသို့ဟိုင်းလပ်ယာဉ်များ စည်ပင်နယ်နိမိတ် အတွင်းပြေးဆွဲခွင့် ပိတ်ပင်လိုက်သောကြောင့် အကျိုးထိခိုက်သူများ လည်းရှိမည်ဖြစ်ကြောင်း၊ ရှုထောင့်အမျိုးမျိုးဖြင့်ကြည့်နိုင်သော်လည်း
နိုင်ငံတွင်ဖွံ့ဖြိုးတိုးတက်မှု ဖြစ်လာမည်ဖြစ်ကြောင်း ၎င်းကသုံးသပ်ခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာနယ်နိမိတ် အတွင်းခရီးသည်တင် ဟိုင်းလပ်ယာဉ်များမောင်းနှင်ခွင့်ပိတ်သိမ်းခြင်းကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ပထမအကြိမ် ဇန်န၀ါရီ ၁၅ ရက် တွင် ထုတ်ပြန်ခဲ့ရာ ယာဉ်လိုအပ်ချက်အရ အချိန်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ပြီး ဒုတိယ အကြိမ်အဖြစ် ဖေဖော်ဝါရီ ၁၅ ရက်တွင် ပြေးဆွဲခွင့် ရပ်ဆိုင်း ရန်ကြေညာ ခဲ့သော်လည်း တတိယအကြိမ်အဖြစ် ဖေဖော်ဝါရီ ၂၈ ရက်သို့တိုးမြှင့်
ပေးခဲ့သည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ပြေးဆွဲနေသော ဟိုင်းလပ်ယာဉ် ၈၀၀ ကျော်ရှိကြောင်း သိရသည်။

စံတော်ချိန် နေ့စဉ်သတင်းစာ