စီးပွားရေး လုပ်ငန်းရှင်တွေ အခွန်မရှောင်ရေး တင်းကြပ်ဆောင်ရွက်မည်

ပို့စ်တင်ချိန် - 2/20/2014 08:38:00 PM


ဝင်ငွေအခွန်ရှောင်တာတွေ မရှိစေဖို့အတွက် စီးပွားရေး လုပ်ငန်းရှင်တွေစာ
ရင်းကို လိုက်လံကောက်ခံပြီး လုပ်ငန်းလုပ်ကိုင်ခဲ့တဲ့ နှစ်တွေအတွင်းမှာ ရရှိခဲ့တဲ့ဝင်ငွေတွေအပေါ် အခွန်တင်းကြပ်တာတွေ ဆောင်ရွက်သွားမယ်လို့ ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာ လင်းအောင်က ဒီနေ့ ပြည်သူ့လွှတ်တော်မှာ ပြောပါတယ်။

ဒီကနေ့ ပြည်သူ့လွှတ်တော်မှာ ကန်ပက်လက် မဲဆန္ဒနယ်က သူရဦးအောင်ကိုက ၀င်ငွေခွန်မပေးသူစာရင်းရှိလာရင် အရေးယူဖို့အစီအစဉ် ရှိ/မရှိ ဆိုတဲ့မေးခွန်း မေးမြန်းရာမှာ ဘဏ္ဍာရေး ဒုဝန်ကြီး ဒေါက်တာ
လင်းအောင်က အခုလို ပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။

"နောက်နှစ်များမှာ မြို့နယ်တစ်ခုချင်းအလိုက် အခွန်ထမ်းစာရင်းများကို သက်ဆိုင်ရာ မြို့နယ်အလိုက် ကြေညာသွားနိုင်ရန်အတွက် ကျနော်တို့ စီစဉ်ဆောင်ရွက်လျှက်ရှိပါတယ်၊ အခွန်လွတ်ကင်းမှု၊ အခွန်တိမ်းရှောင်မှုများ မရှိစေဖို့အတွက်လည်း ရပ်ကွက်အလိုက်၊

လမ်းအလိုက် စီးပွားရေးလုပ်ငန်းရှင်များစာရင်းကို ကောက်ယူပြီးတော့မှ အခွန်ထမ်းမှတ်ပုံတင်စာရင်းနဲ့ တိုက်ဆိုင်စစ်ဆေးလျှက်ရှိပါတယ်၊ အခွန်ပေးဆောင်ထိုက်တဲ့ ဝင်ငွေရှိတဲ့ လုပ်ငန်းရှင်များကို ရှာဖွေဖော်ထုတ်ပြီးတော့ လုပ်ငန်းလုပ်ကိုင်ခဲ့တဲ့ နှစ်များအတွင်းရရှိခဲ့တဲ့ ဝင်ငွေများကိုအပေါ်မှာ ပြန်လည်စည်းကြပ်မှုများ ပြုလုပ်သွားမှာဖြစ်တဲ့အပြင် တည်ဆဲဥပဒေများနဲ့အညီ ဒဏ်ရိုက်ချင်းနဲ့ လိုအပ်ပါက ရာဇဝတ်ကြောင်းအရပါ အရေးယူဆောင်ရွက်သွားမှာ ဖြစ်ပါတယ်"

တစ်နိုင်ငံလုံးမှာ အခွန်အများဆုံး ပေးဆောင်တဲ့ လုပ်ငန်းရှင် စုစုပေါင်း ၅၀၀ ရဲ့ အမည်တွေကိုလည်း ထုတ်ပြန်ခဲ့ပြီးဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၂ - ၂၀၁၃ ခုနှစ် ဘာဏ္ဍာရေးနှစ်မှာ ကျပ်ငွေ ၃၃၇၄ ဘီလီယံ နိုင်ငံတော်အခွန်ငွေအဖြစ် ရရှိကြောင်း သိရပါတယ်။

RFA Burmese