တာလီဘန်များ တိုက်ခိုက်၍ အာဖဂန်နစ္စတန် စစ်သား ၂၀ ဦး သေဆုံး

ပို့စ်တင်ချိန် - 2/24/2014 08:20:00 PM


Monday, February 24, 2014

အာဖဂန်နစ္စတန်နှင့် ပါကစ္စတန် နယ်စပ်ဒေသ ကူနာ ပြည်နယ်ရှိ စစ်ဆေးရေး ဂိတ်တစ်ခုရှိ အာဖဂန် စစ်သားများကို တာလီဘန် တိုက်ခိုက်ရေး သမားများက ဝင်ရောက် တိုက်ခိုက်ကြသဖြင့် စစ်သား ၂၀ ဦး သေဆုံးသွားကြောင်း BBC သတင်း တစ်ရပ်က ဖော်ပြထားသည်။

တိုက်ခိုက်ရေးသမား သူပုန်များဘက်မှ တစ်ဦး သေဆုံးသွားခဲ့ပြီး အာဖဂန်နစ္စတန် စစ်သား ခုနစ်ဦးကို သူပုန်က ဖမ်းဆီးသွားခဲ့ကြောင်း တာလီဘန်က BBC ကို ပြောကြားခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် အာဖဂန် သမ္မတ ဟာမစ်ကာဇိုင်းက သီရိလင်္ကာနိုင်ငံသို့ သွားရောက်မည့် အစီအစဉ်ကို ရွှေ့ဆိုင်းခဲ့ရသည်။ လာမည့်လတွင် ပြုလုပ် ကျင်းပမည့် အာဖဂန်နစ္စတန်နိုင်ငံ သမ္မတ ရွေးကောက်ပွဲ မတိုင်ခင် ယင်းသို့ အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ယခု တိုက်ခိုက်မှုသည် ပြီးခဲ့သည့်နှစ် အတွင်းမှစ၍ ဖြစ်ခဲ့ဖူးသမျှ တာလီဘန် တိုက်ခိုက်မှုများတွင် တပ်မတော်သား အကျအဆုံး အလွန်များသော တိုက်ခိုက်မှု တစ်ရပ် ဖြစ်ကြောင်း မြို့တော် ကဘူးလ် အခြေစိုက် BBC သတင်းထောက် ကာရင်အလန်က ပြောကြားခဲ့သည်။

လာရောက် တိုက်ခိုက်ကြသော သူပုန် အင်အားမှာ ရာကျော်ကြောင်း အာဖဂန် စစ်ဗိုလ်ချုပ်ကြီး မိုဟာမက် ဇာဟီရာအဇီမီက ပြောကြားခဲ့ပြီး အခင်းဖြစ်ပွားရာ ဒေသသည် ဝေးလံ ခေါင်ဖျားသည့် နေရာတွင် ရှိနေကြောင်း ထောက်ပြခဲ့သည်။

နာရီပေါင်းများစွာ ကြမ်းတမ်းသော ပစ်ခတ်မှုများ ဖြစ်ခဲ့ပြီးနောက် စစ်သားများ သေဆုံးခဲ့ခြင်း ဖြစ်ကာ စစ်တပ်ထဲတွင် ဝင်ရောက် နစ်မြုပ်နေသော တာလီဘန် သူလျှိုများက ယင်းတိုက်ခိုက်မှုကို လက်ထောက်ချခဲ့ခြင်း ဖြစ်နိုင်ကြောင်း ကူနာပြည်နယ် အုပ်ချုပ်ရေးမှူး ရှူဂျာအူမွတ်ခ်က ပြောကြားခဲ့သည်။

အာဖဂန် သမ္မတ အနေနှင့် ယင်းတိုက်ခိုက်မှုကြောင့် ဝမ်းနည်း ပူဆွေးမိပါကြောင်းနှင့် သီရိလင်္ကာသို့ နိုင်ငံတော် ခရီးစဉ်ကို ရွှေ့ဆိုင်းလိုက်ပါကြောင်း သမ္မတ ရုံးက ထုတ်ပြန်လိုက်သည်။

အစိုးရ စစ်သားများ ပျောက်ဆုံးနေသည်မှာ မှန်ကန်ပါကြောင်း၊ စုစုပေါင်း ခြောက်ဦး ပျောက်ဆုံးနေကြောင်း အာဖဂန် အစိုးရက အတည်ပြုပေးခဲ့သည်။

၂၀၁၄ အကုန်တွင် အာဖဂန်နစ္စတန်မှ နိုင်ငံခြား တပ်များပြန်လည် ဆုတ်ခွာမည့် အစီအစဉ် ရှိနေပြီး လတ်တလော သူပုန်များ၏ တိုက်ခိုက်မှုများက ပိုမို စိပ်လာခဲ့ကာ အစိုးရတပ်မှ အသေအပျောက်လည်း များလာခဲ့သည်။

The Voice Weekly