တရားသူကြီးတွေကို ဥပဒေအရ ဘာမှမလုပ်နိုင်ကြတော့ဘူးလား ပန်းတောင်းမြို့နယ် တရားသူကြီး၏ နောက်ထပ်အငြင်းပွားဖွယ် စီရင်မှုအဖြစ် လယ်သိမ်းခံ အရှိုချင်းလူမျိုး တောင်သူ ၁၂ ဦးကို ထောင်ဒဏ်များချမှတ်

ပို့စ်တင်ချိန် - 2/24/2014 11:19:00 AM


တောင်သူ ၁၂ ဦးအား ထောင်ဒဏ်များချမှတ်ခဲ့ခြင်းကြောင့် ပန်းတောင်းမြို့နယ် တရားရုံးရှေ့တွင် မိသားစုဝင်များ ငိုကြွေးနေကြစဉ် (Photo: Irrawaddy)
တရားသူကြီးတွေကို ဥပဒေအရ ဘာမှမလုပ်နိုင်ကြတော့ဘူးလား ပန်းတောင်းမြို့နယ် တရားသူကြီး၏ နောက်ထပ်အငြင်းပွားဖွယ် စီရင်မှုအဖြစ် လယ်သိမ်းခံ အရှိုချင်းလူမျိုး တောင်သူ ၁၂ ဦးကို ထောင်ဒဏ်များချမှတ်

အုပ်ချုပ်ရေးမဏ္ဍိုင်၏ ဝင်ရောက်စွက်ဖက်မှုနှင့် အဂတိလိုက်စားမှုတို့ကြောင့် လူထု၏ယုံကြည်မှု ကျဆင်းနေသော တရားစီရင်ရေး နယ်ပယ်တွင် အမှန်တရားနှင့် မည်မျှကင်းကွာသော စီရင်ချက်ကို ချခဲ့သည်ဖြစ်စေ တရားသူကြီးတစ်ဦးအနေဖြင့် တာဝန်မှရပ်နားခံရခြင်းသည်သာ အမြင့်ဆုံးပြစ်ဒဏ် ဖြစ်သည်။ ပြည်သူ့လွှတ်တော် တရားစီရင်ရေး၊ ဥပဒေရေးရာနှင့် တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ဆောင်ရွက်ရေး ကော်မတီသို့ တိုင်ကြားခဲ့သော တိုင်ကြားစာများ၏ ရာခိုင်နှုန်း ၉ဝ သည် တရားစီရင်ရေးနယ်ပယ်မှ ဝန်ထမ်းများ၏ အထူးသဖြင့် တရားသူကြီးများ၏ အကျင့်ပျက် လာဘ်စားမှုကြောင့် တိုင်ကြားခဲ့ကြခြင်းဖြစ်သည်။

တရားစီရင်ရေး ကဏ္ဍတွင် ငွေများတရားနိုင် ဖြစ်နေခြင်း၊ မတရားစီရင်ခံရခြင်း စသည်တို့ကြောင့် တိုင်ကြားမှုများပြီး အချို့တိုင်စာများတွင် တရားသူကြီးနှင့် ရဲပေါင်းပြီး မတရား လုပ်ကိုင်နေခြင်းကြောင့် တိုင်ကြားမှုများလည်း ပါဝင်ကြောင်း သိရသည်။

ပဲခူးတိုင်းအနောက်ခြမ်း ပြည်ခရိုင် ပန်းတောင်းမြို့နယ်တွင် မကြာသေးမီအချိန်က သိန်း ၉ဝဝ တန်သည်ဆိုသော နေအိမ်အား သိန်း ၂၂၅ သိန်းဖြင့် လေလံပစ်စေခဲ့မှုကြောင့် စီရင်ခံရသူက တစ်ကိုယ်တော် ဆန္ဒပြခြင်းခံရသော မြို့နယ်တရားသူကြီးကပင် လယ်သိမ်းခံထားရသော တောင်သူများကို ထောင်ဒဏ်ချမှတ်ခဲ့သဖြင့် ဝေဖန်မှုများ ထွက်ပေါ်လာခဲ့သည်။

လယ်သိမ်းခံရသည့်အပြင် ထောင်ဒဏ်ကျခံခဲ့ရသည့် မန်ကျည်းပင် ကြာအင်းကျေးရွာမှ အရှိုချင်းလူမျိုး ၁၂ ဦးအား အလုပ်နှင့်ထောင်ဒဏ်များ ချမှတ်ခံရသည့် ဖြစ်စဉ်တွင် မမျှတမှုများနှင့် ဘက်လိုက်မှုများ ရှိနေသည်ဟု ယူဆနေသဖြင့် အဆိုပါတရားစီရင်မှုကို စုံစမ်းစစ်ဆေးပေးပါရန် သမ္မတ၊ လွှတ်တော်နှင့် သက်ဆိုင်ရာဌာနများသို့ တင်ပြမည်ဖြစ်ကြောင်း ဖမ်းဆီးခံရသည့် အရှိုချင်းလူမျိုးများ၏ မိသားစုများ၊ မန်ကျည်းပင် ကြာအင်းကျေးရွာတွင်နေ ထိုင်သူများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအေးဇော်၊ လူ့အခွင့်အရေးဆိုင်ရာ လှုပ်ရှားကူညီသူ Olive Branch မှ ဦးမင်းမင်းက ပြောကြားသည်။

ထိုသို့ဒေသခံ ၁၂ ဦးအား ပန်းတောင်းမြို့နယ် တရားသူကြီး ဒေါ်နန်းမေယဉ်က ဖေဖော်ဝါရီ ၁၈ ရက်ကပြုလုပ်သည့် ၃၈ ကြိမ်မြောက် ရုံးချိန်းတွင် ရုတ်တရက် အာမခံရုပ်သိမ်း၍ ရုံးသို့လာရောက်သူ ဒေသခံခြောက်ဦးအား ပြည်အကျဉ်းထောင်သို့ ဖမ်းဆီးခေါ်ဆောင်သွားပြီး ရွာတွင်မင်္ဂလာဆောင်ရှိ၍ ကျန်ရစ်သူခြောက်ဦးကိုလည်း ဝရမ်းထုတ် ဖမ်းဆီးခဲ့ကြောင်း သိရသည်။

“ထွက်ပြေးနိုင်တဲ့သူ၊ အာမခံပေးထားတဲ့ လူနှစ်ယောက်က ဆက်ပြီးအာမခံချက် မပေးနိုင်တဲ့ သူကိုပဲ အာမခံရုပ်ပြီး ဖမ်းလို့ရပါတယ်။ ရုံးချိန်းပုံမှန်လာနေတဲ့သူကို အာမခံရုပ်ပြီး လျှောက်လဲချက်ပေးရမယ့် အချိန်မှာ ဖမ်းလိုက်တာကတော့ ကျွန်မရဲ့ ရှေ့နေသက်တမ်းတစ်လျှောက် ဒီတစ်ကြိမ်ပဲ ကြုံဖူးပါတယ်” ဟု တရားခံရှေ့နေ ဒေါ်ဇင်မိုးထိုက်က ပြောကြားသည်။

အပြီးသတ် စီရင်ချက်ချမည့်အချိန် မဟုတ်ဘဲ သာမန်ရုံးချိန်းတွင် အာမခံရုပ်၍ ဖမ်းဆီးခြင်းမှာ တရားစွဲဆိုခံ ဒေသခံ လယ်သမားများမှ လွှတ်တော်အမတ်များနှင့် တွေ့ဆုံ၍ ၎င်းတို့ကြုံတွေ့နေရသည့် ပြဿနာများကို တင်ပြရန် ဖေဖော်ဝါရီ ၁၁ ရက်တွင် သွားရောက်သည့်အတွက် နိုင်ငံတစ်ဝန်းရှိ လယ်ယာမြေပြဿနာများကို ဖြေရှင်းပေးရန် အစိုးရအား တွန်းအားပေးနေသည့် လွှတ်တော်ဘက်မှ တုံ့ပြန်မှုမရရှိနိုင်မီ လက်ဦးမှုရယူ ထောင်ချခဲ့ခြင်း ဖြစ်သည်ဟု ထောင်ဒဏ်ချမှတ် ခံရသူများ၏ မိသားစုဝင်များနှင့် ဒေသခံများမှ ယုံကြည်ကြောင်း တစ်ညီတစ်ညွတ် ပြောကြားကြသည်။

ထို့ပြင် ၃၆ ကြိမ်မြောက် ရုံးချိန်းတွင်လည်း တရားလိုဖြစ်သည့် NDRC မှ တာဝန်ရှိသူများ မပါဝင်ဘဲ ပုဒ်မ ၃၅၁/၃၅၂ ဖြင့် တရားစွဲဆိုခံရသူ ၁၇ ဦးအား ပန်းတောင်းမြို့နယ် တရားသူကြီး ဒေါ်နန်းမေယဉ်က ဒဏ်ငွေချမှတ်ခဲ့ကြောင်း တရားစွဲဆိုခံ ဒေသခံ ၁၇ ဦး၏ မိသားစုဝင်များက ပြောကြားသည်။

အဆိုပါ အချက်များအရ ပန်းတောင်းမြို့နယ် တရားသူကြီး ဒေါ်နန်းမေယဉ်၏ တည်ကြည်မှု၊ သမာသမတ်ကျမှုနှင့် ပတ်သက်၍ ထောင်ချခံရသည့် မိသားစုဝင်များ၊ လူ့အခွင့်အရေး လှုပ်ရှားသူများက ဘက်လိုက်မှု၊ မမျှတမှုရှိသည်ဟု ယူဆနေသကဲ့သို့ ယခုရက်ပိုင်းတွင်လည်း သိန်း ၉ဝဝ တန် နေအိမ်ခြံဝင်းအား အတိုးနှင့်ချေးသည့် ငွေအတွက် ငွေတိုးချေးသူဘက်မှ ရပ်တည်၍ ကျပ် ၂၂၅ သိန်းနှင့် လေလံပစ်စေခဲ့မှုနှင့် ပတ်သက်၍ နေအိမ်ပိုင်ရှင် ဒေါ်တင်တင်ဦးမှ ငွေတိုးချေးစားသူဘက်မှ အဂတိလိုက်စားသည်ဟုဆိုကာ ဒေါ်နန်းမေယဉ်နှင့် ပန်းတောင်းမြို့နယ် တရားရုံးမှ ဘီးလစ်စာရေး၏ လာဘ်စားမှုအား ဖော်ထုတ်အရေးယူပေးရန် ဆန္ဒဖော်ထုတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ “အဂတိလိုက်စားမှု ရှိမရှိကတော့ မျက်စိရှေ့မှာ မဟုတ်လို့ မသိပါဘူး။ ဒေါ်တင်တင်ဦး ဆန္ဒပြတာကလည်း သူ့အိမ်ကိစ္စကို ဆန္ဒပြတာပါ။ ဒီအမှုကိုလည်း မလိုက်ရတော့ မသိပါဘူး။ မူလတရားမမှုကလည်း ၂ဝဝ၉ ကတည်းက ဖြစ်ခဲ့တာ။ ဇာရီအမှု ဖြစ်ခဲ့တာကလည်း ဒေါ်နန်းမေယဉ် မတိုင်ခင် အရင်တရားသူကြီး လက်ထက်မှာကတည်းက ဖြစ်ခဲ့တာပါ။ လယ်သမားတွေ လွှတ်တော်သွားတာတော့ ကျွန်တော်သိတယ်။ လယ်သမားတွေက လွှတ်တော်အမတ် အကြံပြုချက်အတိုင်း လုပ်တော့မယ့်အချိန်၊ အမိန့်မချခင် လျှောက်လဲချက်ရုံးချိန်းမှာ အာမခံရုပ်ပြီး ဖမ်းလိုက်တာပါ” ဒေါ်နန်းမေယဉ် တရားသူကြီးအဖြစ် ဆောင်ရွက်သည့် ပန်းတောင်းမြို့နယ်မှ ဥပဒေပညာရှင် တစ်ဦးက ဆိုသည်။

ဖန်ခါးပင် သစ်တောဧရိယာအတွင်း လယ်ယာလုပ်ကိုင်သည့် ဒေသခံ လက်ငုတ်စိုက်ပျိုးသူများအား ၂ဝ၁ဝ ခုနှစ်မှ စတင်ကာ အဆိုပါ သစ်တောကြိုးဝိုင်းအတွင်း လုပ်ပိုင်ခွင့်ရရှိသည့် အမျိုးသားသယံဇာတ ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီ (NDRC) မှ ပုဒ်မ ၄၃ (က)၊ ပုဒ်မ ၄၃ (က) ပုဒ်မ ၃၅၁ ပုဒ်မ ၃၅၂ တို့ဖြင့် ၂ဝ၁၂ ခုနှစ် ဇူလိုင်တွင် တရားစွဲဆိုခဲ့ကြောင်း သိရသည်။

အဆိုပါ ကြိုးဝိုင်းအတွင်း NDRC အနေဖြင့် ၂ဝ၁ဝ ခုနှစ်တွင် စတင်၍ တရားဝင်လုပ်ကိုင်ခွင့် ရခဲ့သော်လည်း ဒေသခံများ၏ လယ်မြေအတွင်း ဝင်ရောက်လုပ်ကိုင်သည်မှာ ၂ဝဝ၈ ခုနှစ်က စတင်ဝင်ရောက် လုပ်ကိုင်မှုများ ရှိခဲ့ကြောင်း သိရသည်။ ထိုသို့ ကုမ္ပဏီမှ ဝင်ရောက်လုပ်ကိုင်စဉ် တောမီးရှို့မှုများကြောင့် ဒေသခံများ၏ လယ်ယာမြေများ၊ နေအိမ်တဲများ မီးလောင်ပျက်စီးခဲ့သဖြင့် ဒေသခံများက ပန်းတောင်းမြို့နယ် တရားရုံးသို့ ဦးတိုက်လျှောက်ထားသော်လည်း တရားရုံးက ပယ်ချခဲ့ပြီး ကုမ္ပဏီစိုက် ကျွန်းပင်များကို ဒေသခံများက ဖျက်ဆီးသည်ဟု ကုမ္ပဏီ တရားစွဲချိန်တွင်သာ တရားရုံးက လက်ခံကြောင်း ကုမ္ပဏီပိုင် ကျွန်းပင်များကို ဒေသခံများမှ ဖျက်ဆီးသည်ဟု ကုမ္ပဏီ၏ စွပ်စွဲချက်မှာလည်း မမှန်ကန်ကြောင်း ကြာအင်းရွာနေ ဒေသခံများက တညီတညွတ်တည်း ပြောကြားသည်။

“ကျွန်မသားနဲ့ ကျွန်မမတ်ကို ကျွန်းပင်ဖျက်ဆီးမှု၊ ခုတ်မှုနဲ့ဖမ်းပြီး ထောင်ချတယ်။ အခုထောင်ကျတဲ့ အထဲမှာပါတဲ့ ဗဒင်၊ မင်းမင်း၊ ဖုန်းငွေ၊ ဖိုးကြာတို့ဆို ဘာမှမလုပ်ခဲ့ဘူး။ တခြားသူတွေကလည်း အပြစ်ကျူးလွန်တယ်ဆိုတာ မဟုတ်ပါဘူး။ နောက်ပြီး သူတို့ရဲ့အရင် ကုမ္ပဏီဝန်ထမ်း ဦးစောကေးလ်ကလည်း သူတို့က နားလည်မှုနဲ့ သစ်ခိုးထုတ်တယ်လို့ ကျွန်မအိမ်ပေါ် တင်ပြောခဲ့တာရှိတယ်” ဟု ထောင်ချခံရသည့် ၁၂ ဦးတွင် မိသားစုဝင်နှစ်ဦး ပါဝင်သည့် ဒေါ်ကြူကြူကဆိုသည်။

ဖန်ခါးပင် သစ်တောကြိုးဝိုင်းအတွင်း NDRC မှ စိုက်ပျိုးသည့် ကျွန်းပင် ၁၃၆,၃၄၈ ပင် တန်ဖိုး ကျပ် ၁၄၄,၄၃၄,၇၃၂ အား ဒေသခံများမှ ဖျက်ဆီးသည်ဟု စွပ်စွဲချက်ဖြင့် တရားစွဲဆိုခံရသည့် ဒေသခံများမှာ ဦးစံပယ်၊ ဦးတင်လှ၊ ဦးဘဒင်၊ ဦးထွန်းကြောင်၊ ဦးအောင်ကို၊ ဦးဖေချော၊ ဦးအောင်နိုင်ဝင်း၊ ဦးဖင်ပိန်၊ ဦးကြည်ဝင်း၊ ဦးမိုးဝင်း၊ ဦးကျော်ဝင်း၊ ဦးမြဝင်း၊ ဦးဌေးဝင်း၊ ဦးသန်းဇော်ဦး၊ ဦးချိုဝင်း၊ ဦးဒေး၊ ဦးသန်းထွန်းတို့ ဖြစ်ကြသည်။

အဆိုပါလူများအနက် အမှုအမှတ် (၃၅/၁၃) ပုဒ်မ ၄၃ ဖြင့် တရားစွဲဆိုခံရသူ ဦးမောင်လင်းအား အလုပ်နှင့်ထောင်ဒဏ် သုံးနှစ်၊ ပုဒ်မ ၄၃ (က) ဖြင့် တရားစွဲဆိုခံရသူ ဦးဖိုးကြာအား အလုပ်နှင့်ထောင်ဒဏ် ရှစ်လ၊ အမှုအမှတ် ၁၂၂/၂ဝ၁၂ ပုဒ်မ ၄၃(က)/ ၄ဝ(ဂ) တို့ဖြင့် တရားစွဲဆိုခံရသူ ဦးစံပယ်ပါ ခြောက်ဦးအား အလုပ်နှင့်ထောင်ဒဏ် တစ်နှစ်ကိုးလ၊ ပုဒ်မ ၄၃ (က) ဖြင့် တရား စွဲဆိုခံခဲ့ရသည့် ဦးတင်လှပါ လေးဦးတို့အား အလုပ်နှင့်ထောင်ဒဏ်ခြောက်လ ချမှတ်ခဲ့ကြောင်း သိရသည်။

“သူတို့စိုက်ရမှာက တစ်ဧကကို ကျွန်းပင် ၅၅ဝ ပါ။ တကယ်လည်း သူတို့မစိုက်နိုင်ပါဘူး။ အခုဖြစ်တာကလည်း အရင်အစိုးရစိုက်တဲ့ ကျွန်းပင်တွေက ထွက်နေတဲ့ အတက်တွေကို ဦးမောင်လင်းက ဓားနဲ့ခုတ်ဖျက်ဆီးတယ်လို့ တင်ပြပြီး ကုမ္ပဏီက တရားစွဲခဲ့တာပါ။ ကျွန်မတို့ လယ်လုပ်တဲ့အကွက် သုံးနဲ့လေးမှာ ကုမ္ပဏီစိုက်တဲ့ အပင်တွေက မြေပြင်ပေါ်မှာ တစ်ပေတောင် မရှိပါဘူး။ အခုလို တစ်ရွာလုံးက အလုပ်လုပ်နေတဲ့သူတွေကို ဖမ်းလိုက်တော့ ကျွန်မတို့ ဘယ်သူ့အားကိုးရမှာလည်း” ဟု ဦးမောင်လင်း၏ ဇနီးဖြစ်သူ မချိုဇင်နွယ်က ဆိုသည်။

ဒေသခံများအား ထောင်ချခဲ့သော်လည်း ကုမ္ပဏီနှင့် လက်ငုတ်လုပ်သူ ဒေသခံများအကြား လယ်မြေပိုင်ဆိုင်မှု အငြင်းပွားခြင်းမှာ ပြီးပြတ်သည့် အနေအထားတွင် ရှိမနေဘဲ ကုမ္ပဏီမှ မိုးဦးကျတွင် ဒေသခံများ လယ်လုပ်ကိုင်သည့် အကွက်အမှတ် သုံးနှင့်လေးတွင် ကျွန်းပင်များ လာရောက်စိုက်ပျိုးမည် ဆိုပါက ဒေသခံများကလည်း ဆက်လက်ကန့်ကွက်မှုများ ပြုလုပ်မည်ဖြစ်ပြီး ဒေသခံများ လက်ငုတ်လုပ်သည့် လယ်မြေများကို ဆက်လက်ကာကွယ် သွားမည်ဖြစ်ကြောင်း ဦးအေးဇော်က ပြောကြားသည်။

“သူတို့လုပ်နေတဲ့ ကျွန်းပင်စိုက်တာတွေက ဒေသခံတွေနဲ့ ပြေလည်မှုမရှိတော့ မအောင်မြင်ပါဘူး။ အခုလာမယ့် မိုးတွင်းမှာ ကုမ္ပဏီကလာပြီး ကျွန်းပင်စိုက်ဖို့ ပန္နက်ရိုက်တာနဲ့ ကန့်ကွက်သွားမယ်။ ကျွန်းပင်တွေစိုက်ပြီးမှ ကန့်ကွက်ရင် ဒီလိုမျိုး တရားစွဲခံရတာတွေ ထောင်ချခံရတာတွေ ဖြစ်နေမယ်” ဦးစံပယ်၏ ဇနီးဖြစ်သူ ဒေါ်ဌေးဌေးက ဆိုသည်။

အဆိုပါ ဒေသခံများအနက် NDRC ကုမ္ပဏီက လုပ်ပိုင်ခွင့် ရရှိသွားသည့် ဒေသခံများ၏ လယ်မြေများ ပြန်လည်ရရှိရေးအတွက် ဦးဆောင်နေပြီး၊ ကုမ္ပဏီနှင့် ပြေလည်မှုမရှိသည့် ဦးသန်းထွန်းမှာ အခြားအမှုနှင့် ပန်းတောင်းမြို့နယ် ရဲစခန်း အချုပ်တွင် အကောင်းပကတိမှ လေးရက်အတွင်း ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။ ထိုသို့ သေဆုံးမှုမှာ ကုမ္ပဏီနှင့် ပတ်သက်မှု ရှိနိုင်ကြောင်း ဒေသခံများက ထင်မြင်နေသကဲ့သို့ ဦးသန်းထွန်းနည်းတူ တက်ကြွလှုပ်ရှား၍ ကုမ္ပဏီမှ တရားစွဲဆိုခံထားရသူ ဦးအောင်ထွန်းကလည်း ဦးသန်းထွန်းသေဆုံးသည့် သတင်းအား ကြားသိ၍ ရွာမှထွက်ပြေးသွားသဖြင့် ယင်း၏မိခင်မှာ စိတ်ဝေဒနာသည်ကဲ့သို့ ဖြစ်နေရကြောင်းနှင့် ဦးသန်းထွန်းသေဆုံးသည့် ဖြစ်စဉ်မှာ လက်ရှိအချိန်အထိ ပြီးပြတ်မှုမရှိကြောင်း ဦးမင်းမင်းက ဆိုသည်။

“ဦးသန်းထွန်းသေဆုံးမှုမှာ တာဝန်ရှိသူနှစ်ဦးကို အရေးယူတယ်။ အရေးယူတာကလည်း လူသေလို့မဟုတ်ဘဲ တာဝန်ပေါ့လျော့လို့ ဆိုတာမျိုးနဲ့ အရေးယူထားတာပါ။ အကောင်းပကတိ ရှိနေတဲ့ လူတစ်ယောက်က အချုပ်ထဲထားပြီး လေးရက်အတွင်း သေတယ်။ သေတာကလည်း ရဲတွေဘက်က အကြောင်းပြတာတော့ အချုပ်ခန်းသံတိုင်နဲ့ရိုက်ပြီး သေတာပြောတယ်။ ရင်ခွဲတော့ ရထားတဲ့ ဒဏ်ရာတွေက ထိုးကြိတ်ထားလို့ ရတဲ့ဒဏ်ရာတွေပါ။ အချုပ်ခန်းသံတိုင်နဲ့ ထိထားတဲ့ ဒဏ်ရာတွေ မဟုတ်ပါဘူး။ ဒီဖြစ်စဉ်မှာလည်း ကုမ္ပဏီရဲ့ ဖိအားပါမယ်လို့ တရားစွဲခံရသူတွေ ထင်ကြတယ်” ဟု ဦးမင်းမင်းကဆိုသည်။

ကြာအင်းကျေးရွာသည် ပဲခူးတိုင်း အနောက်ခြမ်း၊ ပန်းတောင်းမြို့နယ် ဒန့်ဒလွန်ကျေးရွာအုပ်စုတွင် ပါဝင်ပြီး ကုန်းတစ်တန်ရေတစ်တန်နှင့် သွားလာရသည့် လူသူအရောက်အပေါက်နည်းသော ဒေသဖြစ်သည်။ အဆိုပါကျေးရွာသည် ကိုလိုနီခေတ်တွင် သစ်တောကြိုးဝိုင်း ဧရိယာအဖြစ် သတ်မှတ်ခဲ့သည့် ဖန်ခါးပင်ကြိုးဝိုင်း ဧရိယာအတွင်း တည်ရှိ၍ ၁၉၃ဝ ခုနှစ် ဝန်းကျင်မှစတင်ကာ သစ်တောကြိုးဝိုင်းအတွင်းရှိ မြေလွတ်မြေရိုင်းများကို ခုတ်ထွင်၍ ဒေသခံများက လယ်ယာမြေများ လုပ်ကိုင်စားသောက်ခဲ့ကြောင်း သိရသည်။

၁၉၉၉ ခုနှစ်တွင် ညောင်ကိုင်းရေလှောင်တမံအား တည်ဆောက်ခဲ့သည့်အတွက် ဒေသခံများနေထိုင်သည့် ကျေးရွာအား ပြောင်းရွှေ့ကြေးမရဘဲ ရွှေ့ပြောင်းပေးခဲ့ရသည်။ ထိုသို့ ရွှေ့ပြောင်းခဲ့ရသဖြင့် ဒေသခံများမှာ စားဝတ်နေရေး အခက်အခဲများ တွေ့ကြုံခဲ့ရသည်။ ထိုသို့ ကြုံတွေ့နေရသော ဒေသခံများအတွက် ၂ဝဝ၁ ခုနှစ်တွင် ပြည်ထဲရေးဝန်ကြီး ဦးတင်လှိုင်၊ ရန်ကုန်မြို့တော်ဝန် ဦးအောင်သိန်းလင်းနှင့် တာဝန်ရှိသူများက ဒေသခံကြာအင်းရွာသားများ တင်ပြသည့် ဖန်ခါးပင် ကြိုးဝိုင်းအတွင်းရှိ မြေလွတ်မြေရိုင်းများတွင် ပြန်လည်လုပ်ကိုင် စားသောက်ခွင့်ရရန် တောင်းဆိုပေးခဲ့ကြောင်း သိရသည်။

ထိုသို့ တောင်းဆိုမှုကြောင့် ဒေသခံများ၏ နစ်နာမှုအပေါ် ပြန်လည်ကုစားရန် ရွာဟောင်းတွင် ပြန်လည်နေထိုင်ခွင့်၊ အစိုးရ စာသင်ကျောင်းနှင့် လုပ်ကိုင်စားသောက်ရန် မိသားစုတစ်စုလျှင် လယ်ခုနစ်ဧက ပြန်လည်ချပေးရန် ညွှန်ကြားခဲ့ကြောင်း သိရသည်။

ထိုသို့ ညွှန်ကြားမှုကြောင့် ဆည်မြောင်းဦးစီးဌာနမှ ဆည်နှင့်ကိုက် ၅ဝဝ ကွာလျှင် နေထိုင်နိုင်ကြောင်းနှင့် သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးကြည်ဝင်းကလည်း အဆိုပါ ဖန်ခါးပင်သစ်တောမှာ စိုက်ပျက်ဖြစ်နေသည်မှာ ၂၂ နှစ်ရှိပြီး ဖြစ်သည့်အတွက် မူရင်းနေထိုင်သူ ဒေသခံများ လယ်ယာစိုက်ပျိုးမှု ပြန်လည်လုပ်ကိုင်လိုပါက လုပ်ကိုင်နိုင်ကြောင်း တင်ပြခဲ့သည်။

ထိုသို့ တင်ပြလာသည့်အတွက် ညောင်ကိုင်းဆည်ကြောင့် ပြောင်းရွှေ့ခံရသည့် ကြာအင်းရွာသားများမှာ ကျေးရွာဟောင်းတွင် ပြန်လည်နေထိုင်ခွင့်၊ အစိုးရ စာသင်ကျောင်း ပြန်လည်ဆောက်လုပ်ခွင့်၊ အစိုးရခန့် ဆရာမ တရားဝင်ရရှိခြင်းနှင့် မြေယာကော်မတီမှ ဖန်ခါးမြေ သစ်တောအတွင်း လုပ်ကိုင်သည့် လယ်ယာမြေများအတွက် လယ်ခွန်ပြေစာ ပြန်လည်ထုတ်ပေးခြင်း၊ လယ်ယာကုန်ထုတ်လုပ်မှု မှတ်တမ်းစာအုပ်များ ထုတ်ပေးခြင်း၊ မြို့နယ်သစ်တောဦးစီးဌာနမှ သစ်တောကြိုးဝိုင်းအတွင်း ယာယီလယ်ယာလုပ်ကိုင်ခွင့်ပြုခြင်း လက်မှတ်များ ပြန်လည်ထုတ်ပေးခြင်း စသည့်တရားဝင် အထောက်အထားများ ပြန်လည်ရရှိခဲ့ကြောင်း သိရသည်။

“အခုဖြစ်နေတဲ့ ပြဿနာနဲ့ ပတ်သက်ပြီး သမ္မတ၊ လွှတ်တော်၊ ရေးရာကော်မတီတွေမှာ ရွာသူရွာသားအားလုံးကို စုပြီးလက်မှတ်ထိုး တိုင်ကြားပါမယ်။ ဒေသခံတွေပိုင်တဲ့ လယ်ယာမြေတွေအပေါ်မှာ အေးအေးချမ်းချမ်း လုပ်ကိုင်စားသောက်ခွင့် ရရေးအတွက် ပြည်မှာရှိတဲ့ လယ်သမားတွေနဲ့ ပူးပေါင်းပြီးတော့ ပြည်ခရိုင်လုံးဆိုင်ရာ အထွေထွေသပိတ် ဆင်နွှဲသွားပါမယ်” ဟု ဦးမင်းမင်းကဆိုသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ဒေသခံများ၏ ပြောကြားချက်များနှင့် စီရင်ချက်ချသည့် ဖြစ်စဉ်များ၊ တရားသူကြီးနှင့် ကုမ္ပဏီအကြား ငွေပေးငွေယူမှုများ၊ ရဲစခန်းတွင် သေဆုံးခဲ့သည့် ဦးသန်းထွန်း ပြဿနာတွင် ကုမ္ပဏီမှ ရဲများနှင့် ဆက်နွှယ်ဖိအားပေးသည်ဆိုသော ယူဆချက်များနှင့် ပတ်သက်၍ NDRC မှ ဒုတိယအထွေထွေမန်နေဂျာ ဦးချစ်မောင်က အဆိုပါပြောကြားချက်များမှာ မမှန်ကန်ကြောင်း ငြင်းဆိုသည်။

ပန်းတောင်းမြို့နယ် တရားသူကြီး ဒေါ်နန်းမေယဉ်အပေါ် ကြာအင်းကျေးရွာမှ ဒေသခံများ၊ လူ့အခွင့်အရေး လှုပ်ရှားသူများ ဥပဒေပညာရှင်များ၏ ထင်မြင်မှုနှင့် ပတ်သက်၍ ဖေဖော်ဝါရီ ၂၁ ရက်က ပန်းတောင်းမြို့နယ် တရားရုံးသို့ ရုံးချိန်အတွင်း သွားရောက်မေးမြန်းရာ ဒေါ်နန်းမေယဉ်မှာ ပြည်မြို့သို့ သွားရောက်နေကြောင်း ပြောဆိုသည်။ ထို့နောက် ဆက်လက်စုံစမ်းရာ ဒေါ်နန်းမေယဉ်သည် တစ်ဦးတည်းနေထိုင်သူ လူလွတ်ဖြစ်ပြီး ဖေဖော်ဝါရီ ၂၁ ရက် နေ့လယ်တွင် ပဲခူးမြို့သို့သွားကြောင်း ဒေါ်နန်းမေယဉ်နှင့် နီးစပ်သည့် တရားရေး အသိုင်းအဝိုင်းက ဆိုသည်။ ဒေါ်နန်းမေယဉ်နှင့် နီးစပ်သည့် တရားရေး အသိုင်းအဝိုင်းမှ သူမကိုင်ဆောင်သည့် ဖုန်းနံပါတ် ရရှိသဖြင့် ဖေဖော်ဝါရီ ၂၁ ရက်နှင့် ၂၂ ရက်က ဆက်သွယ်မေးမြန်းရာ ဖုန်းမှားနေကြောင်း ဖြေဆိုခဲ့သည်။

အထက်ပါ မှုခင်းဖြစ်စဉ်တွင် ဒေါ်နန်းမေယဉ်အနေနှင့် အသက်ညှာဆုံး စီရင်ချက်ချခဲ့ကြောင်း ဖေဖော်ဝါရီ ၁၉ ရက်ထုတ် မဇ္ဇျိမသတင်းစာတွင် “ပုဒ်မ ၄၃ (ဃ) ကျွန်းပင်ဖျက်ဆီး၊ အမြင့်ဆုံး ခုနစ်နှစ်အထိ ထောင်ချလို့ရတယ်။ ပုဒ်မ ၄ဝ (ဂ) သစ်တောကြိုးဝိုင်း ကျူးကျော်ရင် ထောင်ခြောက်လအထိ ချလို့ရတယ်။ သူ့အနေနဲ့ အသက်ညှာဆုံး လုပ်ပေးလိုက်တာ” ဟု ပြောဆိုခဲ့ကြောင်း ရေးသားဖော်ပြထားသည်။


Eleven Media Group