ဒီပဲယင်းအရေးတွင် ချိတ်ပိတ်ခံအိမ်များ အတွက် ဆန္ဒပြသူနှစ်ဦး ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်ခံရ

ပို့စ်တင်ချိန် - 2/24/2014 09:51:00 PM


ကိုတိုးကြီး| တနင်္လာနေ့၊ ဖေဖော်ဝါရီ ၂၄ရက်၊ ၂၀၁၄ခုနှစ်။

ချောင်းဦး၊ မဇ္ဈိမ။ ။ စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ် စီမံခန့်ခွဲမှုကော်မတီမက ဒီပဲယင်း အကြမ်းဖက်မှုမှ ခုနှစ်နှစ်တိုင် ချိတ်ပိတ်ခံရသော အိမ်များအတွက် လျော်ကြေးပေးရန် ဖေဖော်ဝါရီလ ၂၃ရက်က ဆန္ဒပြတောင်းဆိုသူ လူနှစ်ဦးကို ချောင်းဦးမြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူလိုက်ပြီဟု ရဲတပ်ဖွဲ့ဝင်တစ်ဦးက မဇ္ဈိမကို ပြောသည်။

အရေးယူခြင်းခံရသူ နှစ်ဦးသည် ချောင်းဦးမြို့၊ မြို့မရပ်ကွက်နေ ဦးကျော်ဆွေနှင့် မြို့သစ်ရပ်ကွက်နေ ကိုသက်နွယ်ဦးတို့ ဖြစ်သည်ဟု အဆိုပါ ရဲဌာနက အတည်ပြုပြောကြားသည်။

ထိုသူနှစ်ဦးမှာ ဖေဖော်ဝါရီလ ၂၃ရက် နံနက် ၁၁ နာရီအချိန်မှ စတင်ကာ မုံရွာ- မန္တလေး ကားလမ်းအတိုင်း စက္ကူဆိုင်းဘုတ်ကြီးကို နှစ်ဦးအတူ ကိုင်ဆောင်၍ ဒီပဲယင်းအရေးတွင် ချိတ်ပိတ်ခံရသော နေအိမ်များအတွက် လျော်ကြေးပေးရန်၊ အခြေခံဥပဒေ ပုဒ်မ ၅၉(စ) နှင့် (ဃ)တို့ကို ပြင်ရန်၊ အဓမ္မသိမ်းဆည်းထားသော မြေများကို မူလပိုင်ရှင်ထံ ပြန်လည်ပေးအပ်ရန် နာရီဝက်ခန့် ခွင့်ပြုမိန့်မတောင်းဘဲ ဆန္ဒပြခဲ့သည်။

ချောင်းဦးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက ဖေဖော်ဝါရီလ ၂၃ရက် နေ့စွဲဖြင့် ဆန္ဒထုတ်ဖော်သူ နှစ်ဦးကို အရေးယူပေးရန် ညွှန်ကြားခဲ့သဖြင့် ချောင်းဦးမြို့မ ရဲစခန်းက (ပ)၂၁/၂၀၁၄၊ ငြိမ်းချမ်းစွာ လူစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့် ဆိုင်ရာ ဥပဒေပုဒ်မ ၁၈အရ ထိုနေ့ည ၁၁နာရီခွဲကပင် အမှုဖွင့်ခဲ့သည်ဟု ရဲအရာရှိတစ်ဦးက ပြောသည်။

Mizzima Burmese