ကချင်ဒေသ ဖမ်းဆီးသစ်များ တပ်မတော်က သစ်တောသို့ လွှဲမည်

ပို့စ်တင်ချိန် - 2/24/2014 12:35:00 PM



မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၂၃

ကချင်ပြည်နယ် မန်စီမြို့နယ်နှင့် ဒေါ့ဖုန်းယန် မြို့နယ်ခွဲတို့တွင် တပ်မတော် စစ်ကြောင်းက ဖမ်းဆီး ရမိထားသည့် သစ်လုံးနှင့် သစ်ခွဲသားများကို သစ်တောရေးရာ ဝန်ကြီးဌာနသို့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် လွှဲပြောင်းသွားမည် ဖြစ်ကြောင်း မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ထံမှ သိရသည်။

ဒေါ့ဖုန်းယန် မြို့နယ်ခွဲ အတွင်းရှိ ဂျာအိန်ယန် ဒေသတွင် သစ်မှောင်ခိုများ တစ်ဖက်နိုင်ငံသို့ သယ်ယူရန် ပြင်ဆင်ထားသော သစ်တန်ချိန် လေးထောင် ဝန်းကျင်ခန့်ကို တပ်မတော် စစ်ကြောင်းက ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ဖမ်းဆီး ရမိခဲ့ပြီး ယင်းမတိုင်မီ မန်စီမြို့နယ် အတွင်း တန်ချိန် လေးထောင်ထက် ပိုမိုများပြားသော သစ်များကို ဖမ်းဆီးမိကြောင်း စစ်ဆင်ရေးတွင် ပါဝင်သည့် တပ်ရင်းမှူးက ပြောကြားသည်။

ယင်းသစ်များနှင့် အတူ သစ်တင် ၁၀ ဘီးယာဉ် ၄၁ စီး၊ သစ်တင် ကရိန်းကား သုံးစီးနှင့် တစ်ဖက် နိုင်ငံသား ၁၀ ဦးကို ဖမ်းဆီး ရမိကြောင်း၊ ဖမ်းဆီးမိသူများကို ဥပဒေနှင့် အညီ အရေးယူရန် ဆောင်ရွက်နေကြောင်း မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ထံမှ သိရသည်။

“ခု ဒီသစ်တွေကို မနက်ဖြန် (ဖေဖော်ဝါရီလ ၂၄ ရက်) မှာ သစ်တောကို လွှဲပြောင်း သွားမှာပါ၊ အသေးစိတ် တွက်ချက် သိမ်းယူဖို့ကတော့ သစ်တောရဲ့တာဝန်ဖြစ်ပါတယ်” ဟု မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

အဆိုပါ သစ်များကို သစ်မှောင်ခိုများထံမှ မြန်မာ့ တပ်မတော်က ဖမ်းဆီး သိမ်းယူစဉ် ကချင် လွတ်လပ်ရေး တပ်မတော် ကေအိုင်အေနှင့် ထိတွေ့မှု ဖြစ်ခဲ့ပြီး တပ်မတော်သား တစ်ဦး ဒဏ်ရာ ရရှိကာ ကေအိုင်အေ တပ်ဖွဲ့မှ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းခဲ့ကြောင်း အထက်ပါ တပ်ရင်းမှူးက ပြောဆိုသည်။

မြန်မာ့ တပ်မတော်နှင့် ကေအိုင်အေတို့ အကြား ငြိမ်းချမ်းရေး ဆွေးနွေးနေစဉ် အတွင်း နှစ်ဖက် စစ်ရှိန် လျှော့ချရန် သဘောတူ ထားသော်လည်း ဖေဖော်ဝါရီလ အတွင်း တိုက်ပွဲအချို့ ပြန်လည် ဖြစ်ပွားလာပြီး ယင်းမှာ တရားမဝင် သယံဇာတ ခိုးယူမှုများကို လိုက်လံ ကာကွယ်စဉ် ထိတွေ့မှု ဖြစ်ကြောင်း တပ်မတော်က ပြောဆိုထားပြီး ကချင် လူမှုအဖွဲ့အစည်း အချို့ကမူ ရည်ရွယ်ချက် ရှိရှိဖြင့် ထိုးစစ်ဆင်လာကြောင်း ထုတ်ဖော် ပြောကြားသည်။

The Voice Weekly