ကိုမြအေးဟောပြောမည့် အစီအစဉ် ကန့်ကွက်ခံရမှု တွေ့ဆုံမေးမြန်းချက်များ

ပို့စ်တင်ချိန် - 2/24/2014 09:08:00 AM



ဂဠုန်နီ ဆရာတော်နှင့် တွေ့ဆုံခြင်း

မန္တလေးမြို့တော် ၇၇ လမ်း၊ ၃၆ လမ်းနှင့် ၃၇ လမ်း ဖျာတန်း ရပ်ကွက်တွင် ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ အထိမ်းအမှတ် စာပေဟောပြောပွဲကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှ ၁၆ ရက်နေ့အထိ ကျင်းပခဲ့ရာ ဟောပြောပွဲ ပထမညတွင် မောင်သွေးသစ်၊ ညီမင်းညို၊ ကိုမြအေး (၈၈ပွင့်လင်း) တို့ သုံးဦး ဟောပြောကြမည့် အနက် ကိုမြအေး ဟောပြောမှု အစီအစဉ်ကို မြို့ခံ သံဃာတော် အချို့က ကန့်ကွက်ခဲ့ကြသည်။ ယင်းကြောင့် ကိုမြအေး၏ နေရာတွင် စာရေးဆရာ နေဝင်းမြင့် အစားထိုး ဟောပြောခဲ့ရာ ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ အမျိုးဘာသာ သာသနာ ထိန်းသိမ်း စောင့်ရှောက်ရေး (မန္တလေး) မှ ဂဠုန်နီ ဆရာတော်နှင့် သံဃာတော်အချို့ လာရောက်ကာ ညှိနှိုင်း ဖြေရှင်းမှုများ ပြုလုပ်ပေးခဲ့ရသည်။ ယင်းကဲ့သို့ ကန့်ကွက်ခဲ့မှုနှင့် ပတ်သက်၍ သွားရောက် ညှိနှိုင်းခဲ့သည်ဟု ဆိုသော ဂဠုန်နီ ဆရာတော်နှင့် The Voice Weekly မေးမြန်းခဲ့သည်များကို ကောက်နုတ် ဖော်ပြအပ်ပါသည်။
Voice : ဖျာတန်းရပ်ကွက် စာပေ ဟောပြောပွဲမှာ ၈၈ ပွင့်လင်းအဖွဲ့က ကိုမြအေး ဟောပြောမယ့် အစီအစဉ်ကို မြို့ခံ သံဃာ တချို့က ကန့်ကွက်မှုများ ရှိခဲ့တာနဲ့ ပတ်သက်ပြီး အရှင်ဘုရားရဲ့အမြင်ကို သိချင်ပါတယ် ဘုရား။
ဂဠုန်နီဆရာတော် : ဘုန်းကြီးရဲ့အမြင် ပြောရရင်တော့ ပုဂ္ဂိုလ်ရေးအရ မကန့်ကွက်သင့်ပါဘူး။
Voice : ဘာကြောင့် ကန့်ကွက် ကြတာတဲ့လဲ။
ဂဠုန်နီဆရာတော် : အကြောင်းပြချက် မပါဘဲ ကန့်ကွက်တာ။ သူတို့က မြအေးဟာ မွတ်ဆလင်ဖြစ်လို့ ကန့်ကွက်တာလို့ ပြောကြတာပဲ။ ရခိုင်ပဋိပက္ခ၊ မိတ္ထီလာ ပဋိပက္ခတွေမှာ မြအေး ပြောဆိုခဲ့တာတွေ၊ မြအေးရဲ့သမီးက ဗုဒ္ဓဘာသာအပေါ် ရိုင်းရိုင်းပျပျ ပြောဆိုခဲ့တဲ့အပေါ် မကျေနပ်လို့ မြအေးကို ကန့်ကွက်တယ်လို့ ထင်တာပဲ။
Voice : ဘုန်းဘုန်းတို့ ဟောပြောပွဲရှိတဲ့ နေရာ ရောက်သွားချိန်မှာ ဘာတွေ ဖြစ်နေကြပြီလဲ ဘုရား။
ဂဠုန်နီဆရာတော် : ဘုန်းကြီးတို့ ရောက်သွားချိန်မှာ မြအေးကို တစ်ဖက်က ပယ်ပေးဖို့နဲ့ တစ်ဖက်က မပယ်ဖို့ အချီအချ အတိုက်အခံ အငြင်းအခုံ ဖြစ်နေကြတဲ့အချိန် ဖြစ်ပါတယ်။ ပယ်ဖျက်မပေးဘူးဆိုရင် တစ်ဖက်နဲ့ တစ်ဖက် ပဋိပက္ခတွေ ဖြစ်လာနိုင်တဲ့ အနေအထားကို သွားတွေ့ရပါတယ်။
Voice : ဒီဖြစ်စဉ်နဲ့ ပတ်သက် ပြီး တချို့ပြောနေကြတာလည်း ရှိပါတယ် ဘုရား။ စာပေဟောပြောပွဲ စင်မြင့်ပေါ်မှာ နိုင်ငံရေးသမားတွေ တက်ရောက် ဟောပြောမှုအပေါ် ဝေဖန် သုံးသပ်နေတာနဲ့ ပတ်သက်ပြီး ဘုန်းဘုန်း အမြင်ကို ပြောပြပေးပါ။
ဂဠုန်နီဆရာတော် : နိုင်ငံရေးသမားတွေက စာဟောဆရာ လုပ်နေပြီလို့ ညတုန်းက (စာပေဟောပြောပွဲ စင်ပေါ်တွင်) ငါပြောခဲ့တယ်။ နိုင်ငံရေးသမားတွေက စာဟောဆရာ လိုက်လုပ်နေတာဟာ တိုင်းပြည် တိုးတက်စရာ ကောင်းမွန်စရာ ဖြစ်ဖို့ မရှိဘူး။ ဘယ်လိုပဲဖြစ်ဖြစ် နိုင်ငံရေးသမား ဟောတာပဲဖြစ်ဖြစ်၊ စာရေးဆရာ ဟောတာပဲ ဖြစ်ဖြစ် ဒီစာပေ ဟောပြောပွဲမှာ ပုဂ္ဂလ အဓိဋ္ဌာန်အနေနဲ့ ကန့်ကွက် ရှုတ်ချတာကတော့ သင့်တော့ မသင့်တော်ဘူးပေါ့။ ဘာလို့တုန်းလဲ ဆိုတော့ ဝိရောဓိ ဖြစ်လာနိုင်တယ်။ ပဋိပက္ခတွေ ဖြစ်လာနိုင်တယ်။ ရန်ပွဲတွေ ဖြစ်လာနိုင်ပါတယ်။ ဘာမဟုတ်တဲ့ ပြဿနာလေးနဲ့ ကြီးမားတဲ့ ပြဿနာ ဖြစ်လာရင် ဖြေရှင်းရခက်တယ်။
Voice : စာပေ ဟောပြောပွဲ စင်မြင့်မှာ စာရေးဆရာတွေ ကြားထဲမှာ နိုင်ငံရေးသမားတွေ ဝင်ရောက် ဟောပြောစေမှုဟာ ရောထွေးနေတယ်။ ပွဲစီစဉ်တဲ့သူတွေရဲ့ အလွဲတစ်ခုလို့လည်း မြင်ကြတယ် ဘုရား။ ဒီအပေါ်မှာ ဘုန်းဘုန်းရဲ့ ထင်မြင်ချက်ကို မိန့်ပါဦး။
ဂဠုန်နီဆရာတော် : ဒီပွဲမှာဆိုရင် စီစဉ်တဲ့သူတွေလည်း လိုတယ်။ မြအေးကို ထည့်ပေးတာဟာ မကောင်းဘူး။ ရန်ကုန်မှာ အခုလို ဖြစ်ခဲ့တယ်ဆိုတာ သိပါလျက်နဲ့ မြအေး ပါလာတာကို စီစဉ်သူတွေ အနေနဲ့ စဉ်းစားဖို့ လိုပါတယ်။ စာပေ ဟောပြောပွဲဆိုတာ မြအေးနဲ့မှ မပတ်သက်ပဲ။ ဘာရည်ရွယ်ချက်နဲ့ ထည့်ခဲ့တာလဲ ဆိုတာတော့ ကာယကံရှင်တွေမှ သိမှာ။
Voice : ကျေးဇူးပါဘုရား။ ဖြည့်စွက် မိန့်စရာရှိရင် မိန့်ပါဘုရား။
ဂဠုန်နီဆရာတော် : ဒီဖြစ်စဉ်မှာ သက်ဆိုင်ရာ အာဏာပိုင် အုပ်ချုပ်ရေး အဖွဲ့အစည်းတွေမှာလည်း တာဝန်ရှိပါတယ်။ သံဃာတော်တွေက ၁၄ ရက်နေ့မှာ Facebook က တစ်ဆင့်၊ အင်တာနက်က တစ်ဆင့် မြအေးကို ကန့်ကွက်ကြောင်း တင်ထားလျက်နဲ့ ဒီပုဂ္ဂိုလ်ထည့်ရင် ပဋိပက္ခ ဖြစ်နိုင်တယ်၊ မဖြစ်နိုင်ဘူးဆိုတာ စည်းဝေး ဆုံးဖြတ်ဖို့ လိုပါတယ်။ သိရက်သားနဲ့ ပဋိပက္ခကို လိုချင်လို့ တမင် ခွင့်ပြုလိုက်တာလားတော့ မသိဘူး။ သူ့ခွင့်မပြုရင် ဒီပြဿနာ မတက်ဘူး။ သူက မသိလို့ ခွင့်ပြုတာ မဟုတ်ဘူး။ သိရက်သားနဲ့ ခွင့်ပြုတာ။ ဖြစ်လာတော့မှ ဘုန်းကြီးနဲ့ လှည့်တိုက်၊ လူတွေနဲ့ လှည့်တိုက် ဒါမျိုး လုပ်တယ်။
ရဲဝင်းနိုင်

ဆရာတော် ဦးစန္ဒာသီရိနှင့် တွေ့ဆုံခြင်း

မန္တလေးမြို့တော်တွင် ဖေဖော်ဝါရီလ ၁၅ ရက်မှ ၁၆ ရက်နေ့အထိ ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ အထိမ်းအမှတ် စာပေ ဟောပြောပွဲ ကျင်းပခဲ့ရာ ဟောပြောပွဲ ပထမရက်နေ့တွင် ကိုမြအေး ဟောပြောမည်ကို မြို့ခံ သံဃာတော်အချို့ ကန့်ကွက်မှုနှင့် ပတ်သက်၍ သံဃာငယ်များကို ခေါင်းဆောင်ပြီး ဝင်ရောက် ကန့်ကွက်သည့် မန္တလေးမြို့တော် ၈၃x၃၃ လမ်းရှိ ဗုဒ္ဓတက္ကသိုလ် ဒုတိယနှစ် တက်ရောက်နေသော သံဃာတစ်ပါးဖြစ်သူ ဝါတော် ၁၇ ဝါ၊ သက်တော် ၃၇ ရှိသော အရှင်စန္ဒာသီရိနှင့် တွေ့ဆုံ မေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။
Voice : မဟာအောင်မြေ စာပေ ဟောပြောပွဲမှာ ဦးပဉ္စင်း ဦးဆောင်ပြီး ကန့်ကွက်ရတဲ့ အကြောင်းအရင်းကို မိန့်ပါဦးဘုရား။
ASSDTR : ဦးပဉ္စင်းတို့ ဗုဒ္ဓဘာသာဝင် မြန်မာနိုင်ငံ ရန်ကုန်မြို့မှာလုပ်တဲ့ စာပေ ဟောပြောပွဲတွေ ဘာသာခြား လူမျိုးခြားက ဟောပြောတာ မလိုလားဘူး။ မလိုလားတဲ့အတွက် မြောက်ဥက္ကလာပနဲ့ ရွှေပြည်သာမှာလည်း ကန့်ကွက်ခဲ့ကြတယ်။ မန္တလေး သံဃာထုက ရန်ကုန် သံဃာထုနဲ့ တစ်ထပ်တည်းပါပဲ။ ဦးပဉ္စင်းတို့ ဆန္ဒကို ဖော်ပြချင်တဲ့ အချက်ရယ်၊ ဟောတဲ့လူက လူမျိုးခြား ဘာသာခြား ဖြစ်နေလို့ပါ။ ဘာကြောင့် ကန့်ကွက်ရသလဲ ဆိုရင် မန္တလေးက သံဃာ့မြို့တော် ဖြစ်နေတာကိုး။ သံဃာ အင်အားက အများကြီး။ သံဃာတော်တွေရဲ့ လူမျိုးခြား ဘာသာခြား မလိုလားတဲ့ဆန္ဒ တစ်ထပ်တည်း ဖြစ်အောင် ကန့်ကွက်တာပါ။ နောက်တစ်ချက်က မန္တလေး သံဃာ အင်အားများတဲ့အတွက် သူဟောပြောတဲ့ အပေါ်မှာ မလိုလားအပ်တဲ့ ပြဿနာဖြစ်မှာ စိုးလို့ပါ။ ဗိုလ်ချုပ်ကိုတော့ အဖေလို ချစ်ပါတယ်။ ပြည်သူရော သံဃာတော်တို့ ကပါ ဗိုလ်ချုပ်ရဲ့မွေးနေ့မှာ အဲဒီပုဂ္ဂိုလ် ဟောပြောတာကို မလိုလားတဲ့ အတွက် မန္တလေးက သံဃာငယ်တွေက ဦးဆောင် ကန့်ကွက်တာပါ။ ကန့်ကွက်တဲ့နေရာမှာ ဦးပဉ္စင်းတို့က အကြမ်းဖက် ကန့်ကွက်တာ မဟုတ်ပါဘူး။ ထွေအုပ်ရုံးမှာ စာတင်ပြီးတော့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ကန့်ကွက်တာပါ။
Voice : ကိုမြအေးအပေါ် ဘယ်လို မြင်ပါသလဲ။
ASSDTR : ကိုမြအေးအပေါ် ဘယ်လိုမြင်သလဲ ဆိုတော့ သူ့သမီးက စပြီး ပြောရမယ်၊ သူ့သမီးက ဘားမားကန်ပိန်းမှာ သူပြောတဲ့ စကားတွေ ရှိတယ်။ ဘယ်လို ပြောသလဲဆိုတော့ မြန်မာနိုင်ငံကို ပုတ်ခတ် ပြောဆိုတဲ့၊ ရခိုင် တိုင်းရင်းသားတွေနဲ့ ပဋိပက္ခ ဖြစ်နေတဲ့ ဘင်္ဂါလီတွေကို ရိုဟင်ဂျာ၊ ရိုဟင်ဂျာလို့ တဖွဖွသုံးပြီး ဗုဒ္ဓဘာသာ ရဟန်းတော်တွေ ပုတ်ခတ် ပြောဆိုတဲ့အတွက် သူ့စကားတွေက သံဃာတော်တွေကို အများကြီး ထိခိုက်စေတယ်။ မြန်မာ သံရုံးတွေရှေ့မှာ သူပြောတဲ့ စကားတွေက ပြည်သူတွေ သိပါတယ်။ အဲဒီလို ပြောနေတဲ့ဟာကို အဖေဖြစ်သူက လုံးဝ တားမြစ်ချက် မရှိပါဘူး။ ဒါကြောင့် ကိုမြအေးကို ယုံလို့မရဘူး။ ရခိုင်ကိစ္စ ဖြစ်နေတဲ့အချိန်မှာ သူ့သမီး ပြောတဲ့ စကားတွေကို မတားမြစ်ခဲ့ဘူး။ ဘာလို့ မတားသလဲ ဆိုတာ သံဃာထုကြားမှာ သံသယ ပိုကြီး ထွားလာပြီး ဒီ ကိုမြအေး ဟောပြောမှုကို ကန့်ကွက်တာပါ။
Voice : အရှင်ဘုရား ဦးဆောင်တဲ့ သံဃာတွေက စာပေ ဟောပြောပွဲ ကန့်ကွက်တဲ့ အပေါ်မှာ ပြည်သူကို ဘာပြောချင်ပါသလဲ။
ASSDTR : ဘယ်နေရာပဲ ဖြစ်ဖြစ်၊ အမျိုးသားရေးမှာပဲ ဖြစ်ဖြစ်၊ ပါတီနိုင်ငံရေး လောကကဖြစ်ဖြစ် အမျိုးဘာသာ သာသနာအပေါ် လုံခြုံစိတ်ချရမှ အားလုံးအပေါ်မှာ တန်းတူညီမျှ ထားနိုင်မယ်၊ မြန်မာနိုင်ငံလို ဗုဒ္ဓဘာသာနိုင်ငံမှာ အမျိုးသားရေးကိုပဲ ဦးစားပေးရမယ်။ နောက် လူ့အခွင့်အရေး ဆိုတာကိုလည်း ပြောချင်တယ်။ လူ့အခွင့်အရေးဆိုတာ တစ်ဦးတစ်ယောက်ချင်းရဲ့ အခွင့်အရေးလို့ မြင်တယ်။ အမျိုးသား အခွင့်အရေးကတော့ တိုင်းရင်းသား ၁၃၅ မျိုးရဲ့ အခွင့်အရေးပဲ။ ပြည်သူတွေအနေနဲ့ လူ့အခွင့်အရေးနဲ့ အမျိုးသားရေး ဆိုတာ ခွဲခြားပြီး မြင်စေချင်တယ်။ နောက်ထပ် ပြောရရင် အိမ်ရှင် အခွင့်အရေးနဲ့ ဧည့်သည် အခွင့်အရေး ဆိုတာကိုလည်း ပြည်သူတွေအနေနဲ့ ခွဲခွဲခြားခြား သိမြင် စေချင်ပါတယ်။
တင်လင်း


၈၈ မျိုးဆက် ခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုမြအေးနှင့် တွေ့ဆုံခြင်း

မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များအပေါ် ဆိုးကျိုး သက်ရောက် လာနိုင်သည့် ဘာသာရေး ဆက်နွှယ်သော ပဋိပက္ခများ ဖြစ်နိုင်ခြေ အလားအလာများ မြင်တွေ့နေရချိန် အစ္စလာမ် ဘာသာဝင် ဖြစ်သည့်အတွက် အချေအတင် အငြင်းပွားမှုများဖြင့် စာပေဟောပြောခွင့် ကန့်ကွက် တားဆီးခံခဲ့ရသော ၈၈ မျိုးဆက် ခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုမြအေးကို The Voice က တွေ့ဆုံ မေးမြန်းထားသည်များမှ ကောက်နုတ် ဖော်ပြအပ်ပါသည်။
Voice : ရန်ကုန်နဲ့ မန္တလေးမှာ အစ်ကိုတို့ စာပေ ဟောပြောပွဲ ဟန့်တားခံရတဲ့ အခြေအနေကို အကျဉ်းချုံး ပြောပြပေးပါ။
ကိုမြအေး : ဒါက ကျွန်တော်ကိုယ်တိုင် ပွဲစီစဉ်သူ မဟုတ်တော့ အသေးစိတ်ကိုတော့ မပြောနိုင်ဘူး။ အဲ့ဒီမှာ ကန့်ကွက်တယ် ဆိုတော့ ထိပ်တိုက်တွေ့ပြီး ပဋိပက္ခ ဖြစ်မယ့် အခြေအနေကို လက်မခံဘူးလေ။ ကိုယ်တိုင်လည်း အကြမ်းဖက် ဝါဒကို လုံးဝ လက်ခံတဲ့သူ မဟုတ်ဘူး။ နောက်ပြီး အင်အားသုံး အုပ်စုနဲ့ ဥပဒေမဲ့ အနိုင်ကျင့် ခြိမ်းခြောက်တာတွေကို လုံးဝ လက်မခံဘူး။ ဒီနေရာမှာ တိုင်းပြည်ရဲ့ မျက်နှာကို ကြည့်သောအားဖြင့် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖြေရှင်းဖို့ပဲ။ တစ်ခုမချင့်မရဲ ဖြစ်မိတာက ဥပဒေနဲ့အညီ တင်ထားတာကို အုပ်စုနဲ့ အနိုင်ကျင့်ပြီးတော့ ဖျက်လို့ ရသလား။ ဒါမျိုးက ဥပဒေမဲ့ တိုင်းပြည်လို ဖြစ်သွားတယ် ဆိုတော့ ဘဝင်မကျဘူး။ အုပ်ချုပ်ရေး အာဏာပိုင်တွေမှာ တာဝန်အပြည့်အဝ ရှိတယ်လို့ မြင်တယ်၊ သူတို့ တာဝန်အပြည့်အဝ ယူရမယ်။
Voice : အစ်ကို နိုင်ငံရေး လုပ်လာတဲ့ တစ်လျှောက်မှာကော ကိုးကွယ် ယုံကြည်မှုနဲ့ ပတ်သက်ပြီး နှောင့်ယှက် တိုက်ခိုက်ခံရတာတွေ ကြုံဖူးပါလား။
ကိုမြအေး : ကြုံဖူးပါတယ်။ ဒါဟာ ပထမဆုံးအကြိမ် မဟုတ်ဘူး။ ဥပမာဆိုရင် ကျွန်တော်တို့ကို အစ္စလာမ်ဘာသာ ကိုးကွယ်တဲ့ ကုလားလို့ပဲ မြင်တယ်ဗျာ၊ ဒါ ခပ်ကြမ်းကြမ်း ပြောတာပေါ့။ နိုင်ငံရေးနဲ့ ကုလားတွေနဲ့ ဘာဆိုင်လို့လဲဆိုတဲ့ စကားလုံး ရှိတယ်။ ဒါက တိုင်းပြည်ရဲ့ အခြေအနေနဲ့ အတွေးအခေါ် နိမ့်ကျနေမှုကို ဖော်ပြတာပဲ။ တိုင်းပြည်တစ်ပြည်မှာ အရောင်အသွေး အားလုံး ဆင်တူရှိတာ မဟုတ်ဘူး၊ အရောင်အသွေး မျိုးစုံ ရှိတယ်။ အရောင်အသွေး မျိုးစုံ နေထိုင်တဲ့ ဗဟုဝါဒ Multicultural ကို လက်ခံရမယ်။ ဒါမှသာ ဒီမိုကရက်တစ်ကို သွားနိုင်မယ်။ ကျွန်တော် နိုင်ငံရေးလုပ်တာ ဘာသာတစ်ခု၊ လူမျိုးတစ်ခုအတွက် လုပ်နေတာ မဟုတ်ဘူး။ သန်းခြောက်ဆယ်အတွက် နိုင်ငံရေး လုပ်နေတာ။ ကျွန်တော့်နိုင်ငံနဲ့ လူမျိုး ကမ္ဘာ့အလယ်မှာ တင့်တင့်တယ်တယ် ဖြစ်စေချင်တဲ့ ဆန္ဒကလွဲပြီး ကျန်တာ မရှိဘူး။ လူမျိုးမတူ ဘာသာမတူလို့ အခွင့်အရေးလည်း ပိုမလိုချင်သလို နိုင်ငံသား အခွင့်အရေးကလည်း တစ်စက်မှ အလျော့ခံမှာ မဟုတ်ဘူး။ တန်းတူရည်တူပဲ လိုချင်တယ်။
Voice : ဘာသာရေး အကြောင်းပြပြီး အစ်ကိုနဲ့ ဦးကိုနီကို ဟန့်တားခဲ့တာဆိုတော့ အဓိက အကြောင်းအရင်းက ဘာဖြစ်မလဲ။
ကိုမြအေး : ဒါက ရှင်းပါတယ်။ ကျွန်တော်တို့ နှစ်ယောက်တင် မကဘူး၊ ဒီ့အရင်မှာ မသီတာ (စမ်းချောင်း) ကို ဘားလမ်းက မူဆလင် ဆေးရုံမှာ လုပ်လို့ဆိုပြီးတော့ ဟောပြောခွင့် တားဆီးခံရတယ်။ ဘားလမ်း ဆေးရုံဆိုတာ နိုင်ငံရေး အကျဉ်းသား တစ်ရာမှာ ကိုးဆယ်လောက်က ထောင်ကလွတ်ရင် ဆေးသွားစစ်ရတယ်။ ဆင်းရဲချမ်းသာ လူမျိုးမရွေး ကုသပေးနေတဲ့ ဆေးရုံ။ ဒါကို မကြည့်ဘဲ မူဆလင်ဆိုတာနဲ့ လျှောက်တိုက်နေတာ။ တစ်နည်းအားဖြင့်တော့ ဘာသာရေး တံဆိပ်ကပ်ပြီး ပြဿနာရှာတာပဲ။ ဒါတွေက သမိုင်းဦးဘုံမြေ ခေတ်မှာ ကျင့်သုံးကြတဲ့ အနေအထားပါ။ ခုခေတ်မှာ မရှိတော့ပါဘူး။
Voice : ပြောကြတာက ကိုမြအေးကို ကန့်ကွက်တာသည် သမီးဖြစ်တဲ့ မဝေနှင်းပွင့်သုန်ရဲ့ ပြည်ပမှာ နိုင်ငံရေး၊ လူမျိုးရေး ပြောဆိုမှုတွေကို မကျေနပ်တဲ့အတွက် အဓိက ကန့်ကွက်တာလို့ ပြောကြတယ်။ ဒီအပေါ် ဘာများ ပြောချင်လဲ။
ကိုမြအေး : ကျွန်တော် ပြောပြမယ်ဗျ။ သမီးက အသက်နှစ်ဆယ့် ငါးနှစ်ရှိပြီ၊ သူ့လွတ်လပ်ခွင့်နဲ့သူပဲ။ နောက်ပြီးတော့ ဝေနှင်းပွင့်သုန်က ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး မပြောတာလည်း ကြာပါပြီ။ ကျွန်တော်တို့လည်း ဟန့်တားခဲ့တယ်။ ပြောနေကြတဲ့ နိုင်ငံတော် အလံကို မီးရှို့တယ် ဆိုတာလည်း ဝေနှင်းပွင့်သုန် လုပ်တာ မဟုတ်ဘူးဆိုတာ တိတိကျကျ ပြောချင်တယ်။ ဇာစ်မြစ်တစ်ခုကို သေသေချာချာ မသိဘဲ လျှောက်ပြော နေတာတော့ သဘာဝ မကျဘူး။ ခက်တာက နိုင်ငံရေး ဖြတ်သန်းမှု အားနည်းတဲ့အခါမှာ အမှားတွေ ရှိကြမှာပဲ ကျွန်တော် နားလည်တယ်။ သားအဖ နှစ်ယောက်နဲ့ မြည်းတစ်ကောင် ပုံပြင်လို ဖြစ်နေပြီ။ ခင်ဗျား ဘယ်လိုလုပ်လုပ် ခင်ဗျားကို မကောင်း ပြောမှာပဲလို့။ ကျွန်တော်တို့ မိသားစုက ဘုန်းကြီးကျောင်း ဘေးမှာနေတော့ ကျွန်တော်ဟာ ဘုန်းကြီးကျောင်းဘေးမှာ ကြီးပြင်းတယ်။ ကျွန်တော့်ရဲ့ အဘိုးအဘွားဆိုတာ မင်းမှုထမ်းတွေ၊ ဘာကုလားပြည်ကမှ မဟုတ်ဘူး။
Voice : နောက်တစ်ခုက နိုင်ငံရေးသမားတွေ စာပေ ဟောပြောပွဲတွေမှာ ပါဝင်လာပြီး ဟောပြောခြင်းတွေဟာ မသင့်လျော်ဘူးလို့ ပြောဆိုကြတာကိုရော အစ်ကိုဘာများ ပြောလိုပါသလဲ။
ကိုမြအေး : ကျွန်တော် ပြောချင်တယ်။ စာရေးဆရာဆိုတာ ဘာကို ပြောတာလဲ။ ကျွန်တော် စာရေးတာဆိုလည်း ခုမှ မဟုတ်ဘူး။ ထို့အတူ ကိုမင်းကိုနိုင်တို့၊ ကိုဂျင်မီတို့ ခုမှ ရေးတာ မဟုတ်ဘူး။ ထောင်ထဲမှာ နေခဲ့ရတဲ့ အချိန်တွေမှာ စာရေးသားခွင့် မရခဲ့ဘူး။ အဲ့ဒီကာလမှာပဲ ၁၉၉၇ လောက်မှာ စံပယ်ဖြူ မဂ္ဂဇင်းမှာ ကျွန်တော့်ရဲ့ ဝတ္ထုတိုနဲ့ ကဗျာတစ်ပုဒ် ပါခဲ့ဖူးတယ်။ ခုလည်း မအားလို့သာ စာမရေးနိုင်တာပါ။ စာရေးဆရာဆိုတာ စာတွေပဲ အမြဲတမ်း ရေးနေရမှာလား။ မြန်မာနိုင်ငံမှာ အလွန်ထင်ရှားတဲ့ ဆရာကြီး မြသန်းတင့် ကျွန်းပြန်ပဲ။ ဆရာထက်လွင် တစ်ကျွန်းပြန်ပဲ။ နိုင်ငံရေးသမားနဲ့ အနုပညာသမားဆိုတာ ခွဲခြားလို့ရတဲ့ အရာမဟုတ်ဘူး။ နိုင်ငံရေးသမားတွေ စာပေ ဟောပြောတယ် ဆိုတဲ့ကိစ္စ ဒီနေ့ တိုင်းပြည်က အသွင်ကူးပြောင်းရေးကို ကုန်းရုန်းပြီး လုပ်နေရတဲ့ အချိန်မှာ ပြည်သူတွေရဲ့ အသိဉာဏ်ကို ဖွင့်ပေးမှာ စာရေးဆရာတွေ၊ နိုင်ငံရေးသမားတွေပဲ ဖြစ်တယ်။
Voice : ခုဒီလို ဟန့်တားခံရတာတွေဟာ နိုင်ငံရေး ရည်ရွယ်ချက်နဲ့ လုပ်နေတာ ဖြစ်တယ်လို့ အစ်ကိုတို့ ပြောတော့ ပဋိပက္ခတွေ ဖြစ်မလာအောင် ဘယ်လို ထိန်းသိမ်း ဆောင်ရွက်သွားဖို့ စိတ်ကူး ထားပါလဲ။
ကိုမြအေး : ဒါက အတွေးအခေါ် ပြဿနာဗျ။ သာမန်လူ အမြင်မှာ ဘာသာရေး ပြဿနာလို့ မြင်နိုင်ပေမယ့် ဒါနိုင်ငံရေး ပြဿနာပါ။ ဒီမိုကရေစီ အင်အားစုတွေနဲ့ အစွန်းရောက် အမျိုးသားရေးဝါဒ အားပြိုင်နေတဲ့ ကိစ္စပဲ။ ကျွန်တော်တို့နိုင်ငံ အစဉ်အလာကို ပြန်ကြည့်၊ ၁၉၂၀ ကျောင်းသားသပိတ်မှာ အစ္စလာမ်တွေ ပါခဲ့တာပဲ။ လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းတစ်လျှောက် ပါခဲ့သလို ဘုရင်ခေတ်က စာဆိုတော် ဦးနုဆိုတာ အစ္စလာမ် ဘာသာဝင်အဖြစ် ရှိခဲ့တာပဲ။ ဒီမှာဆို တိုင်းရင်းသား အများစုက ခရစ်ယာန်တွေ ရှိတယ်။ တိုင်းပြည်က တန်းတူညီမျှမှုဆီကို သွားနေတဲ့အခါမှာ ဘာသာ၊ လူမျိုးတစ်ခုအပေါ် မူတည်ပြီး ပြောလို့ မရဘူး။ မဟုတ်ရင် ငြိမ်းချမ်းဖို့ ခက်ခဲပြီး peace process ကိုပါ သွားထိခိုက်နိုင်တယ်။ ဒီမိုကရက် တစ်နိုင်ငံကို သွားလို့ မရဘူး။ အလကားနေရင်း အမျိုးသားမာန်တွေ တက်ကြွပြီး မြန်မာ အားကစား ကမ္ဘာကို လွှမ်းရမည် လုပ်လို့ မရဘူး။ တကယ် ကိုယ့်အမျိုးကို ချစ်ရင် ကိုယ်တိုင် ကြိုးစားဖို့ လိုတယ်။ လေနဲ့ ချစ်နေလို့တော့ မရဘူး။ ကျွန်တော်တို့ အပိုင်းကတော့ ပြည်သူလူထု မျက်စိပွင့် နားပွင့်လာအောင် သိသမျှ မျှဝေသွားမှာပဲ။ ဒီလို ဆောင်ရွက်နိုင်ဖို့တော့ တရားဥပဒေ စိုးမိုးရေးကို လက်ရှိ အာဏာပိုင်တွေက လုပ်ဖို့လိုတယ်။ ဥပဒေနဲ့အညီ လုပ်ကိုင် ဆောင်ရွက်နေသူတွေကို ဥပဒေမဲ့ တားဆီးတဲ့ သူတွေနဲ့ ထိပ်တိုက်ဆိုင်ပေးတာ ပဋိပက္ခ ဖြစ်စေချင်လို့ပဲ မြင်တယ်။ ဒါအုပ်ချုပ်ရေးပိုင်းမှာ အဓိက တာဝန်ရှိတယ်။
Voice : နောက်ဆုံးအနေနဲ့ လက်ရှိ ပဋိပက္ခမျိုး ဦးတည်အောင် ဟန့်တား စွက်ဖက်မှုတွေ လုပ်နေတဲ့ သူတွေကို တားဆီးခံရတဲ့ သူတစ်ယောက်အနေနဲ့ ဘာများ ပြောချင်လဲ။
ကိုမြအေး : ကျွန်တော်က သိမ်ဖြူကျောင်းတိုက်ဘေးမှာ ကြီးခဲ့တာနော်။ အစဉ်အလာအရလည်း ဗုဒ္ဓဘာသာဝင် ရဟန်းတော်တွေနဲ့ အင်မတန် ရင်းနှီးပါတယ်။ အတွေးအခေါ် အရလည်း ဗုဒ္ဓဖလော်ဆော်ဖီကို လေးလေးနက်နက် လေ့လာဖူးသူ ဖြစ်သလို အလွန် လေးစားတဲ့ သူတစ်ယောက်လည်း ဖြစ်ပါတယ်။ ကျွန်တော်က Born Muslim ပါ။ ၂၀၀၆ တုန်းက ရွှေတိဂုံ ဘုရားပေါ်မှာ Prayer Campaign ဆိုပြီး နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေး လုပ်ခဲ့တယ်။ ကျွန်တော်တို့ရဲ့ ကြွေးကြော်သံက မေတ္တာဖြင့် အရာရာကို ကျော်ဖြတ်အံ့ ဆိုတာပဲ။ ကျွန်တော် လက်ကိုင်ထားတဲ့ တရားဟာ မေတ္တာပဲ။ မေတ္တာနဲ့ အားလုံးကို ကျော်ဖြတ်နိုင်မယ်လို့ ကျွန်တော် ယုံကြည်တယ်။ ရန်ကိုရန်ချင်း မတုံ့နှင်းဖို့ ငယ်ငယ်ကလည်း သင်ခဲ့ရတာပဲ။ ကျွန်တော် မေတ္တာနဲ့ပဲ တုံ့ပြန်သွားမယ်။ တစ်ခုပဲ တိုင်းပြည်အတွက် ကျွန်တော် စိတ်ပူတယ်။ လူတွေပြောနေတဲ့ နောက်ပြန်လှည့်တယ် ဆိုတာထက် ရှိနေတဲ့ အနေအထားတွေ အားလုံးပျက်ပြီး failed state ဖြစ်သွားမယ်။ ဘယ်လိုမှ ပြန်ဆယ်နိုင်မှာ မဟုတ်ဘူး။

နော်ကိုကို

 The Voice Weekly