မြန်မာနှင့် ဗီယက်နမ် နိုင်ငံတို့အပေါ် စစ်ရေးအရ ပိတ်ဆို့မှု အမေရိကန် အစိုးရ ဖြေလျှော့ဖွယ် ရှိဟုဆို

ပို့စ်တင်ချိန် - 2/24/2014 12:34:00 PM



ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃

မြန်မာနိုင်ငံနှင့် ဗီယက်နမ် နိုင်ငံတို့အပေါ် အမေရိကန် အစိုးရက ပြုလုပ်ခဲ့သည် စစ်ရေးအရ ပိတ်ဆို့မှုများကို မကြာမီ ကာလအတွင်း ဖြေလျှော့ သွားဖွယ် ရှိသည်ဟု အမေရိကန် ပြည်ထောင်စု နိုင်ငံရေးနှင့် စစ်ရေးဆိုင်ရာ ဗျူရို၏ ဒုတိယ လက်ထောက် အတွင်းဝန် Kenneth Handelman က ပြောကြားကြောင်း HIS Jane’s အဖွဲ့အစည်းက ဖေဖော်ဝါရီလ ၂၁ တွင် အစီရင်ခံစာ တစ်စောင် ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံ အပေါ် အမေရိကန် အစိုးရက စစ်ရေးအရ ပိတ်ဆို့မှုများကို ဆယ်စုနှစ် နှစ်ခုနှစ်ပါး ပြုလုပ်ခဲ့သော်လည်း လတ်တလော ပြန်လည် စတင်ခဲ့သော နှစ်နိုင်ငံ စစ်ရေး ဆက်ဆံမှုများသည် လက်နက် ရောင်းဝယ်မှု အပါအဝင် စစ်ရေး လေ့ကျင့်မှု စသည့် ပိတ်ဆို့မှု အားလုံးကို မကြာမီ ဖြေလျှော့ ပေးနိုင်ဖွယ် ရှိကြောင်း Kenneth Handelman က ပြောကြားထားသည်။

မြန်မာအစိုးရ အနေနှင့် ပြည်သူလူထု အပေါ် လူ့အခွင့်အရေး လေးစား လိုက်နာမှု၊ အကာအကွယ် ပေးမှုများ ပြုလုပ်မှသာလျှင် စစ်လက်နက် ရောင်းချပေးမှု ပြုလုပ်သွားမည် ဖြစ်ပြီး၊ လတ်တလော အနေအထားသည် စောင့်ကြည့်ရမည့် အခြေအနေတွင် ရှိနေသေးကြောင်း ၎င်းက ထပ်လောင်း ပြောကြားထားသည်။

“ဒီမိုကရေစီ စနစ်ကို အောင်မြင်စွာ ဖော်ဆောင်နေတဲ့ နိုင်ငံကြီးတွေရဲ့ စစ်တပ်ကြီးတွေက မြန်မာ့ တပ်မတော်ကို အကူအညီ ပေးမယ်ဆိုရင် မြန်မာ့ တပ်မတော်ကလည်း ဒီမိုကရေစီ စနစ်နဲ့ ဆီလျော်တဲ့၊ ခေတ်မီ အင်အား တောင့်တင်းတဲ့ တပ်မတော် တစ်ရပ်အဖြစ် ရပ်တည် လာနိုင်မှာပါ” ဟု မြန်မာအစိုးရ အကြီးတန်း အရာရှိ တစ်ဦးက မှတ်ချက်ပြုသည်။

အသွင်ကူးပြောင်းစ မြန်မာနိုင်ငံ၏ တရားဥပဒေ စိုးမိုးရေးနှင့် လုံခြုံရေး လုပ်ငန်းများတွင် အထောက်အပံ့ ဖြစ်စေရန် မြန်မာအစိုးရကို အမေရိကန် တပ်မတော်က အကူအညီများ ပေးအပ်သွားမည် ဖြစ်ကြောင်း အိမ်ဖြူတော် အာရှနှင့် ပစိဖိတ် ဒေသဆိုင်ရာ ဆပ်ကော်မတီ၏ မြန်မာနိုင်ငံဆိုင်ရာ အကြီးတန်း အကြံပေး အရာရှိ Judith Beth Cefkin က ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ အတွင်းက အစီရင်ခံစာ တစ်စောင် ထုတ်ပြန်ခဲ့သည်။

အဆိုပါ အစီရင်ခံစာတွင် မြန်မာနိုင်ငံမှ အရပ်ဘက် လူ့အဖွဲ့အစည်းများ၊ တိုင်းရင်းသား အဖွဲ့အစည်းများ၊ အစိုးရ အဖွဲ့ဝင်များ၊ အတိုက်အခံ ခေါင်းဆောင်များ၏ တောင်းဆိုချက်အရ အမေရိကန် တပ်မတော်သည် မြန်မာ့ တပ်မတော်နှင့် မြန်မာ့ ရဲတပ်ဖွဲ့ ပြုပြင် ပြောင်းလဲရေး အတွက် ခေတ်မီ နည်းပညာများဖြင့် ကူညီ ထောက်ပံ့ ပေးသွားရန် ရည်ရွယ်ခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။

ယင်းသို့ အကူအညီများ ပေးအပ်ရာတွင် မြန်မာ့ တပ်မတော်က နိုင်ငံတကာ စံချိန်စံညွှန်းများ၊ ဒီမိုကရေစီ မူဘောင်များနှင့် အညီ လူ့အခွင့်အရေး လေးစား လိုက်နာစေရေးနှင့် ပြည်သူလူထုကို အကာအကွယ်ပေးရေး အဓိက ဦးတည်သည့် နှစ်နိုင်ငံ ဖလှယ်မှုများသာ ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ယင်းသို့ နှစ်နိုင်ငံ စစ်ရေးအရ ပူးပေါင်း ဆောင်ရွက်မှုတွင် အမေရိကန် အစိုးရက မြန်မာနိုင်ငံသို့ လက်နက် ရောင်းချခြင်းနှင့် မြန်မာ့ တပ်မတော်ကို စစ်ရေး လေ့ကျင့်မှုများ လုံးဝ ပြုလုပ်မည် မဟုတ်ကြောင်း အမေရိကန် သံအမတ်ကြီး ဒဲရစ်မစ်ချဲလ်က ငြင်းဆို ပြောကြားထားသည်။

အမေရိကန်- မြန်မာ စစ်ရေး ဆက်ဆံမှု၏ ပထမဦးဆုံး ခြေလှမ်းအဖြစ် ၂၀၁၂ ခုနှစ် အောက်တိုဘာလ အတွင်းက အမေရိကန် အစိုးရသည် မြန်မာ့ တပ်မတော်မှ အရာရှိ နှစ်ဦးကို အမေရိကန် တပ်မတော်၏ ထင်ရှားသော Cobra Gold စစ်ရေး လေ့ကျင့်မှု လေ့လာရန် အတွက် ဖိတ်ခေါ်ခဲ့သေးသည်။

The Voice