မိုင်းဖုန်း ဆရာတော် မန္တလေးသို့ နှစ်ရက်ခန့် ကြွရောက် သီတင်းသုံးမည်

ပို့စ်တင်ချိန် - 2/24/2014 03:38:00 PM


မန္တလေး၊ ဖေဖော်ဝါရီ ၂၃

ပြီးခဲ့သည့် ဆယ်နှစ်ကျော်ခန့်က မိုင်းဖုန်း ဆရာတော်နှင့် အတူ စီးနင်း လိုက်ပါလာသည့် ယာဉ်တန်းတွင် မူးယစ်ဆေးဝါး တွေ့ရှိမှုဖြင့် ဆယ်နှစ်ကြာ ပြည်ဝင်ခွင့် ပိတ်ခံ ထားရသည်ဟု သတင်းများ ထွက်ပေါ်ခဲ့သော မိုင်းဖုန်း ဆရာတော်သည် မန္တလေး မြို့တော်သို့ ဖေဖော်ဝါရီလ ၂၄ ရက်နှင့် ၂၅ ရက်နေ့တို့တွင် မန္တလေး ရှမ်းသာရေး နာရေး အသင်း၌ သီတင်းသုံးမည် ဖြစ်ကြောင်း အဆိုပါ အသင်း အတွင်းရေးမှူး ဦးစိုင်းဆိုင်မိန်းက ပြောကြားသည်။

ဆရာတော်သည် ရန်ကုန် မြို့တော်သို့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့က ကြွရောက်ခဲ့ ပြီး မန္တလေး မြို့တော်ရှိ ရှမ်းသာရေးနာရေး အသင်း၌ ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် သြဝါဒပေးပြီး တရား ဒေသနာများ ဟောကြားမည် ဖြစ်ကာ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ နံနက်တွင် မန္တလေး မဟာမုနိ ဘုရားကြီးအား သွားရောက် ဖူးမြော်မည် ဖြစ်ကြောင်း၊ ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် မန္တလေး တံတားဦး လေဆိပ်မှ အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာသို့ ဘုရားဖူး ထွက်ခွာမည် ဖြစ်ကြောင်း ၎င်းက ထပ်မံ ပြောကြားသည်။

“နှစ်ရက်လုံး ရှမ်းသာရေး နာရေး အသင်းမှာပဲ သီတင်းသုံးမှာပါ။ တရားပွဲတွေ၊ သြဝါဒ ပေးပွဲတွေလည်း ရှိပါတယ်။ ဒါပေမဲ့ ဘယ်အချိန် ဆိုတာကိုတော့ အတိအကျ မပြောနိုင်သေးပါဘူး။ ဆရာတော်ကြီး ကြွရောက် လာတော့မှပဲ အစီအစဉ်တွေက ထုတ်ပြန်ပေးလို့ ရမှာပါ။ ဆရာတော်ပေါ်မှာပဲ အားလုံး မူတည်သွားမှာပါ” ဟု ၎င်းက ထပ်မံဆိုသည်။

ပြီးခဲ့သည့် ၂၀၀၄ ခုနှစ်ခန့်က မိုင်းဖုန်း ဆရာတော်ကို ကိုးကွယ်သည့် ဒကာ၊ ဒကာမ အချို့က မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ ဆရာတော်၏ တံဆိပ်များ သုံးစွဲခဲ့သဖြင့် မိုင်းဖုန်း ဒေသရှိ သီတင်းသုံးနေရာ ကျောင်းတိုက်တွင် အကျယ်ချုပ် ထားရှိရာမှ ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့ သီတင်းသုံးခဲ့ရာ ၂၀၁၃ ခုနှစ် နိုဝင်ဘာလက ပြည်တွင်းသို့ ပြန်လည် ကြွရောက်ခဲ့ခြင်း ဖြစ်ကြောင်း မိုင်းဖုန်း ဆရာတော်အကြောင်း စာအုပ် သုံးအုပ်ခန့် ရေးသားခဲ့သူ စာရေးဆရာ သီပေါကိုလတ်က ပြောကြားသည်။

အဆိုပါ ဆရာတော်၏ ဇာတိ မိုင်းဖုန်း ဒေသမှာ တာချီလိတ်မြို့မှ ၂၁ မိုင်ခန့် ကွာဝေးသည့် ရွှေတြိဂံ ဒေသတွင် တည်ရှိပြီး ဆရာတော်သည် ထိုင်းနိုင်ငံသားများ၏ ယုံကြည် ကိုးကွယ်ခြင်း ခံရကာ ဗုဒ္ဓဘာသာ ကိုးကွယ်သည့် နိုင်ငံများ၏ ဆရာတော်များက ဘွဲ့တံဆိပ်များ ဆက်ကပ်ခြင်း ခံရသော ဆရာတော် တစ်ပါး ဖြစ်သည်။

The Voice Weekly