ပန်းတောင်းမြို့နယ်မှ ချင်းတိုင်းရင်းသား တောင်သူလယ်သမား ၁၂ ဦး လွှတ်ပေးရေးအပါအ၀င်သိမ်းဆည်းလယ်ယာမြေများ အမြန်ဆုံးပြန်လည်ရရှိရေး ပြည်ခရိုင်မှ တောင်သူလယ်သမားများ ဆန္ဒပြ

ပို့စ်တင်ချိန် - 3/30/2014 12:54:00 PM

ပြည်ခရိုင်မှ တောင်သူလယ်သမားများ မတ်၂၉ ရက်က သိမ်းဆည်းလယ်မြေများ ပြန်လည်ရရှိရေးနှင့် ဖမ်းဆီးခံလယ်သမားများ လွှတ်ပေးရေးအတွက် ဆန္ဒပြနေကြစဉ် (ဓာတ်ပုံ - ဝေလင်း)

ပဲခူးတိုင်း(အနောက်ပိုင်း) ဒေသကြီး၊ ပြည်ခရိုင်၊ ခြောက်မြို့နယ်အတွင်းရှိ တောင်သူလယ်သမားများ စုပေါင်းဆန္ဒထုတ်ဖော်ပွဲတစ်ခုကို မတ် ၂၉ ရက် နံနက်က ပြုလုပ်ခဲ့ပြီး ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၈ ရက်က ပန်းတောင်းမြို့နယ် တရားရုံးတွင် ပြစ်ဒဏ်စီရင် ထောင်ချခံခဲ့ရသည့် ချင်းတိုင်းရင်းသား တောင်သူလယ်သမား ၁၂ ဦး လွတ်မြောက်ရေးအပါအ၀င် သိမ်းဆည်းခံ လယ်ယာမြေများ ပြန်လည်ရန်ရှိရေးနှင့် လယ်ယာမြေမှတ်ပုံတင်ခွင့် ရရှိရေးတို့ တောင်းဆိုခဲ့ကြကြောင်း သိရသည်။

အဆိုပါ ဆန္ဒထုတ်ဖော်ပွဲကို ပြည်မြို့ရွှေဆံတော်ဘုရား အနောက်ဘက်စောင်းတန်းမှ နံနက် (၉) နာရီတွင် စတင်ခဲ့ပြီး မိမိတို့၏ သက်ဆိုင်ရာမြို့နယ်အလိုက် အခက်အခဲပြဿနာများ တောင်းဆိုထားသည့် ဗီနိုင်းပိုစတာများ ကိုင်ဆောင်ကာ ကြွေးကြာ်သံများဖြင့် မြို့တွင်းသို့ လှည့်လည်ခဲ့သည်။

“ဒီနေ့ပြုလုပ်တဲ့ ဆန္ဒဖော်ထုတ်ပွဲကတော့ ပဲခူးတိုင်းအတွင်းမှာ အင်အားအများဆုံးနဲ့ ပထမဦးဆုံး အကြီးမားဆုံး တောင်သူလယ်သမား ဆန္ဒထုတ်ဖော်ပွဲလို့ ပြောလို့ရပါတယ်။ ခါတိုင်းပြုလုပ်တဲ့ ဆန္ဒထုတ်ဖော်မှုတွေက မြို့အလိုက်၊ မြို့နယ်အလိုက် လုပ်နေကြတာပါ။ အခုပွဲကတော့ ပြည်ခရိုင်အတွင်းမှာရှိတဲ့ လယ်ယာမြေသိမ်းဆည်းခံ တောင်သူလယ်သမားများ စုပေါင်းပြုလုပ်တာပါ။ ဒီလိုလုပ်ခြင်းအားဖြင့် အားတစ်ခုဖြစ်လိမ့်မယ် လယ်ယာမြေပြဿနာတွေကို သုံးလအတွင်း ဖြေရှင်းပေးဖို့ တောင်းဆိုသွားမယ်။ ဖြေရှင်းပေးခြင်းမရှိရင် နောက်တစ်ကြိမ်မှာ ခရိုင်လုံးဆိုင်ရာ အထွေထွေသပိတ်စခန်း ဖွင့်မယ်။ တစ်နိုင်ငံလုံးအတိုင်းအတာလည်း ဖြစ်သွားနိုင်တယ်”ဟု လူ့အခွင့်အရေးနှင့် တောင်သူလယ်သမားအရေး လှုပ်ရှားဆောင်ရွက်နေသည့် ဦးမင်းမင်းက ပြောကြားသည်။

ခရိုင်လုံးဆိုင်ရာ အထွေထွေ ဆန္ဒဖော်ထုတ်မှုကော်မတီမှ ခရိုင်တွင်း တောင်သူလယ်သမားအများစု ရင်ဆိုင်ကြုံတွေ့နေရသည့် ပြဿနာကိုအမြန်ဆုံးဖြေရှင်းပေးရေး အချက်ငါးချက်ပါ သဘောထား ထုတ်ပြန်ကြေညာချက်ကို ထုတ်ပြန်ခဲ့ပြီး လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ(ဌာနချုပ်) ဗဟိုစည်းရုံးရေးကော်မတီ၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်(ပြည်ခရိုင်)တို့ကလည်း ကြိုဆိုထောက်ခံကြောင်း သ၀ဏ်လွှာများ ပေးပို့ခဲ့ကြကြောင်း ငြိမ်းချမ်းရေးကွန်ရက်မှ ဦးအောင်လွင်စိုးက ပြောသည်။

ပန်းတောင်းမြို့နယ်၊ မန်ကျည်းပင်၊ ကြာအင်းကျေးရွာမှ ချင်းတိုင်းရင်းသားများ ဖြစ်သည့် ဦးစံပယ်အပါပ၀င် ၁၂ ဦးမှာ လယ်ယာမြေများ ပြန်လည်ရရှိရေးအတွက် ကြိုးပမ်းသည်ကို အကြောင်းပြု၍ တရားစွဲဆို ထောင်ဒဏ်ချမှတ်ခံခဲ့ရပြီး ဥသျှစ်ပင်မြို့မှ နိုင်ငံရေးအကျဉ်းသားဟောင်း တစ်ဦးမှာလည်း အဆိုပါအထွေထွေဆန္ဒဖော်ထုတ်ပွဲ နှိုးဆော်လွှာများ ဝေငှမှုကြောင့် ပုဒ်မ ၅၀၅(ခ)ဖြင့် တရားစွဲဆိုခံထားရသည်။

“အခုခရိုင်လုံးဆိုင်ရာ အထွေထွေဆန္ဒ ဖော်ထုတ်တာကို နိုင်ငံတော်အစိုးရအဖွဲ့အစည်းတွေ၊ သမ္မတ၊ လွှတ်တော်ကနေ အသိမှတ်မပြုဘူး အမြန်ဆုံးဖြေရှင်းပေးခြင်း မရှိသေးဘူးဆိုရင် ဒီထက်ပိုပြီး သပိတ်စခန်းဖွင့်မယ် ထောင်ဒဏ်ကျခံနေရတဲ့ ကျွန်မတို့ရွာက လူတွေကိုလည်း အမြန်ဆုံး ပြန်လွှတ်ပေးစေချင်တယ်”ဟု ကြာအင်းကျေးရွာမှ ဒေါ်ကြူ က ဆိုသည်။

ဆန္ဒဖော်ထုတ်ပွဲတွင် ပြည်၊ ပန်းတောင်း၊ ၀က်ထီးကန်၊ ဥသျှစ်ပင်၊ သဲကုန်း၊ ဆင်မြီးဆွဲ၊ ပေါက်ခေါင်းနှင့် အခြားလယ်ယာမြေ အသိမ်းဆည်းခံ တောင်သူလယ်သမား ၁၀၀၀ ကျော် ပူးပေါင်း ဆန္ဒဖော်ထုတ်ခဲ့ခြင်းဖြစ်ပြီး တပ်မတော်ကာကွယ်ရေးစက်ရုံ၊ အစိုးရအဖွဲ့စည်းများ၊ ပုဂ္ဂလိကကုမ္ပဏီများနှင့် အခြားအကြောင်းအမျိုးမျိုးဖြင့် ပြည်ခရိုင်တွင်း သိမ်းဆည်းထားသော လယ်ယာမြေဧက ၂၀,၀၀၀ ကျော်ခန့်ရှိမည်ဟု ခန့်မှန်းကြောင်း တောင်သူလယ်သမားအရေး လှုပ်ရှားဆောင်ရွက်နေသူများက ဆိုသည်။

Eleven Media Group