ယူကရိန်းအရေးဆွေးနွေးရန် အိုဘားမားကို ပူတင်ဖုန်းခေါ်

ပို့စ်တင်ချိန် - 3/30/2014 04:03:00 PM


မော်စကို၊ မတ် ၂၉

ယူကရိန်း ပဋိပက္ခကို သံတမန် နည်းလမ်း အသုံးပြုဖြေရှင်းရန် အမေရိကန်နိုင်ငံက တိုက်တွန်းထားခြင်းကို ဆွေးနွေးနိုင်ရန် ရုရှားသမ္မတ ဗလာဒီမာပူတင်က အမေရိကန်သမ္မတ ဘားရက်အိုဘားမားထံ တယ်လီဖုန်း ဆက်သွယ် ပြောကြားခဲ့ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

ယူကရိန်းပိုင် ကရိုင်းမီးယားဒေသကို ရုရှားနိုင်ငံက သိမ်းပိုက်ခဲ့သဖြင့် အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်းက အပြင်းအထန် ဆန့်ကျင်ခဲ့ပြီး အဆိုပါ ပဋိပက္ခကို မည်ကဲ့သို့ တည်ငြိမ်အောင် လုပ်ဆောင်နိုင်မည့် နည်းလမ်းများကို ရုရှားသမ္မတ ပူတင်က အကြံပြု တင်ပြခဲ့သည်။

နာရီနှင့်ချီ ကြာမြင့်သည့် တယ်လီဖုန်း ဆက်သွယ် ပြောကြားမှုတွင် ယူကရိန်း နယ်စပ်အနီး ရုရှားတပ်ဖွဲ့ဝင်များ တိုးမြှင့် တပ်စွဲထားခြင်းကို ရှောင်ရှားရန် အမေရိကန်သမ္မတ အိုဘားမားက ရုရှားသမ္မတ ပူတင်ကို တိုက်တွန်းလိုက်သည်။

ရုရှား-ယူကရိန်း နယ်ခြားဒေသတွင် ရုရှားတပ်ဖွဲ့ဝင် ၄၀,၀၀၀ အထိ ရောက်ရှိနေကြောင်း အမေရိကန် ရင်းမြစ်များ၏ ပြောကြားချက်ကို ကိုးကားပြီး Reuters သတင်းတွင် ဖော်ပြထားသည်။
“အမေရိကန် ပြည်ထောင်စုက တင်းမာမှု လျော့ကျသွားရေး ရည်ရွယ်ပြီး သံတမန်ရေးရာ နည်းလမ်းကို ဆက်လက် ထောက်ခံနေတဲ့အကြောင်း သမ္မတပူတင်ကို သမ္မတအိုဘားမားက သိသာအောင် လုပ်ဆောင်ခဲ့တယ်” ဟု အိမ်ဖြူတော် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သို့သော်လည်း ရုရှားတပ်ဖွဲ့ဝင်များ ပြန်လည် ရုပ်သိမ်းပြီး ယူကရိန်းနိုင်ငံတွင်း ကျူးကျော်မှုများ ထပ်မံမလုပ်ဆောင်မှသာ ယင်းကဲ့သို့သော အခြေအနေ ဆက်လက် တည်ရှိနေမည်ဟု အမေရိကန်သမ္မတ အိုဘားမားက ရှင်းရှင်းလင်းလင်း ပြောကြားခဲ့သည်။

ထို့အပြင် အနာဂတ်ခြေလှမ်းများအရေး ဆွေးနွေးနိုင် ရန် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံကြရန် ခေါင်းဆောင် နှစ်ဦးစလုံးက သဘောတူညီခဲ့သည်။

ကရိုင်းမီးယားဒေသတွင်းရှိ ရုရှားစကားပြော ဒေသခံများ အခွင့်အရေး ကာကွယ် စောင့်ရှောက်ရေးအတွက် အပြည်ပြည်ဆိုင်ရာ စောင့်ကြည့်သူများ စေလွှတ်ပေးရေး၊ ရုရှားတပ်ဖွဲ့ဝင်များ စစ်အခြေစိုက် စခန်းများသို့ ပြန်သွားရေးစသည့် အချက်များ ပါဝင်သော အဆိုပြုချက်ကို ယူကရိန်း၊ EU စသည့် နိုင်ငံများနှင့် ဆွေးနွေးပြီးနောက် အမေရိကန် ပြည်ထောင်စုက ရုရှားနိုင်ငံဘက်သို့ ကမ်းလှမ်းခဲ့သည်။

ရုရှားနိုင်ငံ၏ ထုတ်ပြန်ချက်တွင် ကီယတ်နှင့် အခြားသော ယူကရိန်းနိုင်ငံတွင်းရှိ ဒေသများတွင် ငြိမ်းချမ်းစွာ နေထိုင်ကြသူများ၊ အစိုးရ အာဏာပိုင်များ၊ တရားဥပဒေ စိုးမိုးရေးအဖွဲ့များကို အစွန်းရောက်များက ခြိမ်းခြောက်နေကြပြီး အရေးယူခံရခြင်း မရှိကြောင်း ဖော်ပြထားသည်။

ယင်းကဲ့သို့သော အခြေအနေများကို တည်ငြိမ်အောင် လုပ်ဆောင်နိုင်ရေး ဖြစ်နိုင်ခြေရှိသည့် နည်းလမ်းများကို ကမ္ဘာ့ အသိုင်းအဝိုင်းက ဆန်းစစ်ပေးရန် ရုရှားသမ္မတ ပူတင်က တိုက်တွန်းထားသည်။

The Voice Weekly