တစ်ကျပ်သား ကျပ် ၆၉၀၀၀၀ ကျော် ပေါက်ဈေးရှိခဲ့သည့် ပြည်တွင်းအခေါက်ရွှေ နိုင်ငံတကာဈေး ဆက်တိုက်ကျဆင်းမှုကြောင့် ကျပ်နှစ်သောင်းကျော် ပြုတ်ကျ

ပို့စ်တင်ချိန် - 3/30/2014 04:59:00 PM


ရွှေဆိုင်တစ်ဆိုင်ကို တွေ့ရစဉ်

တစ်ကျပ်သားလျှင် ကျပ် ၆၉၀၀၀၀ ကျော်အထိ ပေါက်ဈေးရှိခဲ့သည့် ပြည်တွင်း အခေါက်ရွှေဈေးမှာ နိုင်ငံတကာဈေး ဆက်တိုက်ကျဆင်းမှုကြောင့် ကျပ်နှစ်သောင်းကျော် ပြုတ်ကျခဲ့ကြောင်း ရွှေဈေးကွက် အတွင်းမှ သိရသည်။

မတ်လဆန်းက နိုင်ငံတကာရွှေဈေးမှာ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၃၀၀ ကျော်အထိ ရှိခြင်းကြောင့် ပြည်တွင်းရွှေဈေးမှာ တရိပ်ရိပ်ဈေးတက်မှုများ ဖြစ်ပေါ်ခဲ့ပြီး နောက်ပိုင်းတွင် နိုင်ငံတကာ ရွှေဈေးမှာ တစ်အောင်စလျှင် အမေရိကန် ဒေါ်လာ ၁၂၀၀ အောက်သို့ ကျဆင်းခဲ့ခြင်းကြောင့် ပြည်တွင်းအခေါက်ရွှေဈေးမှာ တစ်ကျပ်သားလျှင် ကျပ် ၆၇၀၀၀၀ ကျော် ၀န်းကျင်သို့ ကျဆင်းခဲ့ခြင်းဖြစ်သည်။

"ပြည်တွင်းရွှေဈေး အတက်အကျက နိုင်ငံတကာဈေး အတက်အကျနဲ့ဆိုင်တယ်။ အခုရက်ပိုင်းတွေမှာ နိုင်ငံတကာဈေးက ဆက်တိုက်ကျနေတာဆိုတော့ ပြည်တွင်းဈေးမှာ လိုက်ကျတယ်။ ပြည်တွင်းဈေးက အကျဖြစ်နေတာတောင် ထပ်ကျသွားတဲ့ သဘောပါ။ အရောင်းအ၀ယ် အခြေအနေကတော့ အရင်ကလိုဝယ်ပြီး မြှုပ်နှံတာမျိုး မလုပ်ကြတော့ဘူး။ ဈေးနှုန်းအတက်အကျ အနေအထားကိုပဲ ကြည့်ပြီးဝယ်ကြတယ်" ဟု မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်း၊ အတွင်းရေးမှူး ဦးကျော်ဝင်းက ပြောပြခဲ့သည်။

မတ် ၂၈ ရက်တွင် ပြည်တွင်း အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၆၇၀၀၀၀ ကျော်၊ ၁၅ ပဲရည် တစ်ကျပ်သားလျှင် ကျပ် ၆၂၅၀၀၀ ကျော်ဖြင့် အရောင်းအ၀ယ် ပြုလုပ်လျက်ရှိသည်။

Eleven Media Group