ခေတ်အဆက်ဆက် သန်းခေါင်စာရင်း

ပို့စ်တင်ချိန် - 3/30/2014 12:28:00 PM




(ဆောင်းပါးရှင် - တင်နိုင်တိုး)

သန်းခေါင်စာရင်းကို ရှေးမြန်မာဘုရင်များလက်ထက်က စစ်တမ်းအသွင်ဖြင့် စတင်ခဲ့သည်။ သို့သော်စစ်တမ်းတွင် လူဦးရေစာရင်းထက် မြို့ရွာအုပ်ချုပ်သူများ၏ မျိုးရိုးစဉ်ဆက်နှင့် အခွန်တော်အမျိုးမျိုးကိုသာ ဦးစားပေးဖော်ပြလေ့ ရှိခဲ့သည်။ စနစ်တကျ လူဦးရေစာရင်းကောက်ခံမှုကို ဗြိတိသျှအစိုးရလက်ထက် အောက်မြန်မာပြည်တွင် ၁၅ သြဂုတ် ၁၈၇၂ ည သန်းခေါင်အချိန်၌ စတင်ကောက်ယူခဲ့သည်။

၁၀ နှစ်တစ်ကြိမ်စာရင်း

မြန်မာနိုင်ငံ အင်္ဂလိပ်လက်အောက် ကျရောက်ခဲ့ပြီးနောက် ၁၈၇၂ ခုနှစ်တွင် သန်းခေါင်စာရင်း စတင်ကောက်ခံခဲ့ရာမှ ယင်းနောက်ပိုင်းတွင် ၁၈၈၁ ခုနှစ်မှ စ၍ ယေဘုယျအားဖြင့် ၁၀ နှစ်တစ်ကြိမ် သန်းခေါင်စာရင်း ဆက်လက်ကောက်ခံခဲ့သည်။ ၁၇ ဖေဖော်ဝါရီ ၁၈၈၁ က အောက်မြန်မာပြည်၏ လူဦးရေမှာ နှစ်သန်းကျော် သုံးသန်းခန့်သာ ရှိခဲ့သည်ဆိုပါသည်။ ၁၈၈၆ ခုနှစ်တွင် မြန်မာတစ်ပြည်လုံး ဗြိတိသျှလက်အောက်သို့ ကျရောက်ခဲ့ရပြီးနောက် ၁၉၉၁ ခုနှစ်မှစ၍ အောက်မြန်မာပြည်အတွက်သာမက အထက်မြန်မာပြည်အတွက်ပါ ကောက်ခံခဲ့ကြသည်။

ကိုလိုနီခေတ်သန်းခေါင်စာရင်း

၂၆ ဖေဖော်ဝါရီ ၁၈၉၁ တွင် သန်းခေါင်စာရင်းကောက်ခံခဲ့ရာ၌ အောက်မြန်မာပြည် လူဦးရေ ၄၄၀၈၄၆၆ ဦး၊ အထက်မြန်မာပြည် လူဦးရေ ၃၃၁ ၃၅၈၇ ဦး၊ စုစုပေါင်း ၇၇၂၂၀၅၃ ဦး ရှိခဲ့သည်။ သို့သော် ယင်းစာရင်းတွင် ကရင် နှင့် ကရင်နီ (ယခုကယား)ပြည်နယ်ဒေသများ ပါဝင်ခဲ့ခြင်းမရှိပေ။ ဗြိတိသျှတို့၏ သွေးခွဲစနစ်အရ သီးခြား ချန်လှပ်ထားခဲ့သည်။

၁ မတ် ၁၉၀၁ တွင် အောက်မြန်မာပြည်၌ လူဦးရေ ၅၄၀၅၉၆၇ ဦး၊ အထက်မြန်မာပြည်၌ ၅၀၈၄၆၅၇ ဦး၊ စုစုပေါင်း ၁၀၄၉၀၆၂၄ ဦး ရှိပါသည်။ ၁၀ မတ် ၁၉၁၁ တွင် အောက်မြန်မာပြည်၌ လူဦးရေ ၆၂၁၄၁၂ ဦး၊ အထက် မြန်မာပြည်၌ လူဦးရေမှာ ၅၉၀၂၈၀၅ ဦး၊ စုစု ပေါင်း ၁၂၁၁၅၂၁၇ ဦး ရှိခဲ့သည်။ ၁၈ မတ် ၁၉၂၁ တွင် အောက်မြန်မာပြည်၌ လူဦးရေ ၆၈၆၂၁၀၆ ဦးနေထိုင်ပြီး အထက်မြန်မာပြည်၌ လူဦးရေ ၆၃၅၀၀၈၆ ဦး၊ စုစုပေါင်း ၁၃၂၁၂၁၉၂ ဦး ရှိပါသည်။

၁၉၃၁ ခုနှစ် သန်းခေါင်စာရင်း

၁၄ ဖေဖော်ဝါရီ ၁၉၃၁ တွင် အောက်မြန်မာပြည်၌ လူဦးရေ ၇၇၆၅၈၇၃ ဦး၊ အထက်မြန်မာပြည်၌ ၆၈၈၁၈၈၃ ဦး၊ စုစုပေါင်း ၁၄၆၄၇၇၅၆ ဦး ရှိပါသည်။ ၁၉၃၁ ခုနှစ်တွင် ရန်ကုန်မြို့၏ လူဦးရေမှာ ၄၀၀၄၁၅ ဦး ရှိကြောင်း သိရှိရပါသည်။ ၁၉၃၁ ခုနှစ် သန်းခေါင်စာရင်း ကောက်ယူစဉ်က တိုင်းရင်းသားများအဖြစ် ကချင်၊ ကရင်၊ ကယား၊ ၀၊ လီဆူး၊ နာဂ၊ ပဒေါင်၊ ဆလုံ၊ ချင်း၊ တောင်သူ၊ ပအို့ဝ်၊ ပလောင်၊ မွန်၊ မြန်မာ၊ ရခိုင်၊ ရှမ်းစသော လူမျိုးစု ၁၆ မျိုးနှင့် အစုငယ်ပေါင်း ၁၃၈ မျိုးရှိကြောင်း ဆိုပါသည်။

၁၉၄၁ ခုနှစ် သန်းခေါင်စာရင်း

၁၉၄၁ ခုနှစ်တွင် အောက်မြန်မာပြည် လူဦးရေ ၈၉၁၇၅၃၃ ဦး၊ အထက်မြန်မာပြည်လူဦးရေ ၇၉၀၆၂၆၅ ဦး၊ စုစုပေါင်း ၁၆၈၂၃၇၉၈ ဦး ရှိပါသည်။ ထိုစဉ်က မြန်မာ့ပြည်၏ အကျယ်အ၀န်း ဧရိယာ ၂၃၃၄၉၂ စတုရန်းမိုင်တွင် စာရင်းကောက်ယူခဲ့ခြင်း ဖြစ်ကြောင်း သိရှိရ၏။ သို့သော် ၁၉၄၁ ခုနှစ် သန်းခေါင်စာရင်းများမှာ ဒုတိယကမ္ဘာစစ်ကြီး ဖြစ်ပွားလာမှုကြောင့် ဗြိတိသျှတို့ မြန်မာမြေပေါ်မှ ထွက်ခွာသွားခဲ့ရသဖြင့် မှတ်တမ်းများ ပျောက်ပျက်ခဲ့ရသည်။ ၁၉၄၁ ခုနှစ်က ရန်ကုန်မြို့၏ လူဦးရေမှာမူ ၅၀၀၈၀၀ ဦးရှိကြောင်း ဆိုပါသည်။

သန်းခေါင်စာရင်း၏ ရည်ရွယ်ချက်

သန်းခေါင်စာရင်းကောက်ယူရခြင်းနှင့် ပတ်သက်၍ ဗြိတိသျှတို့၏ ရည်ရွယ်ချက်မှာ အခွန်တော်ရရှိရေး၊ စစ်မှုထမ်းနိုင်သည့် လူဦးရေကို သိရှိနိုင်ရေးနှင့် မြန်မာ့အဆီအနှစ်များအား တတ်နိုင်သမျှ ထုတ်ယူကြရေးအတွက်သာ ဖြစ်ပါသည်။ သို့သော် လွတ်လပ်ရေးရရှိပြီးနောက်ပိုင်းမှစ၍ သန်းခေါင်စာရင်း ကောက်ယူရာတွင် စိစစ်ရရှိသည့် အချက်အလက်များအရ တိုင်းပြည်၏ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးလိုအပ်ချက်များကို စီမံကိန်းများဖြင့် စနစ်တကျ ဖြည့်ဆည်းပေးနိုင်ရန် ကောက်ခံခဲ့ကြခြင်း ဖြစ်သည်။

ပါလီမန်ခေတ်ကာလ

မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိခဲ့ပြီးနောက် ပြည်တွင်းသောင်းကျန်းသူများကြောင့် မူလသတ်မှတ်ထားသော ၁၉၅၁ ခုနှစ်တွင် သန်းခေါင်စာရင်း ကောက်ယူနိုင်ခဲ့ခြင်း မရှိပေ။ သန်းခေါင်စာရင်းမင်းကြီး ဦးကျော်ခိုင် ဦးဆောင်သောအဖွဲ့က စနစ်တကျ သန်းခေါင်စာရင်းကောက်ခံနိုင်ရန်အတွက် ပုံစံများ ကြိုတင်ပြင်ဆင်ခဲ့ကြသည်။ ယင်းပုံစံတွင် လူဦးရေစာရင်းကိုသာမက ဘာသာစကား၊ စစ်မဖြစ်မီနေရပ်၊ စစ်ပြီးနေရပ်၊ ၀င်ငွေ၊ အလုပ်အကိုင် စသည့် အချက်အလက်များကိုပါ ထည့်သွင်းထားခဲ့သည်။ သို့သော် ၂ ဖေဖော်ဝါရီ ၁၉၅၃ တွင်မှ မြန်မာပြည်တစ်ဝန်း သန်းခေါင်စာရင်းကောက်ယူဖြစ်ခဲ့ကြသည်။ ထိုစဉ်က ရန်ကုန်မြို့တွင် လူဦးရေ ၇၃၇၀၇၉ ဦး နေထိုင်ကြောင်း သိရှိရပါသည်။

ဒေသအချို့၌ စာရင်းကောက်ယူခြင်း

၁၉၅၃ ခုနှစ်တွင် မြို့ပေါင်း ၂၅၂ မြို့မှ မြို့နေလူဦးရေ စာရင်းကို ကောက်ယူခဲ့သည်။ ၁၉၅၄ ခုနှစ်တွင် ကျေးရွာအုပ်စု ၂၀၀၀ ကျော်ရှိ လူဦးရေစာရင်းအား ကောက်ယူခဲ့၏။ သို့သော် ၁၉၅၃-၁၉၅၄ ခုနှစ်များတွင် ကောက်ယူခဲ့ကြသည့် စာရင်းများမှာ တစ်ပြည်လုံးခန့်မှန်းခြေလူဦးရေ၏ ၁၅ ရာခိုင်နှုန်းခန့်သာ ဖြစ်သည်။ ကျန်နယ်မြေများကို ၁၉၅၅ ခုနှစ်တွင် ဆက်လက်ကောက်ယူရန် ရည်ရွယ်ခဲ့သော်လည်း နိုင်ငံရေးအခြေအနေ မတည်ငြိမ်မှုများကြောင့် မကောက်ယူနိုင်ခဲ့ပေ။ ၁၉၅၇ ခုနှစ်တွင် နမူနာအဖြစ် လူဦးရေ သန်းခေါင်စာရင်း ကောက်ယူခဲ့ကြသေး၏။ ထို့နောက် ၁၉၆၁ ခုနှစ်တွင် စာရင်းကောက်ယူရန် ပြင်ဆင်မှုများ လုပ်ဆောင်ခဲ့ကြသော်လည်း နိုင်ငံရေးမတည်မငြိမ်မှုကြောင့် လက်လျှော့ခဲ့ရသည်။

တော်လှန်ရေးကောင်စီလက်ထက်

၁၉၆၂ ခုနှစ်တွင် တော်လှန်ရေးကောင်စီ တက်လာခဲ့ပြီးနောက် ၁၉၆၄ ခုနှစ်တွင် ဗဟိုစာရင်းအင်းနှင့် စီးပွားရေးဌာန၊ အမျိုးသားမှတ်ပုံတင်ရေးနှင့် သန်းခေါင်စာရင်းဌာနတို့ ပူးပေါင်းလျက် နလက နှင့်ကျောင်းဆရာ ဆရာမများ၊ ကျောင်းသားများ အကူအညီဖြင့် (လူဦးရေ) စီးပွားရေးစစ်တမ်း ကောက်ယူမှုပြုခဲ့သည်။

လမ်းစဉ်ပါတီခေတ်

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ အစိုးရလက်ထက် ၁၉၇၃ ခုနှစ်တွင် သန်းခေါင်စာရင်းကောက်ခံခဲ့သည်။ တော်လှန်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးနေ၀င်းက ၂၈ ဧပြီ ၁၉၇၂ တွင် သန်းခေါင်စာရင်းဥပဒေကို ပြဋ္ဌာန်းကာ ၁ ဧပြီ ၁၉၇၃ မှ ဧပြီ ၅ ရက်အထိ သန်းခေါင်စာရင်း ကောက်ယူခဲ့ခြင်းဖြစ်သည်။၁၈ ဇန်န၀ါရီ ၁၉၇၃ တွင် ရန်ကုန်တိုင်း ဗဟိုသန်းခေါင်စာရင်းဦးစီးဌာနက မေးခွန်း ၂၅ ခုပါ သန်းခေါင်စာရင်း ပုံစံသစ်များကို အပိုင်းလေးပိုင်းခွဲခြား၍ ထုတ်ပြန်ပေးခဲ့သည်။ သန်းခေါင်စာရင်းတွင် တိုင်းရင်းသားမျိုးနွယ်စုအလိုက် သတ်မှတ်ကောက်ယူခဲ့သည် ဆိုပါသည်။

တိုင်းရင်းသားမျိုးနွယ်စု ၁၃၅ မျိုး

ယခင်က သန်းခေါင်စာရင်း ကောက်ယူရာတွင် တိုင်းရင်းသားမျိုးနွယ်စု ၁၃၅ မျိုး အပေါ် အခြေပြု ကောက်ယူခဲ့ကြကြောင်း ဆိုပါသည်။ ယင်းမျိုးနွယ်စု ၁၃၅ မျိုးတွင် ကချင် ၁၂၊ ကယား ၉၊ ကရင် ၁၁၊ ချင်း ၅၃၊ ဗမာ ၉၊ မွန် ၁၊ ရခိုင် ၇၊ ရှမ်း ၃၃ မျိုး ပါဝင်ပါသည်။

သန်းခေါင်စာရင်းအမျိုးအစား

သန်းခေါင်စာရင်းတွင် အပြည့်ကောက် လူဦးရေသန်းခေါင်စာရင်း၊ နမူနာ လူဦးရေသန်းခေါင်စာရင်း၊ နမူနာအိမ်အကြောင်းအရာ သန်းခေါင်စာရင်း၊စက်မှုလက်မှု သန်းခေါင်စာရင်း၊ အိမ်တွင်းစက်မှုလက်မှု သန်းခေါင်စာရင်း၊ အိမ်တွင်းစားသုံးကုန်ထုတ်လုပ်ခြင်း သန်းခေါင်စာရင်း၊ စိုက်ပျိုးရေးသန်းခေါင် စာရင်း စသည်ဖြင့် အမျိုးအစားစုံလင်စွာရှိရာ ၁၉၇၃ ခုနှစ်သန်း ခေါင်စာရင်းမှာ အပြည့်ကောက်လူဦးရေ သန်းခေါင်စာရင်းအမျိုးအစားဖြစ်ပါသည်။ လွတ်လပ်ရေးရရှိပြီး နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အပြည့်ကောက်လူဦးရေ သန်းခေါင်စာရင်းကောက်ယူခဲ့ခြင်း ဖြစ်ပါသည်။

စမ်းသပ်သန်းခေါင်စာရင်း

၂၇ ဇန်န၀ါရီ ၁၉၇၃ တွင် ရန်ကုန်တိုင်း တာမွေမြို့နယ် စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူရေးကို နံနက် ၄ နာရီမှ စတင်ခဲ့သည်။ ယင်းသို့ စမ်းသပ်ကောက်ယူပုံကို ဗဟိုသန်းခေါင်စာရင်းကော်မတီ အတွင်းရေးမှူးနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဗိုလ်မှူးကြီးသန်းညွန့်၊ ကော်မတီဝင်များနှင့် လေ့လာရေးအဖွဲ့ဝင်များက လှည့်လည်လေ့လာ ကြည့်ရှုခဲ့ကြသည်။ဇန်န၀ါရီ ၂၈ ရက် ဒုတိယနေ့ စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူရာသို့ ကမ္ဘာ့ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ် ဒေသဆိုင်ရာအကြံပေးအရာရှိ မစ္စတာဗီယာနိုကာနစ္စတို လာရောက်လေ့လာခဲ့သည်။ ဇန်န၀ါရီ ၂၉ ရက်တွင်မူ ဗဟိုသန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီး ဦးကိုကို၊ အတွင်းရေးမှူး ဗိုလ်မှူးကြီး သန်းညွန့်နှင့်အဖွဲ့ဝင်များ လှည့်လည်ကြည့်ရှုကာ လိုအပ်သော အကူအညီများ ပေးအပ်ခဲ့သည်။

၁၉၇၃ခုနှစ်တွင် သန်းခေါင်စာရင်းကောက်ယူခဲ့ခြင်းမှာ ၁၉၇၄ ခုနှစ်တွင် ပြည်သူသို့ အာဏာပြန်အပ်ရေးအတွက် အဆင့်ဆင့်သော ပြည်သူ့ကောင်စီ အဆင့်ဆင့်သော ရွေးကောက်ပွဲများ၌ မဲဆန္ဒရှင်စာရင်းပြုစုရေးနှင့် ပြည်သူတို့၏ လူမှုရေး၊ စီးပွားရေး စီမံကိန်းအရပ်ရပ်ကို ချမှတ်အကောင်အထည်ဖော်ရန်ဖြစ်ကြောင်း သမိုင်းမှတ်တမ်း တင်ခဲ့ကြပါသည်။

၁၉၈၃ ခုနှစ်တွင် လူဦးရေသန်းခေါင်စာရင်း ကောက်ယူခဲ့သော်လည်း ၁၉၇၃ ခုနှစ်ကဲ့သို့ ကျယ်ကျယ်ပြန့်ပြန့် ကောက်ယူနိုင်ခဲ့ခြင်း မရှိပေ။ ၁၉၈၃ ခုနှစ်တွင် ရှေ့ပြေးလူဦးရေ စာရင်းအဖြစ် မြန်မာတစ်နိုင်ငံလုံး၌ လူဦးရေ ၃၅ ဒသမ ၃ သန်းကျော် ရှိကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

(၁၉၇၃ ခုနှစ် သန်းခေါင်စာရင်းနှစ် အထိမ်းအမှတ်အဖြစ် ထုတ်ဝေခဲ့သည့် တံဆိပ်ခေါင်း)

Eleven Media Group