ခါးသျှိကျေးရွာတွင် မူးယစ်ဆေးဝါးမျိုးစုံ အလွယ်တကူရရှိနေ

ပို့စ်တင်ချိန် - 3/30/2014 12:18:00 AM


ရှမ်းပြည်နယ်မြောက်ပိုင်း လားရိုးမှတန့်ယန်းမြို့သို့သွားသည့် ကားလမ်းနဘေးတွင်ရှိသော ခါးသျှိကျေးရွာတွင် မူးယစ်ဆေးဝါးများပေါများစွာ ရရှိနေသောကြောင့် ကျေးရွာအတွင်းရှိ လူငယ်များ မူးယစ်ဆေးဝါး သုံးစွဲနေသူ များပြားလျှက်ရှိကြောင်း သတင်းရရှိသည်။

“ကျွန်တော့်မှာသားသမီး(၃)ယောက်ရှိပြီး သားယောင်္ကျားလေးက တစ်ယောက်တည်းပါပါတယ်။ သားယောင်္ကျားလေးက ဆေးစွဲနေတာမို့ အဝေးမှာရှိတဲ့ ဆွေမျိုးသားချင်းတွေရှိရာကို ဆေးဖြတ်ဖို့အတွက် ပို့ထားရပါတယ်။ အခုအချိန်မှာ မူးယစ်ဆေးပြတ်သွားပေမဲ့ ရွာကိုပြန်မခေါ်ရဲသေးဘူး။ ရွာမှာကမူးယစ်ဆေးဝါးမျိုးစုံ အလွယ်တကူဝယ်ယူသုံးစွဲလို့ ရနေတာကြောင့် ရွာပြန်မခေါ်ရဲတာပါ”ဟု ဒေသခံရွာသားတစ်ဦးက ပြောသည်။

အဆိုပါခါးသျှိကျေးရွာသည် လားရိုးမြို့နှင့်ဆယ်မိုင်ခန့်ဝေးသော တန့်ယန်းသွား ကားလမ်းအနီးတွင် တည်ရှိသည့်လီဆူးတိုင်းရင်းသားများနှင့် တရုတ်အမျိုးသားများ အများဆုံးနေထိုင်သည့် အိမ်ခြေ(၅၀၀)ခန့်ရှိသော ရွာကြီးတရွာဖြစ်သည်။

“ကျွန်တော်တို့တရွာလုံးမှာရှိတဲ့ လူငယ်သုံးပုံနှစ်ပုံက မူးယစ်ဆေးဝါး စွဲနေကြပြီးသက်ဆိုင်ရာကလည်း တခါတရံလာရောက် ဖမ်းဆီးပေမဲ့ မူးယစ်ဆေးဝါး  ရောင်းနေတဲ့လူတွေကို အမြစ်ပြတ်ချေမှုန်းနိုင်ပါမှ ဒီမူးယစ်ဆေးဝါးအန္တရာယ်က လွတ်ကင်းနိုင်မှာပါ”ဟု ရွာ၏ရပ်မိရပ်ဖ တစ်ဦးကပြောသည်။

ခါးသျှိကျေးရွာအပါဝင် ပတ်ဝန်းကျင်ရှိ တိုင်းရင်းသားကျေးရွာအများစုတွင် မူးယစ်ဆေးသုံးစွဲသူများ လွန်စွာမျာပြားနေခြင်းကြောင့် အရွယ်ရောက် သားသမီးရှိသူမိဘများအားလုံး စိတ်သောက ရောက်နေရကြောင်း သိရသည်။

တင်ဦး(စောထ)
The Myanma Age