သန်းခေါင်စာရင်းလုပ်ငန်းစဉ်ကို ဆိုင်းငံ့ထားသင့်ကြောင်း HRW တိုက်တွန်း

ပို့စ်တင်ချိန် - 3/30/2014 06:13:00 AM


မဇ္ဈိမသတင်းဌာန

မြန်မာနိုင်ငံတွင် လူသားချင်းစာနာမှု အကူအညီပေးရေး ဝန်ထမ်းများအပေါ် တိုက်ခိုက်ခြင်းများနှင့် အုပ်စုလိုက်ပဋိပက္ခများ မဖြစ်ပွားအောင် ကာကွယ်သည့်အနေဖြင့် မြန်မာအစိုးရသည် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူမည့် လုပ်ငန်းစဉ်ကို ဆိုင်းငံ့ထားသင့်သည်ဟု လူ့အခွင့်အရေး စောင့်ကြည့်မှု (HRW) က မတ်လ ၂၉ရက်တွင် တိုက်တွန်းလိုက်သည်။

မူစလင်အသိုင်းအဝိုင်းများနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ လူသားချင်းစာနာမှု အကူအညီပေးရေး ဝန်ထမ်းများအတွက် အန္တရာယ် ရှိနေကြောင်းလည်း HRWက ဆိုခဲ့သည်။

ရခိုင်ပြည်နယ်တွင် နိုင်ငံတကာ အကူအညီပေးရေးအန်ဂျီအိုအဖွဲ့ Malteser Internationalမှ ဝန်ထမ်းအမျိုးသမီးက သာသနာ့အလံကို ဘောင်းဘီအိတ်ထဲထည့်သည်ဟုဆိုကာ မတ်လ ၂၆ ရက်နှင့် ၂၇ရက်တို့တွင် အန်ဂျီအို ရုံးခန်းများ နှင့် နေအိမ်များ အပါအဝင် ပိုင်ဆိုင်မှု ပစ္စည်းဥစ္စာ ၁၄ ခု ပျက်စီးသွားခဲ့ကို HRWက ထည့်သွင်းရေးသားထားသည်။

မတ်လ ၂၈ ရက်နေ့တွင် ရခိုင်ပြည်နယ်၏ မြို့တော် စစ်တွေမြို့မှ နိုင်ငံတကာ ဝန်ထမ်း ၃၂ ဦး နှင့် မြန်မာဝန်ထမ်း ၃၉ ဦးတို့ကို အဖွဲ့အစည်းများက၊ ဘေးကင်းရာသို့ ပြောင်းရွှေ့ပေးခဲ့သည်ဟုလည်း HRW က ဖော်ပြထားသည်။

“ဒီလို မတည်မငြိမ် အခြေအနေတစ်ရပ်မှာ သန်းခေါင်စာရင်း လုပ်ငန်းစဉ်ကို ဆက်ပြီး လုပ်မယ်ဆိုရင် အန္တရာယ်တွေ ရှိနိုင်တာကို ရခိုင်ပြည်နယ်မှာ ပေါ်ပေါက်ခဲ့တဲ့ လူစုလူဝေးနဲ့ တိုက်ခိုက်မှုက ဖော်ပြနေပါတယ်။ လုံခြုံရေး အပြည့်အဝ တာဝန်ယူနိုင်ပြီးတော့၊ ပါဝင်ပတ်သက်သူတွေ အားလုံးအတွက် မျှတမယ့် လုပ်ငန်းစဉ်တစ်ရပ် ဖြစ်လာနိုင်မယ့် အချိန်အခါမျိုးအထိ အစိုးရအနေနဲ့ သန်းခေါင်စာရင်းလုပ်ငန်းစဉ်ကို ဆိုင်းငံ့ထားသင့်ပါတယ်” ဟု HRW ၏ အာရှဒေသဆိုင်ရာ ညွှန်ကြားရေးမှူး ဘရက်အက်ဒမ် (Brad Adams) က ဆိုသည်။

မြန်မာနိုင်ငံတွင် မတ်လ ၂၉ ရက်နေ့မှ စတင်၍ ဧပြီလ ၁ဝ ရက်နေ့ အထိ သန်းခေါင်စာရင်း ကောက်ခံသွားမည်ဖြစ်သည်။ သို့သော် မတ်လ ၂၉ရက် အထိ ရခိုင်ပြည်နယ်တွင် သန်းခေါင်စာရင်း ကောက်ယူမှုကို သပိတ်မှောက်မှုများ ရှိနေသည်။

ထို့အပြင် သန်းခေါင်စာရင်းကောက်ယူရာတွင် ရိုဟင်ဂျာဟူသည့် အမည်ကို မကောက်ရန် တရားဝင်စာထုတ်ပြန်ပေးရန် ရခိုင်အဖွဲ့အစည်းများက လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီကို တောင်းဆိုရာ ဦးခင်ရီက လက်ခံသော်လည်း စာထုတ်ပြန်ပေးခြင်း မရှိသဖြင့် သန်းခေါင်စာရင်းကောက်ယူမှုကို ဆက်လက် သပိတ်မှောက်သွားမည်ဟု ရခိုင်ပြည်နယ် သန်းခေါင်စာရင်းသပိတ်မှောက် ကော်မတီမှ ဦးဆောင်သူက မဇ္ဈိမကိုပြောသည်။

Mizzima Burmese