ဗုဒ္ဓဘာသာဝင်နှင့် အစ္စလာမ် ဘာသာဝင်များကြား နားလည်မှု တည်ဆောက်မည်ဟု ဦးဝီရသူနှင့် ကိုမြအေး ပူးတွဲကြေညာ

ပို့စ်တင်ချိန် - 3/30/2014 12:01:00 PM




ရန်ကုန်၊ မတ် ၂၉

ပဋိပက္ခများ မကြာခဏ ဖြစ်ပွားလေ့ ရှိသည့် မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာဝင် များနှင့် အစ္စလာမ် ဘာသာဝင် အသိုင်းအဝိုင်း နှစ်ခုကြား အထင်အမြင် လွဲမှားမှုများကို နိုင်ငံ့အပေါ် သစ္စာစောင့်သိ ရိုသေမှုနှင့်အတူ နားလည်မှု ရရှိအောင် တည်ဆောက်သွားမည် ဖြစ်ကြောင်း မန္တလေး မစိုးရိမ်တိုက်သစ် ဆရာတော် ဦးဝီရသူနှင့် ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုမြအေးတို့ ပူးတွဲ ကြေညာချက် တစ်စောင်ကို မတ်လ ၂၉ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

ရန်ကုန်မြို့တော်ရှိ Micasa Hotel တွင် မတ်လ ၂၉ ရက်နေ့က ပြုလုပ်သည့် ဆရာတော် ဦးဝီရသူနှင့် ကိုမြအေး တွေ့ဆုံဆွေးနွေးပြီး ယင်းကြေညာချက်ကို ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

ကြေညာချက်တွင် အဆိုပါအချက် အပါအဝင် နိုင်ငံတော်အလံကို ရိုသေသူ၊ တရားဥပဒေကို လေးစားသူ၊ နိုင်ငံ့အပေါ် သစ္စာစောင့်သိသူ၊ ပြည်သူ့ကျေးဇူး သိတတ်သူ မည်သူ့ကိုမဆို လူမျိုးဘာသာ မခွဲခြားဘဲ ထိန်းသိမ်းစောင့်ရှောက်သွားရန်၊ မြန်မာ့ထုံးတမ်း အစဉ်အလာများနှင့် ကိုက်ညီသော နိုင်ငံသား အစ္စလာမ် ဘာသာဝင် မွတ်ဆလင် အသိုင်းအဝိုင်းများ ပေါ်ပေါက်လာရေး ဝိုင်းဝန်းကြိုးပမ်းသွားရန် စုစုပေါင်း အချက်သုံးချက် ပါဝင်သည်။

“အထင်လွဲမှားမှုတွေ၊ အဓိကရုဏ်းတွေ မဖြစ်ပေါ်ဘဲ နှစ်ဖက်ကြားမှာ နွေးထွေးမှုတွေ ဖြစ်လာနိုင်တယ်” ဟု ဆရာတော် ဦးဝီရသူက မိန့်ကြားသည်။

မြန်မာနိုင်ငံတွင် အစ္စလာမ် ဘာသာဝင် အချို့သည် နိုင်ငံတော်အလံကို အလေးမပြုကြောင်း၊ နိုင်ငံတော်အလံကို အလေးမပြုသူများထဲတွင် ကျောင်းသူ ကျောင်းသားများ အပြင် နိုင်ငံရေးပါတီမှ ပုဂ္ဂိုလ်များလည်း ပါဝင်နေကြောင်း ဆရာတော်က ထပ်မံမိန့်ကြားသည်။

ဆရာတော်နှင့် ၎င်းတို့ နှစ်ဦးလုံးတွင် တိုင်းပြည်၌ ဖြစ်ပွားနေသည့် ပဋိပက္ခကို ချုပ်ငြိမ်းလိုသည့် ဆန္ဒနှင့် ငြိမ်းချမ်းလိုသည့်ဆန္ဒ အပြည့်အဝရှိပြီး ဗုဒ္ဓဘာသာဝင်များနှင့် အစ္စလာမ် ဘာသာဝင်များကြား အထင်အမြင် လွဲမှားမှုများ ပပျောက်သွားရန် တဖြည်းဖြည်းချင်း နားလည်မှု ရရှိအောင် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း ကိုမြအေးက ပြောကြားသည်။


The Voice Weekly