ဘုန်းကြီးကျောင်းများနှင့် သစ်ခွဲစက်များမှ တရားမ၀င်သစ် ၁၉ တန်ခန့် ဖမ်းမိ

ပို့စ်တင်ချိန် - 3/30/2014 07:36:00 PM


မျိုးသန့်
မန္တလေး(မဇ္ဈိမ)။ ။
မန္တလေးတိုင်းဒေသကြီးအတွင်း တရားမ၀င်သစ်များ သယ်ယူပို့ဆောင်ရောင်းချခြင်းမရှိစေရန် မတ်လ ၃၀ရက်က စစ်ဆေးရာ ဘုန်းကြီးကျောင်းဝင်းများနှင့် သစ်ခွဲစက်များမှ တရားမ၀င် သစ်တန်ချိန် ၁၉ တန်ခန့်ဖမ်းဆီး ရမိခဲ့ကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးက ထုတ်ပြန်ထားသည်။
တရားမ၀င်သစ်များ သိုလှောင်ထားရှိသည်ဟု သတင်းပေးချက်အရ ဘုန်းကြီးကျောင်း ရှစ် ကျောင်းနှင့် သစ်ခွဲစက်တစ်ခုကို ၀င်ရောက်စစ်ဆေးခဲ့သည်။ ချမ်းမြသာစည်မြို့နယ် ချမ်းမြသာစည်တောင်ရပ် ကွက်ရှိ သာသနာ့ရံသီအတုလကာရီဘုန်းကြီးကျောင်း၌ ၉ ဒသမ ၉၀၄၂ တန်နှင့် ချမ်းမြသာစည် ထွန်တုံး ရပ်ကွက် ဇော်ဂျီမောင် သစ်စက်တွင် ၉ ဒသမ ၄၈၆၂ တန် စုစုပေါင်း ၁၉ တန်ခန့် ဖမ်းဆီးရရှိခဲ့သည်။
၅၁-၅၂လမ်းကြား ထွန်တုံးအပိုင်း၂ရပ်ကွက်တွင် ကုက္ကိုသား ၂၃ လုံးကို ပိုင်ရှင်မဲ့အဖြစ် ထပ်မံသိမ်း ဆည်းရမိခဲ့သည်။ ထိုသိမ်းဆည်းရမိသည်များထဲတွင် ဇော်ဂျီမောင်သစ်စက်မှ ဖမ်းဆီးရမိသည်များကို သစ်တောဦးစီးမှ ထုတ်ပေးသော ပြေစာများနှင့် တိုက်ဆိုင်စစ်ဆေးသွားမည်ဟု ဆိုသည်။
အလားတူ ပြင်ဦးလွင်မြို့နယ်တွင် မန္တလေး-ပြင်ဦးလွင်အတက်လမ်း၌ နီဆန်း ၁၂ ဘီးယာဉ်နှစ်စီးကို ရပ် တန့် ရှာဖွေခဲ့ရာတွင်လည်း တမလန်းသစ်တုံး ၂၈၇ လုံး၊ တန်ချိန် ၂၂ ဒသမ ၁၇၀၂ တန် ဖမ်းဆီးရမိခဲ့သည်ဟု တိုင်းရဲတပ်ဖွဲ့မှူးရုံး၏ ထုတ်ပြန်ချက်၌ ဖော်ပြပါရှိသည်။
တရားမ၀င်သစ်များကို မန္တလေးတိုင်းဝန်ကြီးချုပ်၏ လျှို့ဝှက်အစီအစဉ်ဖြင့် ရှောင်တခင်စစ်ဆေး ဖော်ထုတ် ခဲ့ခြင်းဖြစ်ပြီး အင်အား ၁၀၀ကျော်ဖြင့် သတင်းရရှိသည့်နေရာများကို ရှာဖွေခဲ့ခြင်းဖြစ်ပြီး ဆက်လက် ဖမ်းဆီး အရေးယူသွားမည်ဖြစ်သည်။
ထို့အပြင်နေပြည်တော်ကောင်စီနယ်မြေတွင် ဖွဲ့စည်းထားရှိသော သစ်တောရဲတပ်ဖွဲ့မှ တပ်စုတစ်စု ခွဲကာ မန္တလေးတိုင်းအတွင်း တရားမ၀င်သစ်လုပ်ငန်းများကို ဖော်ထုတ်အရေးယူရန် တိုင်းဒေသကြီးအစိုးရအဖွဲ့ သစ်တောနှင့် သတ္ထုဝန်ကြီးဌာန၊ ပြည်ထဲ ရေးဝန် ကြီးဌာနတို့ ပူးပေါင်းလုပ်ဆောင်လျက်ရှိသည်။

Mizzima Burmese