မန္တလေးတိုင်းအတွင်း တစ်ရက်တည်း ယာဉ်တိုက်မှုခုနစ်မှုဖြစ်၊ လူရှစ်ဦးသေဆုံး

ပို့စ်တင်ချိန် - 3/30/2014 04:00:00 PM


မန္တလေး၊ မတ် ၂၉

မန္တလေးတိုင်းဒေသကြီး အတွင်းတွင် မတ်လ ၂၈ ရက်နေ့ တစ်ရက်တည်း ယာဉ်တိုက်မှုခုနစ်မှု ဖြစ်ပွားခဲ့ပြီး လူရှစ်ဦး သေဆုံးခဲ့ကာ ၁၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။

မန္တလေးမြို့တော် မဟာအောင်မြေမြို့နှင့် ပုသိမ်ကြီး မြို့နယ်တို့တွင် ဆိုင်ကယ်တိုက်မှုကြောင့် လူနှစ်ဦး၊ သပိတ်ကျင်းမြို့နယ်တွင် ဆိုင်ကယ်နှင့်ကား မျက်နှာချင်းဆိုင် တိုက်မိ၍ လူနှစ်ဦး၊ ကျောက်ပန်းတောင်း မြို့နယ်တွင် ဆိုင်ကယ်ပေါ်မှ ပြုတ်ကျ သေဆုံးသူ တစ်ဦး၊ တောင်သာမြို့နယ်တွင် မြင်းခြံမှ ပခုက္ကူဘက်သို့သွားသည့် ထော်လာဂျီသည် ယာနောက်ဘီးပေါက်ပြီး ကားလမ်းပေါ်တွင် ပက်လက်လန် တိမ်းမှောက်ခဲ့ရာမှ လူသုံးဦး စုစုပေါင်း ရှစ်ဦး သေဆုံးခဲ့ကာ ၁၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အဆိုပါ ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းအရ သိရသည်။

ယင်းယာဉ်တိုက်မှုများနှင့် ပတ်သက်ပြီး သက်ဆိုင်ရာမြို့နယ် ရဲစခန်းများတွင် အမှုဖွင့် အရေးယူထားလျက် ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ ထပ်မံသိရသည်။
“ယာဉ်တိုက်မှု အများဆုံး ဖြစ်ပွားရခြင်းက ဆိုင်ကယ်ဦးထုပ် မဆောင်းတာ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကို လိုက်နာမှု မရှိတာတွေကြောင့်ပါ” ဟု မန္တလေးတိုင်းဒေသကြီး ယာဉ်ထိန်းရဲ တပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

စည်းကမ်းမဲ့ ယာဉ်များကို ဖမ်းဆီး အရေးယူနိုင်ရေးအတွက် ယာဉ်ထိန်းရဲ အင်အားနည်းနေသောကြောင့် ရဲတပ်ဖွဲ့ဝင်၊ မီးသတ်တပ်ဖွဲ့ဝင်၊ အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းပြီး ဆောင်ရွက်လျက် ရှိကြောင်း ၎င်းထံမှ သိရသည်။

မန္တလေးမြို့တော်တွင် ညပိုင်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ပျက်ကွက်သည့် ယာဉ်များကို သုံးနေရာခွဲ၍ မတ်လ ၂၈ ရက်နေ့ ညပိုင်းအချိန်တွင် စစ်ဆေးအရေးယူခဲ့ရာ စည်းကမ်း ပျက်ကွက်သည့် ဆိုင်ကယ် ၂၃၃ စီး၊ မော်တော်ယာဉ် ခုနစ်စီးတို့ကို အရေးယူခဲ့ပြီး ဆိုင်ကယ်လိုင်စင် အထောက်အထား ပြသနိုင်ခြင်း မရှိသော ဆိုင်ကယ်နှစ်စီးကို သိမ်းဆည်း အရေးယူထားကြောင်း အဆိုပါ ယာဉ်ထိန်းရဲရုံးထံမှ စုံစမ်းသိရှိရသည်။

The Voice Weekly