ချင်းတွင်းမြစ်ရေသည် မုံရွာမြို့အနီးတွင် အနိမ့်ဆုံး ရေနည်းမှတ် ၁၀၀ စင်တီမီတာ (သုံးပေခန့်) ထက်နည်း၍ ၅၆ စင်တီမီတာ (တစ်ပေခွဲခန့်) သို့ ရောက်ရှိနေ

ပို့စ်တင်ချိန် - 4/25/2014 11:58:00 AM

ချင်းတွင်းမြစ်အတွင်း ရေကြောင်းပြနေသော စက်လှေတစ်စီးအား ဧပြီ တတိယပတ်အတွင်းက တွေ့ရစဉ်

ချင်းတွင်းမြစ်ရေသည် အနိမ့်ဆုံး ရေနည်းမှတ် ၁၀၀ စင်တီမီတာ ထက်နည်း၍ ၅၆ စင်တီမီတာသို့ ရောက်ရှိနေပြီး ကုန်မော်တော်များ သွားလာမှု ပိုမိုခက်ခဲလာသည်ဟု သိရသည်။

အခုဆိုရင် ကုန်မော်တော်တွေ တော်တော်လေး သွားလာရခက်နေပြီ။ သင်္ကြန်မတိုင်ခင်တုန်းက ကျွန်တော်ဆန်ခဲ့တာ မုံရွာနဲ့ ဟုမ္မလင်းမြို့အောက်နား ဥရုမြစ်ဝအထိကို ၁၇ ရက်လောက် ကြာတယ်။
အခုဟာက ရေကြောင်းကကျဉ်းလာတော့ မော်တော်အချင်းချင်းလည်း စောင့်ပြီးသွားနေရတာ။ လမ်းကြောကျပ်တာတွေ ရှိလာတယ်”ဟု ကုန်မော်တော်ပိုင်ရှင် ကိုဖိုးအောင်က ဆိုသည်။

ချင်းတွင်းမြစ်ရေသည် ဧပြီ ၂၄ ရက် နံနက် မြန်မာစံတော်ချိန် ၆ နာရီ ၃၀ မိနစ် တိုင်းထွာချက်အရ မုံရွာမြို့တွင် ၅၆ စင်တီမီတာသို့ ရောက်ရှိနေကြောင်း သိရသည်။အဆိုပါ မြစ်ရေသည် လာမည့် ဧပြီလ လကုန်ရက်နေ့အထိ ယင်းမြို့၏ ရေနည်းသတိပေးမှတ် ၁၀၀ စင်တီမီတာအောက်တွင် ဆက်လက်တည်ရှိနိုင်ပါသည်ဟု မိုးလေ၀သနှင့် ဇလဗေဒဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

ချင်းတွင်းမြစ်ရေသည် အနိမ့်ဆုံးရေမှတ် အဖြစ် ၂၀၁၀ ပြည့်နှစ် မတ် ၃၁ ရက်နေ့တွင် ၁၈ စင်တီမီတာအထိ ကျဆင်းခဲ့ဖူးကြောင်း သိရသည်။

"အခုဆိုရင် ကျွန်တော်တို့ မန္တလေး- မုံရွာဆိုရင် နှစ်ညအိပ်လောက် သွားရတယ်။ မုံရွာ-ကလေးဝဆိုရင် အနည်းဆုံးလေးညအိပ်လောက် ဆန်ရတယ်။ ကုန်အနေနဲ့ကလည်း တကယ်တင်နိုင်တဲ့ ကုန်ချိန်ရဲ့ သုံးပုံနှစ်ပုံလောက်ပဲ တင်နိုင်တော့တယ်။ ကလေးဝနဲ့ မုံရွာကြားမှာဆိုရင် လေးငါးနေရာလောက် ရေကြောင်းဆိုးပါတယ်။ တန်ဆာခကလည်း အရင်က ဘိလပ်မြေတစ်အိတ်ကို ကျွန်တော်တို့က တန်ဆာခ ကျပ် ၈၀၀ လောက်ရတာ အခုတော့ ကျပ် ၁၀၀၀ လောက်အထိ ရပါတယ်။ တန်ဆာခဈေးတက်ရတာပေါ့”ဟု ကုန်မော်တော်ပိုင်ရှင်တစ်ဦးက ဆက်လက်ပြောကြားခဲ့ပါသည်။

Eleven Media Group