ယာဉ်မတော်တဆ တိမ်းမှောက်မှုကြောင့် အသက်ဆုံးရှုံးခဲ့သော ခရီးသည်များ အတွက် အထူးခရီးသွား အာမခံလျော်ကြေးငွေ ပေးအပ်

ပို့စ်တင်ချိန် - 5/14/2014 09:17:00 PM


နေပြည်တော် မေ ၁၄

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ်(၁၉၇/၆)အနီး ဝက်လက်တံတား အောက်သို့ ကျရောက် တိမ်းမှောက်သွားသော ရာဇာမင်းမှန်လုံယာဉ်ပေါ်ပါ သေဆုံးသွားသော ခရီးသည်(၁၄)ဦးအတွက် “အဝေးပြေး လမ်းမကြီးများအတွက် အထူးခရီးသွားအာမခံ” လျော်ကြေးပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် (၁၁)နာရီတွင် နေပြည်တော်ရှိ ဘဏ္ဍာရေး ဝန်ကြီးဌာန ဝန်ကြီးရုံး၌ ကျင်းပသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က မေ(၁၂)ရက် ညနေပိုင်းတွင် မတော်တဆ တိမ်းမှောက်ခဲ့သည့် ရာဇာမင်းခရီးသည်ယာဉ်ပေါ်တွင် လိုက်ပါလာသည့် ခရီးသည်များအနက် အသက်ဆုံးရှုံး သွားသော ခရီးသည်များအတွက် အထူးခရီးသွားအာမခံ လျော်ကြေး ပေးအပ်မည် ဖြစ်ကြောင်း၊ ယာဉ် မတော်တဆဖြစ်၍ အသက်ဆုံးရှုံး မှုများသည် သက်ဆိုင်ရာ မိသားစုများအတွက် အစားထိုး မရသောဆုံးရှုံးမှုများ ဖြစ်ပြီး ယင်းဆုံးရှုံးမှုအတွက် ကျန်ရစ်သူ မိသားစုများနှင့်အတူ ထပ်တူထပ်မျှဝမ်း နည်းမိပါကြောင်း၊ မြန်မာ့အာမခံ လုပ်ငန်းနှင့် ဧရာမြန်မာအာမခံ ကုမ္ပဏီတို့ အနေဖြင့် ကျန်ရစ်သူ မိသားစုများ အတွက် အာမခံလျော်ကြေးငွေ ထောက်ပံ့နိုင်၍ မိသားစုများအတွက် အထောက်အကူ ဖြစ်လိမ့်မည်ဟု မျှော်မှန်းပါကြောင်း။

တိမ်းမှောက်သွားသည့် ယာဉ်ပေါ်တွင် လိုက်ပါခဲ့သည့် ခရီးသည်များသည် ဘဏ္ဍာရေး ဝန်ကြီးဌာန အာမခံလုပ်ငန်းကြီး ကြပ်ရေးအဖွဲ့ကစီစဉ်ပြီး ယခုမေ(၈)ရက်က စတင်ဖြန့်ချိ ရောင်းချခဲ့သော အထူးခရီးသွား အာမခံဝယ်ယူ ထားသူများဖြစ်ပါကြောင်း၊ အဆိုပါအာမခံ ဝယ်ယူထားလျှင် သေဆုံးခဲ့ပါက လျော်ကြေးငွေကျပ် သိန်း(၃၀)ရရှိမည်ဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိလျှင် ဒဏ်ရာရရှိမှု ပေါ်မူတည်၍ အများဆုံးငွေကျပ် (၂၄)သိန်းအထိ လျော်ကြေး ရရှိမှာဖြစ်ပါကြောင်း။

ထို့အပြင် တိမ်းမှောက်သွားသည့် ခရီးသည်ယာဉ်သည် အလုံးစုံမော်တော်ယာဉ် အာမခံနှင့် သူတစ်ပါး ထိခိုက်မှုအာမခံကိုပါ ထားရှိခဲ့သည့် အတွက် အလုံးစုံမော် တော်ယာဉ်အာမခံက ခရီးသည်တစ်ဦး သေဆုံးလျှင် လျော်ကြေးငွေကျပ်(၁၀)သိန်း၊ သူတစ်ပါးထိခိုက်မှုအာမခံက ငွေကျပ်(၅)သိန်း ရရှိကြမှာဖြစ်သည့် အတွက် ယခု တိမ်းမှောက်သွားသည့် ယာဉ်ပေါ်ပါ ခရီးသည်များအနက် သေဆုံးသွားသည့် ခရီးသည်တစ်ဦးအတွက် အာမခံ လျော်ကြေး ငွေကျပ်(၄၅)သိန်းစီ ရရှိမှာဖြစ်ပါကြောင်း။

သာမန်အားဖြင့် သူတစ်ပါး ထိခိုက်မှု အာမခံသာလျှင် ထားရှိလေ့ရှိသဖြင့် ငွေကျပ်(၅)သိန်းသာ ရရှိနိုင်ပြီး ယခုဖြစ်ရပ်တွင်မူ အလုံးစုံမော်တော် ယာဉ်အာမခံနှင့် အထူးခရီးသွား အာမခံထားရှိသည့်အတွက် လျော်ကြေးငွေ ကျပ်သိန်း(၄၀) ထပ်ဆောင်းရရှိခြင်းဖြစ်၍ မော်တော်ယာဉ်နှင့်ခရီးသွားပါက အထူးခရီးသွား အာမခံ ထားရှိသင့် ပါကြောင်း၊ ထိခိုက်ဒဏ်ရာ ရရှိသူများအနေဖြင့် ဆေးမှတ်တမ်းပေါ်မူတည်၍ ဒဏ်ရာရရှိမှု အနည်းအများ အလိုက် အများဆုံး အာမခံလျော်ကြေးငွေ ကျပ်(၂၄)သိန်းအထိ ရရှိမှာဖြစ်ပါကြောင်း၊ အာမခံ လျော်ကြေးငွေများ ကိုလည်း ဆက်လက်စိစစ်ထုတ်ပေးသွားမှာဖြစ်ပါကြောင်းနှင့် ယခုအဖြစ်အပျက်ကဲ့သို့ ဝမ်းနည်းဖွယ်ရာ အဖြစ်များ ထပ်မံမဖြစ်ပွားစေရေး အတွက်လည်း အားလုံးဝိုင်းဝန်း ကြိုးပမ်းကြရမှာ ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက အသက်ဆုံးရှုံး သူများကိုယ်စား နေပြည်တော် မော်တော်ယာဉ် လိုင်းပေါင်းစုံ ထိန်းသိမ်းရေး ကော်မတီဥက္ကဋ္ဌ ဦးဝင်းဆွေထံ လျော်ကြေးငွေ တစ်ဦးလျှင် ကျပ်(၄၅)သိန်းစီ စုစုပေါင်းကျပ် သိန်း(၆၃၀)ကိုပေးအပ်သည်။
ဆက်လက်၍ အသက်ဆုံးရှုံး သူများအတွက် ရာဇာမင်းမော်တော် ယာဉ်လိုင်းမှ ပေးအပ်သော ဂရုဏာကြေး တစ်ဦးလျှင် ငွေကျပ်(၁၅)သိန်းစီအား နေပြည်တော်ကောင်စီဝင် ဦးစောလှက မော်တော်ယာဉ် လိုင်းပေါင်းစုံ ထိန်းသိန်းရေး ကော်မတီ အတွင်းရေးမှူး ဦးမြတ်မိုးထံပေးအပ်သည်။

ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာ မောင်မောင်သိမ်းက အထူးခရီးသွားအာမခံ၊ အလုံးစုံ မော်တော်ယာဉ် အာမခံနှင့် သူတစ်ပါးထိခိုက်မှု အာမခံများအကြောင်း ရှင်းလင်းပြောကြားသည်။ အမြန်လမ်း ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးနေဝင်းကလည်း အဝေးပြေးလမ်း လုံခြုံရေး စီမံထားရှိမှု ကြိုတင် ကာကွယ်မှုများ အကြောင်း ရှင်းလင်း တင်ပြခဲ့သည်။
အာမခံလျော်ကြေး ပေးအပ်မှုနှင့် ပတ်သက်၍ ခရီးမကြာခဏသွားလေ့ ရှိသူတစ်ဦးက ယခုကဲ့သို့ နိုင်ငံတော်မှ အာမခံများ စီစဉ်ပေးပြီး လျော်ကြေးများကိုလည်း နှစ်ရက်အတွင်း ပေးချေသဖြင့် နိုင်ငံတော်နှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနကို ကျေးဇူးတင်ကြောင်း၊ ခရီးသွားများဘက်မှလည်း အာမခံထားဖို့ မမေ့ရန်လိုကြောင်း၊ အာမခံထားသော ကားများ စီးရသည်မှာ ပိုလုံခြုံသည်ဟုခံစားရသဖြင့် အာမခံရှိသော ကားများကိုသာ ရွေးချယ် စီးနင်းတော့ မည်ဟု ပြောကြား ခဲ့ကြောင်း သတင်းရရှိသည်။

MOI