တူရကီ ကျောက်မီးသွေးတွင်း ပေါက်ကွဲမှုတွင် သေဆုံးမှုနှုန်း မြင့်တက်လာ

ပို့စ်တင်ချိန် - 5/14/2014 12:33:00 PM


မေလ ၁၄။

တူရကီ အရှေ့ပိုင်းရှိ ကျောက်မီးသွေးတွင်း ပေါက်ကွဲမှုကြောင့် အနည်းဆုံး အလုပ်သမားပေါင်း ၂၀၀ ကျော် သေဆုံးခဲ့ပြီး အများအပြား
ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများမှ ပြောကြားခဲ့သည်။

မန်နီဆာခရိုင် ဆိုမာရှိ ကျောက်မီးသွေးတွင်းတွင် လျှပ်စစ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုကြောင့် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ချိန်၌ အလုပ်သမားပေါင်း
၇၈၇ ယောက် ရှိနေခဲ့ကြောင်း စွမ်းအင်ဝန်ကြီးဌာန ဝန်ကြီး တန်နာယီဒဇ်မှ ပြောဆိုခဲ့သည်။

မြေအောက်ထဲ၌ ဆက်လက်ကျန်ရှိ ပိတ်မိနေသော လုပ်သားရာပေါင်းများစွာကို ကယ်ဆယ်ရန်အတွက် ကယ်ဆယ်ရေးသမားများမှ
ညတွင်းချင်းပင် ဆက်လက် လုပ်ဆောင်လျက် ရှိကြောင်း သိရှိရသည်။

မြို့တော် အန်ကာရာ၏ အနောက်ဘက် မိုင် ၂၈၀ အကွာခန့်ရှိ ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် ပုဂ္ဂလိကပိုင် ယင်းမိုင်းတွင်းအနီးသို့ စိုးရိမ်ပူပန်
နေကြသည့် ဆွေမျိုးသားချင်းများ လာရောက်စုရုံးကြလျက် ရှိသည်။

သေဆုံးသူပေါင်း ၂၀၁ ယောက်ရှိကြောင်း မစ္စတာ ယီဒဇ်မှ တူရကီ ရုပ်မြင်သံကြား၌ အတည်ပြုပြောဆိုခဲ့ပြီး ဒဏ်ရာရရှိသူပေါင်း ၈၀ ခန့်
ရှိကြောင်း ပြောကြားခဲ့သည်။

မတော်တဆမှု ဖြစ်ပွားချိန်မှစပြီး သေဆုံးသူများအပါအဝင် လူပေါင်း ၃၆၀ ခန့်သာ ရေတွက်နိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

သေဆုံးသူ အများအပြားမှာ ကာဗွန်မိုနော့ဆိုဒ်ကြောင့် ဖြစ်ပြီး မိုင်းတွင်းအထဲ၌ ပိတ်မိနေသူများအတွက် အောက်ဆီဂျင်များကို ဖြည့်သွင်း
ပေးလျက် ရှိကြောင်း မစ္စတာ ယီဒဇ်မှ ပြောဆိုခဲ့သည်။ မိုင်းတွင်းအထဲတွင် ပိတ်မိနေသူများမှာ မြေမျက်နှာပြင်အောက် ၁.၂ မိုင်အကွာတွင်
ဖြစ်ပြီး မိုင်းတွင်း အဝင်ဝမှ ၂.၄ မိုင်ခန့် ကွာဝေးကြောင်း သိရှိရသည်။

၎င်းမတော်တဆမှုကြောင့် ဝန်ကြီးချုပ် ရီဆပ်တေရစ်ပ်အာဒိုဂန်မှ အယ်လ်ဘေးနီးယားသို့ သွားရောက်မည့် ခရီးစဉ်ကို ရွှေ့ဆိုင်းပြီး ဆိုမာသို့
လာရောက်မည် ဖြစ်ကြောင်း ဝန်ကြီးချုပ်ရုံးမှ ထုတ်ပြန်ခဲ့သည်။

အမြင့်မားဆုံး လုံခြုံရေးဆိုင်ရာ ဆောင်ရွက်မှုများနှင့် ပုံမှန်ထိန်းသိမ်းမှုများကြားမှ ၎င်းကဲ့သို့ မတော်တဆမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း
ကျောက်မီးသွေးတွင်း၏ ပိုင်ရှင်ဖြစ်သူ ဆိုမာကိုမောအစ္စလက်မယ်လာရီမှ ပြောဆိုခဲ့ပြီး စုံစမ်းစစ်ဆေးမှုများကိုလည်း ပြုလုပ်နေပြီ ဖြစ်ကြောင်း
ပြောဆိုသွားသည်။

“ ကျွန်တော်တို့ရဲ့ အဓိက ဦးစားပေးကတော့ ပိတ်မိနေတဲ့ အလုပ်သမားတွေကို ကယ်ဆယ်ဖို့ပါပဲ။ ဒါမှ သူတို့ ချစ်တဲ့သူတွေနဲ့ ပြန်လည်
ဆုံတွေ့နိုင်မှာပါ ” ဟု မစ္စတာ မယ်လာရီမှ ပြောဆိုခဲ့သည်။

တူရကီ ကျောက်မီးသွေးတွင်းများ၏ ဘေးကင်းလုံခြုံရေး လုပ်ဆောင်မှုများသည် စစ်မှုနိုင်ငံအများအပြားအောက် နိမ့်ပါးနေကြောင်းကို လေ့လာ
ဆန်းစစ်သူများမှ ပြောဆိုခဲ့ကြသည်။

နိုင်ငံ သတ္တုတွင်း ကဏ္ဍ၏ အဆိုးဆုံး ဘေးအန္တရာယ် ဖြစ်ပွားမှုမှာ ၁၉၉၂ ခုနှစ်တွင် ပင်လယ်နက်ရှိ ဇောင်ဂူလ်ဒက်အနီး မိုင်းတွင်း ပြိုကွဲမှု ဖြစ်ပြီး
လူပေါင်း ၂၇၀ သေဆုံးခဲ့ခြင်း ဖြစ်သည်။

Ref: BBC
The Myanma Age