ဘုန်းကြီးခရိုနီ

ပို့စ်တင်ချိန် - 5/14/2014 09:21:00 PM


 မနေ့က အသိဒကာကြီး တစ်ယောက်နဲ့ စကားပြောဖြစ်ပါတယ်။ "ခရိုနီဆိုတဲ့ အခုခေတ်စားနေတဲ့ စကားလုံးကို ဒကာကြီး ဘယ်လို နားလည်ထားလဲ" လို့မေးတော့ "တိုင်းပြည်နဲ့ လူမျိုးကို ချစ်သလိုလို၊ ကောင်းစားစေချင်သလိုလို၊ အများအကျိုးစီးပွားကို ရွက်သယ်ပိုးနေတာလိုလို ဟန်ရေးပြပြီး အာဏာရှိသူတွေနဲ့ အကျိုးတူ ပူးပေါင်းကာ မတရားမှုတွေကို တရားသယောင်ယောင် လုပ်ပြီး နောက်ဆုံး အာဏာရှင်တွေကိုပါ နားလှည့်ပါးရိုက်ပြီး သူ့ကိုယ်ကျိုးစီးပွားအတွက် တိုင်းပြည်နဲ့ လူမျိုးကို ဖျက်ဆီးနေတဲ့သူလို့ မြင်ပါတယ်ဘုရား" လို့ ပြောပါတယ်။

ဒကာကြီးပြန်သွားတော့ သူပြောခဲ့တဲ့ ခရိုနီအဓိပ္ပာယ် ဖွင့်ဆိုချက်ကို ပြန်လည်စဉ်းစားရင်းနဲ့ မိမိတို့ သာသနာတော် အတွင်းမှာလည်းပဲ သာသနာတော်ရဲ့အကျိုးစီးပွားကို ဆောင်ရွက်နေတာ လိုလို တိုင်းပြည်နဲ့ လူမျိုးအတွက် သူတို့ဘဝကြီး တစ်ခုလုံးကို ပေးဆပ်နေတာ လိုလိုနဲ့ ဟန်ရေးပြပြီး ရာမြင်လို့ ထောင်စွန့်နေကြတဲ့ ဘုန်းကြီး စီးပွားရေးသမားတွေ၊ အာဏာပိုင်တွေ၊ အာဏာပိုင်ရဲ့ ကျောထောက်နောက်ခံ တွေနဲ့ ပူးပေါင်းပြီး သူတို့ထင်ပေါ်ကျော်ကြားဖို့ အတွက်၊ သူတို့ဘဏ်အကောင့် ထဲမှာ သိန်းထောင်ဂဏန်း၊ သောင်းဂဏန်း ရှိနေဖို့အတွက် သာသနာတော်ကြီးနဲ့ တိုင်းပြည်ကို ဖျက်ဆီးနေကြတဲ့ ဘုန်းကြီးခရိုနီတွေ သံဃာအဖွဲ့အစည်း အဆင့်ဆင့်နဲ့ အောက်ခြေ သံဃာထုထဲမှာပါ များပြားသထက် များပြားလာတာကို သတိပြုမိလိုက်ပါတယ်။

ပြီးခဲ့တဲ့စစ်အစိုးရက သူတို့ကုလားထိုင်ကို လာမလှုပ်ရင်ပြီးတာပဲ ဆိုပြီး ဘုန်းကြီးတွေ ဘာလုပ်လုပ် မသိသလို မမြင်သလို နေပေးခဲ့တာတွေကြောင့် ဘုန်းကြီးခရိုနီတွေ၊ ဘုန်းကြီး စီးပွားရေးသမားတွေ တိုးပွားလာခြင်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ စစ်အစိုးရသက်တမ်း တစ်လျှောက်လုံးမှာ မဟန အဖွဲ့ကြီး ကိုတောင်မှ စစ်အစိုးရနဲ့ အလွန်းသင့်တဲ့ ဘုန်းကြီးခရိုနီ ၇၅ ရာခိုင်နှုန်းလောက်က ကြီးစိုးထားနိုင် ခဲ့ပါတယ်။ မဟနအဖွဲ့ကြီးမှာ ဘုန်းကြီးခရိုနီတွေ တန်ခိုးထွားအောင် စစ်အစိုးရက မသိဟန်မမြင်ဟန် ဆောင်ခဲ့တာတွေ ရှိသလို ဘုန်းကြီးခရိုနီတွေ ရာထူးကနေ မည်သည့် အကြောင်းကြောင်းနဲ့မှ ပြုတ်မသွားရအောင်လည်း နောက်ကွယ်ကနေ တစ်မျိုး၊ ပေါ်ပေါ်တင်တင်တစ်မျိုးနဲ့ ပံ့ပိုးပေးခဲ့တာကြောင့် ဘုန်းကြီးခရိုနီ တွေဟာ ပုန်းလျှိုးကွယ်လျှိုးနဲ့ လာဘ်စားပြီး ဓမ္မကိုအဓမ္မ၊ အဓမ္မကို ဓမ္မလုပ်နေရာကနေ နောက်ပိုင်းမှာ ပေါ်ပေါ်တင်တင်ပါ ဗြောင်လုပ်လာ ကြပါတော့တယ်။

ထိုအခါမှာ မဟနအဖွဲ့ရဲ့ အကျိုးတော်ဆောင်ချုပ် ဖြစ်တော်မူတဲ့ မင်းကွန်း ဆရာတော်ဘုရားကြီးက "ဒီစီရင်ဆုံးဖြတ်ချက်တွေဟာ တရားနဲ့ လျော်ညီခြင်းမရှိလို့ ပြန်လည်ဆုံးဖြတ်ပါ" လို့ ပြောဆိုတဲ့ အခါတိုင်း မဟန အဖွဲ့ရဲ့ ဘုန်းကြီးခရိုနီခေါင်းဆောင်ကြီးက "ဆရာတော်မကျေနပ်ရင် မဲခွဲပြီး ဆုံးဖြတ်ကြမယ်လေ" လို့ ပြောဆိုပါတယ်။ မဲခွဲ ဆုံးဖြတ်တဲ့ အခါတိုင်းမှာလည်း ဘုန်းကြီးခရိုနီတွေက အင်အား ကောင်းနေတာကြောင့် မင်းကွန်းဆရာတော်ကြီးပဲ အမြဲရှုံးပါသတဲ့။

တစ်ခါတုန်းက အထက် မြန်မာပြည်က ဘုန်းကြီးခရိုနီတစ်ပါးနဲ့ အောက်မြန်မာပြည်က ဘုန်းကြီး ခရိုနီတစ်ပါးတို့ဟာ ကျောင်းမှုတစ်ခုကို ငွေသုံးသိန်း လာဘ်စားပြီး မတော်မတရား ဆုံးဖြတ်လိုက်တာကို သိရှိလိုက်ရတဲ့ မင်းကွန်းဆရာတော် ဘုရားကြီးဟာ "သုံးသိန်းကြီးများတောင်၊ သုံးသိန်းကြီးများတောင်" လို့ ပြောဆိုရေရွတ်ကာ မျက်ရည်ပေါက်ပေါက် ကျတော်မူ ခဲ့ရှာတယ်လို့ ဆရာဘုန်းကြီးက စာဝါချရင်း ပြောဆိုခဲ့တာကို ကိုရင်ဘဝတုန်းက မှတ်သားဖူးပါတယ်။

တစ်ခါတုန်းကတော့ လက်ရှိ မဟနဥက္ကဋ္ဌဖြစ်တော်မူတဲ့ ဗန်းမော် ဆရာတော်ကြီးကို မင်းကွန်းဆရာတော်ဘုရားကြီးက တိနိ ကျောင်းတိုက်ရဲ့ စာချနာယကအဖြစ် ခန့်အပ်တဲ့ပွဲ အခမ်းအနားမှာ ဗန်းမော်ဆရာတော်ကြီးကို ချီးကျူးတော်မူရင်း စကားစပ်သွားတာနဲ့ မဟနအဖွဲ့မှာ ဘယ်ဘုန်းကြီးတွေက ဘယ်လိုလာဘ်စားပြီး မှုခင်းဓမ္မ ကံတွေကို မတော်မတရား အဂတိလိုက်ပြီး ဆုံးဖြတ်တဲ့ အကြောင်းကို ပြောဆိုမိသွားပါတယ်။ ထိုအခါမှာ အနားမှာထိုင်နေတဲ့ မဟနအဖွဲ့မှာ တွဲဖက်အကျိုးတော်ဆောင် ရာထူးကို ရယူထားတဲ့ ဘုန်းကြီးခရိုနီ ခေါင်းဆောင်ကြီးက "ကိုယ်တော်ကြီး သေခါနီးနေမှ ဘာ သူများ မကောင်းကြောင်း ပြောနေရတာတုံး" လို့ ငေါက်ငမ်းလိုက်တာကြောင့် မင်းကွန်းဆရာတော် ဘုရားကြီးက လက်အုပ်ကလေးချီ၍ "တပည့်တော် အမှန်တွေပြောမိလို့ ခွင့်လွှတ်တော်မူပါဘုရား" လို့ ပြန်လည် တောင်းပန်လိုက်ရပါတယ်။

ဘုန်းကြီးခရိုနီတွေဟာ စစ်အစိုးရရဲ့ ပံ့ပိုးမှုကြောင့် မင်းကွန်း ဆရာတော်ဘုရားကြီးလို ပုဂ္ဂိုလ်မျိုးကို တောင်မှ ရိုင်းပျစွာ ဆက်ဆံခဲ့ကြတာပါ။ သေသေချာချာတွေး ကြည့်လိုက်တော့ ဆန်းတော့လည်း မဆန်းလှပါဘူး။ ခွေးတောင် သခင်အားကိုး ရှိနေရင် အစိမ်းအကျက် မရွေး ဟောင်ရဲကိုက်ရဲသေး တာပဲလေ။

မိမိငယ်စဉ်က ပညာသင်ကြားခဲ့တဲ့ စာသင်တိုက်ကြီးထဲမှာ သစ်ကုန်သည်ကြီး တစ်ယောက်က ကျောင်းဆောင်ကြီးတစ်ခုကို ဘုံပျံ နတ်နန်းကြီးသဖွယ် ဟီးထနေအောင် ဆောက်လုပ် လှူဒါန်းပါတယ်။ အဲဒီကျောင်းဆောင်ကြီး ဆောက်လုပ်နေစဉ် ကာလမှာ ကျောင်းဒကာနဲ့ ညှိနှိုင်းလုပ်ဆောင်နိုင်စေရန် အတွက် ဆရာတော်ဘုရားကြီးက လည်လည်ဝယ်ဝယ် ရှိတဲ့ ရဟန်းတစ်ပါးကို တာဝန်ပေးပါတယ်။ အဲဒီ ရဟန်းဟာ ကျောင်းဒကာနဲ့ ရင်းနှီးခင်မင် သွားရုံတင်မကဘဲ ကျောင်းဒကာရဲ့နောက်ခံဖြစ်တဲ့ နိုင်ငံတော်ဝန်ကြီးချုပ် ဆိုသူနဲ့ပါ ရင်းနှီးသွားပြီး ဝန်ကြီးချုပ်အားကိုးနဲ့ သင်္ကန်းမချွတ်ဘဲ စီးပွားရေး လုပ်တော့တာပါပဲ။ နောင်အခါ အဆိုပါ ဝန်ကြီးချုပ် အာဏာလက်မဲ့ ဖြစ်သွားချိန်မှာ ဝန်ကြီးချုပ်လောက် နီးနီး သြဇာအာဏာ ရှိသူနဲ့ ပြန်လည် ဆက်သွယ်မိသွားပြန် ပါတယ်။

၂၀၀၇ ခုနှစ် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ရဟန်းသာမဏေများ လမ်းပေါ်ထွက်ပြီး မေတ္တသုတ် ရွတ်ကြတဲ့အခါ မှာ မိမိ ပညာသင်ကြားနေတဲ့ စာသင်တိုက်ကလည်း တစ်တိုက်လုံးနီးနီး လမ်းလျှောက်ပြီး မေတ္တသုတ် ရွတ်ဖတ်ကြပါတယ်။ အရေးအခင်းကြီး ပြီးသွားတဲ့အခါမှာ သက်ဆိုင်ရာ အရာရှိတွေက ဆရာတော်ဘုရားကြီးထံ ရောက်လာပြီးတော့ မိမိတို့ စာသင်တိုက်ထဲက ဆန္ဒပြခေါင်းဆောင် ရဟန်း ၁၀ ပါးဆိုပြီး ဘွဲ့နာမည် အတိအကျ၊ နေတဲ့ ကျောင်းဆောင်နာမည် အတိအကျနဲ့ စာရင်းပြသပြီးတော့ ဖမ်းဆီးမယ်ဆိုတဲ့ အကြောင်း ပြောကြားပါတယ်။ ဆန္ဒပြခေါင်းဆောင် ဆယ်ပါးစာရင်းကို သိရှိလိုက်ကြရတဲ့ တစ်တိုက်လုံးက ရဟန်းသာမဏေတွေ အားလုံး အံ့သြကုန်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ မေတ္တသုတ် ထွက်ရွတ်ရာမှာ ခေါင်းဆောင် မဟုတ်ရုံ မျှသာမက မေတ္တသုတ် ရွတ်ဆိုရာသို့ လိုက်ပါခြင်းမရှိတဲ့ ရဟန်းတွေလည်း စာရင်းထဲ ပါရှိနေတာကြောင့် ဖြစ်ပါတယ်။

အဆိုပါစာရင်းကို စစ်အစိုးရက ကောက်ယူခဲ့ခြင်း မဟုတ်ဘဲ အထက်မှာ ပြောခဲ့တဲ့ ဘုန်းကြီးခရိုနီက သူ့ဘာသာ စာရင်းပြုလုပ်ကာ သူနဲ့ရင်းနှီးတဲ့ ဝန်ကြီးရဲ့လက်ထဲကို ထည့်ပေးလိုက်ခြင်း ဖြစ်ပါတယ်။ သူနဲ့ပုဂ္ဂိုလ်ရေး အဆင်မပြေတဲ့ ရဟန်းတွေကိုပါ ဆန္ဒပြခေါင်းဆောင် စာရင်းထဲကို ထည့်ပေးပြီး အပြတ် ရှင်းလိုက်တာပါ။ ဆရာတော် ဘုရားကြီးက သူ့အရှိန်အဝါနဲ့ ကာကွယ်ပေးခဲ့လို့ တစ်ပါးမှအဖမ်း မခံရပေမယ့် စာသင်တိုက်ထဲက ထွက်ခွာပြီး ရှောင်ရတိမ်းရ တချို့ဆိုရင် ရူးမတတ် ခံစားရပြီး တစ်ပတ်အတွင်း အရိုးပေါ်အရေတင်တွေ ဖြစ်ကုန်ကြပါတယ်။ သူကတော့ စာရင်းပေးခ အဖြစ် သိန်းထောင်ကျော်တန် အကောင်းစား ကားကြီးတစ်စီး ရရှိသွားခဲ့ပါတယ်။

တချို့သော ခရိုနီဘုန်းကြီးများ ကတော့ ပါးနပ်လိမ္မာစွာဖြင့် အကွက် ရွှေ့တတ်လွန်းလို့ ခရိုနီဘုန်းကြီးမှန်းတောင် တော်ရုံနဲ့ မသိနိုင်ပါဘူး။ သူတို့က အာဏာရှိသူနဲ့ ကြိုတင် လက်ဝါးချင်းရိုက်ထားပြီး အာဏာရှင်ကို ဆန့်ကျင်တာ လိုလို၊ အာဏာရှင်ကို မလိုလား မနှစ်သက် တာလိုလိုနဲ့ အာဏာရှင် မကောင်းကြောင်းကို အာပေါင်အာရင်း သန်သန်နဲ့ပြော၊ လူထုဘက်က ပါဟန်ဆောင် လူထုအကျိုးစီးပွားကို ဆောင်ရွက်ဟန်ပြုပြီး နောက်ဆုံးမှာတော့ လူထုကို အာဏာရှင်ဘက် ပါအောင် မသိမသာလေး စည်းရုံး သိမ်းသွင်းလိုက်ပါတယ်။ လူထုက အဆိုပါ ဘုန်းကြီးခရိုနီရဲ့ လေကြောမှာ မျောသွားပြီး အာဏာရှင်ကို ကယ်တင်ရှင်ကြီး တွေလိုလို၊ ကျေးဇူးရှင်ကြီးတွေ လိုလို၊ တိုင်းပြည်နဲ့ လူမျိုးကို ကယ်တင်ပေးနေတဲ့ သူတွေလိုလို ထင်ယောင်ထင်မှားတွေ ဖြစ်ပြီး ကိုယ့်လည်ပင်းလှီးမယ့် ဓားကို ကိုယ်တိုင် သွေးပေးနေလို့ သွေးပေးနေမှန်း မသိတဲ့ဘဝကို ရောက်မှန်းမသိ ရောက်သွားကြ ပါတော့တယ်။ လူထုရှေ့မှာ အာဏာရှင်မကောင်း ပြောနေပေမယ့် နောက်ကွယ်မှာတော့ အာဏာရှင်တွေ ပေးသမျှ ကျွေးသမျှစားပြီး တဟီးဟီး တဟားဟားနဲ့ ဖရဏာပီတိဂွမ်းဆီထိသို့ အာဏာရှင် နဲ့အတူ အောင်ပွဲခံ နေကြပါတယ်။ ကြိုတင် လက်ဝါးချင်းသာ ရိုက်မထားရင် အာဏာရှင်က ကဘော်ချိုင့်ဝှမ်း ပို့လိုက်တာကြာပါပြီ။

ရန်ကုန်မြို့က စာသင်တိုက်တစ်ခုကို ဘုန်းကြီးနှစ်ပါးက တွဲဖက်ပြီး အုပ်ချုပ်ပါတယ်။ သူတို့နှစ်ပါးဟာ ကျောင်းမှာ စာသင်သားကိုရင် အပါး ငါးဆယ်ခြောက်ဆယ်လောက် မွေးထားပါတယ်။ ဒီစာသင်သားတွေကို ပြပြီး ကျောင်းကို အဝင်အထွက်ရှိတဲ့ ဒကာ ဒကာမတွေဆီကို ဝါဆိုချိန် ဝါဆိုသင်္ကန်း၊ ကထိန်ချိန် ကထိန်သင်္ကန်း အလှူခံပါတယ်။ ပွဲပြီးတာနဲ့ သင်္ကန်းအကောင်းစား မှန်သမျှ သူတို့နှစ်ပါးက ခွဲယူပြီး ဆိုင်မှာ ပြန်ရောင်းစားပါတယ်။ စာသင်သားလေးတွေ ကိုတော့ ဝတ်လို့ အဆင်မပြေတဲ့ မလေးရှား စီဝိုင်စီလို သင်္ကန်းအညံ့စား တွေကိုသာ တစ်ပါးတစ်စုံ ခွဲဝေပြီးပေးပါတယ်။ ဆွမ်းစားကွမ်းစား လိုက်ရာက ရရှိသမျှပိုက်ဆံ တွေကို ရေဖိုးမီးဖိုး ဆိုပြီး သိမ်းဆည်းကာ သူတို့ပဲ ခွဲဝေပြီးတော့ ယူပါတယ်။ အဲဒီကျောင်းမှာ ပထမလတ်တန်း အထိ ကိုရင်တွေကို စာသင် ပေးပါတယ်။ စေတနာရှိလို့ သင်ပေးတာမျိုးတော့ မဟုတ်ပါဘူး။ ဆန်တောင်းဖို့အတွက် ပြသစရာ မျောက်ကလေးတွေ အဖြစ် မွေးထားတာပါ။

(ဆက်လက်ဖော်ပြပါမည်)

ဆက်စပ်
ဘုန်းကြီးခရိုနီ ၁
ဘုန်းကြီးခရိုနီ ၂
ဘုန်းကြီးခရိုနီ ၃

 Written by  မိုးသု (မန္တလေး)
The Voice Weekly