အဲဗာတန်ကို အနိုင်ယူပြီး ချန်ပီယံဆု အတွက် အခြေအနေကောင်းသွားခဲ့သည့် မန်ချက်စတာစီးတီးsp

ပို့စ်တင်ချိန် - 5/05/2014 10:42:00 AM


ပရီးမီးယားလိဂ် ပွဲစဉ် (၃၇) အဲဗာတန်နှင့် မန်ချက်စတာစီးတီး ပွဲစဉ်တွင် ဧည့်သည် မန်စီးတီးက ၃-၂ ဂိုးဖြင့် အနိုင်ရရှိသွားခဲ့သည်။

အဲဗာတန်၌ ဟောင်းဝပ်၊ ဘိန်းစ်၊ စတုန်းစ်၊ ဂျဂီရယ်ကာ၊ အယ်လ်ကာရက်ဇ်၊ ကိုးလ်မန်း၊ မက္ကာသီ၊ အော့စမန်၊ ဘာကလေ၊ နေးစမစ်၊ လူကာကူတို့ ပွဲထွက်ကစားခဲ့သည်။

မန်ချက်စတာစီးတီးတွင် ဟတ်၊ ဇာဘလက်တာ၊ ကွန်ပနီ၊ ဒီမစ်ချယ်လစ်၊ ကလစ်ချီ၊ ဂါစီယာ၊ တိုရေး၊ မီလ်နာ၊ နာဆရီ၊ ဒီဇီကို၊ အဂူရိုတို့ ပါဝင်ကစားခဲ့သည်။

ယခုပွဲ အနိုင်ရလျှင် မန်ချက်စတာစီးတီး၏ ချန်ပီယံ မျှော်လင့်ချက် ပိုမို အကောင်အထည်ပေါ်လာမည် ဖြစ်သလို အဲဗာတန်ကလည်း ချန်ပီယံလိဂ် ဝင်ခွင့်ရရှိရန် ကြိုးပမ်းနေသည့် အသင်း ဖြစ်သောကြောင့် ပွဲမှာ အကြိတ်အနယ် ရှိခဲ့သည်။ ပွဲချိန် ၁၁ မိနစ်တွင် အဲဗာတန် ကွင်းလယ် ကစားသမား ရော့စ်ဘာကလေက အဖွင့်ဂိုး သွင်းယူခဲ့သော်လည်း ၂၂ မိနစ်တွင် ယာယာတိုရေး၏ ပေးပို့မှုမှ တစ်ဆင့် အဂူရိုက မန်စီးတီးအတွက် ချေပဂိုး ရယူပေးခဲ့သည်။ ပထမပိုင်းပြီးခါနီး နှစ်မိနစ်အလိုတွင် ဂျိမ်းမီလ်နာ၏ ဖြတ်တင်ဘောမှ တစ်ဆင့် ဒီဇီကိုက မန်စီးတီး အတွက် ဦးဆောင်ဂိုး ရယူပေးခဲ့သည်။

ဒုတိယပိုင်းတွင် မန်စီးတီး ဂိုးသမား ဂျိုးဟတ်က အဲဗာတန် ကစားသမား စတီဗင် နေးစမစ်၏ ကန်သွင်းချက်ကို အကောင်းဆုံး ကာကွယ်နိုင်ခဲ့သည်။ ထို့နောက်တွင် ဒီဇီကိုကပင် နာဆီရီ၏ ပေးပို့မှုမှ တစ်ဆင့် မန်စီးတီး အတွက် တတိယမြောက်ဂိုးကို သွင်းယူခဲ့သည်။ မန်စီးတီးက ကစားအား လျှော့ချလိုက်သည့်နောက် အဲဗာတန်က ပြန်လည် ဖိအားပေး ကစားခဲ့ပြီး တိုက်စစ်မှူး ရိုမီလူ လူကာကူက ချေပဂိုး တစ်ဂိုးကို ခေါင်းတိုက်သွင်းယူခဲ့သည်။ နောက်ပိုင်းတွင် မန်စီးတီးက အနိုင်ရလဒ်ကို ထိန်းကစားခဲ့ပြီး ပွဲအပြီးတွင် ၃-၂ ဂိုးဖြင့် အနိုင်ရရှိကာ ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် အခြေအနေကောင်းများ ပိုင်ဆိုင်သွားခဲ့သည်။

Soccer Myanmar