မြစ်ဆုံစီမံကိန်းပြန်စရန် ကြိုးစားခြင်းက စစ်ပွဲနယ်မြေအတွင်း ပဋိပက္ခများ ပိုမိုကြီးထွားအောင် တွန်းအားပေးနေဟုဆို


ရပ်ဆိုင်းထားသည့် ဧရာဝတီမြစ်ဆုံစီမံကိန်းနှင့်ပတ်သက်ပြီး ဧရာဝတီမြစ်ညာ-မြစ်ဆုံရေအားလျှပ်စစ်စီမံ ကိန်းကုမ္ပဏီ(ACHC)က လူမှုရေးဆိုင်ရာ တာဝန်ယူမှု အစီရင်ခံစာ ထုတ်ပြန်လိုက်ရာ ကချင်လူမှုဖွံ့ဖြိုး ရေးကွန်ရက်အဖွဲ့ (KDNG)က ကန့်ကွက်လိုက်ပြီး မြစ်ဆုံရေကာတာ ပြန်လည်စတင်ရန် ကြိုးစားခြင်း သည် စစ်ပွဲနယ်မြေအတွင်း ပဋိပက္ခ ပိုမိုကြီးထွားစေကြောင်း ဇန်န၀ါရီလ ၈ ရက်တွင် ကြေညာချက်ထုတ် ကာ ပြန်လည်တုံ့ပြန်လိုက်သည်။

China Power Investment (CPI) မှ ပါဝင်ပတ်သက်နေသော ဧရာဝတီမြစ်ညာ-မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းကုမ္ပဏီ (ACHC)က စာမျက်နှာ ၆၀ ပါ ပူးပေါင်းတာဝန်ယူမှုဆိုင်ရာ အစီရင်ခံစာကို ရန်ကုန်မြို့ တွင် ပြီးခဲ့သည့် ဒီဇင်ဘာလက ထုတ်ဝေဖြန့်ချိခဲ့ခြင်းအပေါ် ကန့်ကွက်လိုက်ခြင်း ဖြစ်သည်။

“သူတို့ပြောထားတာက ကချင်ပြည်နယ်ဒေသခံတွေ ဖွံ့ဖြိုးတိုးတက်မှုအတွက် တည်ဆောက်မယ်လို့ ပြောတယ်။ ဒါဟာ ဟန်ပြချပြတဲ့ ပုံစံဖြစ်နေတယ်။ လုံးဝ ကန့်ကွက်တယ်။ မြစ်ဆုံရေကာတာအထက်မှာ ရှိတဲ့ ဆည်ခုနစ်ခုက ဒီသယံဇာတထဲမှာ အကျုံးဝင်တယ်။ တရုတ်ကုမ္ပဏီက ဆက်လက်တည်ဆောက် မယ်ဆိုရင် အခုဖြစ်နေတဲ့ ပြဿနာထက် ပိုမိုကြီးထွားလာမယ်။ မြန်မာတစ်ပြည်လုံး ငြိမ်းချမ်းဖို့အတွက် အများကြီး ထိခိုက်နိုင်တယ်”ဟု KDNG မှ ဒု-ဥက္ကဋ္ဌ ကိုစာဂျီက ပြောသည်။

ဒီဇင်ဘာ၂၆ ရက်တွင် ထုတ်ပြန်ခဲ့သော အဆိုပါအစီရင်ခံတွင် မြန်မာနိုင်ငံအနေဖြင့် အနာဂတ်တွင် လျှပ် စစ်လိုအပ်ချက် ကြီးကြီးမားမားမရှိသည့်အတွက် အခြားနိုင်ငံများသို့ မြောက်မြားစွာ တင်ပို့ရောင်းနိုင်မည် ဖြစ်ကြောင်း၊ စီမံကိန်းဆောက်လုပ်ရေးဒေသအတွင်း နေရာပြောင်းရွှေ့ခံရသည့် ဒေသခံပြည်သူများ၏ အသက်မွေးဝမ်းကျောင်းမှု လုပ်ငန်းများသည် ၎င်းတို့၏ မူရင်းအဆင့်အတန်းထက် မနိမ့်ကျသော အခြေ အနေတစ်ခုသို့ ရရှိခံစားရမည်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။ ထို့အပြင် ကချင်ပြည်နယ် ခေတ်မီ တိုးတက်စေမည်။ ဒေသစီးပွားရေးအား အသွင်ပြောင်းစေမည်၊ ဒေသခံ ကချင်ယဉ်ကျေးမှုအား တိုးတက် ဖွံ့ဖြိုးစေမည်ဟု ဖော်ပြထားပြီး ဆည်ကြီးခုနစ်ခု ဆောက်လုပ်နေသော ဧရာဝတီမြစ်ဆုံစီမံကိန်းသည် ကချင်ပြည်နယ်အတွက်သာမက မြန်မာတစ်နိုင်ငံလုံးအတွက်ပါ အကျိုးရှိသော စီမံကိန်းတစ်ရပ်အဖြစ် အခိုင်အမာ ပြောဆိုထားသည်။

အစီရင်ခံစာနှင့်ပတ်သက်ပြီး ကိုစာဂျီက “တရုတ်ကုမ္ပဏီတွေကနေပြီး မြန်မာနိုင်ငံက ပြည်သူတွေ ဘယ် လိုနေရမယ်ဆိုတာကို ဆုံးဖြတ်ပေးစရာမလိုဘူး။ ကျွန်တော်တို့ရဲ့ ဒေသခံတွေအတွက် အကျိုးရှိစေမယ့် ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်ပုံစံကို ကျွန်တော်တို့ကိုယ်တိုင်ပဲ ဆုံးဖြတ်ဖို့လိုတယ်”ဟု ဆိုသည်။

၂၀၁၁ ခုနှစ် အစိုးရနှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO တို့ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ပျက် ပြယ်ခဲ့ခြင်းသည် ကချင်ပြည်နယ်ရှိ သယံဇာတ ထုတ်ယူသုံးစွဲမှုအပေါ် အဓိကမူတည်နေပြီး သော့ချက် တစ်ခုဖြစ်သည်ဟုလည်း ၎င်းက မဇိ္ဈမကို ပြောသည်။

လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၆,၀၀၀ ထုတ်လွှတ်နိုင်မည့် မြစ်ဆုံရေကာတာစီမံကိန်းကို ၂၀၀၇ ခုနှစ်မှစတင် ၍ အမှတ် (၁) လျှပ်စစ်ဝန်ကြီးဌာန၊ CPI ကုမ္ပဏီနှင့် အေရှားဝေါလ်ကုမ္ပဏီများက တာဝန်ယူ တည် ဆောက်ခဲ့ရာတွင် မြန်မာတစ်ပြည်လုံး ကန့်ကွက်မှုများကြောင့် ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၃၀ ရက်မှ စတင်၍ သမ္မတဦးသိန်းစိန်က ရပ်ဆိုင်းထားသည်။
Mizzima Burmese

ဘာသာရေးဆန်သည့် ပဋိပက္ခများနောက်မှ အာဏာလုပွဲများ သတိပြုရန် ဂဠုန်နီဆရာတော် မိန့်ကြား


မြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့သော ဘာသာရေးဆန်သည့် ပဋိပက္ခများနောက်ကွယ်တွင် အာဏာလုပွဲများနှင့် ဆက်နွှယ်မှုကို သတိပြုရန် မန္တလေးမြို့မှ ဂဠုန်နီဆရာတော် ဦးကာဝိယက ဇန်န၀ါရီလ ၈ ရက် မန္တလေး မြို့ အိုရီရမ်တယ်ဟောက်စ်ခန်းမတွင် ပြုလုပ်သည့် ငြိမ်းချမ်းရေးအတွက် ဘာသာရေးနှင့် နိုင်ငံရေး ဆွေး နွေးပွဲတွင် မိန့်ကြားခဲ့သည်။

“ဒီခေတ်မှာ ဘာသာရေးပဋိပက္ခတွေနဲ့အတူ အာဏာလုပွဲတွေပါ တွေ့နေရတယ်။ ဘာသာရေး၊ နိုင်ငံရေး ခေါင်းဆောင်တွေကလည်း ကိုယ့်အကျိုးစီးပွားနဲ့ပတ်သက်လာရင် ဘယ်သူသေသေ ငတေမာရင်ပြီးရော ဆိုတဲ့ အနေအထားတွေ ရှိလာတယ်”ဟု ဆရာတော်ဦးကာဝိယက မိန့်ကြားခဲ့သည်။

ထို့ပြင် ဘာသာရေးခေါင်းဆောင်များကလည်း လူမျိုးရေး ဘာသာရေးကို လေးစားတတ်လာစေရန်နှင့် စောင့်ရှောက်တတ်ရန် လုပ်ဆောင်သွားကြရမည်ဖြစ်ပြီး သဘောထားမှန်ကန်မှုရှိအောင် ခေါင်းဆောင် အသီးသီးက ကြိုးစားသွားရမည်ဖြစ်သည်ဟု ဆရာတော်က မိန့်သည်။

ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် အာရှအလင်းရောင်ဆရာတော် ဦးစိနိ္တကလည်း တိုင်းပြည်တွင် အခက်အခဲများ ဖြစ်ပွားလာတိုင်း ဘာသာရေးပဋိပက္ခများ တွေ့ရှိရကြောင်း ယခုအချိန်၌လည်း ငြင်းလို့ မရသည်မှာ နိုင်ငံရေးအခက်အခဲများရှိ၍ ဘာသာရေးပဋိပက္ခများ ဖြစ်ပွားနေသည်ဟု သုံးသပ် မိန့်ကြားခဲ့ သည်။

အစ္စလာမ်ဘာသာရေးခေါင်းဆောင်တစ်ဦးဖြစ်သူ ဒေါက်တာမြင့်သိန်း (ငြိမ်းချမ်းလုလင်)က ခေတ်ကို နား လည်ရန် လိုအပ်ပြီး အထင်အမြင်လွဲမှားမှုများကို သတိပြုရန် လိုအပ်သည်ဟုလည်း ဆိုသည်။

“ဘာသာရေးနဲ့ နိုင်ငံရေးဆိုတာ သီးခြားစီခွဲလို့ ရကောင်းတာမဟုတ်ဘူး။ မြန်မာ့လွတ်လပ်ရေးမှာ နယ်ချဲ့ တွေကို တိုက်ထုတ်တုန်းက ဘာသာရေးဟာ တွန်းအားဖြစ်ခဲ့သလို၊ ဘာသာပေါင်းစုံရဲ့ အသက်သွေးချွေး တွေ ရင်းနှီးပြီး ရယူခဲ့တာဖြစ်တယ်။ အကြမ်းဖက်မှုကို ဘယ်ဘာသာကမှ အားမပေးဘူးဆိုတာ ရှင်းရှင်း လင်းလင်း သိဖို့လိုပါတယ်”ဟု ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ပဋိပက္ခများဖြစ်ပွားခဲ့ပြီးနောက် နိုင်ငံတော်မှကြီးမှူး၍ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ် ရေးအဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး မန္တလေးမြို့အပါအ၀င် အခြားသောဒေသများ၌လည်း အောက်ခြေအဖွဲ့များကို ပါ ဆက်လက် ဖွဲ့စည်းခဲ့သည်။

၂၀၁၂ ခုနှစ် ဇွန်လမှ ရခိုင်ပြည်နယ်မှ ပဋိပက္ခများ စတင်ခဲ့ပြီး ၂၀၁၃ မတ်လတွင် မိတ်္ထီလာ၊ လားရှိုး၊ဥက္ကံ၊ မင်းလှမြို့များတွင်ပါ ဖြစ်ပွားခဲ့သည်။
Mizzima Burmese

ကုန်ပိုတင်သည့် ခေါက်တိုယာဉ်များကို စတင်အရေးယူတော့မည်


မန္တလေးမြို့တွင် ပြေးဆွဲနေသည့် ခေါက်တိုယာဉ်များ သတ်မှတ်ကုန်ချိန်ထက် ကုန်ပိုတင်ဆောင်ပါက ထိ ရောက်စွာ အရေးယူတော့မည်ဟု မန္တလေးတိုင်း ကုန်တင်ယာဉ်နှင့် ခေါက်တိုယာဉ်လုပ်ငန်းများ ကြီးကြပ် ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးသန်းအောင်က ပြောသည်။

“၀န်ကြီးက ထိထိရောက်ရောက် အလုပ်လုပ်ပါလို့ ညွှန်ကြားထားတဲ့အတွက် ဒီလကစပြီး အရေးယူသွား မှာပါ။ သတ်မှတ်အမြင့်ပေထက် ပိုတင်လာတဲ့ ကားတွေကို စစ်ဆေးတွေ့ရှိရင် မြို့ထဲကိုအ၀င်မခံဘဲ ပြန် လှည့်ခိုင်းမယ်။ ပိုတင်လာတဲ့ပစ္စည်းတွေကို ပြန်ချခိုင်းမယ်။ သူတို့ အဲလို အချိန်မကုန်ချင်ရင်တော့ သတ် မှတ်တဲ့အတိုင်းပဲ တင်ဆောင်ရမယ်”ဟု ဦးသန်းအောင်က ပြောသည်။

ကုန်းလမ်းနှင့် ပြည်တွင်းရေကြောင်းသယ်ယူပို့ဆောင်ရေး မော်တော်ယာဉ်ဥပဒေအရ ကုန်တင်ယာဉ်နှင့် ခေါက်တိုယာဉ်များသည် ယာဉ်အောက်ခြေမြေပြင်မှ တိုင်းတာလျှင် ၁၂ ပေအထိသာ ကုန်ပစ္စည်း တင် ဆောင်ရမည်ဟု သတ်မှတ်ထားသည်။ ကုန်ပစ္စည်းများ သယ်ဆောင်ရာတွင် ကုန်ပေါ့၊ ကုန်ကျစ်အဖြစ် သတ်မှတ်ထားသော်လည်း အမြင့်ပေသတ်မှတ်ချက်ကိုမူ ၁၂ ပေအထိသာ တင်ဆောင်ခွင့်ပြုထားသည်။

မြို့တွင်းခေါက်တိုယာဉ်များ၏ တင်ဆောင်နိုင်သော ကုန်စည်အလေးချိန်မှာ မော်တော်ယာဉ်များအလိုက် ကနဦးယာဉ်မှတ်တမ်းတင်စဉ်က ယာဉ်အရွယ်အစားအလိုက် သတ်မှတ်ခွင့်ပြုထားသည့် တင်နိုင်သည့် ၀န်အတိုင်းသာ သယ်ယူခွင့်ရှိသည်ဟု မန္တလေးတိုင်း ကုန်တင်ယာဉ်နှင့် ခေါက်တိုယာဉ်လုပ်ငန်းများ ကြီး ကြပ်ရေးကော်မတီက ထုတ်ပြန်ထားသည်။ မန္တလေးမြို့အခြေစိုက် ခေါက်တိုယာဉ်အသင်းပေါင်း၁၃သင်း ရှိကာ ယာဉ်အစီးရေ ၄၅၀ ခန့်ရှိသည်ဟု သိရသည်။
Mizzima Burmese

မြန်မာ၊ မသန်စွမ်းအလုပ်အကိုင်အခွင့်အလမ်းအတွက် ပညာရှင်များ ဆွေးနွေးမည်


မသန်စွမ်းသူများ၏ အလုပ်အကိုင်အခွင့်အလမ်းများနှင့်ပတ်သက်ပြီး အာရှနိုင်ငံများ၌အောင်မြင်နေသည့် မသန်စွမ်း စီးပွားရေးလုပ်ငန်းရှင် ခုနစ်ဦးက ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များနှင့် လာရောက် ဆွေးနွေး မည်ဖြစ်သည်ဟု မြန်မာနိုင်ငံ မသန်စွမ်းသူများရှေ့ဆောင်အဖွဲ့မှ program director ဦးနေလင်းစိုးက ဇန်န၀ါရီ ၉ ရက်တွင် မဇ္ဈိမကို ပြောသည်။

ဦးနေလင်းစိုးက “မြန်မာနိုင်ငံက စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ နှစ်ရက်တာ တွေ့ဆုံပြီး သူတို့ရဲ့ အတွေ့ အကြုံတွေနဲ့ မြန်မာနိုင်ငံက မသန်စွမ်းတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေအကြောင်းကို ပြော ဆိုဆွေးနွေးသွားမှာပါ”ဟု ပြောသည်။

အဆိုပါဆွေးနွေးပွဲကို လာမည့် မတ်လ ၂၀ နှင့် ၂၁ ရက်များတွင် ပြုလုပ်မည်ဖြစ်ပြီး ကျင်းပမည့်နေရာကို အတိအကျ မသိရသေးပေ။ လာရောက်ဆွေးနွေးမည့် စီးပွားရေးလုပ်ငန်းရှင်ခုနစ်ဦးမှာ ဖိလစ်ပိုင်၊ ဗီယက် နမ်၊ ထိုင်း၊ ကမ္ဘောဒီးယားနှင့် မလေးရှားနိုင်ငံများတွင် အိုင်တီလုပ်ငန်း၊ အနှိပ်လုပ်ငန်းတို့တွင် အောင်မြင်
နေသော လုပ်ငန်းရှင်များဖြစ်သည်။

ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံရှိ မသန်စွမ်းများ လုပ်ကိုင်နိုင်သည့် အလုပ်ဟု သတ်မှတ်ထားသော အနှိပ်၊ စက်ချုပ်အပြင် မည်သည့်အလုပ်များ လုပ်ကိုင်နိုင်သေးသည်ဟူသော အချက်များ၊ ပြည်တွင်းလုပ်ငန်းရှင် များအနေဖြင့် မသန်စွမ်းများကို မည်သည့်အလုပ်များတွင် ခန့်ထားပေးနိုင်ခြင်း၊ လုပ်ငန်းရှင်များနှင့် မသန် စွမ်းများ တွေ့ကြုံနိုင်သည့် လုပ်ငန်းခွင်အတွေ့အကြုံများကို ဆွေးနွေးသွားမည်ဖြစ်သည်။
Mizzima Burmese

နိုင်ငံခြားဖြစ်အဖျော်ယမကာဈေးနှုန်း ယခင်ပုံမှန်အတိုင်း ပြန်ဖြစ်


ဖမ်းဆီးမှုများကြောင့် တစ်လခန့် ဈေးကွက်တုံ့ဆိုင်းခဲ့မှုကြောင့် မြင့်တက်ခဲ့သော နိုင်ငံခြားဖြစ်အဖျော် ယမကာဈေးနှုန်းများသည် ယခုအခါတွင် ယခင်ပုံမှန်ဈေးနှုန်းများသို့ ပြန်လည်ကျဆင်းနေပြီဖြစ်သည်ဟု ဆိုင်ရှင်များကပြောကြားသည်။

Mobile Team (တရားမ၀င်ကုန်သွယ်မှုတားဆီးရေးအဖွဲ့) ၏ ဖမ်းဆီးမှုများကြောင့် နိုင်ငံခြားဖြစ် အဖျော် ယမကာများကို ရောင်းချမှုရပ်နားထားခဲ့ရာမှ City Mart စူပါမားကတ်နှင့် အခြားဆိုင်အချို့တွင် ပြန် လည်ရောင်းချလာပြီဖြစ်ခြင်းကြောင့် ဈေးနှုန်းများ ပုံမှန်ဈေးနှုန်းများပြန်ဖြစ်လာခြင်းဖြစ်သည်ဟု ယင်း တို့က ဆိုသည်။

လမ်းမတော်မြို့နယ်ရှိအဖျော်ယမကာ ရောင်းချသည့် အမည်မဖော်လိုသည့် စတိုးဆိုင်ရှင်တစ်ဦးက “အဲ့ဒီအချိန်တုန်းကတော့ (အဖမ်းအဆီးများပြုလုပ်စဉ်က)ဈေးကွက်ထဲမှာ နိုင်ငံခြားအရက်တွေ ရှားပါး ကုန်တာက ဟုတ်ပါတယ်။ ဈေးကတော့ တစ်ဆိုင်နဲ့ တစ်ဆိုင်မတူပါဘူး။ ဒီဘက်မှာတော့ ဈေးတွေ နှစ်ဆလောက်ဖြစ်ကုန်တာတော့ မရှိပါဘူး။ တစ်ထောင်၊ နှစ်ထောင်လောက်တက်သွားတာတော့ရှိနိုင် ပါတယ်၊ အခုကတော့ ပုံမှန်ဈေးတွေပါပဲ” ဟု ပြောသည်။

City Mart Holding Co.,ltd ၏ပြောရေးဆိုခွင့်ရှိသူ ဒေါ်မေဇင်စိုးထက်က City Mart ဆိုင်ခွဲများတွင် ဇန်န၀ါရီလဆန်းမှ စတင်ကာ နိုင်ငံခြားဖြစ် အဖျော်ယမကာများကို အရေအတွက်အနည်းငယ်ဖြင့် ပြန် လည်ရောင်းချနေပြီဟု မဇ္ဈိမသို့ ပြောကြားထားသည်။

တာမွေမြို့နယ်တွင်နေထိုင်သည့် နိုင်ငံခြားဖြစ်ယမကာသုံးစွဲသူတစ်ဦးက “ဟိုတစ်လလောက်ကအခြေ အနေတွေကြောင့်တော့ ဆိုင်တွေက သိပ်မတင်ကြဘူး။ မရောင်းကြတာတော့မဟုတ်ဘူး။ ရောင်းတဲ့ ဆိုင်လဲ ရောင်းကြတယ်။ ဈေးတက်တုန်းကတော့ တစ်ပုလင်းကို နှစ်ထောင်၊ သုံးထောင်လောက်တက် သွားတယ်။ အခုတော့ ဆိုင်တော်တော်များများ ပြန်ရောင်းနေကြတာပဲ။ အခုတော့ ဈေးကပုံမှန်ဖြစ်နေ ပြီ” ဟု ပြောသည်။

လက်ရှိဈေးကွက်အတွင်း၌ နိုင်ငံခြားဖြစ်ယမကာများဖြစ်သည့်Red Label ၀ ဒသမ ၇ လီတာတစ်လုံး လျှင် ၁၂၀၀၀ ကျပ်၊Black Label  ၀ ဒသမ ၇ တစ်လုံး လီတာလျှင် ၂၃၀၀၀ ကျပ်၊Chivas ၀ ဒသမ ၇ လီတာတစ်လုံးလျှင် ၂၅၀၀၀ ကျပ်၊Jack Daniel ၀ ဒသမ ၇ လီတာ တစ်လုံးလျှင် ၂၀၀၀၀ ကျပ်၊Jim Beam ၀ ဒသမ ၇ တစ်လုံးလီတာလျှင် ၁၀၀၀၀ ကျော်၊Single Malt ၀ ဒဿမ ၇ လီတာ တစ်လုံးလျှင် ၃၀၀၀၀ ကျပ် ၀န်းကျင်ခန့် ဈေးရှိနေသည်။
Mizzima Burmese

စက်မှုကဏ္ဍတိုးတက်ရေး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုက အဓိကမောင်းနှင်မည်


လာမည့်ဘဏ္ဍာနှစ်တွင် စက်မှုကဏ္ဍပမာဏအများအပြားတိုးတက်မည်ဟု လျာထားသော်လည်း ပြည်တွင်းလုပ်ငန်းများထက် အဓိကအားဖြင့် ပြည်ပမှဝင်ရောက်လာမည့် ရင်းနှီးမြှုပ်နှံမှုများကြောင့်သာ ဖြစ်နိုင်ဖွယ်ရှိသည်ဟု နိုင်ငံတော်သမ္မတစီးပွားရေးအကြံပေးအဖွဲ့ဝင် စီးပွားရေး ပညာရှင်ဒေါက်တာ ဇော်ဦးက မဇ္ဈိမသို့ ဇန်န၀ါရီ ၉ ရက်တွင်ပြောကြားသည်။

ဇန်န၀ါရီ ၆ ရက်တွင် နေပြည်တော်၌ ကျင်းပသည့် စီမံကိန်းကော်မရှင်၏ ပဉ္စမအကြိမ်မြောက်အစည်း အဝေးပွဲတွင် အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက် တာ ကံဇော်က ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ကဏ္ဍအလိုက် တိုးတက်မှုနှုန်းများအဖြစ် လယ်ယာကဏ္ဍ ၃ ဒသမ ၉၊ စက်မှု ကဏ္ဍ ၁၀ ဒသမ ၄ နှင့် ၀န်ဆောင်မှုကဏ္ဍ ၁၂ ဒသမ ၄ ရာခိုင်နှုန်းတို့ဖြစ်သည်ဟု ပြောကြားခဲ့သည်။

ဒေါက်တာဇော်ဦးက “၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှ စက်မှုကဏ္ဍကို ၁၀ ရာခိုင်နှုန်းကျော် တိုးတက်နိုင်တယ် ဆိုတာက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း အကြီးစားတွေ ၀င်လာမယ့်အနေအထားရှိနေတာကြောင့် အဲဒီ ကိန်းဂဏန်းကို လျာထားတာပါ။ ဒါပေမဲ့ ပြည်တွင်းက အသေးစားနဲ့ အလတ်စားလုပ်ငန်းတွေရဲ့ ဖွံ့ဖြိုး မှုဆိုတဲ့နေရာမှာကျတော့ လျှပ်စစ်တို့၊ လမ်းတို့ဆိုတဲ့ အခြေခံအဆောက်အအုံတွေက မပြည့်စုံသေးတဲ့ အတွက် ဘဏ္ဍာနှစ်တစ်ခုတည်းအတွင်းမှာ ဒီလောက်ပမာဏတိုးတက်ဖို့မဖြစ်နိုင်ဘူး။ တစ်ချိန်မှာတော့ တိုးတက်လာမှာပေါ့။ ရေတိုအနေနဲ့တော့ ၁၀ ရာခိုင်နှုန်းကျော် တိုးတက်ဖို့က မဖြစ်နိုင်ဘူး” ဟု ပြော သည်။

အထက်ပါကဲ့သို့ အခြေခံအဆောက်အအုံများမပြည့်စုံမှုအပြင် ပြည်တွင်းလုပ်ငန်းများအနေဖြင့် ငွေကြေး အရင်းအနှီးလိုအပ်ချက်ကြောင့် လုပ်ငန်းများကိုတိုးချဲ့ရန် အခက်အခဲရှိနေကြောင်း မြန်မာနိုင်ငံငါးလုပ် ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌဦးနှင်းဦးက မဇ္ဈိမသို့ ပြောသည်။

ယင်းက “အဓိကတော့ ပြည်တွင်းလုပ်ငန်းတွေတိုးချဲ့ဖို့က ဘဏ်တွေရဲ့အခန်းကဏ္ဍက တိုးတက်လာမှု သိပ်မရှိဘူး။ ငွေကြေးထောက်ပံ့ပေးနိုင်မှုကလဲ ဘာမှထိထိရောက်ရောက်မရှိသေးဘူး။ ငွေကြေးနဲ့ လျှပ် စစ်က အဓိကအရေးကြီးနေတယ်” ဟု ပြောသည်။

ယခင်က မြန်မာနိုင်ငံသို့ ၀င်ရောက်သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများသည် သဘာဝအရင်းအမြစ်ပေါ် အခြေခံသည့် ရေအားလျှပ်စစ်၊ ရေနံနှင့်သဘာဝဓာတ်ငွေ့၊ ဓာတ်သတ္ထုတူးဖော်ရေးတို့သာ အများဆုံး ဖြစ်ခဲ့ရာမှ ၂၀၁၃ ခုနှစ်တွင် ၀င်ရောက်လာသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာသန်း ၁၈၀၀ ကျော် အနက် ၈၀ ရာခိုင်နှုန်းသည် စက်မှုကဏ္ဍကို အခြေခံသည့် ရင်းနှီးမြှုပ်နှံမှုများဖြစ်သည်ဟု ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများမှတ်ပုံတင် ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောကြားခဲ့ သည်။

ဗြိတိန်နိုင်ငံအခြေစိုက် စီးပွားရေးဆိုင်ရာ သုတေသနနှင့် အကြံပေးအဖွဲ့ (Maplecroft) ၏ ထုတ်ပြန်ချက် တွင် ၂၀၁၄ ခုနှစ်အတွက် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန်အကောင်းဆုံးနိုင်ငံများစာရင်းတွင် မြန်မာနိုင်ငံပါဝင် သည်။
Mizzima Burmese

အများသုံးလမ်းမြေပေါ်တွင် စည်ပင်ရုံးနှင့် ဈေး ဆောက်ထားခြင်းကို ဖယ်ရှားပေးရန် ဆန္ဒထုတ်ဖော်


သင်္ဃန်းကျွန်းမြို့နယ်၊ ဦးစံဖေရပ်ကွက် အတွင်းရှိ အနော်ရထားလမ်းပေါ်တွင် စည်ပင်ရုံးနှင့် ဈေး ဆောက်ထားခြင်းကို ဖယ်ရှားပေးရန် ဇန်နဝါရီလ ၁၀ရက် နံနက်က ရပ်ကွက်သားများနှင့် ဈေးသူဈေးသားတို့က ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ (ဓာတ်ပုံ- နန်းမြင့်)
ရန်ကုန်၊ မဇ္ဈိမ။      ။ သင်္ဃန်းကျွန်းမြို့နယ်၊ ဦးစံဖေရပ်ကွက် အတွင်းရှိ အနော်ရထားလမ်းပေါ်တွင် စည်ပင်ရုံးဆောက်ထားသည်ကို ဖယ်ရှားပေးရန်နှင့်

လမ်းမြေကို ဈေးအဖြစ်
ဆောက်ထားခြင်းကို ကန့်ကွက်သည့် အနေဖြင့် ရပ်ကွက်သားများနှင့် ဈေးသူဈေးသားများက ပထမအကြိမ် ဆန္ဒဖော်ထုတ်မှု ဇန်န၀ါရီ ၁၀ရက် နံနက်၉နာရီမှ ၁၁နာရီအထိ
သင်္ဃန်းကျွန်းဈေးကြီး အရှေ့၌ ပြုလုပ်ခဲ့သည်။

သင်္ဃန်းကျွန်းဈေးကြီး၏ အရှေ့ဘက်ရှိ အနော်ရထာလမ်းကို ဈေးဧရိယာအတွင်း ထည့်သွင်းထားပြီး ၄င်းလမ်းမြေပေါ်တွင် အဆာက်အဦးများဆောက်လုပ်နေ၍ တားမြစ်ပေးရန်နှင့်
အများသုံးလမ်းအဖြစ် ဆောင်ရွက်ပေးရန် ဆန္ဒထုတ်ဖော်ခြင်းဖြစ်သည်ဟု ဆန္ဒပြသူများက ဆိုသည်။

ဆန္ဒပြခွင့်တောင်းဆိုသည့် ဦးစံဖေရပ်ကွက်မှ ဦးချန်းမြေ့က “စည်ပင်ရုံးဝင်လုပ်တော့ လမ်းပျောက်တော့မယ်။ ဈေးခရိုင်ရုံတည်ဆောက်နေတာ ပေ၈၀ နှစ်ထပ်တောင်။
ဒီလမ်းက မီးတားလမ်းဖြစ်တဲ့အတွက် လမ်းလည်းဖြစ်တယ်။ ဈေးအတွက်လည်းကောင်းတယ်။ ရပ်ကွက်လည်းကောင်းတယ်။ ဒီလမ်းကို ဈေးသူဈေးသား၊ ရပ်ကွက်သူ၊
ရပ်ကွက်သား အားလုံးအဆင်ပြေအောင် လမ်းကိုလမ်းအတိုင်းထားပေး၊ ရန်ကုန်တိုင်းစည်ပင်သာယာရေးအဖွဲ့က နိုဝင်ဘာလမှာ ဆုံးဖြတ်ချက်အရ ဈေးနယ်မြေထဲထည့်တယ်။
လမ်းကို ဈေးနယ်မြေထဲ ထည့်လို့ရပါသလား။ အဲဒါအတွက်ကို ဆန္ဒထုတ်ဖော်တာပါ အင်္ဂလိပ်ခေတ်တည်းက ဆာဗေးမြေပုံမှာ လမ်းရှိထားတယ်။ ဆက်လုပ်မယ်ဆိုရင် ပြင်းထန်သော
ကြွေးကြော်မှုနဲ့ ဟောပြောပွဲတွေပါလုပ်မယ် ”ဟု ပြောသည်။

သင်္ဃန်းကျွန်းဈေးကြီး ဧရိယာအတွင်းသို့ အနော်ရထာလမ်းမြေအား ထည့်သွင်းထားပြီး လမ်းမြေနှင့် ရပ်ကွက်ထိစပ်ရာ နေရာတွင် အုတ်တံတိုင်းကာထားပြီး အဆောက်အဦးနှင့်
ယင်းအုတ်တံတိုင်းအကြား ဆားဗစ်ကန်နှင့် အရှေပိုင်းခရိုင်ဈေးများဌာနမှ ဈေးရုံအဆောက်အဦးဆောက်ရန် မြေတူးထားသည်။ လေးထောင့်ကန်လမ်းနှင့် ဘုရင့်နောင်လမ်းကြားရှိ
နောက်ဖေးလမ်းကြားကိုလည်း ပိတ်ထားပြီး အုတ်တံတိုင်းကာထားခြင်းတို့ လုပ်ဆောင်ထားသည်ဟု ဆိုသည်။

သင်္ဃန်းကျွန်းဈေး၊ ဈေးတာဝန်ဒေါ်သင်းသင်းညွန့်က “ဈေးကို စပြီးတည်ဆောက်တဲ့အခါမှာ ဈေးဆိုင်ခန်းတွေကို ဘယ်လိုပုံ လိုချင်လဲဆိုတာ သူတို့ကို ဆန္ဒခေါ်ယူထားပြီးသား
ပထမတစ်ထပ်လုံးမှာ တစ်ပြေးညီလိုချင်ပါတယ်ဆိုတဲ့အတွက် စည်ပင်ရုံးခန်းနေရာကိုပါ ဈေးသည်ကို အကွက်ရိုက်ချပြီး ဈေးသည်တွေကို ပြန်ပေးလိုက်တာ။ ဈေးတာဝန်ခံရုံးနေရာ
မရှိတဲ့အတွက်ကြောင့် ဒီအပြင်ဘက်မှာ ဈေးရုံးခန်းဆောက်ရတာ”ဟု ပြောသည်။

သင်္ဃန်ကျွန်းမြို့နယ်၊ ဦးစံဖေရပ်ကွက်၊ အနော်ရထာလမ်းနှင့် ကပ်လျက်ရှိ ခြံအမှတ် ၈၀မှ ဒေါ်အေးအေးဝင်းက“ အန်တီခြံကိုပါ ၀င်လို့မရထွက်လို့မရအောင်ပိတ်လိုက်တယ်။ ဆန္ဒပြတာကို
အားပေးတယ်။ ထောက်ခံတယ်။ လမ်းကို ပိတ်လိုက်တဲ့အတွက် မီးလောင်မယ်ဆိုရင် ဘယ်လိုမှ ကားဝင်ဖို့တောင်အဆင်မပြေဘူး”ဟုပြောသည်။

အဆိုပါ အနော်ရထားလမ်းမြေပြန်လည်ရရှိရေးအတွက် သင်္ဃန်းကျွန်းမြို့နယ်၊ ဦးစံဖေရပ်ကွက်သူ၊ ရပ်ကွက်သားများနှင့် ဈေးသူ၊ ဈေးသားများက လေးထောင့်ကန်လမ်းမကြီး သင်္ဃန်းကျွန်း
ဈေးကြီးရှေ့မှ စတင်ကာ ဇဗ္ဗူဒိတ်လမ်း၊ ဦးစံဖေလမ်းနှင့် အနော်ရထားလမ်းတို့ကို နှစ်ပတ်ပတ်ပြီး လူအင်အား ၃၀၀ခန့်ဖြင့် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့သည်။

အဆိုပါ အနော်ရထာလမ်း အကျယ်သည် ၅၀x၂၅၀ပေ ရှိသည်။  သင်္ဃန်းကျွန်းရဲစခန်းတွင် ယင်းလမ်းပြန်လည်ရရှိရေးအတွက် ဆန္ဒပြရန်ခွင့်ပြုချက်ကို ဇန်န၀ါရီ ၅ရက်တွင် ခွင့်ပြုချက်
တင်ကာ ၁၀ရက်နေ့တွင် ခွင့်ပြုချက်ရရှိသဖြင့် တရားဝင် ဆန္ဒထုတ်ဖော်ခဲ့ခြင်း ဖြစ်သည်။
Mizzima Burmese

ကိုယ်ပိုင်ကျောင်း တည်ထောင်ဖွင့်လှစ်လိုသူများနှင့် ကိုယ်ပိုင်ကျောင်းဆရာ အဖြစ် လျှောက်ထားလိုသူများအား လျှောက်လွှာတင်သွင်းခွင့်ပြု


၂ဝ၁၄-၂ဝ၁၅ ပညာသင်နှစ်အတွက် ကိုယ်ပိုင်ကျောင်းများကို တည်ထောင် ဖွင့်လှစ်ခွင့် ပြုမည်ဖြစ်ရာ ကိုယ်ပိုင်ကျောင်း မှတ်ပုံတင် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ကိုယ်ပိုင်ကျောင်း တည်ထောင်ဖွင့်လှစ်လိုသူများ၊ ကိုယ်ပိုင်ကျောင်းဆရာအဖြစ် လျှောက်ထားလိုသူများသည် ဇန်နဝါရီ ၁၃ ရက်မှစတင်၍ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် ပညာရေးမှူး ညွှန်ကြားရေးမှူးရုံးများတွင် ကိုယ်ပိုင်ကျောင်း မှတ်ပုံတင် လျှောက်လွှာ နှင့် ကိုယ်ပိုင်ကျောင်းဆရာ မှတ်ပုံတင် လျှောက်လွှာများကို ထုတ်ယူနိုင်ပြီး ဇန်နဝါရီ ၃ဝ ရက်ထက် နောက်မကျစေဘဲ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် ပညာရေးမှူး ညွှန်ကြားရေးမှူးရုံးများသို့ တိုက်ရိုက် လျှောက်ထားရမည် ဖြစ်ကြောင်းနှင့် (ယာယီ/စမ်းသပ်) ခွင့်ပြုချက်ကာလ ကုန်ဆုံးသည့် ကိုယ်ပိုင်ကျောင်းများ သည်လည်း ကိုယ်ပိုင်ကျောင်းမှ မှတ်ပုံတင် လျှောက်လွှာအသစ် ပြန်လည်တင်သွင်းရမည် ဖြစ်ကြောင်း သတင်းရရှိသည်ဟု ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားပါသည်။
khit lu nge

သီပေါမြို့အားကစားကွင်း ဘက်စုံပြုပြင်ရန် လိုအပ်လျက်ရှိနေ


သီပေါ၊ ဇန်နဝါရီ ၁၀။
သီပေါမြို့နယ်အတွင်း ဒေသအတွင်းရှိလူငယ်များအနေဖြင့် အားကစားဖက်တွင် ပြန်လည်စိတ်ပါဝင်စား လာစေရန်အတွက် အစဉ်အလာကောင်းမွန်ခဲ့သော စံချိန်မီ အားကစားကွင်းအား ပြန်လည်ပြုပြင်ပေးစေလိုကြောင်းသီပေါဒေသခံများနှင့် အားကစားသမားဟောင်းများမှ ပြောကြားသည်။
” ဒီကွင်းက အစဉ်အလာကောင်းခဲ့တယ့်ကွင်းပါ၊ မီတာ (၄၀၀) အပြည့်ကွင်း ဖြစ်ပါတယ်၊ အရင်တုန်းက ရှမ်းမြောက်မှာ နမ္မတူကွင်းပြီးရင် အကောင်းဆုံး အားကစားကွင်း ဖြစ်ခဲ့ပါတယ်၊ ဘယ်လိုအားကစားမျိုးကိုမဆို
လေ့ကျင့်လို့ရတယ်၊ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားကောင်းတွေလည်း အများကြီး ပေါ်ထွက်ခဲ့တယ့် ကွင်းပါ” ဟု သီပေါမြို့၊ အားကစားသမားဟောင်းဖြစ်သူ ဦးမျိုးမြင့်က ပြောသည်။

လက်ရှိတွင် အားကစားကွင်းမှာ ဘက်စုံပျက်စီးယိုယွင်းနေပြီး ဘောလုံးကွင်းအတွင်း၌လည်း အားကစားဝန်ထမ်း အချို့မှ နွားမွေးမြူခြင်း၊ စိုက်ခင်းများ စိုက်ပျိုးထားခြင်း၊ အချို့နွားကျောင်းသူများ၏ စားကျက်မြေနှင့် လူအများ ဖြတ်သန်း သွားလာရာ နေရာတစ်ခုဖြစ်နေရကြောင်း ဒေသခံအချို့မှပြောသည်။
” ကွင်းက ၁၉၈၆ ခု သီပေါမြို့ ရေကြီးတဲံအချိန်မှာ ပျက်စီးသွားလို့ ဒေသခံတွေ၊ အားကစားသမားတွေ၊ အကျဉ်းထောင်ဝန်ထမ်းတွေ စုပေါင်းဝိုင်းဝန်းပြီး ပြုပြင်လိုက်တာမှာ ရှမ်းမြောက်အကောင်းဆုံးကွင်း ဖြစ်ခဲ့ပါတယ်၊ အခုတော့ လုံးဝကို ပျက်စီးနေတာပါ၊ လူငယ်တွေအနေနဲ့ကော၊ ဒေသခံတွေအနေနဲ့ပါ အားကစားကွင်းကို သေချာအရင်လို စံချိန်မီတဲ့ကွင်းဖြစ်အောင် ပြန်လည်ပြုပြင်ပြီး လူငယ်တွေကို အားကစားမှာ ပြန်ပြီး အာရုံစိုက်လာနိုင်အောင် စနစ်တကျ ဆောင်ရွက်စေချင်တာပါ ” ဟု သီပေါဒေသခံတစ်ဦးမှ ပြောသည်။

လက်ရှိတွင် ကွင်းမှာ အိမ်ခြေမဲ့များနှင့် ဒုစရိုက်သမားများ ပေါင်းစုံစုဝေးရာ နေရာတစ်ခုဖြစ်နေပြီး ပွဲကြည့်စင်မှာလည်း ယိုယွင်းပျက်စီးနေသဖြင့် ပြုပြင်ရန် လိုအပ်နေကြောင်း ကွင်း၏ရန်ပုံငွေအဖြစ် ကွင်းဘေးတစ်လျှောက် ဆိုင်ခန်းပေါင်း (၆၈)
ခန်းရှိနေပြီး တစ်နှစ်လျှင် ရန်ပုံငွေကျပ်သိန်း (၂၀) ခုနစ်သောင်း ရရှိနေသော်လည်း ပြုပြင်မှု အားနည်းနေကြောင်း ဒေသခံများမှ ပြောသည်။

အဆိုပါကိစ္စအတွက် သီပေါမြို့၊ အား/ကာမှူးအား တွေ့ဆုံမေးမြန်းရာတွင် ကွင်းပြန်လည်ပြင်ဆင်ရေးအတွက် ယခုလမှ စတင်ကာ ပြေးလမ်းဖော်ဆောင်မှု လုပ်ဆောင်နေပြီး ပွဲကြည့်စင်ပြန်လည် ပြင်ဆင်ရေးအတွက်နှင့် အားကစား လေ့ကျင့်မှုများ ပြန်လည်ပြုလုပ်နိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၀န်ထမ်းများအား ကွင်းအတွင်း
တိရစ္ဆာန်မွေးမြူရေး မပြုလုပ်ရန်ကိုလည်း တာမြစ်ထားသည်ဟု အား/ ကာမှူး ဒေါ်သန်းဇော်မာက ဆိုသည်။
စိုင်းကံသာ (လားရှိုး)
The Myanma Age

Hot News Weekly ( vol-4, no-174 )

Myanmar Journal Download Free

အကျယ်ချဲ့ကြည့်ရန်





သေနတ်တွေအားလုံး ချထားပြီး တည်ဆောက်နေတဲ့ ငြိမ်းချမ်းရေးမျိုး ဖြစ်ရမည်

ကိုမင်းကိုနိုင်

လက်ရှိအစိုးရနဲ့ ပြည်တွင်းတိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ သေနတ်တွေ ချထားပြီး တည်ဆောက်နေတဲ့ ငြိမ်းချမ်းရေမျိုး ဖြစ်ရမယ်လို့ ၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ပြောပါတယ်။

လက်ရှိအစိုးရအနေနဲ့ ပြည်တွင်းလက်နက်ကိုင် တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေးတွေရဖို့ ညှိနှိုင်းဆွေးနွေးနေသော်လည်း တဖက်မှာ အပစ်အခတ်တွေ ရှိနေသေးပါတယ်။
တိုင်းရင်းသားတွေနဲ့ အပစ်အခတ်တွေ ရှိနေသေးတဲ့အတွက် ဒီလုပ်ငန်းစဉ်တွေဟာ သေနတ်တွေ ချထားပြီး တည်ဆောက်နေတဲ့ ငြိမ်းချမ်းရေမျိုး ဖြစ်ရမယ်လို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးမင်းကိုနိုင်က အခုလို ပြောပါတယ်။

“ကျနော်တို့ နားလည်တဲ့ ငြိမ်းချမ်းရေးဆိုတာက သေနတ်သံတွေ ဆိတ်နေရုံနဲ့တော့ မရဘူး။ သေနတ်သံ ဆိတ်နေတာဟာ သေနတ်မောင်းတင်နေတာမျိုး မဖြစ်ရဘူး။ သေနတ်တွေ အားလုံး ချထားပြီးတော့ တည်ဆောက်နေတဲ့ ငြိမ်းချမ်းရေးမျိုး ဖြစ်ရမယ်။ အဲဒီအတွက်ဆိုရင် ဒီ ၂ ခုမှာ ဘယ်ဟာက အရင်စရမလဲ ဆိုတဲ့ ပြဿနာက ရှေ့တန်းရောက်လာတယ်။ သေချာတာ တခုကတော့ တယောက်နဲ့ တယောက် တကယ် ယုံကြည် စိတ်ချတယ်ဆိုရင် ဘယ်လိုပဲ လုပ်လုပ် ရတယ်ဗျ။ အဲဒီတော့ လက်နက်ကိုင်နဲ့ အစိုးရက ယုံကြည်မှုကို ဘယ်လို ပြကြမလဲ။ ယုံကြည်အောင် လုပ်လိုက်ရင် ယုံတယ်ပေါ့ဗျာ။ အဓိကက အဲဒါပဲ။ ဘယ်ဟာက ပထမဆိုတာက ငြင်းကြရင် ဆုံးမှာ မဟုတ်ဘူး။”

ဒီနှစ် နှစ်လည်လောက်မှာ နှစ်ဘက်သဘောတူညီတဲ့ နိုင်ငံရေးအရ ဆွေးနွေးပွဲတွေ ဖြစ်လာဖို့ မျှော်လင့်တယ်လို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ ဦးလှမောင်ရွှေက အခုလို ပြောပါတယ်။

“နှစ်ဘက် သဘောတူညီနိုင်အောင်လို့ နိုင်ငံရေး ဆွေးနွေးပွဲတွေ လုပ်ဖို့အတွက် မူဘောင်ချမှတ်ရေး အစည်းအဝေးတခုတော့ ရှိလိမ့်မယ်။ ကျနော်တို့ ရည်မှန်းချက်ကတော့ ဖြစ်နိုင်ဖွယ်ရှိရင် အစစအရာရာ အဆင်ပြေမယ်ဆိုရင် အခု ဇန်န၀ါရီလထဲမှာ လေးဝါးမှာ ဘားအံပွဲ ရှိမယ်။ ဒါပြီးရင် ဖေဖော်ဝါရီလထဲမှာ လက်မှတ်ရေးထိုးနိုင်ဖို့ ကျနော်တို့ အနေနဲ့ မျှော်လင့်ထားတယ်။ ပြီးရင် မတ်လထဲမှာ မူဘောင်ချမှတ်ရေး အစည်းအဝေးလို ဟာမျိုးတွေ ရှိနိုင်သေးတော့ ဧပြီ မေလောက်မှာ နိုင်ငံရေး ဆွေးနွေးပွဲ စနိုင်မယ်ဆိုရင်တော့ ကျနော်တို့အတွက် ပိုပြီးတော့ အားလုံးမျှော်လင့်တဲ့ ဟာဘက်ကို သွားနိုင်မယ်။”

ပြီးခဲ့တဲ့ မြစ်ကြီးနား ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ တက်ရောက်ခြင်း မရှိခဲ့တဲ့ ၀ ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော်နဲ့ မိုင်းလားအဖွဲ့တို့လည်း ဒီတခေါက် ဘားအံ ဆွေးနွေးပွဲကို ကြိုဆိုနိုင်တယ်လို့ ငြိမ်းချမ်းရေလမ်းစဉ်နဲ့ ပတ်သက်ပြီး အကြံပေးသူတဦးဖြစ်တဲ့ ဒေါက်တာ မင်းဇော်ဦးက အခုလိုပြောပါတယ်။

“ဒီအဖွဲ့ ၂ ဖွဲ့နဲ့ ပတ်သက်လို့တော့ ဘယ်လိုမျိုး သူတို့ တက်မယ် မတက်ဘူးဆိုတာ ကျနော်တို့မှာ အချက်အလက်တော့ မရှိသေးဘူး။ ဒါပေမယ့် ကျနော်တို့ နားလည်သလောက်ကတော့ UWSA နဲ့ မိုင်းလား အဖွဲ့ တွေကြတော့ သူတို့က အစိုးရနဲ့ အပစ်အခတ် ရပ်စဲရေးက လုပ်ထားပြီးပြီ၊ အပစ်အခတ် ရပ်စဲရေး ဆိုတာ ရှိနေတာကိုလည်း သူတို့ အသိအမှတ်ပြုထားပြီးပြီဆိုတော့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးလုပ်မယ်ဆိုရင်လည်း သူတို့အနေနဲ့ ကြိုဆိုမယ်လို့ ထင်ပါတယ်။”

မြန်မာနိုင်ငံမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာ တရုတ်မြန်မာနယ်စပ်ရှိ ကေအိုင်အိုဌာနချုပ် လိုင်ဇာမှာ ကျင်းပတဲ့ ညီလာခံမှာ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ သဘောတူညီချက်တရပ်ကို သဘောတူညီခဲ့ကြပါတယ်။
DVB Burmese

ရန်ကုန်တွင် လိုင်စင်လျှောက်နိုင်မည့် သွင်းကုန်ပစ္စည်းများ ထပ်မံတိုးမြှင့်


ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး ရုံးခွဲတွင် ဇန်နဝါရီလမှစ၍ လိုင်စင် လျှောက်ထားနိုင်မည့် သွင်းကုန်ပစ္စည်း (၁၅)မျိုး ထပ်မံတိုးမြှင့်ပေးလိုက်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။ ရန်ကုန်တွင် လိုင်စင်လျှောက်နိုင်ရန် ထပ်မံတိုးမြှင့် ပေးလိုက်သည့် သွင်းကုန်ပစ္စည်းအမည် (၁၅)မျိုးမှာ အလှကုန်ပစ္စည်း၊ တာယာ၊ ဆောက်လုပ်ရေးပစ္စည်း အားလုံး၊ မော်တော်ယာဉ်၊ လေယာဉ်၊ ဆိုင်ကယ် အပိုပစ္စည်းများ၊ စက်မှုကုန်ကြမ်း၊ စက်ဆီ၊ ချောဆီ၊ ဆပ်ပြာကုန်ကြမ်း၊ စက်နှင့် စက်ပစ္စည်းအပို၊ အပ်ချုပ်စက်၊ မီးစက်၊ ရုံးသုံးကိရိယာ၊ ဂျင်နရေတာ စသည့် ကုန်ပစ္စည်းများ ဖြစ်ပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စီမံခန့်ခွဲရေး ကော်မတီ၏ အစည်းအဝေး ဆုံးဖြတ်ချက်အရ ယင်းကဲ့သို့ တိုးမြှင့်ခွင့်ပြုပေးခြင်း ဖြစ်ပြီး ယင်းပစ္စည်း အမည်များကို နေပြည်တော် ရုံးချုပ်တွင်လည်း ဆက်လက် လျှောက်ထားနိုင်ကြောင်း ထပ်မံသိရသည်။ ယခင်က ရန်ကုန်ရုံးခွဲ ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာန၌ CMP၊ အားကစားပစ္စည်းများ၊ ဆေး၊ Plastic Resin၊ ဆေးပစ္စည်းများ နို့ဆီ၊ နို့စိမ်း၊ ဓာတ်မြေသြဇာ၊ မီးရထားနှင့် မီးရထား အပိုပစ္စည်းများ၊ ပိုးသတ်ဆေး၊ စက်ဘီးနှင့် စက်ဘီး အပိုပစ္စည်းများ၊ စက္ကူနှင့် စာရေးကိရိယာမျိုးစုံ၊ လေယာဉ် အပိုပစ္စည်းများ၊ Plastic Articles၊ ဆပ်ပြာ ကုန်ကြမ်းများ၊ Packing Matericals၊ Bitumes၊ တိရစ္ဆာန်အစားအစာမျိုးစုံ၊ လူပုဂ္ဂိုလ်တစ်ဦးချင်း မော်တော်ယာဉ်ပါမစ် အထူးထုတ်ပေးမှု၊ ပရဆေး၊ စားအုန်းဆီ၊ ရုပ်ရှင်နှင့် ရုပ်ရှင်သုံး ပစ္စည်းများ စသည့် ပစ္စည်း (၂၁)မျိုးအား လျှောက်ထားခွင့်ပြုခဲ့ပြီး ဖြစ်ကြောင်း ၂၀၁၄ ခုနှစ် ဇန်နဝါရီ ၁၄ ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။ "
khit lu nge

Tech Space Journal ( Vol-2, Issue-41 )

Myanmar Journal Download Free

အကျယ်ချဲ့ကြည့်ရန်





ရေကျော်ဈေးရှိအငှားဆိုင်ခန်းများရွှေ့ပြောင်းမှုနှင့်ပတ်သက်၍ရှင်းလင်း


ရန်ကုန်၊ ဇန်နဝါရီ ၁၀။

ရေကျော်ဈေးရှိ အငှားဆိုင်ခန်းပေါင်း၂၇၀ဝန်းကျင်အား ရွှေ့ပြောင်းခဲ့ပြီး ယာယီအားဖြင့် အငှားဆိုင်ခန်း ၉၄ဆိုင်အား ရောင်းချခွင့်ပြုထားရာ ကျန်ဆိုင်ခန်းများအတွက် နစ်နာမှု ရှိနေသဖြင့် အငှားဆိုင်ခန်းသမား အယောက်၂၇ဦးနှင့်အတူ အငှားဆိုင်ခန်းသမားများ၏ ကိုယ်စားလှယ်ဦးကျော်ဆင့်တို့သည် ဇန်နဝါရီ ၁၀ရက်က ကျောက်တံတားမြို့နယ်၊ ၃၆လမ်းရှိ MJNရုံးခန်းတွင် သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့သည်။

ယင်းရေကျော်ဈေးရှိ အငှားဆိုင်ခန်းပေါင်း၂၇၀ဝန်းကျင်အား ဇန်နဝါရီ(၄)ရက်နေ့မှ(၇)ရက်နေ့ နောက်ဆုံးထားပြီး ဖယ်ရှားပေးရန် စာကပ်ထားသည်ကိုလည်း တွေ့ရသည်။ ယာယီဆိုင်ခန်းများ အနေဖြင့် ဆိုင်ခန်းပေါင်း(၉၄)ခန်းကို ရောင်းကျခွင့် ပေးထားသည်။

“ကျွန်မတို့ ရောင်းချနေတဲ့ ဒီဈေးကြီးကို ဖျက်လိုက်မယ်ဆိုရင် ဒီဈေးထဲမှာရှိတဲ့ လူတွေအတွက် နေရာကိုတော့ ပြန်ပေးသင့်တာပေါ့။ အခုကတော့ ကျွန်မတို့ကို ကျောသား ရင်သားခွဲခြား ခံနေရတယ်”ဟုပြောသည်။

ရေကျော်ဈေးဆိုင်ခန်း အငှားသမားများ၏ ကိုယ်စားလှယ် ဦးကျော်ဆင့်က “အခုဖြစ်နေတဲ့ ပြဿနာကို ကျွန်တော် ရန်ကုန်တိုင်း လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းအောင်ကြည်ကို ပြောလိုက်တယ် ဒီကိစ္စခင်ဗျား တားလို့ရပါတယ် ဘာလို့မတားတာလဲလို့ ပြောလိုက်တယ် သူ့ကပြန်ပြောလိုက်တာကတော့ ငါ့ကိစ္စပြီးသွားပြီလို့ ပြောပါတယ် ဒါနဲ့၈၈ခေါင်းဆောင် ကိုမင်းကိုနိုင်ကိုလည်း ပြောပြန်တယ် သူ့ကလည်း ကျွန်တော်တို့ ဖြေရှင်းလို့ မရဘူး မီဒီယာတွေကိုပဲပြောမှရမယ်လို့ ပြောပါတယ်”ဟု ပြောသည်။

ယင်းနောက် ပြည့်သူလွှတ်တော်ကိုယ်စားလှယ် ပုဇွန်တောင်မြို့နယ်၊ NDFမှ ဦးအောင်ဇင်အား ၎င်းကိစ္စအား (၁၀.၁.၂၀၁၄)ရက် နောက်ဆုံးထား ဖြေရှင်းပေးနိုင်ရန်အတွက် တင်ပြသွားမည်ဖြစ်ပြီး စည်ပင်မှ အငှားဆိုင်ခန်း သမားများကို ၇.၁.၂၀၁၄ရက်နေ့တွင် ရွှေ့ပြောင်းရန် လာရောက်ပြောလျှင်လည်း ဖယ်ရှားမပေးကြရန် သဘောတူ လက်မှတ်ရေးထိုးထားကြသည်ဟု အငှားဆိုင်ခန်းရှင်များက ဆိုသည်။

ချစ်မင်းထွန်း
The Myanma Age

ဗဟိုအာဖရိက သမ္မတနိုင်ငံ ကြားဖြတ်သမ္မတကို ရာထူးစွန့်လွှတ်ရန် ဖိအားပေး


ဗဟိုအာဖရိက သမ္မတနိုင်ငံရဲ့ ကြားဖြတ်သမ္မတ မိုက်ကယ်ဂျိုတိုဒီးယားကို ရာထူး စွန့်လွှတ်ဖို့ ဒေသတွင်းခေါင်းဆောင်တွေရဲ့ ထိပ်သီးဆွေးနွေးပွဲက ဖိအားပေးနေပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလဆန်းပိုင်းက စတင်ခဲ့တဲ့ ဘာသာရေး အဓိကရုဏ်းအတွင်း လူ ၁ ထောင်ကျော် သေဆုံးခဲ့တဲ့ကိစ္စနဲ့ ပတ်သက်လို့ သမ္မတရဲ့ အရည်အသွေးအပေါ် ဒေသတွင်း ခေါင်းဆောင်တွေက မေးခွန်းထုတ်နေကြတာ ဖြစ်ပါတယ်။

African Central 3သမ္မတနဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်တရပ်ရဲ့အဆိုအရ ချဒ်သမ္မတခေါင်းဆောင်တဲ့ ဒေသတွင်း ခေါင်းဆောင်တွေဟာ သမ္မတ ဂျိုတိုဒီးယားအပေါ် ဆက်ပြီး စိတ်မရှည်ချင်တော့ဘူးလို့ ဆိုပါတယ်။

ထိပ်သီးဆွေးနွေးပွဲအစမှာပဲ ချဒ်သမ္မတ အိုင်ဒရစ်ဒီဘိုင်းက ပြဿနာကို ပြေလည်ဖို့ ဗဟိုအာဖရိကနိုင်ငံထဲက ခေါင်းဆောင်တွေ အချင်းချင်း ပူးပေါင်းကြဖို့ တိုက်တွန်းလိုက်ပါတယ်။

ဇန်န၀ါရီ ၉ ရက်နေ့မှာပဲ ဗဟိုအာဖရိကနိုင်ငံကနေ အသွင်ကူးပြောင်းရေးကာလမှာ ခေါင်းဆောင်တွေကို ချဒ်နိုင်ငံဆီကို ခေါ်လာဖို့ လေယာဉ် ၁ စင်းကို ချဒ်နိုင်ငံက စေလွှတ်ခဲ့ပါတယ်။

နိုင်ငံရေးမှာ အရေးပါတဲ့ပုဂ္ဂိုလ်တွေနဲ့ ဗဟိုအာဖရိကသမ္မတနိုင်ငံက အရေးပါတဲ့ နိုင်ငံရေးသမားတွေ အားလုံးနဲ့ ဒေသတွင်း ခေါင်းဆောင်တွေ ဆွေးနွေးနိုင်ဖို့ စီစဉ်တာ ဖြစ်ပါတယ်။

မြေပြင်မှာတော့ ပြင်သစ်တပ်တွေနဲ့ အာဖရိကနိုင်ငံတွေက စေလွှတ်ထားတဲ့ တပ်တွေဟာ စီလီကာ မွတ်စလင်သူပုန်တွေနဲ့ ခရစ်ယာန် လက်နက်ကိုင်တွေကြားက ဘတပြန် ကျားတပြန် တိုက်ခိုက်မှုတွေကို ထိန်းသိမ်းနိုင်ဖို့ အခက်ကြုံနေရတုန်းပါပဲ။

ပဋိပက္ခကြောင့် ထွက်ပြေးရသူဦးရေကလည်း ၁ သန်းရှိသွားပြီး ဖြစ်သလို အစိုးရနဲ့ သူပုန်အကြား ညှိနှိုင်းဖို့ ကြားဝင် ဆောင်ရွက်နေတဲ့ ကွန်ဂိုသမ္မတက စီစဉ်တဲ့ အစည်းအဝေးတရပ်လည်း လာမဲ့ ဇန်န၀ါရီ ၁၁ ရက်နေ့မှာ ပြုလုပ်ဖို့ ရှိပါတယ်။

ဘွန်ဂီမြို့တော်မှာ ပြုလုပ်မယ့် အစည်းအဝေးကနေ အသွင်ကူးပြာင်းရေးကိစ္စကို ဆွေးနွေးဖို့ ရည်ရွယ်ထားပါတယ်။

လက်ရှိသမ္မတ မိုက်ကယ် ဂျိုတိုဒီးယားက ဒေသတွင်း အာဖရိကခေါင်းဆောင်တွေရဲ့ အဆိုပြုချက်နဲ့ ကြားဖြတ်သမ္မတကို ခန့်အပ်ထားပါတယ်။

ဒါပေမယ့် ကြားဖြတ်သမ္မတကလည်း သွေးထွက်သံယိုမှုတွေကို အဆုံးသတ်နိုင်ဖို့ အစွမ်းအစ ကင်းမဲ့နေတာကြောင့် ၁၉၉၄ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ရ၀မ်ဒါ လူမျိုးတုန်း သတ်ဖြတ်မှု ပုံစံမျိုး ဖြစ်မှာကို စိုးရိမ်နေကြပါတယ်။
DVB Burmese

အင်တာနက်ဂျာနယ် အတွဲ(၁၅) အမှတ်(၂)

Myanmar Journal Download Free

အကျယ်ချဲ့ကြည့်ရန်





စီးပွားရေးသတင်းဂျာနယ် အတွဲ(၁၄) အမှတ်(၁)

Myanmar Journal Download Free

အကျယ်ချဲ့ကြည့်ရန်





သျှမ်းသံတော်ဆင့် သတင်းထောက် တိုက်ခိုက်ခံရမှု အရေးယူမှု နှောင့်နှေး

သျှမ်းသံတော်ဆင့် ၀က်ဆိုဒ် စာမျက်နှာ

ရှမ်းပြည်နယ် မြို့တော် တောင်ကြီးမှာ အရက်မူးနေတဲ့လူတဦးရဲ့ တိုက်ခိုက်တာကို ခံခဲ့ရပြီး တဲ့နောက် ရဲစခန်းကို တိုင်ကြားခဲ့ပေမယ့် အရေးယူဖို့ နှောင့်နှေးနေတယ်လို့ စွပ်စွဲချက်တွေ ထွက်ပေါ်နေပါတယ်။

တိုက်ခိုက်ခံရသူဟာ သျှမ်းသံတော်ဆင့်သတင်းဌာနရဲ့ တောင်ကြီးအခြေစိုက် သတင်းထောက် ဖြစ်ပြီး ဇန်န၀ါရီ ၄ ရက် လွတ်လပ်ရေးနေ့ ည ၈ နာရီ သတင်းရယူလာပြီးအပြန် အရက်မူးနေတဲ့ လူတယောက်က တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

တိုက်ခိုက်တဲ့သူတွေကို ပတ်ဝန်းကျင်မှာ ရောက်ရှိလာသူတွေရဲ့ အကူအညီနဲ ဖမ်းဆီးခဲ့ပြီး ရဲစခန်းကို ပို့ဆောင် တိုင်ကြား အမှုဖွင့်ခဲ့ရာမှာ ဇန်န၀ါရီ ၅ ရက်နေ့ ချုပ်ထားခဲ့ပြီး ဇန်န၀ါရီ ၆ ရက်နေ့မှာ အာမခံနဲ့ ပြန်လွတ်ပေးခဲ့ပါတယ်။
အဲဒီနောက် အခုချိန်ထိ ရဲစခန်းက ဖွင့်ထားတဲ့ အမှုနဲ့ ပတ်သက်ပြီး တစုံတရာ အကြောင်း ပြန်ကြားတာ မရှိဘူးလို့ တိုက်ခံရတဲ့ သတင်းထောက် ယိင်းတိုင်းက အခုလို ပြောပါတယ်။

“ဒီနေ့ ဒီအချိန်အထိ ရဲစခန်းဘက်က အကြောင်းအကြားဘူး။ ကျမတို့ သွားတော့ ဆေးစာလည်း မရဘူး။ ဘာမှ ထိရောက်တဲ့ အရေးယူမှု မလုပ်နိုင်သေးဘူး။ ကျမတော့ အမှု ဖွင့်ထားတယ်။ ကျမ ရဲစခန်းကို သွားတယ်။ ရဲစခန်းက ဆေးစာမထွက်လာသေးဘူးလို့ ပြောတယ်။ ဒီနေ့ ဒီအချိန်အထိ အာမခံနဲ့ လွှတ်ထားတယ်။ ငွေကျပ်ဘယ်လောက်နဲ့ အာမခံချက် ထားတယ်ဆိုတဲ့ ကြေးနန်းကို ကျမ ဓာတ်ပုံရိုက်ထားတယ်။ အဲဒီအထဲမှာလည်း ဘာမှ မရေးထားဘူးး။”

တိုက်ခိုက်တဲ့အတွက် မျက်နှာမှာ ဒဏ်ရာရရှိခဲ့သလို စွဲထားတဲ့အမှုနဲ့ ပတ်သက်ပြီးတော့ ဆေးထောက်ခံစာနဲ့ နောက်ဆက်တွဲ အကြောင်းကြားတာမျိုး မရှိတဲ့အကြောင်းနဲ့ တိုက်ခိုက်သူရဲ့ ဖခင်ဟာ အရင်က ရဲဝန်ထမ်းဟောင်းတဦးဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး တောင်ကြီး မြို့မရဲစခန်းက စခန်းမှူး ဦးဥာဏ်လှိုင်ဦးကို ဒီဗွီဘီက ဆက်သွယ် မေးမြန်းရာမှာ ဌာနဆိုင်ရာဆိုတာ အလုပ်တွေ အများကြီး လုပ်ရတဲ့အတွက် အမှုတခုထဲကို အချိန်ပေး ဆောင်ရွက်မပေးနိုင်တဲ့အကြောင်း အခုလို ပြောပါတယ်။

“ဒီမှာက ဌာနဆိုင်ရာဆိုတာ အလုပ်တွေ အများကြီးလုပ်ရတယ်။ ဒီတခုထဲကို ငါတို့က လုပ်ရတာ မဟုတ်ဘူး။ အမှုက တခုတည်းရှိတာ မဟုတ်ဘူး။ အမှုတွေ အများကြီး လည်ပတ်ပြီးမှ အဲဒီလောက်ထိတောင် လိုက်လုပ်ရတာ။”
DVB Burmese

ရတနာပုံနေ့စဉ်သတင်းစာ (၉-၁-၂၀၁၄) ကြာသပတေးနေ့

Myanmar Journal Download Free

အကျယ်ချဲ့ကြည့်ရန်





မိုးသောက်ပန်းဂျာနယ် အတွဲ(၁၇) အမှတ်(၁၄)

Myanmar Journal Download Free

အကျယ်ချဲ့ကြည့်ရန်





Miss University Myanmar ပြိုင်ပွဲတွင် ပထမရသည့် တက္ကသိုလ်ကျောင်းသူလေးကို ဆုချီးမြှင့်ရန် ကျပ် သိန်း ၁၅၀ တန်သရဖူပြုလုပ်မည်


တက္ကသိုလ်မောင်မယ်ပြိုင်ပွဲတွင် Miss University Myanmar အား ချီး မြှင့်မည့် သရဖူကို ကျပ်သိန်း ၁၅ဝ ဝန်းကျင် အကုန်အကျခံ အသုံးပြုမည် ဖြစ်ကြောင်း August Myanmar Media Group မှ သိရသည်။

အဆိုပါ သရဖူတွင် စိန် ၂၅ ရတီ၊ နီလာ ခရမ်း ၁၉၇ ဒသမ ၇ ကာရက်နှင့် ရွှေ ၆ ကျပ်သားခန့် ပါဝင်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ သရဖူကို ပြုလုပ်နေဆဲ ဖြစ်ပြီး လက်ရှိအချိန် အထိ ကျသင့်ငွေ တန်ဖိုးမှာ ငွေကျပ်သိန်း ၁၃ဝ ကျော်ရှိ ပြီဖြစ်သည်။

Mister and Miss University Myanmar 2014 ကို ဝင်ရောက် ယှဉ်ပြိုင်သော လူတစ်ရာကျော်မှ ပထမအဆင့် ပဏာမ လူရွေးချယ်ခြင်းကို ဇန်နဝါရီ ၄ ရက်က Gandamar Wholesale တွင် ပြုလုပ်ခဲ့ပြီး ဆန်ခါတင် ပြိုင်ပွဲဝင် ကျား ၂၈ ဦးနှင့် မ ၂၈ ဦးကို ရွေးချယ်ခဲ့သည်။

ဆန်ခါတင် ပြိုင်ပွဲဝင်များမှ ကျား အဖွဲ့နှစ်ဖွဲ့နှင့် မအဖွဲ့နှစ်ဖွဲ့ ခွဲ၍ ရန်ပုံငွေ ရှာဖွေရမည် ဖြစ်သည်။ ရန်ပုံငွေ ရှာဖွေရန်အတွက် တစ်ဖွဲ့လျှင် ငွေကျပ် နှစ်သိန်းစီ အရင်းအနှီး ထုတ်ပေးထားပြီးရန် ပုံငွေ ရှာဖွေ သည့် ဈေးရောင်းပွဲတော်ကို ဇန်နဝါရီ ၈ ရက်တွင် Gandamar Wholesale ၌ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

အထက်ပါပြိုင်ပွဲကြီးကို August Myanmar Media Group မှ ကြီးမှူး ကျင်းပခြင်း ဖြစ်သည်။
Popular Journal

မြ၀တီနေ့စဉ်သတင်းစာ (၉-၁-၂၀၁၄) ကြာသပတေးနေ့

Myanmar Journal Download Free

အကျယ်ချဲ့ကြည့်ရန်





မြန်မာနိုင်ငံမှ အမဲသားဝယ်ယူမှု တရုတ်ရပ်ဆိုင်းတော့မည်


ရန်ကုန်၊ ဇန်နဝါရီ ၁၀။

ယခုနှစ်မှ စ၍ တရုတ်နိုင်ငံက အမဲသားဝယ်ယူမှုအား သြစတေးရီးယား နိုင်ငံနှင့် စာချုပ်ချုပ်ဆိုလိုက်ပြီဖြစ်သည့် အတွက် မြန်မာနိုင်ငံမှ အမဲသားဝယ်ယူမှုအား ရပ်ဆိုင်းသွားတော့မည်ဖြစ်ကြောင်း ဇန်နဝါရီ ၁၀ ရက်က  မြန်မာနိုင်ငံ ငါးလုပ်အဖွဲ့ချုပ် တွင်ပြုလုပ်သော ရန်ကုန်တိုင်းဒေသကြီး မွေးမြူရေး လုပ်ငန်းရှင်များ ၂၀၁၃ ခုနှစ်အသင်းသား စုံညီအစည်းအဝေး မှသိရသည်။

ယခင်က တရုတ်နိုင်ငံက အမဲသားဝယ်ယူမှုတွင် မြန်မာနိုင်ငံတစ်နိုင်ငံထဲမှ အများဆုံး ဝယ်ယူခဲ့သော်လည်း ၂၀၁၂ ခုနှစ် က ဖြစ်ခဲ့သော ၎င်းတို့နိုင်ငံအား ပို့ဆောင်သော အေးခဲအသားထဲတွင် ဗက်တီးရီးယား ပိုးမွှားတွေ့ ရှိပြီးနောက်ပိုင်း ယင်းနှစ်မှာပင် တရုတ်နိုင်ငံက မြန်မာနိုင်ငံအား အေးခဲအသားများနှင့် အမဲသား ဝယ်ယူအား ရပ်ဆိုင်းခဲ့သည်။

“တရုတ်နိုင်ငံက မြန်မာနိုင်ငံကို အသားတင်မှုကို ရပ်ဆိုင်းလိုက်တဲ့အတွက် ကျွန်တော်တို့  လုပ်ငန်းရှင်တွေ အများကြီး နစ်နာခဲ့တယ်။ အခုလည်း  အခြားနိုင်ငံနဲ့ အေးခဲအသား ဝယ်ယူမှုကို ချုပ်ဆိုလိုက်တဲ့အတွက် အခြားဈေးကွက်တွေကို ပြန်ရဖို့ ကြိုးစားရဦးမယ်” ဟု မြန်မာနိုင်ငံမွေးမြူရေး လုပ်ငန်းရှင် အသင်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

လက်ရှိမြန်မာနိုင်ငံ၏ အသားငါးဈေးကွက်တွင် နွားမွေးမြူသူများ နည်းပါးလာခြင်းကြောင့် အမဲသားများ ဈေးတက်လာခဲ့ပြီး သြစတေးရီးယား နိုင်ငံမှ  တရုတ်နိုင်ငံအား အမဲသားတင်ပို့ ရောင်းချမှုတွင် မြန်မာနိုင်ငံက ရောင်းချသည့် နှုန်းထားများထက် လျော့ချရောင်းသည့်အတွက်ကြောင့်လည်းဖြစ်ကြောင်း သိရသည်။

“အခုက အရင်တုန်းကလိုတော့ မဟုတ်တော့ဘူး နွားတွေက ရှားသွားပြီအဲ့တော့ အမဲသားက ဈေးတက်လာတယ် အစက နွားတစ်ကောင်ကို ၂ ပဲရှိခဲ့ရာက အခုဆို ၄၊ ၅၊ ၆ သိန်းဖြစ်သွားတယ် ဒါပေမယ့် နွားဈေးကွက်က ဘယ်လိုအခြေအနေ ရှိတယ်ဆိုတာ ပြောဖို့ အတွက် ခတ်သေးတယ် ” ဟု မြန်မာနိုင်ငံ မွေးမြူရေး လုပ်ငန်းရှင်အသင်းမှ ဒေါက်တာရန်အောင်က ဆိုသည်။

မြန်မာအသားငါးများအား ယခင်က တရုတ်နိုင်ငံသို့ တင်ပို့ ခဲ့ပြီး ယခုတွင် တရုတ်နိုင်ငံသို့  အေးခဲအသားငါးများ တင်ပို့ ရာတွင် အောက်က တစ်ဆင့်သာ ဝယ်ယူတော့ ပြီး မြန်မာနိုင်ငံမှ ဆန်များဝယ်ယူမှုကိုလဲ တရုတ်နိုင်ငံမှ ရပ်ဆိုင်းထားကြောင်း သိရသည်။

နှင်းနွယ်
The Myanma Age

မြို့နယ်အဆင့် အုပ်ချုပ်ရေးပိုင်းမှ ပူးပေါင်းမှု အားနည်းသဖြင့် ဒေသတချို့ ဖွံ့ဖြိုးရေး နှောင့်နှေးနေ


ရန်ကုန် ကျောက်တံတားမြို့နယ် အတွင်း ဖွံ့ဖြိုးရေး လုပ်ငန်းစဉ် တခုဖြစ်သည့် လမ်းများတိုးချဲ့ ပြင်ဆင်နေသည့် မြင်ကွင်း (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

ကျပ် ၃၃ ဘီလီယံကို မြို့နယ်ပေါင်း ၃၃၀ အတွက် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရန် ပြည်ထောင်စုလွှတ်တော်က ချထားပေးသော်လည်း အတိုက်အခံပါတီ အနိုင်ရရှိသော နေရာများနှင့် တိုင်းရင်းသားဒေသ တချို့တွင် အုပ်ချုပ်ရေးပိုင်းမှ ပူးပေါင်းဆောင်ရွက်မှု အားနည်းသောကြောင့် လုပ်ငန်းများ နှောင့်နှေးနေရသည်ဟု လွှတ်တော် အသိုင်းအ၀ိုင်းမှ သိရသည်။

ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်နေသော လွှတ်တော် လုပ်ငန်းစဉ်များကို အုပ်ချုပ်ရေးပိုင်းမှ ၀င်ရောက် မကူညီရန် အစိုးရက ညွှန်ကြားထားသည့် ပုံစံရှိသည့်အတွက် ဖွံ့ဖြိုးရေး လုပ်ငန်းများ မဆောင်ရွက်နိုင်ဘဲ၊ လူထု နစ်နာလျှက်ရှိသည်ဟု လွှတ်တော်တွင်းရှိ အတိုက်အခံနှင့် တိုင်းရင်းသား အမတ်များက ဧရာဝတီသို့ ပြောသည်။

ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရန် အမျိုးသား လွှတ်တော် ကိုယ်စားလှယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် တို့၏ ဦးဆောင်မှုဖြင့် ဒေသအာဏာပိုင်များက ဖွဲ့စည်းပေးထားသော မြို့နယ် စည်ပင် သာယာရေးအဖွဲ့၊ စီမံခန့်ခွဲရေး အဖွဲ့၊ မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီတို့က ပူးပေါင်း ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း လွှတ်တော်က ထုတ်ပြန်သည့် အမိန့်ကြေညာစာတွင် ဖော်ပြထားသည်။

ဒေသဖွံ့ဖြိုးရေးအတွက် လွှတ်တော်ကိုယ်စားလှယ် ၄ ဦး၊ သက်ဆိုင်ရာ မြို့နယ်မှ ဒု – အုပ်ချုပ်ရေးမှူး ၁ ဦး၊ မြို့နယ် ဖွံ့ဖြိုး တိုးတက်ရေး အထောက်အကူပြု ကော်မတီမှ ၃ ဦးတို့ပူးပေါင်း၍ လုပ်ငန်းများ လည်ပတ်ရန် ဆောင်ရွက်နေကြကြောင်း သိရသည်။

ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် လူထုနှင့် တိုက်ရိုက်ထိတွေ့ပြီး ဘတ်ဂျက်ငွေကို သေချာစွာ စိစစ် ဆောင်ရွက်ရန် စီစဉ်နေသော်လည်း မြို့နယ်အဆင့် ဌာနဆိုင်ရာများက ပူးပေါင်းလိုခြင်း မရှိသည်ကို တွေ့ရကြောင်း သင်္ဃန်းကျွန်း မြို့နယ်မှ ပြည်သူ့လွှတ်တော် အမတ် ဦးသိန်းညွန့်က ပြောသည်။

“ကျနော်တို့က ကျောင်းတွေအတွက် လိုအပ်တာတွေ ကူဖို့လုပ်ပြီးပြီ။ မီးကြိုးတွေက လုံးဝမကောင်းလို့ ကလေးတွေအတွက် အန္တရာယ် ရှိနေတယ်။ အဲဒါကို မြို့နယ်ပညာရေးမှူးက လိုက်ဖျက်နေတဲ့ သဘောရှိတယ်။ ကျနော်တို့ ချက်ချင်းလုပ်ပေးမှာကို ဆရာ၊ ဆရာမတွေ လက်မခံအောင် ပညာရေးမှူးက လိုက်ပြောနေတယ်လို့ ကျနော်သတင်း ရထားတယ်။ ကျနော်တို့
မြို့နယ်အုပ်ချုပ်ရေးမှူးကို ပြောပြီးပြီ။ မရရင် ပညာရေးဝန်ကြီးကို တိုင်မယ်” ဟု ဦးသိန်းညွန့်က ဆိုသည်။

နေပြည်တော် ဒေသတွင်လည်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်ရန် အစည်းအဝေးခေါ်ယူရာ မြို့နယ်အဆင့် အာဏာပိုင် များနှင့် သက်ဆိုင်ရာမြို့နယ် ဖွံ့ဖြိုးတိုးတက်မှု အထောက်အကူပြု ကော်မတီတို့မှာ အကြောင်းအမျိုးမျိုးပြ ရှောင်တိမ်း နေသောကြောင့် အစည်းအဝေးပင် မခေါ်ယူနိုင်သေးကြောင်း နေပြည်တော် ဥတ္တရသီရိမြို့နယ် ပြည်သူ့ လွှတ်တော်အမတ် ဦးမင်းသူထံမှ သိရသည်။

“အခုဖွဲ့ထားတဲ့ အထောက်အကူပြု ကော်မတီတွေကလည်း လူထုကရွေးထားတာ မဟုတ်ဘူး။ ဆွေးနွေးဖို့ ခေါ်ရင်လည်း အကြောင်း အမျိုးမျိုးပြ မလာတော့ ဒေသခံတွေတင်ပြတဲ့ လိုအပ်ချက်တွေကို စာရင်း မတင်နိုင်သေးဘူး။ မြို့နယ် အာဏာပိုင် တွေက ပူးပေါင်းဆောင်ရွက်မှု လုံးဝမရှိဘူး။ အခု ဒီကိစ္စတွေကို လွှတ်တော်ကော်မတီကို ပြန်တင်ပြဖို့ လုပ်နေတယ်” ဟု
သူက ပြောသည်။

လွှတ်တော်ကိုယ်စားလှယ် များသည် မိမိအလုပ် မိမိမလုပ်ဘဲ အစိုးရကိစ္စကို ၀င်လုပ်နေသည်ဟု အုပ်ချုပ်ရေးပိုင်းက ယူဆသည့် အတွက် လွှတ်တော်ကိုယ်စားလှယ်များ မည်မျှ အလုပ်လုပ်နိုင်သည်ကို အစိုးရက စောင့်ကြည့်လျှက် ရှိသည်ဟု ကြားသိထားကြောင်း၊ သို့သော် လွှတ်တော်ကိုယ်စားလှယ် များသည် ပြည်သူလူထုနှင့် နီးစပ်မှု ရှိသည့်အတွက် အလုပ် မမှားနိုင်ကြောင်း ရခိုင်ပြည်နယ်မှ ပြည်သူ့လွှတ်တော်အမတ် ဦးဖေသန်းက ဆိုသည်။

“ဒီမှာလည်း အစိုးရရဲ့ ပူးပေါင်းမှုက အားနည်းတယ်။ ဆိပ်ခံတံတားတွေ ဆောက်ဖို့ဟာ အခုအချိန်ထိ မပြတ်သေးဘူး။ ကျနော်က မနက်ဖြန်ပြီးရင် လွှတ်တော် ပြန်တက်ရတော့မှာ။ ဒီလိုသာ ကြံ့ခိုင်ရေးအမတ်တွေနဲ့ အတိုက်အခံ အမတ်တွေ သူ့ဘက် ကိုယ့်ဘက် လုနေရင်တော့ ပြည်သူတွေပဲ နာမှာ” ဟု ၎င်းက ဆက်ပြောသည်။

အတိုက်အခံပါတီမှ အမတ်များနှင့် တိုင်းရင်းသားအမတ် အများစုမှာ ယနေ့အချိန်အထိ ဖွံ့ဖြိုးရေး ရန်ပုံငွေ သိန်းတထောင် မရရှိသေးသော်လည်း အာဏာရ ပါတီဖြစ်သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အမတ်အများစုမှာမူ ရန်ပုံငွေများ ရရှိပြီး ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်လျှက် ရှိကြောင်း ဧရာဝတီက စုံစမ်းသိရသည်။

“ကျနော်ကတော့ သိန်းတထောင်ရလို့ လုပ်ငန်း ၂၄ ခုလောက် ရှိတာ၊ ၄ ခုတောင် ပြီးသွားပြီ။ ကျနော်တို့ ပိုက်ဆံရမယ် ဆိုကတည်းက ဒီမှာ ကြိုပြင်ထားပြီးတော့ အပတ်တိုင်း အစည်းအဝေး ခေါ်တယ်။ အားလုံး ပူးပေါင်းကြတယ်။ ဘတ်ဂျက် ကလည်း တင်ပြီး တပတ်အတွင်း ကျလာတာပဲ။ တချို့နေရာ လေးတွေမှာ နောက်ကျနေတာ ပူးပေါင်းဆောင်ရွက်မှု အားနည်းလို့ ဖြစ်မယ်” ဟု ကြံ့ခိုင်ရေး ပါတီမှ မင်္ဂလာဒုံမြို့နယ် ပြည်သူ့လွှတ်တော် အမတ် ဦးတင်မောင်ဝင်းက ပြောသည်။

သင်္ဃန်းကျွန်း မြို့နယ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်အမတ်နေရာ အနိုင်မရရှိခဲ့ဘဲ မိမိတို့ ပါတီမှ
အမတ်များသာ ရှိသောကြောင့် ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အဆင်မပြေ ဖြစ်နေကြောင်း၊ မြို့နယ် ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီမှာလည်း ပူးပေါင်းဆောင်ရွက်မှု မရှိကြောင်း၊ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့က ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရန် အပြီးသတ် လုပ်ဆောင် ပေးခဲ့သော်လည်း ယနေ့ချိန်အထိ အပြီးမသတ်နိုင်သေးကြောင်း
၎င်းမြို့နယ်မှ ပြည်သူ့လွှတ်တော် အမတ် ဦးသိန်းညွန့်က ဆိုသည်။

“အုပ်ချုပ်ရေး အာဏာပိုင်တွေက ကြံ့ခိုင်ရေးပါတီက လူတယောက်ကို မြို့နယ်ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီမှာ ဥက္ကဋ္ဌ ခန့်ထားတယ်။ အဲဒီတော့ ကျနော်တို့နဲ့ လူထု တိုက်ရိုက်ထိတွေ့ပြီး ဆုံးဖြတ်ထားတဲ့ ကိစ္စတွေကို ဆက်လုပ်ဖို့မှာ ကျနော့်ဘက်က ဒီဇင်ဘာ ၂၂ ရက်နေ့ကတည်းက ပြီးပြီ။ အခုထက်ထိ ကျနော် လက်မှတ်ထိုးလို့ ရအောင် သူတို့တွေဆီက တင်မလာသေးဘူး” ဟု ၎င်းက ဆက်ပြောသည်။

မြောက်ဒဂုံမြို့နယ် ဖွံ့ဖြိုးတိုးတက်မှု အထောက်အကူပြု ကော်မတီ အတွင်းရေးမှူး ဦးကျော်အေးကမူ “ကျနော်တို့ ဆီမှာတော့ အဆင်ပြေတယ်။ လွှတ်တော်အမတ်တွေ မှာလည်း အိုင်ဒီယာတွေ ရှိတယ်။ ကျနော်တို့ ဖြစ်ချင်တာနဲ့ ပေါင်းစပ်ရတာပေါ့။ အခု လွှတ်တော်ကို စာရင်းပြုစုပြီး ပြန်တင်ပေးလိုက်ပြီ” ဟု ဆိုသည်။

ပြည်သူလူထု လိုအပ်ချက်ရှိသော နေရာများကို တိုက်ရိုက်ပံ့ပိုး ကူညီသည့်အတွက် သဘောကျပြီး လာမည့်အပတ်တွင် ဖွံ့ဖြိုးရေး ရန်ပုံငွေ သိန်းတထောင် ရရှိတော့မည်ဟု မျှော်လင့်ထားကြောင်း ရွှေပြည်သာမြို့နယ် အုပ်ချုပ်ရေးမှူး
ဦးအောင်မိုးဦးထံမှ သိရသည်။

ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရန် ရရှိလာမည့် ငွေကြေးမှာ နိုင်ငံတော် စီမံကိန်းများတွင် အသုံးပြုမည့် ငွေကြေးများကို လွှတ်တော်က စိစစ်လျှော့ပေါ့ ဖြတ်တောက်၍ ပိုငွေကို အသုံးပြုခြင်းဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောဆိုသော်လည်း လွှတ်တော် ဘတ်ဂျက် လျာထား သုံးစွဲမှုသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် ညီညွတ်ရန်လိုကြောင်း သမ္မတရုံး အကြီးတန်း အရာရှိတဦးက ဧရာဝတီသို့ ပြောသည်။

အတည်ပြု ပြဋ္ဌာန်းနိုင်ခဲ့သည့် ပြည်သူ့ လွှတ်တော်၊ အမျိုးသား လွှတ်တော် ဥပဒေများတွင် လွှတ်တော် ကိုယ်စားလှယ်သည် ဒေသ ဖွံ့ဖြိုးရေး ဆောင်ရွက်ရန် ရန်ပုံငွေ သီးခြားသုံးစွဲခွင့် ရှိသည်ဆိုသော အချက် ပါဝင်ကြောင်း၊ ၎င်းအချက်ကို သမ္မတရုံးမှ သဘော မတူခဲ့သောကြောင့် သမ္မတ လက်မှတ်မထိုးဘဲ အတည်ပြုထားသော ဥပဒေများ ဖြစ်ကြောင်း သိရသည်။
ဧရာဝတီ သတင်း

7Day News ဂျာနယ် အတွဲ(၁၂) အမှတ်(၄၄)

Myanmar Journal Download Free

အကျယ်ချဲ့ကြည့်ရန်





အမေရိကန် ထောက်လှမ်းရေးလုပ်ငန်းတွေ ပြန်လည်ပြုပြင်ဖို့ ဆုံးဖြတ်ချက်ချမည်


အမေရိကန်ထောက်လှမ်းရေးလုပ်ငန်းတွေနဲ့ ပတ်သက်လို့ ပြန်လည်သုံးသပ်ပြီး ပြုပြင် သင့်တာတွေကို ပြုပြင်ဖို့ သမ္မတ အိုဘားမားနဲ့ လွှတ်တော်အမတ်တွေ ဆွေးနွေးနေတာ နောက်ဆုံး ဆုံးဖြတ်ချက် ချနိုင်ဖို့ အချိန် နီးကပ်နေပြီလို့ အရာရှိတွေက ပြောပါတယ်။

ပြန်လည်သုံးသပ်တာတွေက ပြီးခါနီးပြီလို့ အိမ်ဖြူတော်ရဲ့ ပြောခွင့်ရသူ ဂျေးကာနေက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ဒီလနှောင်းပိုင်းကျရင်တော့ သမ္မတအိုဘားမားဟာ အမျိုးသားလုံခြုံရေးအဖွဲ့ (အန်အက်စ်အေ)အပါအ၀င် ထောက်လှမ်းရေးလုပ်ငန်းတခုလုံး ပြုပြင်ပြောင်းရေးတွေကို ရှင်းပြဖို့ ရှိပါတယ်။

ပြီးခဲ့တဲ့နှစ် ဇွန်လတုန်းက အက်ဒ၀ပ်စနိုးဒင်းက ဖွင့်ချလိုက်တဲ့နောက်ပိုင်း အမေရိကန် ထောက်လှမ်းရေးအဖွဲ့တွေရဲ့ ကျင့်ဝတ်စောင့်ထိန်းမှုအပေါ် ပြည်သူတွေက အယုံအကြည် မဲ့နေတာ ဖြစ်ပါတယ်။

စနိုးဒင်းရဲ့ ဖွင့်ချချက်တွေထဲမှာ အရေးအကြီးဆုံးကိစ္စတရပ်ကတော့ အမေရိကန် ပြည်သူတွေရဲ့ ဖုန်းတွေနဲ့ အီးမေးလ်တွေကို အစိုးရက ကြားဖြတ်ဖောက်ထွင်းနေတယ်ဆိုတဲ့ အချက် ပါဝင်ခဲ့ပါတယ်။

ဒီလို ဖွင့်ချမှုနဲ့ ပတ်သက်လို့ အမေရိကန်အစိုးရက စနိုးဒင်းကို သတင်းပေါက်ကြားမှု အတွက် အလိုရှိနေပြီး လောလောဆယ် ရုရှားမှာ ယာယီခိုလှုံခွင့်နဲ့ ရှောင်တိမ်းနေရပါတယ်။

သမ္မတ အိုဘားမားဟာ နောက် ၁ ပတ်မှာ မိန့်ခွန်းပြောတဲ့အခါ ထောက်လှမ်းရေးလုပ်ငန်း ပြုပြင် ပြောင်းလဲရေးလုပ်ငန်းတွေကို ပြည်သူတွေကို ရှင်းပြပြီး ထောက်လှမ်းရေးအဖွဲ့တွေအပေါ် မယုံသင်္ကာဖြစ်နေတာကို ပြန်အဖက်ဆည်ဖွယ် ရှိပါတယ်။

မနှစ်နှောင်းပိုင်းက အမေရိကန် အမျိုးသားလုံခြုံရေးအဖွဲ့ (အန်အက်စ်အေ)က ဂျာမနီဝန်ကြီးချုပ် အန်ဂျလာ မာကဲလ်ရဲ့ ဆဲလ်ဖုန်းကို ကြားဖြတ် နားထောင်ခဲ့တယ်ဆိုတဲ့ သတင်းတွေ ဟိုးလေးတကျော် ဖြစ်ခဲ့တဲ့နောက် ပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေထဲမှာ ထောက်လှမ်းရေးအဖွဲ့တွေက နိုင်ငံရပ်ခြားက ခေါင်းဆောင်တွေကို ထောက်လှမ်းတဲ့အခါ ကန့်သတ်ချက်တွေ ပါဝင်ဖွယ် ရှိပါတယ်။

ပြင်ပလွတ်လပ်တဲ့အဖွဲ့တွေကို သမ္မတအိုဘားမားကို ပြီးခဲ့တဲ့လက အကြံပြုချက်တွေထဲ မှာတော့ နိုင်ငံခြားခေါင်းဆောင်တွေကို ထောက်လှမ်းမယ်ဆိုရင် အဲဒီနိုင်ငံရဲ့ ခေါင်းဆောင်ရဲ့ ဂုဏ်သိက္ခာ၊ အမေရိကန် အမျိုးသားလုံခြုံရေးနဲ့ ပတ်သက်လို့ ဘယ်အတိုင်းအတာအထိ ပတ်သက် နေသလဲဆိုတာတွေကို အမေရိကန် ခေါင်းဆောင်တွေက စဉ်းစား ဆုံးဖြတ်သင့် တယ်လို့ အကြံပြုထားပါတယ်။
DVB Burmese

ဆေးသုတေသန စာတမ်းများ လွတ်လပ်စွာ တင်သွင်းခွင့်ရလာ


နေပြည်တော်တွင် ၂၀၁၃ ခုနှစ် နိုဝင်ဘာ ၁၅ ရက်က ကျင်းပသော သားဆက်ခြား ပညာပေး ညီလာခံ တခု Family Planning 2020 Press Conference (ဓာတ်ပုံ – နန်းဆိုင်နွမ် / ဧရာဝတီ)

မြန်မာနိုင်ငံတွင် နှစ်စဉ် ပြုလုပ်လျက်ရှိသည့် ကျန်းမာရေး သုတေသနဆိုင်ရာ ညီလာခံ၌ သုတေသန စာတမ်းများအား ယခင် အစိုးရ အုပ်ချုပ်စဉ် ကာလများထက် လွတ်လပ်စွာ တင်သွင်းခွင့် ပြုလာကြောင်း ကျန်းမာရေး ဝန်ကြီးဌာန ဆေးသုတေသန ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာ ကိုကိုဇော်က ပြောသည်။

ယခင်အစိုးရ လက်ထက်က ပြင်ပညာရှင်များ၏ သုတေသနဆိုင်ရာ ရှာဖွေတွေ့ရှိချက်များ တင်သွင်းမှုများကို ပိတ်ပင် တားမြစ်ခြင်း၊ ကန့်သတ်ချက်များ သတ်မှတ်ခြင်းများ ပြုလုပ်ခဲ့ပြီး သက်ဆိုင်ရာ ဝန်ကြီးဌာန၏ သုတေသနများကိုသာ တင်သွင်းခွင့် ပြုခဲ့ရာမှ ယခု အချိန်တွင် လူမျိုးရေး၊ ဘာသာရေး ထိခိုက်စေနိုင်သည့် လေ့လာတွေ့ရှိ ချက်များမှ လွဲ၍ လွတ်လပ်စွာ တင်သွင်းခွင့် ပြုထားကြောင်း လည်း ၄င်းက ပြောဆိုသည်။

ထိုကဲ့သို့ ပြောင်းလဲလိုက်သော မူဝါဒကြောင့် ဝန်ကြီးဌာနမှ ပညာရှင်များအပြင်၊ NGO အဖွဲ့အစည်းများ၊ အငြိမ်းစား ပညာရှင်များ၊ ပြင်ပမှ ကျွမ်းကျင် ပညာရှင်များနှင့် နယ်ပယ် အသီးသီးမှ ပညာရှင် များစွာလည်း မိမိတို့၏ သုတေသန တွေ့ရှိချက်များအား တင်သွင်းခွင့် ရရှိလာခဲ့ကြောင်း သိရသည်။

“နိုင်ငံရေးနဲ့ အခြေအနေအရ သုတေသန စာတမ်းတင်တာကို ပိတ်ခဲ့တာတွေ ရှိတယ်။ အခုနောက်ပိုင်း လူမျိုးရေး၊ ဘာသာရေး၊ တွေကိုအရမ်းကြီး ထိခိုက်လာနိုင်တဲ့ အရာကလွဲလို့ ကျန်တာ တင်ခွင့်ပြုထားတယ်။ တကယ်လည်း လွတ်လွတ်လပ်လပ် ရှိပြီး သုတေသန လုပ်ထုံးလုပ်နည်းတွေနဲ့ လုပ်ထားတဲ့ စာတမ်းတွေကို တင်ပေးတယ်”ဟု ဒေါက်တာ ကိုကိုဇော်က ပြောသည်။

ထိုသို့ တင်သွင်းခွင့်ပြုရန် သတ်မှတ်ချက် ပုံစံဖောင်များ ဖြည့်စွက်ရပြီး ယင်းအချက်များနှင့် ကိုက်ညီပါက ခွင့်ပြုရန် ကနဦးအဆင့် ထည့်သွင်းစဉ်းစားကာ စာတမ်း အကျဉ်းချုပ်ကို တင်ရကြောင်း သူက ရှင်းပြသည်။

“နောက်တော့ Full Paper တင်ခိုင်းတယ်ပေါ့။ ဒါကို အကယ်ဒမစ် ကော်မတီအဖွဲ့က တင်သွင်း ခွင့်ပြုပါတယ်ဆိုရင် ပေးတင်ပါတယ်။ အများစုကတော့ တင်ရတာများတယ်”ဟု ဒေါက်တာကိုကိုဇော်က ပြောသည်။

အချက်အလက် ပြည့်စုံမှုမရှိခြင်း၊ လုပ်ထုံးလုပ်နည်းနှင့် ကိုက်ညီမှုမရှိခြင်း၊ Full Paper(အပြည့်အစုံ) မတင်ပြခြင်း စသည့် စာတမ်းများကို မရွေးချယ်ကြောင်းလည်း သိရသည်။

ပညာရှင်များက သုတေသန ပြုလုပ်ချက်များ တင်သွင်းရာတွင် မိမိနှစ်သက်ရာ လေ့လာ တွေ့ရှိချက်များကို တင်သွင်းခွင့် ပေးထားပြီး ရည်ရွယ်ချက်၊ လုပ်ထုံးလုပ်နည်း ကိုက်ညီမှုရှိခြင်း၊ တွေ့ရှိချက်၊ သုံးသပ်ချက် စသည်ဖြင့် သတ်မှတ်ချက်များနှင့် ပြည့်စုံပါက တင် သွင်းခွင့် ပြုသည်ဟု ဒေါက်တာ ကိုကိုဇော်က ဆိုသည်။

ပညာရှင်များ၏ သုတေသန ဆိုင်ရာ လေ့လာ တွေ့ရှိချက်များ အပြင် ပြည်သူများ၏ ကျန်းမာရေး လိုအပ်ချက်အရ နိုင်ငံတော်မှ လုပ်ငန်းများ ချမှတ်ကာ ဆောင်ရွက်ရသည့် သုတေသန လုပ်ငန်းများလည်း ရှိကြောင်း ဆေးသုတေသန ဦးစီးဌာန(အောက်မြန်မာပြည်) မှ သိရသည်။

တင်သွင်းလာသည့် သုတေသန တွေ့ရှိချက် စာတမ်းများတွင် မပါဝင်သော်လည်း အရေးကြီးသည်ဟု ယူဆသည့် ပြဿနာ များအား နှစ်စဉ် သုံးသပ်ချက်များ ပြုလုပ်၍ ဆောင်ရွက်ခြင်း များလည်း ရှိကြောင်း သိရသည်။

ယခုနှစ် ဇန်နဝါရီ ၆ ရက်မှ ၁၀ ရက်အထိ ဆေးသုတေသန ဦးစီးဌာန(အောက်မြန်မာပြည်)တွင် ကျင်းပသည့် ၄၂ ကြိမ်မြောက် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသန ညီလာခံတွင် သုတေသန စာတမ်းပေါင်း ၉၇ စောင်၊ သုတေသန ပိုစတာပေါင်း ၃၄ စောင် ဖတ်ကြားမည်ဖြစ်ပြီး ပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ ၁ ခုနှင့် ပညာရပ်ဆိုင်ရာ ဟောပြောပွဲ ၁ ခုလည်း ပါဝင်သည်။

ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက သုတေသန တင်သွင်းမှုသည် တိုးတက်မှုများ ရှိလာကြောင်း ဒေါက်တာကိုကိုဇော်က ပြောပြသည်။

ယင်း စာတမ်းများအား ဆေးသုတေသန ဦးစီးဌာနအပြင် မြန်မာနိုင်ငံ ဆရာဝန်များ အသင်း၊ စစ်ဖက်ဆိုင်ရာ ဆေးသုတေသနနှင့် တိုင်းရင်းဆေးဘက်ဆိုင်ရာ သုတေသန ညီလာခံများတွင် နှစ်စဉ် တင်သွင်းနိုင်ရန် ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ ထိုကဲ့သို့ တင်သွင်းရာ၌ သုတေသန စာတမ်းများအား တစ်ကြိမ်စီသာ တင်သွင်းခွင့် ရှိကြောင်း သိရသည်။

ထို့အပြင် ပညာရှင်များ၏ စမ်းသပ်ရှာဖွေသော သုတေသန(ဥပမာ-လက်တွေ့ရှာဖွေသော ဆေးနည်း) စာတမ်းများ စနစ်တကျ မှတ်ပုံတင်နိုင်မည့် ဌာနကို ပြည်တွင်းတွင် ဖွင့်လှစ်ရန် စတင်လုပ်ဆောင်နေကြောင်း ဆေးသုတေသန ဦးစီးဌာန (အောက်မြန်မာပြည်) မှ ဒုတိယ ညွှန်ကြား ရေးမှူး ဒေါက်တာ ခင်ချစ်က ပြောသည်။

“နောင်ကျရင် လုပ်တဲ့ သုတေသနတိုင်းကို မှတ်ပုံတင်သင့်တယ် လို့ထင်တယ်။ အခုဆို ပျောက်နေတယ် ဘယ်သူက ဘာလုပ်နေ လဲ မသိရဘူး ဖြစ်နေတယ်။ အမေရိကန်လို နိုင်ငံမှာဆို လုပ်တဲ့ သုတေသနတိုင်းကို မှတ်ပုံတင်ရတယ်။ ဒီမှာက စပြီး ပွင့်လင်းလာ တဲ့ ခေတ်မှာ ပညာရှင်တွေ အတွက်တော့ ပရော်ဖက်ရှင်နယ်လစ်ဇင်က လိုသေးတယ်။ နည်းပညာပိုင်းကလဲ လိုသေးတော့ နည်း နည်းတော့ ကြိုးစားဖို့ လိုတယ်”ဟုလည်း သူက ဆက်ပြောသည်။

လက်ရှိအချိန်၌ ဆေး အမျိုးအစားသစ် ရှာဖွေသော သုတေသန လုပ်ငန်းများအား ပြည်ပနိုင်ငံ များတွင် မှတ်ပုံတင်သွင်းခြင်း ပြုလုပ် ရပြီး လာမည့် ၂ နှစ် အတွင်း ပြည်တွင်း၌ မှတ်ပုံတင်သွင်းနိုင်သော ဌာနတခု ဖွင့်လှစ်နိုင်ရန် ပညာရှင်များနှင့် ပူးပေါင်း လုပ်ဆောင် သွားမည်ဟု အထက်ပါ ဆေး ပညာရှင်များက ပြောဆိုသည်။
ဧရာဝတီ သတင်း

လျှပ်စစ် ဥပဒေမူကြမ်း လွှတ်တော်မှာ တင်မည်


မြန်မာနိုင်ငံမှာ လျှပ်စစ်ဓာတ်အား ထုတ်ယူဖြန့်ဖြူး သုံးစွဲမှုနဲ့ ပတ်သက်တဲ့ လျှပ်စစ်ဥပဒေ မူကြမ်းသစ်တခု အစိုးရ၀န်ကြီးဌာနတွေနဲ့ လွှတ်တော်ကော်မတီတွေ ပူးပေါင်းညှိနှိုင်း ရေးဆွဲနေပြီး ဒီဥပဒေမူကြမ်းမှာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့ အရေးလည်း ထည့်သွင်းထားပါတယ်။

၁၉၈၄ ခုနှစ် လျှပ်စစ်ဥပဒေကို ပယ်ဖျက်ပြီး ခေတ်နဲ့အညီ အသစ်ပြန်လည် ပြဌာန်းဖို့ ရေးဆွဲနေတဲ့ လျှပ်စစ် ဥပဒေမူကြမ်းဟာ အပြီးသတ်လုနီးပါး ဖြစ်နေပြီး ဒီ ဥပဒေအတည်ပြု ပြဌာန်းနိုင်အောင် လာမယ့် လွှတ်တော်အစည်းအဝေးမှာ တင်သွင်းဖို့ ရှိနေတာပါ။

ဒီဥပဒေမူကြမ်းမှာ လျှပ်စစ်ဓာတ်အားထုတ်ယူမှုကို သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေမယ့် နည်းလမ်းတွေနဲ့ နိုင်ငံတကာစံနှုန်းနဲ့ အညီဆောင်ရွက်နိုင်အောင် ထည့်သွင်းရေး ဆွဲထားတယ်လို့ ပြည်သူ့လွှတ်တော် သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးရာ ကော်မတီဝင် နေပြည်တော် ဥတ္တရသီရိ မြို့နယ် အမတ် ဦးမင်းသူက ပြောပါတယ်။

“အခန်းတခန်းအနေနဲ့ ကျနော်တို့ နိုင်ငံတကာ စံချိန်စံညွှန်းနဲ့အညီ ထုတ်လုပ်တဲ့နေရာမှာပဲ ဖြစ်ဖြစ် အရည်အသွေးပဲဖြစ်ဖြစ် အဲဒါတွေက နိုင်ငံတကာ စံချိန်စံညွှန်းနဲ့ အညီ ထည့်ထားပါတယ်။ အခြေခံဥပဒေပါအချက်တွေ တည်ဆဲဥပဒေပါ အချက်တွေကို ကိုက်ညီအောင် ဆောင်ရွက်ဖို့ ဥပဒေထဲမှာ ပြဌာန်းရေးဆွဲထားပါတယ်။”

သဘာဝ ပတ်ဝန်းကျင်အရေး လှုပ်ရှားသူတွေကတော့ အစိုးရအနေနဲ့ စွမ်းအင်ထုတ်ယူမှုတွေနဲ့၊ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ တိကျတဲ့ မူဝါဒတွေ ရှိသင့်ပြီး ဒီမူဝါဒတွေအပေါ်အခြေခံကာ ဥပဒေတွေကို ရေးဆွဲပြဌာန်း သင့်တယ်လို့ ထောက်ပြဝေဖန်ကြပါတယ်။

မြန်မာနိုင်ငံက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင် Eco Deve အဖွဲ့ အုပ်ချုပ်မှု ဒါရိုက်တာ ဦးဝင်းမျိုးသူကတော့ မြန်မာနိုင်ငံမှာ ကျောက်မီးသွေးစွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်ယူမှုကို ဥပဒေအရ ကန့်သတ်ထားသင့်တယ်လို့ ပြောပါတယ်။

“ပတ်ဝန်းကျင်ထိန်းသိမ်းသမား အနေနဲ့ ကျောက်မီးသွေးကနေ လျှပ်စစ်ဓာတ်အားထုတ်တာကို လုံးဝနီးပါးလောက်ကို ထိန်းချုပ်ချင်တယ်။ ရှိပြီးသားတွေတော့ ထားလိုက်တော့ နောက်လာမယ့် ဟာကို ထိန်းချုပ်ချင်တယ်။ သို့သော်လည်းပဲ အဲဒီထဲမှာတော့ စက်မှုလုပ်ငန်းသုံးတော့ မပါဘူးပေါ့။ စက်မှုလုပ်ငန်းသုံးဆိုတာ စက်ချုပ်ရုံတွေ ရှိတယ်။ ဒီပြင့်စက်ရုံတွေရှိတယ်။ အဲဒီ စက်ရုံတွေက ကျောက်မီးသွေးကို ယူ။ သူတို့ လိုအပ်တဲ့ လျှပ်စစ်ဓာတ်ထုတ် သုံးပေါ့။ အဲဒါတွေ ကိုတော့ စက်မှုလုပ်ငန်းသုံးအလို့ငှာ အတင်းအကျပ်တော့ မလုပ်ချင်ဘူး။ ပိုကောင်းမွန်တဲ့ ပတ်ဝန်းကျင်ရေးရာလုံခြုံရေး အစီအမံတော့ ထားသင့်တယ်။ လျှပ်စစ်ဓာတ်အားပေးတဲ့ဟာတော့ လုံးဝ ကန့်သတ်ချင်တယ်။”

ကျောက်မီးသွေးစွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်ယူမှုဟာ သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေရုံ သာမက လူတွေရဲ့ ကျန်းမာရေးကိုပါ ခြိမ်းခြောက်နေတဲ့ အန္တရာယ်ရှိ နေတာပါ။

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင် ဦးဝင်းမျိုးသူက “ကျန်းမာရေးကြောင့် ကျနော်တို့က ကန့်သတ်ချင်တာ။ လက်ရှိ ကျန်းမာရေး စာရင်းဇယားအရ ၅ နှစ်အောက် ကလေးတွေ သေနှုန်းမှုအမြင့်ဆုံးက အသက်ရှုလမ်းကြောင်းနဲ့ ပတ်သက်တဲ့ ရောဂါတွေ ဖြစ်နေတယ်။ ဒီဟာ ကလည်း တော်တော်ကို ဖြစ်ပွားမှုကော သေဆုံးမှုကော အမြင့်ဆုံးပဲ။ ဆက်ပြီးတော့ ကြီးထွားနေမယ်ဆိုရင် ကျနော်တို့ရဲ့ ထောင်စုနှစ်ရည်မှန်းချက်ထဲက ကလေး သေနှုန်း လျော့ချမယ့် ရည်မှန်းချက်က ပြည့်စုံမှာ မဟုတ်ဘူး။ နံပတ် ၂ က ဘာလည်းဆိုတော့ အဆင့်မြင့် နည်းပညာတွေ သုံးလို့ ညစ်ညမ်းတဲ့ ပစ္စည်းတွေ နည်းနိုင်တယ်လို့ပဲ ပြောအုံး ကျနော်တို့မှာ ကျောက်မီးသွေးက မလုပ်နိုင်တဲ့ အချက်က ကာဗွန်ထုတ်လုပ်မှု အရမ်းမြင့် လိမ့်မယ်။ ကာဗွန်ထုတ်လုပ်မှု အရမ်းမြင့်ရင် နိုင်ငံတကာ စံနှုန်းစံထားတွေက နိုင်ငံအလိုက် ကာဗွန်ထုတ်လုပ်မှုတွေကို လျော့ချဖို့ ကန့်သတ်လာတာဖြစ်တဲ့အတွက် ကျိန်းသေပေါက် နိုင်ငံရေးအရ အကျပ်အတည်း ဖြစ်လိမ့်မယ်။ နောက်တခုက နိုင်ငံတော်လုံခြုံရေး အနေအထား အရလည်း ကျောက်မီးသွေးကို ပိတ်ပင်တယ်။ အဲဒီလို အဆင့်မြင့်တဲ့ ကျောက်မီးသွေး စက်ရုံတွေ ထောင်ရင် ကျနော်တို့ရဲ့ ရှိတဲ့ ဒေသကျောက်မီးသွေးနဲ့ သုံးလို့မရဘူး။ မြန်မာနိုင်ငံက ထွက်တဲ့ ကျောက်မီးသွေးရဲ့ အရည်အသွေးက အားနည်းတယ်။ ဒါကြောင့် အင်ဒိုနီးရှားတို့ သြစတေးလျတို့က သွင်းရမယ်။ အဲဒီတော့ ကိုယ့်ဆီကလည်း မထွက်ဘူး။ သူများ နှာခေါင်းပေါက်နဲ့ အသက်ရှုရမှာလည်း နိုင်ငံတော်လုံခြုံရေး ရှုထောင့်ဘက်က ကြည့်ရင် ဘယ်လိုမှ လက်ခံနိုင်တဲ့ အတိုင်းအတာ မဟုတ်ဘူး။ ပြီးတော့ ထုတ်မယ့် ကျောက်မီးသွေး လျှပ်စစ်ဓာတ်အားက ပြည်တွင်း သုံးဖို့ထက် ထိုင်းနိုင်ငံကို ရောင်းဖို့က များနေတယ်ဆိုတော့ ဘယ်လို့ ဘယ်လို အချက်နဲ့မှ လက်ခံရမှန်းကို မသိဘူးဖြစ်နေတယ်”လို့ ပြောပါတယ်။

လျှပ်စစ်ဥပဒေ မူကြမ်းကိစ္စနဲ့ ပတ်သက်ပြီး ပြည်သူ့လွှတ်တော် သယံဇာတနဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးရာ ကော်မတီ၊ ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီ၊ ရှေ့နေချုပ်ရုံးနဲ့ အစိုးရ၀န်ကြီးဌာနတွေဖြစ်တဲ့ လျှပ်စစ်စွမ်းအား၊ စွမ်းအင်၊ သစ်တောနဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးရာဌာနက တာဝန်ရှိသူနဲ့ ပညာရှင်တွေ မနေ့က နေပြည်တော်မှာ တွေ့ဆုံ ညှိနှိုင်း ဆွးနွေးခဲ့ကြပါတယ်။

ဒီဥပဒေမူကြမ်းမှာတော့ မြန်မာနိုင်ငံအတွင်း လျှပ်စစ် ဓာတ်အားထုတ်လုပ်၊ ဖြန့်ဖြူး ပို့လွှတ် ရောင်းချတာနဲ့ လျှပ်စစ်မီတာခ ကောက်ခံတဲ့ စနစ်တွေအပါအ၀င် အခန်းပေါင်း ၁၅ ခန်း ပုဒ်မပေါင်း ၆၀ ကျော်ပါဝင်တာဖြစ်ပါတယ်။
DVB Burmese

ငွေငန်းဖြူကား မီးလောင်မှုဖြစ်ပွား



၂၀၁၄ခုနှစ်၊ ဇန်န၀ါရီလ (၁၀)ရက်နေ့ နံနက်ပိုင်းတွင် ထားဝယ်မှ ရန်ကုန်အသွား ရန်ကုန်မြို့အရောက် အမြန်လမ်းပေါ်တွင် ငွေငန်းဖြူ၊ ၉င/၅၁၂၇ (ကိုရီးယား၊ လေအိတ်ကားအမျိုးအစား)သည် အင်ဂျင်မှ အပှုလွန်ကဲပြီး မီးလောင်မှုဖြစ်ပွားခဲ့ပါသည်။

ခရီးသည်များ ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း ရန်ကုန် Welcome To Peace
အဖွဲ့မှ သတင်းပေးပို့ ထားပါသည်။

Posted From Nay Myo Thwin
thithtoolwin

သမီးရဲ့စာ



လက်ထပ်ပြီးစ အမျိုးသမီးငယ်တစ်ဦးဟာ သူမရဲ့ အမေဆီကို စာရေးလိုက်ပါတယ်...

မေမေ...

တခြားမိန်းကလေးတွေလိုပဲ သမီးလည်း လက်ထပ်ဖို့ကိစ္စကို ကလေးဘဝကတည်းက စိတ်ကူးယဉ်ပြီး ရင်ခုန်ခဲ့ရဖူးပါတယ်... သမီးရဲ့ ခန့်ညားလှတဲ့ မင်းသားလေးနဲ့ ပျော်ရွှင်စွာပေါင်းဖက်ပြီးတဲ့နောက်မှာ ဘာတွေဆက်ရှိဦးမလဲဆိုတာကိုတော့ တစ်ခါမှမတွေးမိခဲ့ဘူး...

ဒါပေမဲ့ အိမ်ထောင်ရေးဆိုတာ ပန်းခင်းလမ်းမဟုတ်ဘူးဆိုတာကို လက်ထပ်ပြီးသွားတဲ့ အခုလိုအချိန်မှာတော့ သမီးကောင်းကောင်းသိလိုက်ရပါပြီ... အိမ်ထောင်ရေးဆိုတာ ချစ်ရတဲ့သူနဲ့ တူတူရှိနေရုံ... ပျော်စရာအချိန်လေးတွေ ပိုင်ဆိုင်နေရုံသက်သက် မဟုတ်ပါဘူး... အဲ့ဒီအပြင် တခြားအရာတွေအများကြီးရှိသေးတယ်... အိမ်ထောင်ရေးမှာ တာဝန်... ဝတ္တရား... စွန့်လွှတ်ပေးဆပ်မှုနဲ့ နားလည်မှုလက်ခံမှုတွေကို တစ်ယောက်နဲ့တစ်ယောက် မျှဝေယူကြရပါတယ်...

အိပ်ရာထချင်တဲ့အချိန်မှ ထလို့မရတော့ဘူး...
တစ်မိသားစုလုံး မနိုးခင် အရင်ထပြီး ပြင်ဆင်လုပ်ကိုင်ပေးဖို့ သမီးကို မျှော်လင့်နေကြတယ်...

ညအိပ်ဝတ်စုံလေးကိုမချွတ်ဘဲ ပျင်းရိလေးတွဲ့ နေလို့မရတော့ဘူး...
အချိန်တိုင်းမှာ ကြည့်ပျော်ရှုပျော်ဖြစ်နေတဲ့သမီးကို မျှော်လင့်နေကြတယ်...

အပြင်သွားချင်တဲ့အချိန်တိုင်း သွားနေလို့မရတော့ဘူး...
မိသားစုရဲ့ လိုအပ်ချက်တိုင်းကို အသင့်ဖြည့်ဆည်းပေးဖို့ သမီးကို မျှော်လင့်နေကြတယ်...

အိပ်ယာဝင်ချင်တဲ့အချိန်တိုင်း အိပ်လို့မရတော့ဘူး...
မိသားစုအတွက် အမြဲနိုးကြားလုပ်ကိုင်ပေးဖို့ သမီးကို မျှော်လင့်နေကြတယ်...

သမီးကို မင်းသမီးလေးတစ်ပါးလို ဂရုတစိုက်ဆက်ဆံကြဖို့ မျှော်လင့်လို့မရတော့ဘူး...
ဒါပေမဲ့ မိသားစုဝင်တိုင်းကို သမီးက ဂရုတစိုက် ရှိနေပေးရတယ်...

သမီးလည်း ကိုယ့်ကိုယ်ပြန်တွေးမိတယ်... ဘာကြောင့်များ အိမ်ထောင်ပြုဖြစ်ခဲ့တာလဲ လို့ပေါ့... မေမေနဲ့ နေရတာ သမီးပိုပျော်ပါတယ်... တစ်ခါတစ်လေတော့ မေမေ့ဆီပြန်လာပြီး ဂရုတစိုက်နဲ့ ဖူးဖူးမှုတ်ထားတာခံချင်သေးတယ်...သူငယ်ချင်းတွေနဲ့ အပြင်ထွက်လည်ပြီးပြန်လာတိုင်း သမီးအကြိုက်ဆုံးဟင်းတွေချက်ထားမယ့် မေမေ့အိမ်ကို ပြန်လာချင်တယ်... မေမေ့ရင်ခွင်ထဲအိပ်ပြီး ပူပင်သောကတွေကို မေ့ပစ်လိုက်ချင်တယ်...

ဒါပေမဲ့ သမီးရုတ်တရက် သဘောပေါက်လိုက်တယ်... အကယ်လို့သာ မေမေက အိမ်ထောင်မပြုဘဲ သမီးအခုလုပ်ကိုင်နေရတဲ့ ပေးဆပ်မှုမျိုးတွေကိုမခံယူခဲ့ဘူးဆိုရင် သမီးပြန်စဉ်းစားနေမိတဲ့ ကြည်နူးစရာအတိတ်လေးတွေကလည်း ရလာနိုင်စရာမရှိဘူးဆိုတာပါပဲ... အရာအားလုံးရဲ့ ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်းမြင်မိလာတယ်..... မေမေ့ဆီကရခဲ့တဲ့ သာယာမှု... ငြိမ်းချမ်းမှုနဲ့ ပျော်ရွှင်မှုတွေကို သမီးရဲ့ မိသားစုအသစ်လေးဆီကို ပြန်ပေးရမယ်ဆိုတာကိုပေါ့...

အချိန်တွေကြာလာတာနဲ့အမျှ မေမေ့လိုပဲ ဒီဘဝလေးကို မျှမျှတတရှုမြင်ပြီး ချစ်ခင်မြတ်နိုးတတ်လာမယ်ဆိုတာကို သမီးယုံကြည်ပါတယ်... မေမေ စွန့်လွှတ်ပေးဆပ်ခဲ့တဲ့.. နားလည်လက်ခံပေးခဲ့တဲ့ အရာအားလုံးအတွက် မေမေ့ကို ကျေးဇူးတင်ပါတယ်... မေမေ့ကြောင့် မေမေ့လိုလုပ်ဆောင်နိုင်မယ့် စွမ်းအားတွေကို သမီးရရှိခဲ့ပါတယ်.... မေမေ့ကိုချစ်တယ်မေမေ....

သမီး

----------------------------------------------------------------
Ref: Daily Health Tips
နှိုင်းရင့်နွေ


မျက်စိနဲ့ ချစ်တဲ့ အချစ်


"လမ်းခွဲရအောင်"လို့ ကျွန်မကဆိုတော့ ဖုန်းတစ်ဖက်က မောင့်ရဲ့စကားသံက ကျွန်မတွေးထင်ထားသလောက် တုန်လှုပ်ချောက်ချားဟန် မပြခဲ့ဘူး။ တအောင့်လောက် ငြိမ်သက်သွားပြီးမှ "ကောင်းပြီလေ.. ဒါပေမယ့် မောင် နောက်ဆုံးအနေနဲ့ တစ်ခုတောင်းဆိုချင်တယ်။ ရတီတို့ကျောင်းကိုလာပြီး..... ရတီ့ကိုမောင်တွေ့ချင်တယ်။

မောင်တို့ရဲ့ နောက်ဆုံးချစ်သူနေ့အဖြစ်နဲ့ပေါ့" မောင်ရဲ့တောင်းဆိုချက်ကို ကျွန်မခွင့်ပြုလိုက်တယ်။ ချစ်သူနှစ်ဦး လမ်းခွဲတော့မယ်ဆိုတော့လည်း အနည်းအများတော့ နာကျင်ဝမ်းနည်းရဦးမှာပေါ့။ မောင်နဲ့ကျွန်မ တစ်နယ်တစ်ကျေးခြားနေတာ သုံးနှစ်ရှိပါပြီ။ နေ့တိုင်း ဖုန်းနဲ့ အင်တာနက်နဲ့ပဲ ဆက်သွယ်ခဲ့ရတယ်။ လူချင်းထိတွေ့ခွင့်မရ၊ မမြင်ရ၊ ဂရုမစိုက်ရတဲ့ ဒီလိုစိတ်ကူးအချစ်မျိုး ကျွန်မစိတ်ကုန်နေတာ ကြာခဲ့ပါပြီ။ တခြားသူပြောတဲ့ လှပတဲ့ တက္ကသိုလ်ကျောင်းသားဘဝမျိုး ကျွန်မ မခံစားခဲ့ရဖူးဘူး။ ကျောင်းဝင်းထဲမှာ တစ်ယောက်လက်ကိုတစ်ယောက်တွဲပြီး လမ်းလျှောက်နေကြတဲ့ချစ်သူတွေ၊ ကိုယ့်ချစ်သူကို တယုတယ ရေခပ်၊ မုန့်ခွံ့ပေးကြတဲ့ချစ်သူတွေ၊ ကိုယ့်ချစ်သူ မိုးစိုမှာစိုးလို့ ဂရုတစိုက် ထီးမိုးပြီး အဆောင်လိုက်ပို့ကြတဲ့ချစ်သူတွေ၊ ဒါတွေကို ကြည့်ပြီး ကျွန်မနှလုံးသားတွေ ပိုနာကျင်ခဲ့မိတယ်။ ငြင်းခုန်ရန်ဖြစ်ပြီးနောက် နှစ်သိမ့်၊ အလျော့ပေးတဲ့အပွေ့အဖက်တစ်ခုတောင် ကျွန်မ မရခဲ့ပါဘူး။ ဖုန်းခွက်ကိုကိုင်ပြီး အကူအညီမဲ့စွာ အကြိမ်ကြိမ်လဲပြိုခဲ့တာကို ကျွန်မကောင်းကောင်း မှတ်မိနေခဲ့တယ်။ မောင်လည်း ဒီလိုပဲ ခံစားခဲ့ရမယ်ထင်တယ်။ ဒါကြောင့် လမ်းခွဲဖို့ကို သူအလွယ်တကူ သဘောတူခဲ့တာဖြစ်မယ်။ ဖုန်းပြောပြီးနှစ်ရက်အကြာမှ ကျွန်မဆီ မောင်အခစားရောက်ခဲ့တယ်။ ဒီနှစ်ရက်အတွင်းမှာ နှင်းတွေ အဆက်မပြတ်ကျနေခဲ့တယ်။...

ကျွန်မနေတဲ့မြို့တစ်ခုလုံးကို နှင်းတွေက လွှမ်းခြုံသိမ်းကျုံးထားလိုက်တယ်။ မောင့်ရဲ့ ကိုယ်ပေါ်မှာလဲ အေးခဲတဲ့နှင်းပွင့်လေးတွေ ခပ်ပါးပါးဖုံးလို့.. ကျွန်မကိုတွေ့တော့ မောင်ကအပြုံးနွေးနွေးလေးနဲ့ နှုတ်ဆက်တယ်။ မောင့်အပြောကို ကျွန်မက နှင်းခဲတွေလို မာမာဆတ်ဆတ် အေးအေးစက်စက်တုန့်ပြန်တယ်။ ခွဲခွာနေတဲ့ ဒီသုံးနှစ်အတွင်းမှာ ရံဖန်ရံခါ မောင်နဲ့တွေ့ဆုံရတိုင်း မောင့်ရဲ့နွေးထွေးတဲ့အပြုံးက "ဒီတစ်ခါတွေ့ပြီးရင် လမ်းခွဲမယ်"ဆိုတဲ့ ကျွန်မရဲ့စိတ်ကူးကို ပြေပျက်သွားစေတာ အမှန်ပါပဲ။ ဒါပေမယ့် ဒီတစ်ခါတော့ ကျွန်မကိုယ်ကျွန်မ သတိပေးမိတယ်။ တခဏတာရလိုက်တဲ့ နွေးထွေးကြင်နာမှုကိုမက်မောပြီး တစ်ဘဝစာ အထီးကျန်ခြင်းကို မဖက်တွယ်နဲ့လို့ ..... "ထမင်း အရင်သွားစားရအောင်" လို့ ကျွန်မကဆိုတော့ မောင်က.. "မလောဘူးလေ... ဒီလောက်အေးတဲ့ရာသီဥတု ရတီ ရေတွေယူထားပြီးပြီလား? ဓာတ်ဗူးထဲ ရေအရင်ဖြည့်ဦး။

ရေတွေဖြည့်ပြီးမှ တခြားလုပ်စရာရှိတာ လုပ်ပေါ့။ တော်ကြာ.. ရေတွေခဲကုန်လို့ ညနေသုံးစရာမရှိရင် ဘယ်လိုလုပ်မလဲ?" မောင် တတွတ်တွတ်ပြောနေချိန် ကျွန်မမျက်လုံးအိမ်မှာ မျက်ရည်တွေစို့နေခဲ့ပြီ။ သုံးနှစ်... သုံးနှစ်ရှိခဲ့ပါပြီ။ လမ်းခွဲခါးနီးမှ ဒီသုံးနှစ်အတွင်း လစ်ဟင်းခဲ့တာတွေကို ပြန်ဖာထေးဖို့ မောင်နားလည်ခဲ့ရသလား? အဆောင်ကို ကျွန်မတို့အရင် ပြန်လာခဲ့တယ်။ လက်အိတ်ထူထူကိုဝတ်ပြီး ကျွန်မဓာတ်ဗူးတွေ ယူချလာခဲ့တယ်။ ဓာတ်ဗူးထဲရေဖြည့်ပြီးချိန် မောင့်လက်နှစ်ဖက်က အေးစက်နီရဲနေခဲ့ပြီ။ ကျွန်မလက်အိတ်ကိုချွတ်ပြီး မောင့်ကိုဝတ်ပေးလိုက်တယ်။ ပြီးတော့ ကျွန်မလက်ကိုလည်း လက်အိတ်ထဲ ခက်ခက်ခဲခဲ ထိုးထည့်လိုက်တယ်။ ဒီလိုဆိုတော့လဲ ကျွန်မတို့ရဲ့လက်နှစ်ဖက်က မြဲမြဲလေးချိတ်သွားမိပြန်တယ်။ မောင့်လက်က အေးစက်နေတယ်၊ လက်အိတ်က တင်းကျပ်နေတယ်ဆိုပေမယ့် တခြားချစ်သူကောင်မလေးတွေရဲ့ ပျော်ရွှင်ကြည်နူးမှုမျိုးကို ကျွန်မခံစားမိလိုက်တယ်။

မောင်က ကျွန်မကို ကြင်ကြင်နာနာကြည့်တယ်။ မောင့်ပါးပေါ်မှာ ကြေကွဲရိပ်တွေ ရောထွေးနေခဲ့ပါတယ်။ စားသောက်ဆိုင်ရောက်တော့ ကျွန်မက ကျွန်မနှစ်သက်တဲ့ဟင်းတွေကိုမှာပြီး မောင့်ကိုမှာဖို့ menu ကမ်းပေးလိုက်တယ်။ မောင်က ညင်ညင်သာသာလေးပြုံးပြီး "မောင်မှာမယ့်ဟင်းကလည်း ရတီမှာတဲ့ဟင်းတွေပါပဲ"လို့ဆိုတယ်။ "မောင်က အားနာနေတာလား"လို့ ကျွန်မကဆိုတော့ မောင်က တည်ငြိမ်တဲ့မျက်နှာနဲ့ လေးလေးနက်နက်ပြောတယ်။ "ရတီရဲ့အကျင့်၊ အကြိုက်တွေက မောင့်ရဲ့အကျင့်အကြိုက်တွေဖြစ်နေခဲ့တာ ကြာပါပြီ ရတီ" မောင့်ဆီကနေ ပြတင်းပေါက်ဖက်ဆီ ကျွန်မအကြည့်လွှဲလိုက်တယ်။ ကျွန်မကို မောင်ချစ်နေသေးတယ် မဟုတ်လား! ထမင်းစားပြီး နှင်းတွေဖုံးနေတဲ့ အဖြူရောင်ဝန်းကျင်ထဲ ကျွန်မတို့လမ်းလျှောက်ခဲ့ကြတယ်။ တစ်ယောက်မှ စကားမပြောကြဘူး။ "ရေခဲမုန့်စားမလား?" ရုတ်တရက်မေးလာတဲ့စကားကြောင့် မောင့်ကို တအံ့တသြ ကျွန်မကြည့်လိုက်တယ်။ ကျွန်မနေမကောင်းဖြစ်မှာစိုးလို့ ဆောင်းတွင်းမှာ ကျွန်မရေခဲမုန့်စားတာကို မောင်ကမကြိုက်ခဲ့ဘူး။ "ရတီဖျားမှာကို မောင်မစိုးရိမ်ဘူးပေါ့!" ဒီစကားကိုပြောပြီးမှ ကျွန်မနောင်တရလိုက်တယ်။ လမ်းခွဲပြတ်စဲတော့မယ့် လူတစ်ယောက်က ကျွန်မဖျားမဖျားကို ဘယ်ဂရုစိုက်တော့မှာလဲ? "အခု ရတီဘေးမှာ မောင်ရှိတယ်။ မောင်ဘာကို စိုးရိမ်မလဲ?" အကြည့်ကို အဝေးတစ်နေရာဆီ မောင်ပို့လိုက်တယ်။ ကမ္ဘာခြားသွားတဲ့ အကွာအဝေးအကြည့်မျိုးနဲ့ပေါ့။ အေးစက်ရှတတဲ့လေက မျက်နှာပြင်ကို ဖျတ်ခနဲလာရိုက်တယ်။ မျက်နှာကို လက်နဲ့အုပ်ပြီး လေကို ကျွန်မကျောပေးလိုက်တယ်။ မျက်ခမ်းထောင့်ကမျက်ရည်တချို့ လက်ညိုးကြားထဲ စီးကျလာတယ်။ ဆီးနှင်းပေါ်မှာ မောင်နဲ့အတူ လျှောက်ခဲ့တဲ့ မညီမညာခြေရာလေးတွေကို ကျွန်မမြင်ရတယ်။ လမ်းအဆုံးကို ကျွန်မ မမြင်နိုင်ခဲ့ဘူး။ ရေခဲမုန့်ကိုကိုင်ပြီး နင်းလိုက်ရင်ကျွတ်ကျွတ်မြည်တတ်တဲ့ နှင်းပုံပေါ်မှာ ကျွန်မပြေးလွှားနေမိတယ်။ မောင်က အနောက်ကနေပြီး "ဖြည်းဖြည်း" လို့ လှမ်းအော်နေတယ်။ "စိတ်ချပါ... ရတီ မလဲဘူး........" နောက်လှည့်ပြီးပြောနေတဲ့ ကျွန်မစကားမဆုံးခင်မှာ ခြေချော်ပြီး ခန္ဓာကိုယ်နောက်လှန်ကျတဲ့ ခံစားမှုကို ကျွန်မခံစားလိုက်တယ်။ ကျွန်မတစ်ကိုယ်လုံး လဲကျမသွားခင် ရေခဲမုန့်ကိုင်ထားတဲ့ ကျွန်မရဲ့လက်ကို မောင်လှမ်းဆွဲလိုက်တယ်။ ဒါပေမယ့် မောင်ပြေးလာတဲ့အရှိန်နဲ့ ကျွန်မနောက်လှန်ကျတဲ့အရှိန်က "ဘုန်း..." ခနဲထိပ်တိုက်မိပြီး နှစ်ယောက်စလုံး နှင်းပြင်ပေါ်မှာ လဲကျသွားခဲ့တော့တယ်။ ရယ်ချင်စရာကောင်းတာက ကျွန်မလက်ထဲမှာ ရေခဲမုန့်ခွက်ပဲ ကျန်ခဲ့တယ်။ လွှင့်ထွက်သွားတဲ့ ရေခဲမုန့်ကို အရပ်လေးမျက်နှာ ကျွန်မပတ်ရှာကြည့်တယ်။ ပြီးတော့ မောင့်ကိုကြည့်လိုက်တယ်။ မောင့်မျက်နှာပေါ်မှာ ရေခဲမှုန့်တွေ လတ်လတ်ဆတ်ဆတ် တင်နေတယ်။ ခဏလောက် ကျွန်မတို့ ကြောင်အမ်းသွားတယ်။

ပြီးမှ တဟားဟားနဲ့ အော်ရယ်ခဲ့ကြတယ်။ မောင့်ကို တစ်ရှူးလှမ်းပေးပြီး ကျွန်မထရပ်လိုက်တယ်။ ကိုယ်ပေါ်က နှင်းစတွေကို ကျွန်မခါချလိုက်တယ်။ မောင်က လဲနေရာကမထဘဲ နှင်းပြင်ပေါ်မှာ ကိုယ်ကိုတစ်ပတ်လှိမ့်လိုက်တယ်။ ပြီးတော့ နှင်းပေါ်မှာ ဒူးထောက်ပြီး အသဲပုံတစ်ပုံဆွဲလိုက်တယ်။ အသဲပုံထဲမှာ "ရတီမိုး" လို့ သူရေးလိုက်တယ်။ အဲဒီအသဲပုံကို ကျွန်မ အကြာကြီးရပ်ကြည့်နေမိတယ်။ "ရတီ ပြန်သင့်ပြီ"လို့ ကျွန်မပြောပြီး မျက်ရည်တွေ ပါးပြင်ပေါ်စီးကျမလာအောင် မျက်နှာကို ကျွန်မမော့ထားလိုက်မိတယ်။ မျက်ရည်တွေက ပါးပြင်ပေါ်စီးကျမလာခဲ့ပါဘူး။ နှလုံးသားထဲ နောက်ပြန်စီးဝင်သွားခဲ့လို့ပါ။ အဆောင်ပြန်ရောက်တော့ အခန်းဖော်သူငယ်ချင်းတွေက ကျွန်မကိုစပ်စုတယ်။ "ရတီ .. နင့်ကောင်လေးက ချောလိုက်တာနော်" "ရတီ.... သူက နင့်အပေါ် ကြင်နာလိုက်တာ" "နင်တို့ အရမ်းလိုက်တယ် သိလား!" သူတို့ပြောတာတွေကို ကျွန်မဆိတ်ဆိတ်ငြိမ်ငြိမ် နားထောင်နေလိုက်တယ်။ "ငါက နင့်လောက်ကံမကောင်းပါဘူး ရတီ။ ငါတကယ်ချစ်တဲ့ လူနဲ့မဆုံသေးပေမယ့် အခုလက်ရှိချစ်သူနဲ့နေရတာ ငါပျော်ပါတယ်" "ဟင်း! နင်တကယ်မချစ်ဘဲ ဘာလို့အတူနေသေးလဲ?" "နင် နားမလည်ပါဘူး။ သူက ငါ့ကိုပျော်ရွှင်စေတယ်လေ။ ဒါကြောင့် သူနဲ့ငါအတူနေတယ်" "ငါကတော့ ငါချစ်တဲ့သူနဲ့ အတူနေပါတယ်။ ငါ မပျော်ခဲ့ရလည်း သူနဲ့ပဲအတူနေချင်တယ်" သူတို့စကားဝိုင်းထဲ ကျွန်မ မပါခဲ့ပါဘူး။

လူတစ်ယောက်ကိုနှစ်သက်တာဟာ သူနဲ့အတူနေရချိန်ပျော်ရွှင်လို့၊ လူတစ်ယောက်ကိုချစ်တာဟာ မပျော်ရွှင်လဲ သူနဲ့အတူနေချင်လို့တဲ့။ အချစ်ဆိုတာ ဒီလိုပဲလား? ကျွန်မ နောင်တရမိပါတယ်။ ကျွန်မက အရည်အချင်းရှိတဲ့ ချစ်သူတစ်ယောက်မဟုတ်ခဲ့ဘူး။ ချစ်သူကောင်းတစ်ယောက် မပီသခဲ့ဘူး။ မောင့်ရင်ထဲက ချစ်သူမျိုးမဟုတ်ခဲ့ဘူး။ မောင်တည်းတဲ့ တည်းခိုခန်းကိုအသွား ကျွန်မကိုကျွန်မ အဲဒီလိုပဲ အမှတ်ပေးမိတယ်။ တည်းခိုခန်းရောက်တော့ မောင်မရှိတော့ဘူး။ ဗလာကျင်းတဲ့အခန်းက ဟာတာတာကျွန်မရင်ကို ပြေးဆောင့်တယ်။ မျက်ရည်တွေက ပါးပြင်ပေါ်ကို အတားအဆီးမဲ့ စီးကျလာခဲ့တယ်။ တစ်လမ်းလုံး ကျွန်မဒယိမ်းဒယိုင်နဲ့ ကျောင်းဆောင်ပြန်ရောက်လာခဲ့တယ်။ မျက်ရည်ဖုံးနေတဲ့မျက်လုံးနဲ့ လောကကြီးကိုကြည့်တော့ လောကကြီးတစ်ခုလုံးကလည်း ငိုလို့.... အသိမဲ့တဲ့ခန္ဓာကိုယ်နဲ့ အဆောင်လှေကားဖက်ဆီ ကျွန်မခြေလှမ်းတွေဦးတည်တဲ့အခိုက် ရင်းနှီးနွေးထွေးတဲ့ အသံတစ်ခုကို ကျွန်မကြားလိုက်တယ်။ ကျွန်မ နောက်ပြန်လှည့်ကြည့်လိုက်တယ်။ ဓာတ်လိုက်ခံလိုက်ရတဲ့ လူတစ်ယောက်လို တွေတွေနဲ့ နေရာမှာတင် ကျွန်မရပ်နေမိတယ်။ ကျွန်မရှေ့ မောင်ရောက်လာပြီး ကျွန်မကို သူ့ရင်ခွင်ထဲ တင်းတင်းဆွဲပွေ့ထားလိုက်တယ်။ အသံတိတ်ငိုကြွေးနေတဲ့ ကျွန်မရဲ့အသံတွေ အပြင်ကို ပေါက်ကွဲထွက်လာခဲ့တယ်။ "ဘာလို့ ပြန်လာသေးလဲ! ပြန်သွားပြီ မဟုတ်လား! ဘာလို့ ပြန်လာသေးလဲ! ရတီကို မောင်ခွဲသွားပြီမဟုတ်လား! ရတီကို မောင်ပစ်ထားခဲ့ပြီ မဟုတ်လား? မောင်ကို မုန်းတယ်.. မောင် ရက်စက်တယ်...." မောင့်ရင်ဘတ်ကို တဘုံးဘုံးထုပြီး ကျွန်မအော်ငိုလိုက်တော့တယ်။ မောင်က ကျွန်မလက်ကို ကြင်ကြင်နာနာ ဖမ်းဆွဲလိုက်တယ်။ ပါးပြင်ပေါ်က မျက်ရည်တွေကို သုတ်ပေးရင်း "လမ်းခွဲမယ်လို့ အမြဲပြောသူက ရတီပါ။ မောင်ကို ပစ်သွားမယ့်သူက ရတီပဲလေ.."။ မောင့်ကို ကျွန်မတင်းတင်းလေး ပြန်ဖက်ထားလိုက်တယ်။ ဘယ်တော့မှ လက်မလွတ်တော့ပါဘူး.... တကယ်တော့ လူတစ်ယောက်ကိုနှစ်သက်တာဟာ နားရွက်တဲ့။ မနှစ်သက်တော့ရင် နားရွက်ကိုပိတ်ထားလို့ရတယ်။ လူတစ်ယောက်ကိုချစ်တာဟာ မျက်စိတဲ။့ မချစ်တော့ရင် မျက်စိကို မှိတ်ထားလို့ရတယ်ဆိုပေမယ့် မျက်ရည်တွေက နှလုံးသားထဲကို နောက်ပြန်စီးဝင်တယ်။ ကျွန်မတို့ကြားမှာ ရာသီတွေခြားတယ်၊ မြို့ရွာတွေခြားတယ် ဒါပေမယ့် အချစ်တွေကွာဝေးအောင် မတားနိုင်ခဲ့တော့ပါဘူး။ ဆောရီးပါမောင်... ကျွန်မကိုမောင်ချစ်သလို မောင့်ကိုလည်းရတီချစ်တတ်အောင် သက်ဆုံးထိ ရတီသင်ယူပါမယ်လို့....
.(နိုင်းနိုင်းစနေ ဘာသာပြန်သည်။)



iPhone 6 နဲ့ အပြိုင် ထွက်လာတော့မည့် Samsung GALAXY S5


အားလုံး စိတ်ဝင်စားနေကြတဲ့ Samsung ရဲ့ Galaxy S5 စမတ်ဖုန်းဟာ လာမယ့် ဧပြီလထဲ ပွဲထွက်လာမှာ ဖြစ်ကြောင်း နိုင်ငံတကာ သတင်းတွေအရ သိရှိရပါတယ်။ အစောပိုင်းတည်းက သတင်းတွေ ထွက်ရှိထားတဲ့အတိုင်း အဆိုပါ စမတ်ဖုန်းမှာ သုံးစွဲသူရဲ့ မျက်ဝန်းကို ဖတ်နိုင်မယ့် ‘Iris Scanner’ လည်း ပါဝင်လာမှာ ဖြစ်ပါတယ်။ လက်ရှိ Galaxy S4 မှာလည်း မျက်လုံးရဲ့ ရွေ့လျားမှုကို အာရုံခံနိုင်မယ့် Sensor ပါဝင်ပေမယ့် ထင်သလောက် မကောင်းတာကို တွေ့ရပါတယ်။ ဒါကြောင့် Galaxy S5 ဟာ ပိုမိုကောင်းမွန်လာမယ့် Sensor တွေ၊ Scanner တွေနဲ့ ပွဲထွက်လာနိုင်ဖွယ် ရှိပါတယ်။

ဒီသတင်းကို Samsung ရဲ့ မိုဘိုင်းဌာနအကြီးအကဲ လီယွန်ဟီးမှ အတည်ပြု ပြောကြားခဲ့တာပါ။ ဒီသတင်းအရ Samsung အနေနဲ့ နောက်လထဲ စပိန်နိုင်ငံ၊ ဘာစီလိုနာမြို့မှာ ကျင်းပမယ့် MWC (Mobile World Congress) မှာ ဘယ်စမတ်ဖုန်းအသစ်ကိုမှ မိတ်ဆက်ပွဲထုတ်မှာ မဟုတ်ဘဲ ဧပြီလရောက်မှသာ Launch လုပ်မှာ ဖြစ်ပါတယ်။

အခုထွက်ရှိမယ့် Galaxy S5 ဟာ လက်ရှိ iPhone 5S နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပြီး ၂၀၁၄ ထဲမှာတင် ထွက်ရှိလာမယ့် iPhone 6 နဲ့ပါ ဆက်လက်ယှဉ်ပြိုင် သွားရမှာပါ။ သေချာတာကတော့ ဒီဖုန်းမှာ မျက်ဝန်းကိုဖတ်မယ့် ‘Iris Scanner’ ပါဝင်လာမှာ ဖြစ်ပြီး အခြားသော Scanner လည်း ပါဝင်လာနိုင်ပါတယ်။ ဒါ့အပြင် အရင်ကထွက်ရှိခဲ့သမျှ Samsung ဖုန်းတွေနဲ့ ကွဲပြားစေမယ့် ဒီဇိုင်းပုံစံအသစ်ကိုလည်း တွေ့ရမှာ ဖြစ်တယ်လို့ Samsung ရဲ့ အကြီးအကဲ မစ္စတာ လီယွန်ဟီးက ဆက်လက်ပြောကြားခဲ့ပါတယ်။ ကွဲပြားတယ်ဆိုပေမယ့် ပုံမှာတွေ့ရတဲ့အတိုင်း အရင်ဖုန်းတွေရဲ့ ဒီဇိုင်းပုံစံကိုပဲ အခြေခံထုတ်လုပ်ထားတာပါ။

“Galaxy S4 ထုတ်လုပ်တုန်းက ဆိုရင် S3 နဲ့ များစွာ မကွာခြားသလို ခံစားခဲ့ကြရပါတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ အခု S5 မှာ Display နဲ့ ကျောဘက်ကာဗာပိုင်းကို ပြင်ဆင်ပြောင်းလဲထားပါတယ်” လို့ ၎င်းကပြောကြားခဲ့ပါတယ်။ ဒါ့အပြင် Samsung အနေနဲ့ ဒီဖုန်းကို ပရော်ဖက်ရှင်နယ်ကျကျ သုံးစွဲမယ့်သူတွေအတွက် ရည်ရွယ်ထုတ်လုပ်သွားမှာ ဖြစ်ပြီး စမတ်ဖုန်းတစ်လုံးဝယ်ဖို့ ငွေကြေးများများ သုံးစွဲနိုင်သူတွေအတွက် ဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့် Galaxy S5 ရဲ့ ဈေးနှုန်းက စိတ်ဝင်စားစရာပါပဲ။

ဆက်လက်ပြီး မစ္စတာလီယွန်ဟီးကပဲ ‘Samsung အနေနဲ့ ဒုတိယမြောက်မျိုးဆက် Wearable Device တစ်ခုကို ထုတ်လုပ်ဖို့ ပြင်ဆင်လျက်ရှိကြောင်း’ ပြောကြားခဲ့ပါတယ်။ Galaxy Gear ကို ထုတ်လုပ်ခဲ့ပြီး ၎င်းရဲ့ နေရာမှာ အစားထိုးဖို့ဖြစ်ကာ Gear ထက် ပိုမိုစုံလင်တဲ့ (ကျန်းမာရေးဆိုင်ရာ) လုပ်ဆောင်ချက်တွေ၊ ပိုမိုပါးလွှာလှပတဲ့ ဒီဇိုင်း စတာတွေနဲ့ ထုတ်လုပ်သွားမှာဖြစ်ပြီး Galaxy S5 ရဲ့ တွဲဖက်ပစ္စည်း ဖြစ်လာနိုင်ပါတယ်။

အခုပုံကတော့ Samsung အကြီးအကဲ မစ္စတာ လီယွန်ဟီး ပြောကြားခဲ့တဲ့ Samsung ရဲ့ မကြာခင် ထွက်ရှိလာမယ့် Galaxy S5 ဒီဇိုင်းပုံစံ ဖြစ်ပါတယ်။
By Kangyi (MCG)

ဈေးဆိုင်များအတွက် အရောင်ခွဲထားသည့် အခွန်ထမ်းကတ်ပြား ထုတ်ပေးထား


ရန်ကုန်တိုင်းဒေသကြီးအတွင်း စီးပွားရေးလုပ်ငန်း လုပ်ကိုင်သည့် ဈေးဆိုင်များကို အခွန်ဆောင်၊ မဆောင် အရောင်ခွဲခြား သတ်မှတ်ထားသည့် အခွန်ထမ်းဆောင်မှု မှတ်ပုံတင်ကတ်ပြား နှစ်သောင်းနီးပါး ထုတ်ပေးထားပြီး ဖြစ်ကြောင်း အခွန်ကောက်ခံမှု စိစစ်ကြပ်မတ်ရေး ဘုတ်အဖွဲ့ထံမှ သိရသည်။ “ပုံမှန် အခွန်ဆောင်နေတဲ့ ဈေးဆိုင်ကို အဝါရောင်ကတ်ပြား ထုတ်ပေးပြီး အခွန်စဆောင်မယ့် ဆိုင်တွေကို အဖြူရောင်ကတ် ထုတ်ပေးမယ်။ ဒီလိုလုပ်ရတာက အခွန်ဆောင်တဲ့သူတွေ မဆောင်သေးတဲ့သူတွေ ခွဲခွဲခြားခြား သိနိုင်လို့ပါ” ဟု ပြည်တွင်းအခွန်များ ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ရန်ကုန်တိုင်းဒေသကြီးတွင် စီးပွားရေးလုပ်ငန်း လုပ်ကိုင်သည့် ဈေးဆိုင် ငါးသောင်းနီးပါးရှိပြီး အခွန်ဦးစီးဌာနမှ ယခုဘဏ္ဍာနှစ် စက်တင်ဘာလမှစ၍ ပုံမှန်အခွန်ဆောင်သည့် ဆိုင်များကို အဝါရောင် အခွန်ထမ်းဆောင်မှု မှတ်ပုံတင်ကတ်ပြား လဲလှယ်ထုတ်ပေးလျက်ရှိပြီး အခွန်စတင် ထမ်းဆောင်မည့် ဆိုင်များကို အဖြူရောင် ကတ်ပြားများ ထုတ်ပေးလျက်ရှိသည်။ “အခွန်ဌာနက ကွင်းဆင်းပြီးတော့ လုပ်ပေးနေပါတယ်။ အရင်အခွန်စာအုပ်နဲ့ ဆောင်နေတဲ့ ဈေးဆိုင်တွေကို အဝါရောင်ကတ်လဲပြီး ထုတ်ပေးတယ်။ အခွန်လုံးဝ မဆောင်ရသေးတဲ့ ဆိုင်ကို အခွန်ဆောင်ဖို့ စည်းရုံးပြီး အဖြူကတ် ပေးတယ်” ဟု အထက်ပါပုဂ္ဂိုလ်က ဆိုသည်။ ပုံမှန် အခွန်ဆောင်နေသည့် ဈေးဆိုင်များကို လက်ရှိအချိန်တွင် အဝါရောင် အခွန်ထမ်းဆောင်မှု မှတ်ပုံတင် ကတ်ပြား တစ်သောင်းခွဲနှင့် အခွန်စတင် ထမ်းဆောင်မည့် သူများအတွက် အဖြူရောင် အခွန်ကတ်ပြား သုံးထောင် ထုတ်ပေးပြီဖြစ်ကြောင်း ထပ်မံ သိရသည်ဟု ၂၀၁၄ ခုနှစ်ဇန်နဝါရီ ၁၄ ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင်ဖော်ပြထားပါသည်။ "
khit lu nge

စိတ်ကြွဆေးပြားသိန်းလေးဆယ်ဖိုးဖမ်းဆီးရမိ


လားရှိုးမြို့ရှိ မူးယစ်တပ်ဖွဲ့စု(၂၄)မှ တပ်ဖွဲ့ဝင်များသည်ဟိုပိတ် အေးရှားဝေါလ် တိုးဂိတ်တွင် ဆိုင်ကယ်ဖြင့် မူးယစ်ဆေးဝါများ သယ်ဆောင်လာသူများကို ဇန်န၀ါရီ ၉ ရက်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ လားရှိုး မူးယစ်တပ်ဖွဲ့စု(၂၄)မှ ရဲအုပ် ငြိမ်းချမ်းစိုး ဦးစီးအဖွဲ့သည် မူဆယ်ဖက်သို့အထွက် ဟိုပိတ်အေး ရှားဝေါလ် တိုးဂိတ်တွင် သတင်းအရ သက်သေများနှင့်အတူ စောင့်ဆိုင်းနေစဉ် ကွတ်ခိုင်ဖက်မှ လားရှိုး သို့ မောင်းနှင်လာသော CZITrsta -125ဆိုင်ကယ် အား ရပ်တန့်ရှာဖွေရာ ဆိုင်ကယ်ဂွကြားတွင် တင်ဆောင်လာသော Sound Boxအတွင်း၊ အပြာရောင် ကပ်ခွာအိတ်ဖြင့် ထည့်လျက် 88နှင့်1စာတမ်း တဖက်စီပါ ပန်းရောင် စိတ်ကြွရူးသွပ် ဆေးပြားနှစ်ရာပြားပါ ဆယ်ထုပ်၊ စုစုပေါင်းဆေးပြား(၂၀၀၀)ပြား၊ အလေးချိန်(၁၈၀)ဂရမ်၊ တန်ဖိုးငွေ ကျပ်သိန်းလေးဆယ်တန်ဖိုးရှိ ဆေးဝါးများကို သယ်ဆောင်လာသူ များနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။အဆိုပါဆေးဝါး မျာအား ရောင်းချရန်နှင့် သုံးစွဲရန် သယ်ဆောင်လာသူအိုက်မောင်း(၁၈)နှစ်၊ (ဘ)ဦးအိုက်စိုင်းနားဆိုင်းရွာ၊ နမ္မတူမြို့နယ်၊ ကျောက်မဲ ခရိုင်နေသူနှင့် အိုက်မြင့်(၁၈)နှစ်(ဘ)ဦးအိုက်နွန်ျန်းရွာ၊ ကွတ်ခိုင်မြို့နေသူတို့အား လားရှိုးနယ်မြေ ရဲစခန်း မယ(ပ)၅/၂၀၁၄၊ မူးစိတ်ပုဒ်မ-၁၅/၁၉(က)/၂၁- အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း ရဲမှတ်တမ်းအရ သိရသည်။

စိုးမင်းနိုင်
The Myanma Age

ဟိုင်နန်ခရိုင်အစိုးရ ခွင့်ပြုချက်မရဘဲ တောင်တရုတ်ပင်လယ်တွင် ငါးဖမ်းလျှင် ဒဏ်ရိုက်မည်

တရုတ်နိုင်ငံခြားရေးဌာနရဲ့ ပြောခွင့်ရသူ ဟွာချန်ရီ

ဟိုင်နန်ခရိုင် အစိုးရရဲ့ ခွင့်ပြုချက်မပါဘဲ တောင်တရုတ်ပင်လယ်ကို နိုင်ငံခြား ငါးဖမ်းလှေ တွေ ၀င်သွားရင် ဒဏ်ရိုက်ခံရနိုင်တဲ့ ဥပဒေသစ်ကို ဒေသန္တရအစိုးရက ပြဌာန်းလိုက်ပါတယ်။

ဟိုင်နန်ခရိုင်လွှတ်တော်က ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလအတွင်းမှာ ပြဌာန်းလိုက်တဲ့ ဥပဒေအရ ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၁ ရက်နေ့မှာ စပြီး အသက်ဝင်နေပြီလို့ ဒေသအစိုးရရဲ့ ၀က်ဆိုဒ် စာမျက်နှာမှာ ဖော်ပြထားပါတယ်။
တရုတ်နိုင်ငံခြားရေးဌာနရဲ့ ပြောခွင့်ရသူ ဟွာချန်ရီကတော့ ဒါဟာ ရှိသင့်ရှိထိုက်တဲ့ ဥပဒေပဲလို့ ပြောပါတယ်။

“ဗဟိုအစိုးရရဲ့ ဥပဒေတွေနဲ့အညီ ပင်လယ်နဲ့ ထိစပ်နေတဲ့ ဒေသန္တရအစိုးရတွေက သင့်တော်တဲ့ ဥပဒေတွေကို ထုတ်ပြန်တာ ထုံးစံပဲ ဖြစ်ပါတယ်။

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ရေသံယံဇာတတွေ အရင်းအမြစ်တွေ စီမံခန့်ခွဲရေးနဲ့ ထိန်းသိမ်းရေး ကိစ္စတွေနဲ့ ပတ်သက်တဲ့ ဒီလို ဥပဒေမျိုးတွေ ရှိသင့်တယ်” လို့ ပေကျင်းမှာ လုပ်တဲ့ ပုံမှန် သတင်းစာရှင်းလင်းပွဲမှာ တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူက ပြောပါတယ်။

ဒါပေမယ့် တရုတ်အစိုးရက ဥပဒေကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်လာရင်တော့ ဒေသတွင်းမှာ တင်းမာမှုတွေ တိုးလာနိုင်ဖွယ် ရှိပါတယ်။

ရေနံနဲ့ ဓာတ်ငွေ့ ကြွယ်ဝတဲ့ တောင်တရုတ်ပင်လယ်တခုလုံးနီးပါးကို တရုတ်အစိုးရက သူ့အပိုင်လို့ ပြောနေပေမယ့် ဖိလစ်ပိုင်၊ ထိုင်ဝမ်၊ မလေးရှား၊ ဘရူးနိုင်းနဲ့ ဗီယက်နမ်တို့က လက်မခံပါဘူး။

အခု နောက်ဆုံး ပြဌာန်းလိုက်တဲ့ ဥပဒေသစ်ကို ရှင်းရှင်းလင်းလင်းသိဖို့ ကြိုးစားနေတယ်လို့ ဖိလစ်ပိုင်အစိုးရက ဇန်န၀ါရီ ၉ ရက်နေ့က ပြောပါတယ်။

နောက်ဆုံး ဥပဒေမှာ အပြစ်ကျူးလွန်ရင် ဘယ်လို အပြစ်ပေးမလဲဆိုတာကိုတော့ ပြဌာန်း မထားပေမယ့် ၂၀၀၄ ခုနှစ်က တရုတ်အစိုးရက ပြဌာန်းထားတဲ့ ဥပဒေအတိုင်းဆိုရင်တော့ တရုတ်အစိုးရဆီက ခွင့်ပြုချက်မရဘဲ တရုတ်ရေပိုင်နက်ထဲကို ၀င်လာတဲ့ လှေတွေကို ဖမ်းဆီးပြီးတော့ အမေရိကန်ဒေါ်လာ ၈ သောင်း ၂ ထောင် ၆ ရာနဲ့ ညီမျှတဲ့ တရုတ်ယွမ်ငွေ ၅ သိန်း ပေးဆောင်ရမယ်လို့ ဖော်ပြထားပါတယ်။
DVB Burmese

လမ်းနဲ့ ပလက်ဖောင်းပေါ်မှာ ထားတဲ့ ပစ္စည်းတွေကို အမှိုက်အဖြစ် ရန်ကုန်စည်ပင်ကသိမ်းတော့မည်


လမ်းမတော်မြို့နယ် ၁၁ လမ်း-၁၂ လမ်းထိပ် အနော်ရထာလမ်းဘေး လူသွားပလက်ဖောင်းပေါ်ရှိ ဈေးဆိုင်ခုံများ တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနက ကြေညာချက်များ ကပ်ထားသည်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ လမ်းနှင့် တံတားဆိုင်ရာ နည်းဥပဒေ ပုဒ်မ ၄၄ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနဆိုင်ရာ နည်းဥပဒေပုဒ်မ ၁၈ နှင့် ၅၁ တို့အရ လမ်းနှင့် ပလက်ဖောင်းပေါ်တွင် ထားရှိခြင်းဖြစ်၍ အမှိုက်ဖြစ်ပါသည်။ ဇန်နဝါရီ ၁ဝ ရက်မှစ၍ အမှိုက်အဖြစ် သိမ်းဆည်းပြီး နောက်ဆုံး စွန့်ပစ်အမှိုက်ပုံများသို့ စွန့်ပစ်ဖျက်ဆီးမည်ဟု ပါရှိကြောင်း သိရသည်။

 ဒီဇင်ဘာ ၃ဝ ရက် နံနက်ပိုင်းက လမ်းမတော်မြို့နယ်အတွင်း လမ်းသွယ်အချို့တွင် နေရာဦးပစ္စည်းများ၊ ဈေးဆိုင်ခုံများကို သက်ဆိုင်ရာမှ သိမ်းဆည်းခဲ့ပြီး ဈေးဆိုင်ခုံစသည့် ပြန်လည်ရယူလိုသည့် ပစ္စည်းများ တရားစွဲဆိုပြီး စည်ပင်တရားရုံးမှ ဒဏ်ရိုက်၍ ပစ္စည်းပြန်လည် ထုတ်ပေးခဲ့ကြောင်း၊ ယင်းပစ္စည်းများ မူလနေရာ မှာပင် ပြန်လည်ထားရှိ၍ ယခုကဲ့သို့ ထပ်မံကြေညာခြင်း ဖြစ်နိုင်သည်ဟု ရပ်ကွက်နေလူများက ဆိုသည်။ လမ်းဘေးတွင် ထားရှိသော ပစ္စည်းများကို စွန့်ပစ်ပစ္စည်းအဖြစ် သတ်မှတ် သိမ်းဆည်းမည်ဆိုသော စာတန်း အနီများ သိမ်ကြီးဈေး စီရုံ၊ ဘီရုံတို့တွင် ဒီဇင်ဘာလအတွင်း ချိတ်ဆွဲ အသိပေးခဲ့ပြီး နိုင်ငံပိုင်သတင်းစာများတွင် ဖတ်ရှုခဲ့ရကြောင်း၊ ယခုအခါ သက်ဆိုင်ရာမှ ယာဉ်များရပ်ရန်နေရာကို ဖော်ထုတ် တည်ဆောက်ပေးနေကြောင်း၊ လူအများ သွားလာရာလမ်းများကို လွယ်လင့်တကူ သွားလာနိုင်ရန်လည်း လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ သို့သော် ရန်ကုန်မြို့တွင်းမှာပင် လမ်းဘေးနှင့် လူသွားလမ်းများပေါ် ဈေးတည်ခင်းရောင်းချခြင်း၊ ယာဉ်များ စည်းကမ်းမဲ့ ရပ်နားခြင်းများ မြင်တွေ့ရဆဲ ရှိသည်ဟု မြို့တွင်းသွားလာနေသူများက ပြောပြခဲ့ကြောင်း ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။
khit lu nge

မိုင်းဖုန်းဆရာတော် သက်တော် (၅၀) ပြည့်ရွှေရတု မွေးနေ့ (ရုပ်/သံ)


ဇာတိ မြန်မာပြည်ဝင်ခွင့် ပိတ်ပင်ခံထားခဲ့ရာက မိုင်းဖုန်း ဒေသမှာ ပထမဆုံး ပြန်လည် ကျင်းပခွင့်ရတဲ့ မိုင်းဖုန်း ဆရာတော် ဘဒ္ဒန္တ ဉာဏသံဝရ (သဒ္ဒမ္မ ဇောတိက ဓဇ) ရဲ့ သက်တော် ၅၀ ပြည့် ရွှေရတု မွေးနေ့ ပွဲ ဖြစ်ပါတယ်။



ဧရာဝတီ သတင်း

နိုင်ငံရေးသမားရောင်းရန်ရှိသည် - အပိုင်း (၄) နိဂုံး


မြန်မာနိုင်ငံရေးသမားတွေနဲ့ NED ကွန်ရက်
ဇော်ဝင်း (၈၈ ကျောင်းသားဟောင်း)

နာမည်နဲ့ လုပ်ရပ် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်တဲ့ အဖွဲ့တဖွဲ့ကတော့ NED ပါ။ နာမည်က National Endowment for Democracy ဒီမိုကရေစီ ကူညီထောက်ပံ့ရေး အဖွဲ့ပါ။ လက်တွေ့ဆောင်ရွက်ချက်တွေက တော့ ဒီမိုကရေစီကို ဟန့်တားတဲ့ လုပ်ရပ်၊ သူတပါး နိုင်ငံရဲ့ နိုင်ငံရေးကို ကိုယ့်အကျိုးစီးပွားနဲ့ တသားတည်းဖြစ်အောင် ခြယ်လှယ်တဲ့ လုပ်ရပ်တွေချည်းပါပဲ။

နာမည်ခံတာက ဒီမိုကရေစီ ၊ လက်တွေ့လုပ်တာက သူတို့ အကျိုးပါ။ သူတို့ အကျိုးဆိုတာ အမေရိကန် ပြည်သူတို့ရဲ့ အကျိုးစီးပွားလို့ အဓိပ္ပါယ် မထွက်ပါဘူး။ အရင်းရှင် ကော်ပိုရေးရှင်းကြီးတွေ ၊ ကမ္ဘာ့ အချမ်းသာဆုံး လက်တဆုပ်စာ လူတွေရဲ့ အကျိုးစီးပွားလို့သာ အဓိပ္ပါယ်ထွက်ပါတယ်။ NED တို့ CIA တို့ဟာ အဲဒီ ကမ္ဘာ့အချမ်းသာဆုံး ကော်ပိုရေးရှင်း၊ ကမ္ဘာ့အချမ်းသာဆုံး လက်တဆုပ်စာကိုပဲ ကိုယ်စားပြုပါတယ်။ ကမ္ဘာ့အချမ်းသာဆုံး လက်တဆုပ်စာကို ကိုယ်စားပြုပြီး၊ အများစု အလုပ်သမား ၊ လယ်သမားတွေကို ဆန့်ကျင်ခြင်း၊ ကမ္ဘာ့ဆင်းရဲသားထုကြီးကို ဆန့်ကျင်ခြင်းကိုယ်၌သည်ပင် ဒီမိုကရေစီရဲ့ ဆန့်ကျင်ဘက် ဖြစ်လာပါတယ်။

ကော်ပိုရေးရှင်းကြီးတွေ အတွက်တော့ အမြတ်အစွန်းဟာ အဓိက ရည်မှန်းချက် ဖြစ်ပြီး အဆုံးစွန် မျှော်လင့်ချက်က ဘာမဆို ရောင်းနိုင်ခွင့် ဘာမဆိုဝယ်နိုင်ခွင့် ဖြစ်ပါတယ်။

ဒီမိုကရေစီဆိုတာ အမေရိကန်ပဲလို့ ထင်နေသူတွေ ၊ အမေရိကန်ဆိုတာ ဒီမိုကရေစီပဲလို့ ထင်နေသူတွေ အတွက်တော့ National Endowment for Democracy ဒီမိုကရေစီ ကူညီထောက်ပံ့ရေး အဖွဲ့ ဆိုတဲ့ နာမည်လှလှလေးကြောင့် ချက်ချင်းကြွေသွားလောက်ပါတယ်။ အမေရိကန်အစိုးရရဲ့ ဒီမိုကရေစီ ဖျက်ဆီးတဲ့လုပ်ရပ်တွေကို စောင့်ကြည့်နေသူ အမေရိကန်ပြည်တွင်း ဒီမိုကရက်နဲ့ ကမ္ဘာတဝန်းက ဒီမိုကရက်တွေ အတွက်တော့ NED ဟာ ကြောက်စရာကောင်းလောက်အောင် အန္တရာယ်ကြီးတဲ့ အဖွဲ့အစည်း တခုဖြစ်နေပါတယ်။

NED ကို ၁၉၈၃ ခုနှစ် သမ္မတ ရေဂင် လက်ထက်မှာ ဖွဲ့စည်းခဲ့တယ်။ ၁၉၇၀ ကျော်ကာလမှာ ဝါးတားဂိတ် အရေး ပေါ်ပေါက်ပြီး သမ္မတ နစ်ဆင်ဟာ သူ့ရဲ့ ဥပဒေချိုးဖောက်တဲ့ လုပ်ရပ်ကြောင့် ရာထူးက နှုတ်ထွက် သွားရတယ်။ ဒီဖြစ်စဉ်ရဲ့ နောက်မှာ စီအိုင်အေဟာ လွှတ်တော်ကော်မတီပေါင်းစုံရဲ့ ဆက်တိုက် စုံစမ်း စစ်ဆေးမှုတွေကို နှစ်ပေါင်းများစွာရင်ဆိုင်ခဲ့ရတယ်။ သီတင်းပတ်တိုင်းလောက်မှာ စီအိုင်အေ သတင်းတွေ တက်နေတယ်။ စီအိုင်အေရဲ့ ဥပဒေချိုးဖောက်မှုတွေသာမက၊ တခါတရံမှာ ရာဇဝတ်မှုကျူးလွန်တာတွေပါ ပေါ်ထွက်လာတယ်။ စီအိုင်အေအဖွဲ့ဟာ အကြီးအကျယ်နာမည်ပျက်ပြီး အုပ်ချုပ်သူ အစိုးရအဖွဲ့အတွက်လည်း အရှက်ရစရာ ဖြစ်လာတယ်။

ဒီလိုအခြေအနေမှာ တခုခုလုပ်မှ ဖြစ်တော့မယ်လို့ အမေရိကန်အစိုးရက စဉ်းစားမိလာတယ်။ မှန်ပါတယ်။ သူတို့ တခုခုလုပ်ခဲ့ပါတယ်။ အဲဒီတခုခုဟာ စီအိုင်အေရဲ့ ဆိုးဝါးလှတဲ့ လုပ်ရပ်တွေကို ရပ်တန်းကရပ်လိုက် တာလို့ ထင်ရင်တော့ မှားပါလိမ့်မယ်။ တကယ်လုပ်လိုက်တာက စီအိုင်အေရဲ့ ဆိုးဝါးလှတဲ့ လုပ်ရပ်တချို့ကို နာမည်လှလှ ပေးထားတဲ့ အဖွဲ့အစည်းသစ်ကို လွှဲပြောင်းပေးပြီး လုပ်ခိုင်းလိုက်တာပါပဲ။ အဲဒီအဖွဲ့ကတော့ တခြား မဟုတ်ဘူး။ ဒီမိုကရေစီ ကူညီထောက်ပံ့ရေးဆိုတဲ့ NED ပါပဲ။ တချိန်က စီအိုင်အေက လျှို့ဝှက်လုပ် ဆောင်တဲ့ အလုပ်တွေကို ဗြောင်လုပ်ခွင့်ရတဲ့ အဖွဲ့အစည်းဟာ NED ဖြစ်လာပါတယ်။

စီအိုင်အေ အရာရှိဟောင်း ဖြစ်တဲ့ ဖိလစ် အေဂျီး (Philip Agee) က "စီအိုင်အေ အရာရှိဟောင်း တဦးပြောပြသော အရပ်ဘက် အဖွဲ့အစည်းများကို အသုံးပြု၍ အစိုးရများကို ဖြုတ်ချရန် အမေရိကန်၏ ကြံစည်ဆောင်ရွက်မှုများ" ဆိုတဲ့ ဆောင်းပါးမှာ NED စတင်ပေါ်ပေါက်လာပုံနဲ့ ပတ်သက်ပြီး အခုလို ရေးသားခဲ့ပါတယ်။

"၁၉၈၃ ခုနှစ်မှာ လုပ်ငန်းစဉ်အသစ်တွေကို ဆောင်ရွက်ဖို့ NED ဆိုတဲ့ အဖွဲ့အစည်းသစ်ကို ဖွဲ့စည်းလိုက်တယ်။ လုပ်ငန်းစဉ်အသစ်ဆိုပေမဲ့ တကယ်တန်း အသစ်တွေတော့ မဟုတ်ပါဘူး။ ၁၉၄၇ ခုနှစ်က စပြီး စီအိုင်အေဟာ အစိုးရမဟုတ်တဲ့ နိုင်ငံခြား အဖွဲ့အစည်းတွေကို လျှို့ဝှက်ငွေထောက်ပံ့ပြီး ကြိုးကိုင်ကစားတဲ့ အလုပ်တွေ လုပ်ခဲ့ပြီးသားပါ။ စီအိုင်အေရဲ့ အဲဒီကြီးမားတဲ့ စစ်ဆင်ရေး ကြီးဟာ ကမ္ဘာနဲ့ချီကျယ်ပြန့်ပြီး နိုင်ငံရေးပါတီတွေ၊ အလုပ်သမား သမဂ္ဂတွေ၊ စီးပွားရေး အဖွဲ့အစည်းတွေ၊ လူငယ်နဲ့ ကျောင်းသား အဖွဲ့အစည်းတွေ၊ အမျိုးသမီးအုပ်စုတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေ၊ ဘာသာရေး အစည်းအရုံးတွေ၊ ပညာရှင်အဖွဲ့တွေ၊ ယဉ်ကျေးမှု အဖွဲ့တွေနဲ့ သတင်းလုပ်ငန်းတွေကို ပစ်မှတ်ထားချဉ်းကပ်ခဲ့ပါတယ်။ ပြည်တွင်းရော ပြည်ပမှာပါ ကွန်ရက်ဖြန့်ကျက် ဆောင်ရွက်ခဲ့တာလည်း ဖြစ်ပါတယ်။ နှစ်ပေါင်းများစွာကာလတွေ အတွင်းမှာ စီအိုင်အေဟာ ကန့်လန့်ကာနောက်ကွယ်ကနေ သြဇာလွှမ်းမိုးပြီး တနိုင်ငံပြီး တနိုင်ငံ တဖွဲ့ပြီး တဖွဲ့မှာ အားကောင်းတဲ့ လူပုဂ္ဂိုလ်တွေကို အသုံးပြုပြီး လက်ဝဲအဖွဲ့အစည်းတွေ ကို ချေမှုန်းခဲ့တယ်။ အစိုးရတွေကို ဖြုတ်ချခဲ့ပါတယ်။ စီအိုင်အေရဲ့ အဲဒီအလုပ်ကို NED လက်လွှဲလိုက်တာဖြစ်ပါတယ်။"

NED ဖွဲ့စည်းရေး ဥပဒေမူကြမ်းကို ရေးဆွဲရာမှာ ပါဝင်ခဲ့သူ အယ်လင် ဝိန်းစတိန်းကလည်း ၁၉၉၁ ခုနှစ်မှာ ပြောကြားရာမှာ "အခုအချိန်မှာ NED ကလုပ်နေတဲ့ အလုပ်အများအပြားဟာ အရင်တုန်းက စီအိုင်အေက ပုန်းလျှိုးကွယ်လျှိုး လုပ်ခဲ့တဲ့ အလုပ်တွေပါပဲ" လို့ပြောခဲ့ပါတယ်။

NED ဝက်ဘ်ဆိုက်စာမျက်နှာမှာ ရေးသားထားချက်အရ NED ဟာ လူ့အခွင့်အရေး ဆောင်ရွက်တဲ့ သူတွေ ၊ လွတ်လပ်တဲ့ သတင်းမီဒီယာတွေ၊ ဥပဒေစိုးမိုးရေး ဆောင်ရွက်သူတွေနဲ့ အရပ်ဘက် လူ့အဖွဲ့အစည်းတွေ ( လူထုအခြေပြုအဖွဲ့အစည်းတွေ)ကို တိုက်ရိုက်ငွေကြေးထောက်ပံ့တဲ့ အဖွဲ့အစည်းဖြစ်တယ်လို့ ဆိုပါတယ်။

NED ဟာ ကမ္ဘာတလွှားက ဒီမိုကရက်တစ် အဖွဲ့အစည်းတွေကို ပုဂ္ဂလိကနည်း၊ အစိုးရနဲ့ မသက်ဆိုင်တဲ့နည်း နဲ့ ထောက်ပံ့ကူညီဖို့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းလို့လည်း ဆိုပါတယ်။ ဒီနေရာမှာ "အစိုးရနဲ့ မသက်ဆိုင်တဲ့" ဆိုတဲ့စကားကို အထူးသတိပြုဖို့လိုပါတယ်။ NED ဟာသူ့ကိုယ်သူ အစိုးရနဲ့ မသက်ဆိုင်တဲ့ အဖွဲ့အစည်းပါ NGO ပါလို့ ရည်ညွှန်းပြောဆိုလေ့ရှိပါတယ်။ ဒါဟာ သူ့အဖွဲ့အစည်းက ကိုယ့်ကိုယ်ကိုယ် ပြောတဲ့အပြော၊ ကိုယ့်ကိုယ်ကိုယ် ပုံဖော်တဲ့ ပုံရိပ်ဖြစ်ပါတယ်။ ဒါပေမဲ့ NED ငွေအားလုံးနီးပါးဟာ အစိုးရဆီကလာတဲ့ ငွေတွေ ဖြစ်ပါတယ်။ NED ဟာ NGO မဟုတ်ပါဘူး။ GO ပါ။ အစိုးရအဖွဲ့အစည်းဖြစ်ပါတယ်။

NED ဟာ အမေရိကန် ကွန်ဂရက် ဆီကနေ နှစ်စဉ်အချိုးကျ ခွဲတမ်းရပါတယ်။ ကွန်ဂရက်စ်ကနေ အဲသလို ခွဲဝေပေးနိုင်ဖို့ အဓိကငွေကြေးထောက်ပံ့ပေးသူတွေကတော့ National Democratic Institute for International Affairs ( ဒီမိုကရက်တစ်ပါတီနဲ့ ချိတ်ဆက်နေတဲ့ အဖွဲ့အစည်း) ၊ The International Republican Institute (ရီပတ်ဘလစ်ကင်ပါတီနဲ့ ဆက်စပ် အဖွဲ့အစည်း) ၊ American Center for International Labor Solidarity (နိုင်ငံတကာ လက်ဝဲ အလုပ်သမား အဖွဲ့ အစည်းတွေကို ချေမှုန်းဖို့ ဖွဲ့ထားတဲ့ အဖွဲ့အစည်း) ၊ Center for International Private Enterprise (အမေရိကန် ကုန်သည် ကြီးများအသင်း) တို့ဖြစ်ပါတယ်။

ဒါဆိုရင် NED ဟာ ဘာ့ကြောင့် သူ့ကိုယ်သူ NGO လို့ ပြောချင်တာပါလဲ။ ပထမအချက်က အမေရိကန် အစိုးရရဲ့ နိုင်ငံတကာမှာ ကျူးကျော်စွက်ဖက်တဲ့ ဆောင်ရွက်ချက်တွေနဲ့ NED နဲ့မဆက်စပ်ချင်လို့ပါ။ နောက်တချက် ကတော့ ပိုအရေးကြီးပါတယ်။ နိုင်ငံတော်တော်များများမှာ နိုင်ငံခြားအစိုးရတွေဆီက ရတဲ့ငွေနဲ့ ပတ်သက်ပြီး စစ်ဆေးတဲ့ ၊ ကန့်သတ်တဲ့ ဥပဒေပြဌာန်းချက်တွေရှိနေလို့ပါ။ အမေရိကန် အစိုးရကိုယ်တိုင်မှာလည်း အဲသလို ဥပဒေမျိုးရှိပါတယ်။ နိုင်ငံခြားအစိုးရတွေကနေ ငွေကြေးထောက်ပံ့ပြီး နိုင်ငံရေးစွက်ဖက်မှုလုပ်မှာကို ကာကွယ်တားဆီးတဲ့ ဥပဒေပါ။ အမေရိကန်မှာ နိုင်ငံခြား အစိုးရ ထောက်ပံ့ငွေ အသုံးပြုတဲ့ လူတဦးချင်းဖြစ်စေ၊ အဖွဲ့အစည်းဖြစ်စေ ရှေ့နေချုပ်ဆီမှာ မှတ်ပုံတင်ရတယ်။ အသေးစိတ် ဆောင်ရွက်လှုပ်ရှားမှုနဲ့ ဘဏ္ဍာရေး အသေးစိတ် အစီရင်ခံစာ တွေကို ၆ လတကြိမ်တင်ရတယ်။ NED ဟာနိုင်ငံခြားမှာ သူတို့ပေးတဲ့ငွေကို သက်ဆိုင်ရာနိုင်ငံတွေမှာ ပြဌာန်းထားတဲ့ အဲသလို အလားတူ ဥပဒေတွေနဲ့ ကင်းလွတ်ချင်လို့ သူ့ကိုယ်သူ NGO ပါလို့ ပြောနေတာဖြစ်ပါတယ်။

တကယ်တော့ NED ရနေတဲ့ ငွေဟာ အထက်မှာ ပြောခဲ့သလိုပဲ ဒီမိုကရက်တစ်ပါတီနဲ့ ရီပတ်ဘလစ်ကင် ပါတီတို့ဆီက ငွေက အများစုပဲ။ အဲဒီလို အမေရိကန် အဓိက ပါတီကြီးတချို့ရဲ့ ထောက်ပံ့ငွေကို NED ကနေ တဆင့် တခြားနိုင်ငံက ပါတီတွေကို ထောက်ပံ့နေတာဟာ တကယ်တော့ အမေရိကန် ဥပဒေနဲ့ကို မညီညွတ်ပါဘူး။ အမေရိကန်ထဲက နှစ်ပါတီက တခြားနိုင်ငံက ပါတီတွေကို ကွန်ဂရက်စ်က တဆင့် NED ကတ ဆင့် လွှမ်းမိုးခွင့်ရတယ်ဆိုတာ အမေရိကန် ပါတီအချင်းချင်းကြားမှာ အခွင့်ကောင်းယူတဲ့ လုပ်ရပ် ၊ မမျှတတဲ့ လုပ်ရပ်ပါ။ ဒါဥပဒေနဲ့ မညီပါဘူး။

ဒါ့အပြင် NED က တခြားနိုင်ငံတွေမှာ ငွေထောက်ပံ့သလိုမျိုး တခြားနိုင်ငံက အမေရိကန်မှာ လာလုပ်ရင်လည်း အမေရိကန်က လက်ခံမှာ မဟုတ်ပါဘူး။ ဆိုပါစို့။ တရုတ်နိုင်ငံကနေ သူတို့နဲ့ နီးစပ်တဲ့ အမေရိကန် သမ္မတလောင်း ဒါမှ မဟုတ် အမေရိကန် နိုင်ငံရေးပါတီကို ငွေကြေးအမြောက်အများ ထောက်ပံ့မယ် ဆိုရင် အမေရိကန် အနေနဲ့ ဘယ်လို တုန့်ပြန်မလဲ။ အမေရိကန်ဟာ ပြင်းပြင်းထန်ထန် အရေးယူမှာ မုချ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲသလို လုပ်ရပ်မျိုးနဲ့ အလားသဏ္ဍန်တူတဲ့ လုပ်ရပ်ပေါင်းများစွာကို NED ဟာကမ္ဘာတလွှားမှာ ပြုလုပ်ခဲ့တယ်။

NED ဟာ နိုင်ငံတကာက ရွေးကောက်ပွဲတွေမှာ သူတို့ဟာ ရွေးကောက်ပွဲအကြောင်း ကောင်းကောင်း နားမလည်တဲ့သူတွေကို ရွေးကောက်ပွဲ အကြောင်း ကကြီး ၊ ခကွေး သင်တန်းပေးနေသလို ပြောဆိုလေ့ရှိပါ တယ်။ ဒါပေမဲ့ သူ့သက်တမ်းတလျှောက်မှာ တကယ်တန်းလုပ်တာကတော့ ရွေးကောက်ပွဲတွေမှာ သူလိုချင်တဲ့ဘက်က အနိုင်ရအောင် ငွေအားသုံးပြီး အမျိုးမျိုး ကြိုးကိုင်ခြယ်လှယ် ဆော့ကစား သွားခဲ့တာပဲဖြစ်ပါတယ်။ ဥပမာ တချို့ကို ပြောရရင် ၁၉၉၀ နီကာရာဂွါ ရွေးကောက်ပွဲ၊ ၁၉၉၆ မွန်ဂိုလီးယား ရွေးကောက်ပွဲတို့မှာ သူတို့ကြိုက်တဲ့ အစိုးရ တက်နိုင်အောင် ကူညီထောက်ပံ့ခဲ့ပါတယ်။ ၁၉၉၀ ခုနှစ်မှာတော့ ဘူလ်ဂေးရီးယား နိုင်ငံမှာ ဒီမိုကရေ စီနည်းကျကျ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရကို သူတို့ မကြိုက်တဲ့ အတွက် ဖြုတ်ချနိုင်အောင် ကူညီခဲ့ပါတယ်။ ၁၉၉၁ နဲ့ ၁၉၉၂ ခုနှစ် အယ်လ်ဘေးနီးယားမှာလည်း အလားတူပြုလုပ်ခဲ့ပါတယ်။ ၂၀၀၂ ခုနှစ် စလိုဗက်ကီးယား မှာတော့ အမေရိကန် မလိုလားတဲ့ ဝန်ကြီးချုပ် ရှုံးနိမ့်သွားအောင် ငွေကြေးအင်အား သုံးပြီး ဆောင်ရွက်ခဲ့တယ်။ ဗင်နီဇွဲလားနိုင်ငံ သမ္မတ ဟူးဂိုးချားဗက်ဇ် ဟာ အမေရိကန် အစိုးရက အင်မတန် မုန်းတီးသူဖြစ်ပါတယ်။ သူမုန်းတီးတဲ့ ချားဗက်ဇ်ကို သမ္မတရွေးကောက်ပွဲမှာ ရှုံးအောင်၊ အခြေခံ ဥပဒေဆန္ဒခံယူပွဲမှာ ရှုံးအောင် ငွေကြေးအင်အား အလုံးအရင်း အမြောက်အများ အသုံးပြုပြီး အတိုက်အခံ ပါတီကို အကြီးအကျယ် ထောက်ပံ့ခဲ့ပါတယ်။ ဒါပေမဲ့ ဗင်နီဇွဲလားမှာ မအောင်မြင်ခဲ့ပါဘူး။

ဟေတီနိုင်ငံမှာ တိုးတက်တဲ့ ၊ ဒီမိုကရေစီကျတဲ့ အမြင်ရှိသူ သမ္မတ ယွင်း ဘာထရန် အရစ္စတိုက် ကို ဆန့်ကျင်တဲ့ ဒီမိုကရေစီ ညွန့်ပေါင်းအုပ်စုဆိုတဲ့ အဖွဲ့ကို ၁၉၉၀ နောက်ပိုင်းမှာ NED ကတောက်လျှောက် ငွေ ကြေးထောက်ပံ့ကူညီခဲ့ပါတယ်။

NED ဟာ ရံဖန်ရံခါမှာ သူတို့ရဲ့ ငွေကြေးဘက်လိုက်ကူညီမှု အတွက် အကြောင်းပြချက်ပေးရာမှာ သူတို့ဟာ ဗဟုဝါဒကို အားပေးတာ ဖြစ်တယ်၊ အတိုက်အခံနိုင်ငံရေး ပေါ်ထွက်လာအောင် ဆောင်ရွက်ပေးတာပါလို့ ဆင်ခြေပေးလေ့ရှိပါတယ်။ "နိုင်ငံရေး စနစ်တခုအတွင်းမှာ မိမိအသံကို ထုတ်ဖော်ပြောဆိုခွင့်မရသူတွေ အတွက် ကျနော်တို့က ထောက်ခံအားပေးနေတာပါ" လို့ NED ရဲ့ အရာရှိ လူဝီဆာ ကုန်းက ပြောပါတယ်။ ဒါပေမဲ့လည်း မက္ကဆီကို၊ အယ်လ်ဆာဗေးဒိုး၊ ဂွါတီမာလာ၊ နီကာရာဂွါ၊ တို့မှာရှိတဲ့ လက်ဝဲ အင်အားစုတွေ ကိုတော့ သူတို့ အသံထွက်ခွင့်ရအောင်၊ အတိုက်အခံအဖြစ် ရပ်တည်နိုင်အောင် အကူအညီ မပေးပါဘူး။ သူတို့ကို အသံမထွက်နိုင်အောင် ငွေကြေးအင်အားသုံးပြီး ဖိနှိပ်ပါတယ်။ ကျူးဘားက အတိုက်အခံကိုတော့ ငွေကြေး အမြောက်အများ ထောက်ပံ့ကူညီပါတယ်။

ကျူးဘားကို ထောက်ပံ့ကူညီပုံဟာ ဆိုရင် အင်မတန် ရုပ်ပျက်ဆင်းပျက်နိုင်လှပါတယ်။ Cuban-American National Foundation အမေရိကန်ရောက် ကျူးဘားနိုင်ငံသားများ ဖောင်ဒေးရှင်းအဖွဲ့ဆိုတဲ့ ကက်စထရို ဆန့်ကျင်ရေး အဖွဲ့ CANF ကို NED က ဒေါ်လာ ၂ သိန်းခွဲ ထောက်ပံ့ခဲ့ပါတယ်။ CANF အဖွဲ့က လူးဝစ် ပိုဆဒါ ကာရိုင်းစ် ကို ငွေကြေးပြန်လည် ထောက်ပံ့တာဝန်ပေးခဲ့ပါတယ်။ အဲဒီ လူးဝစ် ပိုဆဒါ ကာရိုင်းစ် ဟာ ခေတ်သစ်ကာလ အကြမ်းဖက်မှု သမိုင်းမှာ အကြင်နာတရား အကင်းမဲ့ဆုံး အရက်စက်ဆုံး အကြမ်းဖက် သမား တယောက်ဖြစ်ပါတယ်။ ၁၉၇၆ ခုနှစ်မှာ ကျူးဘားလေယာဉ်ကို ဖောက်ခွဲဖျက်ဆီးခဲ့ရာမှာ လူပေါင်း ၇၃ ယောက်သေဆုံးခဲ့ပါတယ်။ ၁၉၇၇ ခုနှစ်မှာတော့ ဟားဗားနား ဟိုတယ်မှာ ဗုံးတွေ ဆက်တိုက်ဖောက်ခွဲ ခဲ့ပါတယ်။ ၂၀၀၀ ခုနှစ်မှာတော့ ပနားမားမှာ ကျူးဘား သမ္မတ ဖီဒဲလ် ကက်စထရို မိန့်ခွန်းပြောကြားစဉ် ဗုံးဖောက်ခွဲ လုပ်ကြံခဲ့ပါတယ်။ မအောင်မြင်ပါဘူး။ အဲဒီပွဲမှာကျမှာ သူဟာ ဖမ်းဆီးအရေးယူခံခဲ့ရပါတယ်။

၁၉၉၄ ခုနှစ်ကနေ ၁၉၉၆ ခုနှစ် အတွင်းမှာ NED ဟာ အမေရိကန်ပြည်ထောင်စု လွတ်လပ်တဲ့ လုပ်သား ဖွံ့ဖြိုးရေး အဖွဲ့ Amreican Institute for Free Labour Development အဖွဲ့ကို ၁၅ ကြိမ် ငွေကြေးထောက်ပံ့ခဲ့တယ်။ စုစုပေါင်း ထောက်ပံ့ငွေ ဒေါ်လာ ၂ သန်းခွဲရှိတယ်။ အဲဒီအဖွဲ့ဟာ အမေရိကန် ပြည်တွင်းနဲ့ နိုင်ငံတကာက တိုးတက်တဲ့ အလုပ်သမားသမဂ္ဂတွေကို နှိမ်နင်းဖို့ စီအိုင်အေက ဆယ်စုနှစ် ပေါင်း များစွာ အသုံးပြုခဲ့တဲ့ အဖွဲ့အစည်းပါပဲ။

NED ဟာ နိုင်ငံတကာမှာလည်း အဲဒီနိုင်ငံတွေရဲ့ လက်ဝဲ အလုပ်သမားသမဂ္ဂတွေ ၊ အလုပ်သမား အကျိုး စီးပွား ဘက်မှာ ပြတ်ပြတ်သားသား ရပ်တည်တဲ့ သမဂ္ဂတွေကို နှိမ်နင်းဖို့ လက်ယာ အလုပ်သမားသမဂ္ဂတွေ ကို ငွေကြေးထောက်ပံ့တယ်။ အဲသလို လုပ်ရပ်တွေကို ပြင်သစ်၊ စပိန် ၊ ပေါ်တူဂီနဲ့ တခြားနိုင်ငံတချို့မှာ လုပ်ခဲ့တယ်။ ၁၉၈၃ ၊ ၁၉၈၄ ခုနှစ်တုန်းက ပြင်သစ်ပြည်မှာ လက်ဝဲယိမ်း ပါမောက္ခတွေရဲ့ အဖွဲ့အစည်းကို ဖြိုခွဲနှိမ်နင်းဖို့ လက်ယာ ပါမောက္ခတွေနဲ့ ကျောင်းသားတွေရဲ့ သမဂ္ဂကို NED ကငွေကြေးထောက်ပံ့ပေးခဲ့ တယ်။

ဒီတော့ မြန်မာနိုင်ငံမှာလည်း ဒီအလားအလာတွေဟာ သတိထားစရာတွေ ဖြစ်လာပါပြီ။ အလုပ်သမား အရေး၊ လယ်သမား အရေးကို တစိုက်မတ်မတ် ဆောင်ရွက်မယ့်သူတွေ ၊ လွတ်လပ်ရေးနဲ့ ဒီမိုကရေစီ ရေးမူမှာ သန္နိဌာန်ခိုင်ခိုင်မာမာနဲ့ ရေရှည် ဇောက်ချ ဆောင်ရွက်မယ့် သူတွေဟာ တချိန်မှာ NED ရဲ့ ရန်သူဖြစ်လာကြလိမ့်မယ်။ NED က တိုက်ရိုက်ဖြစ်စေ၊ သူထောက်ပံ့ထားတဲ့ လူနဲ့ အဖွဲ့အစည်းတွေ ကနေတဆင့် သွယ်ဝိုက်ပြီးတော့ဖြစ်စေ ချေမှုန်းခံရသူတွေ ဖြစ်လာကြလိမ့်မယ်။

တချိန်က CIA ၊ NED ဟာ မြန်မာစစ်အာဏာရှင်တွေက မုန်းတီးသူဖြစ်ခဲ့ကြတယ်။ စစ်အစိုးရလက်ထက်မှာ စီအိုင်အေကို ဆန့်ကျင်တဲ့ ဆောင်းပါးတွေ ရေးခဲ့ဖူးတာကို မှတ်မိကြမယ် ထင်ပါတယ်။ ဘာ့ကြောင့် အပြန်အလှန် မုန်းခဲ့ကြသလဲ။ အခုဘာ့ကြောင့် ချစ်ကုန်ကြသလဲ။ ဒီအချက်ကို ကျနော်တို့ အလေး အနက်ထား စဉ်းစားကြဖို့ လိုပါတယ်။

အမေရိကန်က စစ်အာဏာရှင်တွေကို မကြိုက်ဘူး ဆိုတာဟာ သူတို့ အရင်းအနှီးတွေ ရင်းနှီးမြှုပ်နှံခွင့် မရတဲ့ အာဏာရှင်တွေကိုသာ မကြိုက်တာဖြစ်ပါတယ်။ ဆော်ဒီအာရေးဗျလို သူတို့ အကျိုးနဲ့ ကိုက်ညီတဲ့ အာဏာရှင်မျိုးဟာ အမေရိကန်ရဲ့ မဟာမိတ်ပါ။ မူဘာရက်လို အီဂျစ် အာဏာရှင်မျိုးဟာလည်း အမေရိကန်ရဲ့ မဟာမိတ်ပါ။ သူတို့ အကျိုးနဲ့ ကိုက်ညီရင် အာဏာရှင်ပေမဲ့ မဟာမိတ်ဖြစ်နိုင်ပါတယ်။ ဆဒန် ဟူစိန်လို အီရတ် အာဏာရှင်တောင်မှ သူတို့ အကျိုးနဲ့ ကိုက်ညီခဲ့စဉ်က အမေရိကန်ရဲ့ မဟာမိတ်ပါ။ လူ ၈ သိန်းလောက်သတ်ပြီး အာဏာရလာတဲ့ အင်ဒိုနီးရှားဆူဟာတိုဟာလည်း နောက်ဆုံးအချိန်အထိ အမေရိကန်ရဲ့ မဟာမိတ်ပါ။ ချီလီပီနိုချေးဟာလည်း သမ္မတ အာယန်းဒေးကို ဖြုတ်ချဖို့ အမေရိကန် တင်ပေးထားတဲ့ အာဏာရှင်ပါ။ အာဏာရှင်တိုင်းကို အမေရိကန်က မမုန်းတတ်ပါဘူး။ အမေရိကန်ဘက်က အာဏာရှင်ကို တကယ်မုန်းပြီဆိုရင် အဲသလို မုန်းတာဟာ သူတို့ကော်ပိုရေးရှင်းကြီးတွေကို လက်ဝါးကြီးအုပ်ခွင့် မပေးတဲ့ အာဏာရှင်မို့သာ ဖြစ်ပါလိမ့်မယ်။

စစ်အစိုးရဘက်ကလည်း အမေရိကန်ကို မုန်းခဲ့တယ်။ ဘာလို့ မုန်းတာလဲ။ သူတို့ဘက်က အစဉ်တစိုက် လိုလားတောင့်တခဲ့ပါလျက်ကယ်နဲ့ ဥပေက္ခာပြုရက်လွန်းလို့ပါ။ ကိုယ့်နေရာမှာကိုယ် ကိုယ့်ဖာသာ ဗိုလ်ကျစိုးမိုးနေတာကို လွတ်လွတ်လပ်လပ် ဗိုလ်ကျစိုးမိုးခွင့် မပေးလို့ပါ။ သူတို့ကို ဖြုတ်ချမယ် တကဲကဲ လုပ်နေလို့ပါ။ အမေရိကန်ဘက်ကရော ဘာ့ကြောင့် ဖြုတ်ချဖို့ လုပ်ခဲ့သလဲ။ ၈၈ အရေးအခင်းကြီးမှာ ပြည်သူလူထုကြီးတရပ်လုံးက ခါးခါးသီးသီး မုန်းတီးစက်ဆုပ်မှုကို ပြသခဲ့တဲ့ အစိုးရမို့ပါ။ ဒီလိုလူထု မုန်းတဲ့ အစိုးရကို ဖြုတ်ချနိုင်ရင် အမေရိကန်ကို ပြည်သူလူထုက ထောက်ခံကြလိမ့်မယ်ဆိုတာကို သိထားလို့ပါ။

ဒါပေမဲ့ အခုတော့ ဒါတွေဟာ အတိတ်ဖြစ်သွားပါပြီ။ အမေရိကန်ဟာ အာဏာရအောင် မယူနိုင်တဲ့ မြန်မာဒီမို ကရေစီသမားတွေကို မစောင့်နိုင်တော့ပါဘူး။ ဦးသိန်းစိန်ကို ဒီမိုကရေစီ တံဆိပ်ကပ်ပေးလိုက်ပါပြီ။ ဦးသိန်းစိန်နဲ့ အပေါင်းအပါများကလည်း အမေရိကန်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို လက်ကမ်းလှမ်းကြိုထားပြီး ပါပြီ။ သူတို့အတွက် ဆုံမှတ်တခုကို ရှာတွေ့သွားပါပြီ။ အမေရိကန်အတွက်တော့ ဦးသိန်းစိန် ဒီမိုကရေစီပဲဖြစ်ဖြစ် ၊ ဒေါ်အောင်ဆန်းစုကြည် ဒီမိုကရေစီပဲဖြစ်ဖြစ် အရေးမကြီးတော့ပါဘူး။ ဒီမိုကရေစီအတုပဲဖြစ်ဖြစ် ၊ ဒီမိုကရေစီ အစစ်ပဲဖြစ်ဖြစ် အရေးမကြီးတော့ပါဘူး။ သူတို့ စီးပွားရေး ဝင်လုပ်ရဖို့က အဓိက ဖြစ်လာပါပြီ။ ပထဝီနိုင်ငံရေးအရ အချက်အချာကျတဲ့ မြန်မာကျားကွက်ကို မဟာဗျူဟာ အရ စိုးမိုးထားရေးက အဓိကဖြစ်နေပါပြီ။

ဒါပေမဲ့ လက်ပံတောင်းလို အဖြစ်အပျက်မျိုးဖြစ်လာရင် အမေရိကန် ကော်ပိုရေးရှင်းကြီးတွေကို အကာအကွယ်ပေးဖို့ မြန်မာအစိုးရက အာမခံရပါလိမ့်မယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို အကာအကွယ် ပေးတဲ့ စာချုပ်စာတမ်းတွေကို အစိုးရဘက်က ကြိုကြိုတင်တင် ချုပ်ဆိုပေးရပါမယ်။ တချိန်တည်းမှာပဲ အလုပ်သမားအရေး ၊ လယ်သမားအရေး လှုပ်ရှားမယ့်သူတွေ၊ လူ့အခွင့်အရေး ၊ ပတ်ဝန်းကျင်အရေး တောင်းဆိုမယ့်သူတွေနဲ့ ရင်ဆိုင်လာရရင် ကူညီ ဟန့်တားပေးနိုင်မယ့်သူတွေ အမေရိကန်နဲ့ ရင်းနှီးသူတွေ လိုအပ်ပါတယ်။ အဲသလိုလူတွေကို တော့ NED ကငွေပေးမွေးမြူနေပါပြီ။

အမေရိကန် အရင်းရှင်တွေလာရင် တရုတ်အရင်းရှင်တွေလို ခြံစည်းရိုးဖြဲပြီး ဂမူးရှူးထိုး ၊ အငမ်းမရ မလာပါဘူး။ အုံနဲ့ကျင်းနဲ့ လာပါတယ်။ လိုချင်တဲ့ အခင်းအကျင်း ၊ အကွက်အကွင်းကို ကြိုတင်ပြင်ဆင်ပြီးမှ လာပါတယ်။

လိုချင်တဲ့ အခင်းအကျင်း၊ လိုချင်တဲ့ အကွက်အကွင်းဆိုတာ ဘယ်လိုဟာမျိုးလဲ။ အမေရိကန် ကော်ပိုရေးရှင်းကြီးတွေကို အကာအကွယ်ပေးမယ့် ရင်းနှီးမြှုပ်နှံမှု ဥပဒေမျိုးချုပ်ဆို ပေးထားရပါမယ်။ အဲသလို ဥပဒေမျိုး ချုပ်ဆိုနိုင်ဖို့ အမေရိကန် အခြေစိုက် Transnational Institute နဲ့ ဥရောပသမဂ္ဂနိုင်ငံတွေက စည်းရုံးဆောင်ရွက်နေပါပြီ။ အဲဒီ ဥပဒေဟာ လက်ပံတောင်းမှာလို လူထုနဲ့ ပြဿနာ တက်လာရင် ကော်ပိုရေးရှင်းကြီးတွေဘက်က ခိုင်အောင် ၊ ကော်ပိုရေးရှင်းကြီးတွေကို ထိရင် နိုင်ငံတကာ ခုံရုံးအထိတက်ပြီး အရေးဆိုနိုင်အောင် အပိုင်ချုပ်မယ့် စာချုပ်မျိုးပါ။ မြန်မာခရိုနီနဲ့ စစ်အာဏာရှင်ကြီးများရဲ့ အကျိုးကိုသာ ကြည့်တဲ့ ခေါင်းဆောင်ကြီးများကလည်း အဲသလိုစာချုပ်မျိုးကို လက်ခံဖို့ အသင့်ဖြစ်နေပါပြီ။ အဲဒီဥပဒေကြမ်းကို မကြာခင် မြန်မာနိုင်ငံ လွှတ်တော်မှာ အသစ်တင်ဖို့ရှိပါတယ်။ ဒါ့အပြင် အမေရိကန် ဆော့ဖ်ပါဝါဖြစ်တဲ့ NED ရဲ့ကွန်ရက် ဖြန့်ကျက်ပြီးသား ရှိရပါမယ်။ ဒီ့အတွက်လည်း ပိုက်ဆံရရင် ကောင်းတာပဲလို့ လွယ်လွယ်တွေးတဲ့ ဘုမသိဘမသိ နိုင်ငံရေးသမား တော်တော်များများကို စုဆောင်းနေပါပြီ။ နောင်တချိန်လက်တွေ့ အသုံးပြုတဲ့အခါ ကလန်ကဆန်လုပ်မယ့်သူ ၊ အမေရိကန် ဘက်ကနေပြောရရင် စားပြီးနားမလည် လုပ်မယ့်သူဟာ နည်းနည်းပါးပါးလောက်သာ ရှိပါလိမ့်မယ်။ အများစုဟာ သူ့ဆန်စားထားတော့ ရဲရပါတော့မယ်။

ဒီလိုမျိုးလုပ်ရပ်တွေကြောင့် ကမ္ဘာမှာ ဒီမိုကရက်တွေ၊ အလုပ်သမားအရေး ၊ လယ်သမားအရေး လှုပ်ရှားသူ တွေ၊ ဆိုရှယ်ဒီမိုကရက်တွေ၊ အစိုးရမဲ့ဝါဒီတွေ၊ သဘာဝထိန်းသိမ်းရေး အစိမ်းရောင်ပါတီတွေ၊ ဆိုရှယ်လစ်တွေ၊ ကွန်မြူနစ်တွေ၊ စစ်ဆန့်ကျင်ရေးသမားတွေ၊ အမျိုးသမီးရေးလှုပ်ရှားသူတွေက NED ကိုဆန့်ကျင်ကြပါတယ်။ သူတို့ရဲ့ ဆန့်ကျင်မှုဟာ အရင်မြန်မာစစ်အစိုးရက အမေရိကန်ကို ဆန့်ကျင်တဲ့ ဆန့်ကျင်မှုနဲ့ အနှစ်သာရအားဖြင့် ကွဲပြားပါတယ်။

မြန်မာဟာ တရုတ်နိုင်ငံနဲ့ ကပ်ရက်နိုင်ငံဖြစ်ပါတယ်။ တောင်အာရှနဲ့ အရှေ့တောင်အာရှရဲ့ ပေါင်းကူး တံတား ဖြစ်ပါတယ်။ အဲသလို မြန်မာ့မြေမှာ အမေရိကန် ၊ တရုတ် ၊ အိန္ဒိယတို့လို အင်အားကြီးတွေ လာရောက်အားပြိုင်ကြမယ့် ကာလတခုကို ရောက်လာပါပြီ။ ဒီလိုကာလမျိုးမှာ ကျနော်တို့ဟာ ဒေသအမြင်သက်သက်နဲ့ ရေတိုကြည့်လို့ မလုံ လောက်တော့ပါဘူး။ နိုင်ငံတကာအမြင်နဲ့ ကြည့်ဖို့လိုပါပြီ။ နိုင်ငံတကာမှာ သူတို့ ဘယ်လိုလုပ်ခဲ့ကြသလဲ။ အတိတ်ကာလမှာ သူတို့ ဘယ်လို လုပ်ခဲ့ကြသလဲဆိုတာ မသိရင် ရှေ့လာမယ့် အနာဂတ်မှာ သူတို့ ဘာတွေ လုပ်မယ်ဆိုတာကို ကျနော်တို့ ကြိုမြင်နိုင်မှာ မဟုတ်ပါဘူး။

အမေရိကန် ၊ ဥရောပ လက်ဝါးကြီးအုပ်အရင်းရှင်ကြီးတွေ၊ တရုတ်လက်ဝါးကြီးအုပ်အရင်းရှင်ကြီးတွေ ၊ အိန္ဒိယ လက်ဝါးကြီးအုပ် အရင်းရှင်ကြီးတွေကနေ မြန်မာအလုပ်သမားလယ်သမားတွေရဲ့ ဘဝကို တိုက်စား ချေမွသွားမယ့် ရန်ကို ကျနော်တို့ ကာကွယ်နိုင်မှသာ ကျနော်တို့ရဲ့ နောင်မျိုးဆက်ဟာ ရှင်သန်ရပ်တည် နိုင်ပါလိမ့်မယ်။ ဒီလိုမလုပ်နိုင်ရင် ခရိုနီနဲ့ အာဏာရှင်ဟောင်းတွေ နိုင်ငံခြားသား အရင်းရှင်ကြီးတွေက ကျိကျိတက် ချမ်းသာပြီး အများစုပြည်သူကြီးက ဆင်းရဲသထက်ဆင်းရဲတဲ့ ခေတ်ဆိုးကြီးကို ကျနော်တို့ ကြုံတွေ့ရပါလိမ့်မယ်။

ဘာပဲဖြစ်ဖြစ် ငွေဆိုတာ အလကားရရင် ကောင်းတာပဲ ဆိုပြီး ရသမျှငွေကို အားရဝမ်းသာ ယူနေသုံးနေ ကြတဲ့ နိုင်ငံရေးသမား ကြီး/ငယ်တွေ အတွက် အခုအချိန်မှာ ခဏလောက်ရပ်ပြီး ပြန်လည် စဉ်းစားသုံးသပ် ကြဖို့ အချိန်ကျရောက်ပါပြီ။ အလကားရတယ်ဆိုတာ ဘာမှ မရှိပါဘူး။ တခုခုယူထားရင် တခုခု ပြန်ပေးရ ပါလိမ့်မယ်။ ကိုယ့်ထက်လည်တဲ့ နပ်တဲ့လူတွေက ဖောချင်းသောချင်းပေးနေတဲ့ ငွေဟာ ပိုလို့တောင် အလကား မဟုတ်သေးတယ်ဆိုတာ ကျနော်တို့သတိပြုရပါလိမ့်မယ်။ ကျနော်တို့ နိုင်ငံရေးသမားကြီး/ငယ် တွေဟာ ငွေနဲ့ရက်ထားတဲ့ ကွန်ရက်ထဲမှာ ရုန်းမထွက်နိုင်တဲ့ ယင်ကောင်ငယ်လေးတွေလို ဖြစ်မှာကို အစိုးရိမ်ကြီး စိုးရိမ်မိပါတယ်။

(နိုင်ငံရေးသမားရောင်းရန်ရှိသည် အပိုင်း ၄ ပိုင်း ပြီးပါပြီ။)

ဇော်ဝင်း (၈၈ ကျောင်းသားဟောင်း)

ကိုးကား

1 - Trojan Horse: The National Endowment for Democracy by William Blum
2 - Perverting Elections by William Blum
3 - A Concise History of US Global Interventions, 1945-present by William Blum
4 - Former CIA Agent Tells : How US Infiltrates "Civil Society" To Overthrow Governments by Phillip Agee
5 - National Endowment for Democracy : Paying to Make Enemies of America by Ron Paul www.antiwar.com
6 - On The National Endowment For Democracy by Michael