ဆိပ်ကမ်းရောက် မော်တော်ယာဉ် ကိုယ်တိုင် ထုတ်ယူသည့်စနစ်သို့ ပြောင်းလဲ

ပို့စ်တင်ချိန် - 1/10/2014 03:17:00 PM


ရန်ကုန်၊ ဇန်နဝါရီ ၉

ဆိပ်ကမ်းရောက် မော်တော်ယာဉ်များတွင် ပစ္စည်းများ ပျောက်ဆုံး၊ ပျက်စီးခြင်းများ ဖြစ်ပေါ်ခြင်းကြောင့် ဆိပ်ကမ်း ဝန်ထမ်းများက မော်တော်ယာဉ် လိုက်လံ ထုတ်ပေးခြင်းအစား ဇန်နဝါရီလ ပထမပတ် အတွင်းမှစ၍ မော်တော်ယာဉ် ပိုင်ရှင် (သို့မဟုတ်) ကိုယ်စားလှယ်များ ကိုယ်တိုင် ထုတ်ယူသည့်စနစ်သို့ ပြောင်းလဲ လိုက်ပြီ ဖြစ်ကြောင်း သီလဝါ စက်မှုဆိပ်ကမ်း တာဝန်ခံ ဦးအောင်နိုင်က ပြောကြားသည်။

ယခင်က ကားသော့နှင့် စစ်တမ်း ကောက်ယူသည့် မှတ်တမ်း (Survey Report) ကိုင်ဆောင်၍ ဆိပ်ကမ်း ဝန်ထမ်းများက လိုက်လံ ထုတ်ယူပေးခြင်းအစား ပိုင်ရှင်သို့မဟုတ် ကိုယ်စားလှယ်များ ကိုယ်တိုင် ကားသော့နှင့် Survey Report များစစ်ဆေး၍ သက်ဆိုင်ရာ စစ်ဆေးရေး ကော်မရှင်တွင် လက်မှတ် ရေးထိုး၍ ထုတ်ယူရမည့် စနစ်သို့ ပြောင်းလဲလိုက်ခြင်း ဖြစ်သည်။
“ဆိပ်ကမ်းက ကားထွက်သွားပြီ ဆိုတာနဲ့ ကျန်တဲ့ကိစ္စက ကျွန်တော်တို့နဲ့ မဆိုင်တော့ပါဘူး” ဟု ဦးအောင်နိုင်က ပြောဆိုသည်။

ဆိပ်ကမ်းများတွင် လုံခြုံရေး တပ်ဖွဲ့များနှင့် လုံခြုံရေး ကင်မရာများ အပြည့်အဝ ထားရှိပြီး ဖြစ်ခြင်းကြောင့် လုံခြုံရေးထပ်မံ တိုးမြှင့်ခြင်း မပြုဘဲ မော်တော်ယာဉ် ထုတ်ယူ ပုံစနစ်ကိုသာ ပြောင်းလဲရခြင်း ဖြစ်ကြောင်း ဆိပ်ကမ်း အာဏာပိုင်များက ပြောကြားသည်။

ပြည်ပနိုင်ငံ အသီးသီးမှ မော်တော်ယာဉ်များ တင်သွင်းရာတွင် မြန်မာနိုင်ငံသို့ မရောက်မီ အချိန်တွင်ပင် ပစ္စည်းပျောက်ဆုံး၊ လျော့နည်းမှုများသည် ၅၀ ရာခိုင်နှုန်းခန့် ရှိပြီး မြန်မာ့ဆိပ်ကမ်းတွင် ပျောက်ဆုံး လျော့နည်းမှုမှာမူ ၁၅ ရာခိုင်နှုန်းခန့် ရှိကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင် ဦးဆောင် ညွှန်ကြားရေးမှူး (ပူးတွဲ) ဦးကျော်မြင့်က ပြောဆိုသည်။

မော်တော်ယာဉ် အများဆုံး ဝင်ရောက်သည့် သီလဝါ စက်မှုဆိပ်ကမ်းတွင် လက်ရှိ တာဝန် ထမ်းဆောင်နေ့သည့် လုံခြုံရေး ဝန်ထမ်း ၁၀၉ ဦးရှိပြီး ပစ္စည်း လျော့နည်းခြင်းနှင့် ပျောက်ရှခြင်းများ ဖြစ်ပေါ်နေမှု ထပ်မံမဖြစ်ပေါ်စေရန်အတွက် လုံခြုံရေးများ ထပ်မံတိုးမြှင့်ရန် ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းအောင်က အကောက်ခွန် ဦးစီးဌာနသို့ တိုက်တွန်း ပြောဆိုထားသည်။

The Voice Weekly Myanmar