မိုင်းဖုန်းဆရာတော် ရွှေရတု မွေးနေ့ပွဲ စည်ကားစွာ ကျင်းပ

ပို့စ်တင်ချိန် - 1/10/2014 10:18:00 AM

မိုင်းဖုန်းဒေသဟာ တာချီလိတ်မြို့ကနေ ၂ နာရီလောက် ဖုံအလိမ်းလိမ်းနဲ့ လမ်းကြမ်းခရီး တခုကို သွားပြီး မှ ရောက်ပါ တယ်။ လမ်းတလျှောက်လုံး မိုင်းဖုန်းဆရာတော်ရဲ့ မွေးနေ့ပွဲကို သွားကြတဲ့၊ ပင်ပန်း နွမ်းနယ်ပုံ မရတဲ့ ဧည့်ပရိသတ်တွေနဲ့ အထူး စည်ကားနေပါတယ်။


 မွေးနေ့တွင် ပေးလှူသော မိုင်းဖုန်းဆရာတော်နဲ့ ဆရာတော်သတင်းသုံးရာ ကျောင်း ဓာတ်ပုံ

ဇာတိ မြန်မာပြည်တွင်းကို ဝင်ခွင့် ပိတ်ပင်ခံထားခဲ့ရာက မိုင်းဖုန်း ဒေသမှာ ပထမဆုံး ပြန်လည် ကျင်းပခွင့်ရတဲ့ မိုင်းဖုန်း ဆရာတော် ဘဒ္ဒန္တ ဉာဏ သံဝရ (သဒ္ဒမ္မ ဇောတိက ဓဇ) ရဲ့ အသက် ၅၀ ပြည့် ရွှေရတု မွေးနေ့ပွဲကို ဇန်နဝါရီ ၅ ရက်နေ့က ကျင်းပတာပါ။

မိုင်းဖုန်းရွာ အထိ ကားလမ်းခရီး တလျှောက် တာချီလိတ်မြို့ကနေ့ ပန်းဆာအထိ ကတ္တရာလမ်းမို့ လမ်းကောင်းပြီး အဲဒီ ကနေ မိုင်းဖုန်းအထိ လမ်းတလျှောက် ဖုန်အလိမ်းလိမ်းပါပဲ။ ကား အသွားအလာ ကလည်း အလွန် များပြားပြီး ဆိုင်ကယ်တွေ၊ (သုံးဘီး) တုတ်တုတ်တွေ အပြင် တချို့ဆို ခြေလျင်သွားနေကြ ပါတယ်။

ပထမဆုံး ပြည်တော်ပြန်ပြီး ကျင်းပတာ ဖြစ်လို့ မြန်မာနိုင်ငံ အနှံ့အပြားက လူတွေနဲ့ ထိုင်းနိုင်ငံက ဧည့်သည်တွေ အပါအဝင် သိန်းချီရှိတဲ့ လူတွေနဲ့ အံ့သြလောက် အောင် စည်ကားနေတာလို့ ဒေသခံတွေ က ပြောပါတယ်။

ဆရာတော်ရဲ့ ဓာတ်လွန်းလင်း ကျောင်းတိုက်ဝန်းထဲမှာ သိန်းချီရှိတဲ့ ဧည့်သည်တွေအတွက် သက်သတ်လွတ် အစားအသောက် ပေးလှူမှုတွေနဲ့ မလုံ မလောက် မဖြစ်ဘဲ အံ့သြလောက်အောင်
ပြည့်စုံပါတယ်။

ဆရာတော် တရားဟောပြောမယ့် ကွင်းပြင်ထဲမှာ ဝါးတဲတွေထိုး နေရာဦးထားပြီး ညအိပ် စောင့်နေ သူတွေက လည်း အတော် များပါတယ်။ ဆရာတော်ကို ဖူးရရင် မြတ်တယ်လို့ ယုံကြည်သူ ရှမ်းတိုင်းရင်း သား အများအပြားက လာပြီး ညအိပ် စောင့်နေကြတာပါ။


ကျိုင်းတုံမြို့နယ် ကနေ ဆရာတော်ကို အနီးကပ်ဖူးခွင့်ရဖို့ ဇန်နဝါရီ ၁ ရက်နေ့ကတည်းက မိုင်းဖုန်းကျေးရွာ ကို ရောက်နေတဲ့ အသက် ၈၀ ကျော် အရွယ်တွေ ရှိကြပြီဖြစ်တဲ့ ဦးစိုင်းယီမွတ်နဲ့ ဒေါ်နန်းစံလှတို့ ဇနီးမောင်နှံကလည်း ကုသိုလ်ရ ချင်လို့ အခုလို လာကြတာလို့ ဧရာဝတီကို ပြောပါတယ်။

“ဆရာတော်ကို အနီးကပ် ဖူးလို့ ရအောင် စောစောလာခဲ့တာ၊ ဆရာတော်ရဲ့ မွေးနေ့တိုင်း မဖြစ်မနေ လာပါတယ်။ ၅ နှစ် ဆက်တိုက် ရှိပြီ။ ဒီနှစ်က အရင်နှစ်တွေထက် ထူးခြားတာက ဆရာတော်က အခုမိုင်းဖုန်းကို ပြန်လာပြီး ပထမဆုံးလုပ်တဲ့ မွေးနေ့လေ” လို့ သူတို့က ရှမ်းဘာသာနဲ့ ပြောပါတယ်။


ဆရာတော်ရဲ့ မွေးနေ့ကို လာရောက်ကြတဲ့ ရှမ်းပြည်နယ် တခွင်က ရှမ်းတိုင်းရင်းသားတွေဟာ မြန်မာ စကား ပြောတတ်သူ အတော်နည်းတာလည်း သတိထားမိပါတယ်။

တာချီလိတ်မြို့က မိုင်းဖုန်းဆရာတော် မွေးနေ့ပွဲလာကြတဲ့ အသက် ၄၂ နှစ်ရှိပြီဖြစ်တဲ့ နန်းရှန်က ဇန်နဝါရီလ ၃ ရက်နေ့ ကတည်းက ကြိုရောက်နေကြောင်း၊ ဆရာတော်ကို ဖူးလိုက်ရတာနဲ့ စိတ်ထဲမှာ ပင်ပန်းနွမ်းနယ် မှုတွေ အကုန် ပျောက်သွားပြီး ထူးထူးဆန်းဆန်း ပေါ့ပါးသွားကြောင်း ဧရာဝတီ ကို ပြောပါတယ်။

မိုင်းဖုန်း ဆရာတော်ဟာ ဇန်နဝါရီ ၁ ရက်နေ့ကနေ ၄ ရက်နေ့အထိ၊ နေ့လယ် တနာရီကနေ  ညနေ ၄ နာရီ အထိ နေ့တိုင်း တရား ဟောပြောလေ့ ရှိပေမယ့် ဇန်နဝါရီလ ၅ ရက်နေ့ကတော့ ဆရာတော်ရဲ့ မွေးနေ့ဖြစ် တာကြောင့် ဝဇီပိတ်နေပြီး  တရား ဒေသနာတွေလည်း မဟောကြားပါဘူး။

ဆရာတော်ရဲ့ ရွှေရတုမွေးနေ့ မတိုင်ခင်မှာ ထူးခြားမှုတွေ အတော်ရှိခဲ့တယ်လို့လည်း မိုင်းဖုန်း ဒေသခံတွေက ပြောပါ တယ်။

“တာချီလိတ်မြို့နယ်ထဲက ပုန်းထွန်ရွာအနားမှာ ဂူတခုကို တွေ့လို့ ဆရာတော်က ဘုရားတည်ဖို့လည်း လုပ်နေပါတယ်၊ လူ တွေက အဲဒီဂူကို တွေ့တဲ့အခါ မြွေဟောက် အကြီးကြီး တကောင်က ပေးမဝင် ဘဲ ဖြစ်နေတာ။ အဲဒါ ကျောက်ဝန်းကျွတ် ဆရာတော် (ရှမ်းဘာသာနဲ့ မိုင်းဖုန်းဆရာတော်ကို ဒေသခံများ အခေါ်) က ဘုရားတည်မှာ မို့လို့ဆိုပြီး ပြောလိုက်မှ အဲဒီ မြွေကြီး ပျောက်သွားတယ်လို့ ကြားတယ်” ဆိုပြီး နန်းရှန်က ရှမ်းဘာသာနဲ့ ဧရာဝတီကို ရှင်းပြပါတယ်။

မိုင်းဖုန်းဆရာတော် သတင်းသုံးရာ တဲအနီးက ရွှံ့အိုင်တခုကို ကျော်သွားတဲ့အခါ ဆရာတော်ရဲ့ တပည့်သာဝကတွေက တော့ အဲဒီ ရွှံ့အိုင်ကို ဖြတ်သွားတဲ့အခါမှာ ရွှံ့တွေပေကြပြီး ဆရာတော်ကတော့ အဲဒီ ရွှံ့ မပေကြံဘဲ ရှိတာကြောင့် ဒီနှစ် မွေးနေ့မှာ ထူးခြားမှု နောက်ထပ် တခုအဖြစ် ဘုရားဖူး ဧည့်သည် တချို့က ပြောနေပါသေးတယ်။

မိုင်းဖုန်းဆရာတော် ပန်းကိုင်ထားစဉ် ငှက်တကောင် လာနား

“မွေးနေ့ မရောက်ခင်တုန်းက ဆရာတော်က ပန်းတစည်း ကိုင်ထားတုန်း ထူးထူးဆန်းဆန်း ငှက်တကောင် လာနားတယ်” လို့လည်း နန်းရှန်က နောက်ထပ် ထူးဆန်းမှု တခုအကြောင်း ရှင်းပြပြန်ပါတယ်။


အခုလို မိုင်းဖုန်းဆရာတော်ရဲ့ ထူးခြားတဲ့ လူအများ စိတ်ဝင်စားဖွယ် သတင်းတွေကြောင့်လည်း ကြည်ညိုသူတွေ အလွန်ပေါတာ ဖြစ်တယ်လို့ ဒေသခံတချို့က ဆိုပါတယ်။


မိုင်းဖုန်းဆရာတော်ဟာ မြန်မာနိုင်ငံ ရှမ်းပြည်နယ် တခွင်သာမက ထိုင်းနိုင်ငံအပါအဝင် တခြား နိုင်ငံ တချို့မှာလည်း အထူး ကြော်ကြားပြီး ဘုန်းတန်ခိုး ကြီးပါတယ်။

မိုင်းဖုန်းဆရာတော်ရဲ့ ငယ်ဘ ဓာတ်ပုံတချို့

ဆရာတော်ဟာ ငယ်စဉ်ကတည်းက အကျင့်သီလနဲ့ နာမည်ကြီးပြီး လူအများရဲ့ ချစ် ခင်ကြည်ညိုမှု ခံရသူဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါပေမယ့် လွန်ခဲ့တဲ့ ၂ဝဝ၃ ခုနှစ်က ဆရာတော်နဲ့အတူ စီးနင်းလိုက်ပါလာတဲ့ ယာဉ်တန်းမှာ မူးယစ်ဆေးတွေ ဖမ်းမိရာက စစ်ထောက်လှမ်းရေးတွေနဲ့ စစ်တပ်က ဆရာတော်ကို ဝိုင်းဖမ်းခဲ့ပေမယ့် ဆရာတော်ဟာ ထူးဆန်းစွာ လွတ်မြောက် သွားခဲ့တာလို့ ဆရာတော်ကို အထူး ယုံကြည်သူ ဘုရားဖူး ဧည့်သည်တွေက ပြောကြပါတယ်။

မြန်မာနိုင်ငံမှာ နာမည်ကြီး ဆရာတော်ရဲ့ ကားတွေကို စစ်ဆေးရေး ဂိတ်တွေက ရှာဖွေတာမျိုး မလုပ်တာကို ဆရာတော်ရဲ့ တပည့် သာဝက တချို့က
 အခွင့်ကောင်းယူပြီး မူးယစ်ဆေးဝါး သယ်ခဲ့တာလို့ သိရပါတယ်။

“ဆရာတော်ကတော့ ဒီလို မူးယစ်ဆေးဝါးကိစ္စ မလုပ်တာ သေချာပါတယ်” လို့ ကျိုင်းတုံဒေသခံ တဦးက ဆိုပါတယ်။

အဲဒီလို ဖြစ်ခဲ့တာကြောင့် မိုင်းဖုန်းဆရာတော်ဟာ ၂၀၀၄ ခုနစ်ကတည်းက ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင် ကျိန်းသျှာန်မြို့နယ် အတွင်းက ၀ိန်းကျောက်ရွာကို ပြောင်းရွှေ့ သီတင်းသုံးနေခဲ့တာ ၁ဝ နှစ်လောက် ကြာခဲ့ပါတယ်။

ဆရာတော်ကို မြန်မာပြည်ဘက်က တာဝန်ရှိသူတွေက  ပြန်လည် ပင့်ဆောင် လာဖို့ ပြီးခဲ့တဲ့နှစ် နှစ်လယ် ပိုင်းလောက်က စတင်ကြိုးစားခဲ့ကြတယ်လို့ ဆရာတော်ရဲ့ ဒကာ၊ ဒကာမ တချို့ထံက သိရပါတယ်။

ပြည်တော် ပြန်ခွင့်ရရေးအတွက် သမ္မတ ဦးသိန်းစိန် အစိုးရ တက်လာပြီးတဲ့ နောက်ပိုင်း မိုင်းဆတ်၊ မိုင်းတုံ၊ မိုင်းပြင်း ဒေသတွေက လွှတ်တော်အမတ်တွေက လွှတ်တော်မှာ တင်ပြခဲ့ရာမှာ အောင်မြင်ခဲ့ လို့သာ
ပြည်ဝင်ခွင့် ရခဲ့တာ ဖြစ်တယ်လို့ တာချီလိတ်မြို့ခံ တဦးက ပြောပါတယ်။

၂ဝဝ၃ ခုနှစ် လောက်က ရှမ်းပြည်နယ် လူထုက ဆရာတော်ကို အထူးယုံကြည်ကိုးကွယ် နေချိန်မှာ စစ်ထောက်လှမ်းရေးနဲ့ စစ်အစိုးရ အာဏာပိုင်တွေက ဆရာတော်ဟာ ပြည်ထောင်စု ပြိုကွဲရေး စည်းရုံး ဟောပြောမှုတွေ လုပ်နေတယ် ဆိုတဲ့ စွပ်စွဲချက် တွေနဲ့ ပြည်ထဲရေး ဝန်ကြီးဌာနက နာမည်ပျက် စာရင်းသွင်းပြီး ပြည်ဝင်ခွင့် ပိတ်ပင်ခဲ့တာ ဖြစ်တယ်လို့ တာချီလိတ်မြို့က အမည် မဖော်လိုသူ အစိုးရ ဝန်ထမ်းတဦးက ရှင်းပြပါတယ်။

“ဆရာတော်က နာမည်အရမ်းကြီးတော့ အဲဒီတုန်းက စစ်အစိုးရက သံသယတွေ ဖြစ်ခဲ့တာကိုး၊ အခု ပြည်တော်ပြန်ခွင့် ပေးလိုက်တော့ ဒီက ဒကာ၊ ဒကာမတွေ အကုန်လုံးလည်း ဝမ်းသာရတာပေါ့” လို့ သူက ဆိုပါတယ်။

အရင် စစ်အစိုးရ လက်ထက်က နာမည်ကြီး လူပုဂ္ဂိုလ်၊ ရဟန်း ပုဂ္ဂိုလ်တွေဟာ စစ်အစိုးရရဲ့ သံသယဖြစ် မှုတွေ ခံကြရပြီး တနည်းမဟုတ် တနည်း နာမည်ပျက်အောင် ဖန်တီးခံရတာတွေ ရှိကြသလို၊ တချို့ ဝိသမ လောဘသားတွေ ကလည်း ဒီလို နာမည်ကြီး ဆရာတော်တွေကို ချဉ်းကပ်ပြီး လုပ်စား တာတွေကြောင့် မူးယစ်ဆေး ကိစ္စတွေနဲ့ မိုင်းဖုန်း ဆရာတော်ပါ နာမည်ပျက်စာရင်း အသွင်းခံရ တာလို့ ဒေသခံတွေကလည်း ပြောကြပါတယ်။

သမ္မတ ဦးသိန်းစိန် အစိုးရတက်လာပြီး နာမည်ပျက် စာရင်းတွေ ပယ်ဖျက်ပေးပြီး နောက်ပိုင်း  ဆရာတော် ဟာလည်း  ၂ဝ၁၃ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့က ထိုင်းနိုင်ငံ မယ်ဆိုင်မြို့က တဆင့် ထိုင်း - မြန်မာ ချစ်ကြည်ရေး တံတားကို ဖြတ်ကာ တရားဝင် ပြည်တော်ပြန်လာခဲ့ တာပါ။

ပြည်တော်ပြန်ဝင်လာတဲ့ နေ့က မိုင်းဖုန်းဆရာတော်

ပြည်တော် ပြန်ဝင်လာပြီးနောက်   ပြန်လည် သတင်းသုံးနေထိုင်တဲ့ ဓာတ်လွန်းလင်း ကျောင်းတိုက်ကို သက်ဆိုင်ရာ အာဏာပိုင်တွေက လာရောက်ပြီး သာသနာဝင် ကတ်ပြား အပ်နှင်းဆက်ကပ် ခဲ့တယ် လို့လည်း ဆရာတော်ရဲ့ ဒကာ၊ ဒကာမတွေက ထံက သိရပါတယ်။

မိုင်းဖုန်းဆရာတော်ရဲ့ သာသနာဝင် ကတ်ပြား

ပြီးခဲ့တဲ့ ၂ဝ၁၃ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့ ညပိုင်းမှာလည်း ရန်ကုန်နဲ့ တာချီလိတ်က တာဝန်ရှိသူတွေ က ဆရာတော် အသုံးပြုနိုင်ဖို့ နိုင်ငံကူး လက်မှတ်ကို ဆရာတော်ရဲ့ ကျောင်းတိုက်အထိ လာရောက်
ဆောင်ရွက်ပေးခဲ့တယ် လို့ ဆရာတော်ရဲ့ တပည့်သာဝက တဦးက ရှင်းပြပါတယ်။

 ယခု ဇန်န၀ါရီလ ၈ ရက်နေ့က မိုင်းဖုန်းဆရာတော်ဟာ တာချီလိတ်- မယ်ဆိုင် တံတားကို ဖြတ်ကာ ထိုင်း နိုင်ငံသို့ ကြွချီလာစဉ်


လင်းသန့်
ဧရာဝတီ သတင်း