ဟောင်းနွမ်းငွေစက္ကူများ တစ်ဝက်ဈေးဖြင့် လဲလှယ်သူများကို အရေးယူမည်

ပို့စ်တင်ချိန် - 6/24/2014 05:42:00 PM


မုံရွာ၊ ဇွန် ၂၃

စစ်ကိုင်းတိုင်းဒေသကြီး မြို့တော် မုံရွာမြို့တွင် ဟောင်းနွမ်း ငွေစက္ကူများကို တစ်ဝက်ဈေးဖြင့် လိုက်လံ လဲလှယ်ယူနေသူများကို တွေ့ရှိပါက အရေးယူရန် ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို မုံရွာမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ညွှန်ကြားထားကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောကြားသည်။

“မြို့ထဲမှာလိုက်ပြီး ငွေရောင်းငွေဝယ် လုပ်တဲ့အတွက် ဒီလထဲမှာပဲ အရေးယူဖို့ ညွှန်ကြားထားတာပါ။ ညွှန်ကြားစာလဲ ထုတ်ပါတယ်၊ ပထမတစ်ကြိမ် တွေ့ရင်တော့ သတိပေးမယ်၊ ထပ်ပြီးတွေ့ရင်တော့ အရေးယူဖို့ ညွှန်ကြားထားပါတယ်” ဟု ၎င်းက ဆက်လက် ပြောကြားသည်။

“မင်္ဂလာရှိသောနေ့၊ မင်္ဂလာရှိသောအချိန် လူကြီးမင်းတို့၏ ငါးထောင်တန် အစုတ်တွေ၊ တစ်ထောင်တန် အစုတ်တွေ၊ ငါးရာတန် အစုတ်တွေကို တစ်ဝက်ဈေးနဲ့ လဲလှယ်ပေးနေပါတယ်” ဟူသည့် အသံကို စပီကာဖြင့် ဖွင့်ပြီး ငွေလဲသူများက မုံရွာမြို့ပေါ် နေရာအနှံမှာ လိုက်လံ လဲလှယ်ပေးကြောင်း မုံရွာမြို့ခံတစ်ဦးက ပြောကြားသည်။

“သူတို့ ဘယ်မှာ ဘယ်လိုပြန်လဲတယ်တော့ မသိဘူး၊ တော်တော် စုတ်ပြဲနေရင်တောင် နံပါတ်ပါရင် တစ်ဝက်ဈေးနဲ့ပြန်ပြီး လဲပေးတယ်။ လူတချို့ကတော့ ဘဏ်တွေမှာ ငွေသွင်း၊ ငွေလွှဲလုပ်လို့ အစုတ်အပြဲ ပါရင်တောင် လက်မခံတော့ အခုလိုရတဲ့ တစ်ဝက်ဈေးနဲ့ ပြန်လဲတာတွေ ရှိတယ်” ဟု ကွမ်းယာဆိုင် ဖွင့်လှစ်ရောင်းချသူ တစ်ဦးကဆိုသည်။

The Voice