ဈေးကွက်ထဲက အစားအစာတွေ

ပို့စ်တင်ချိန် - 1/10/2014 08:15:00 AM

 
ဈေးကွက်ထဲက အစားအစာတွေကို စစ်ဆေးဖို့အတွက် တနိုင်ငံလုံးမှာ FDA ၀န်ထမ်းအင်အား ၄၀ ပဲ ရှိတယ်လို့ သိရပါတယ်။



  ပုတ်သိုး ကုန်ပစ္စည်းများကို ရှမ်းပြည်နယ် နောင်ချိုမြို့မှာ မီးရှို့ဖျက်ဆီးနေပုံ ( ဓာတ်ပုံများ - မန်းသားလေး / ဧရာဝတီ)

FDA ဆိုတာ ကျန်းမာရေးဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှု ဗဟိုဋ္ဌာနကို ပြောတာပါ။

အင်အားပြည့်မယ်ဆိုရင် သူတို့ အဖွဲ့က အခုထက်ပိုပြီး အလုပ်လုပ်နိုင်မယ်လို့  FDA ညွှန်ကြားရေးမှူး ဒေါက်တာ ထွန်းဇော်က ဆိုပါတယ်။

ပြည်ပက သွင်းလာတာတွေကို FDA  က စစ်တယ်။ မသွင်းခင် စစ်တယ်။ FDA ထောက်ခံချက်ပေးမှ စီးပွားကူးသန်းက သွင်းခွင့်ပြုတာပါ။

သို့သော်လည်း မြန်မာပြည်ထဲ တရားမ၀င် ၀င်တာတွေကို FDA  မစစ်နိုင်ပါဘူး။ အဲဒါတွေကိုတော့ mobile team လို့ ခေါ်တဲ့ ရွေ့လျားအဖွဲ့အာဏာပိုင်က စစ်ဆေးပါလိမ့်မယ်။
စစ်ဆေးသော်ငြားလည်း တရားမ၀င်တာတွေ ရှိနေသမျှ အစားအသောက်လုံခြုံရေးပြဿနာက ကိုင်တွယ်ရ ခက်နေမှာပါပဲ။

ကဲ... ဈေးကွက်ထဲက အစားအသောက်တွေက ဘယ်လိုအခြေအနေ ရှိပါသလဲ။
ဈေးကွက်ထဲမှာ ၇၀ ရာနှုန်း ၈၀ ရာနှုန်းသော အစားအစာတွေက စားသုံးဖို့ စိတ်မချရဘူးလို့ မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေးအသင်း ဥက္ကဌ ဦးဗအုပ်ခိုင်က ပြောပါတယ်။

အစားအသောက်ရဲ့ အနံ့၊ အရသာ၊ အရောင်အသွေးပြုပြင်ဖို့ ဆိုးဆေးတွေ၊ ဓာတုဗေဒဆေးတွေ သုံးထားတယ်၊ ကျန်းမာရေးအတွက် အင်မတန် အန္တရာယ်ရှိတယ်လို့ သူက ဆက်ပြောပါတယ်။

လေ့လာအကဲခတ်နေတဲ့သူတို့အနေနဲ့ FDA ရဲ့ လှုပ်ရှားမှုကို အားမရဘူးလို့ ဆိုပါတယ်။
 FDA ကလည်း သူတို့မှာ အားနည်းချက်ရှိတယ်ဆိုတာကို သိထားပြီးသားပါ။

 FDA ညွှန်ကြားရေးမှူး ဒေါက်တာ ထွန်းဇော်က - တရုတ်စာတွေချည်းပဲ ရေးသားပုံနှိပ်ထားတဲ့ မုန့်ထုပ်တွေဆိုရင်  FDA က စစ်ဆေးကိုင်တွယ်ထားခြင်း မရှိဘူးလို့ ဆိုပါတယ်။
မိဘတွေအနေနဲ့လည်း အဲဒီလို အစားအသောက်မျိုးတွေကို ကလေးတွေ ၀ယ်မစားအောင် စီစဉ်သင့်တယ်၊ ၀ယ်လည်း မကျွေးသင့်ဘူးလို့ ရှင်းပြပါတယ်။

အစားအသောက်တွေ လုံခြုံစိတ်ချရေးအတွက် ကျန်းမာရေးဌာနမှာ ဘတ်ဂျက်နဲ့ တခြားအင်အားတွေ လိုမယ်၊ လိုအပ်ရင် မူဝါဒ အပြောင်းအလဲလည်း လုပ်ရပါမယ်။ စားသုံးသူများဘက်ကလည်း စားစရာတွေကို အစိုးရနဲ့ချည်း ပစ်မထားဘဲ မသင့်တော်တာကို ငြင်းပယ်တာ၊ မေးခွန်းထုတ်တာမျိုးတွေ လုပ်ကိုင်သင့်ပါတယ်။