မလေးရှားနိုင်ငံ ပြဿနာဖြစ်ပွားခဲ့သည့် မြန်မာအလုပ်သမား ၉၈ ဦး"အနက် ၆၅ ဦး ပြန်လည်ရောက်ရှိ

ပို့စ်တင်ချိန် - 1/10/2014 06:00:00 AM

မလေးရှားနိုင်ငံမှ အလုပ်သမားအချင်းချင်း အခြင်းများရာမှ ပြဿနာဖြစ်သဖြင့် မြန်မာနိုင်ငံသို့ ပြန်လာမည့် အလုပ်သမား ၉၈ ဦးတွင် အလုပ်သမား ၆၅ ဦး ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဇန်နဝါရီ ၈ ရက်တွင် ပြန်လည်ရောက်ရှိကြောင်း သိရသည်။ ယင်းသို့ပြန်လာရာတွင် လေယာဉ်လက်မှတ် အခြေအနေအရ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ နံနက် ၈ နာရီတွင် ၄၄ ဦးတစ်ဖွဲ့နှင့် နံနက် ၁၁ နာရီတွင် ၂၁ ဦးတစ်ဖွဲ့ဖြင့် နှစ်ကြိမ်ခွဲ ရောက်ရှိကြောင်း သိရသည်။ ယင်းကဲ့သို့ ပြန်လာရာတွင် နံနက် ၈ နာရီရောက်မည့် အဖွဲ့တွင်မူလက ၄၈ ဦးပြန်လာမည်ဟု ရည်ရွယ်ထားသော်လည်း အလုပ်သမားလေးဦးမှာ မိမိရည်ရွယ်ချက်ဖြင့် ထွက်ခွာသွားမှုရှိကြောင်း ယင်းတို့အား ပြန်လည်ရှာတွေ့ရန်အတွက် ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း အေဂျင်စီအသင်းချုပ်မှ အမှုဆောင် အဖွဲ့ဝင် ဦးကိုလေးက ပြောသည်။ ဦးကိုလေးက “နံနက် ၈ နာရီ ပြန်ရောက်ဖို့အတွက် နံနက် ၄ နာရီလောက် လူစစ်တော့မှ အလုပ်သမားလေးဦး ပျောက်နေမှန်း သိရတာ။ အဲဒါကိုလဲ အလုပ်သမားတွေပြောလို့ သိရတယ်။ အဲဒါနဲ့ လိုက်ရှာတာ မတွေတော့ ဘယ်လိုလုပ်ရမှန်းမသိ ဖြစ်သွားတယ်။ ဘာဖြစ်လို့လဲဆိုရင် မလေးရှားကနေ immigaration ဝင်တဲ့အခါ အဖွဲ့လိုက်ဝင်တဲ့အခါ တစ်ယောက်ကျန်ရင် ကျန်တဲ့သူတွေပါ ပြန်မရဖြစ်မှာ ကြောက်လို့ပါ။ ဒါပေမဲ့ အားလုံးပြန်လာလို့ရအောင် အဆင်ပြေတဲ့နည်းနဲ့ စီစဉ်ပြီး ပြန်လာတာဖြစ်ပါတယ်” ဟု ပြောသည်။ ယင်းကဲ့သို့ ပြန်လာရာတွင် မူလချုပ်ဆိုထားသည့် စာချုပ်အရ အလုပ်ရှင်အား ပေးလျော်ရန် မြန်မာငွေကျပ် သိန်းတစ်ထောင်ခန့် ကုန်ကျမည်ဖြစ်သော်လည်း အေဂျစီအသင်းချုပ်မှ ညှိနှိုင်းမှုကြောင့် သိန်း ၂၀၀ ကျော်ခန့်သာ ကုန်ကျကြောင်း ပြောသည်။ မလေးရှားသင်္ဘောကျင်းမှ ပြန်လာသည့် အလုပ်သမားတစ်ဦးဖြစ်သူ ဦးသန်းကျော်က “ရောက်တာ တစ်လမပြည့်သေးဘူး ဒီလိုပြဿနာမျိုးဖြစ်တာနဲ့ ကြောက်တဲ့အတွက် ပြန်လာတာဖြစ်တယ်။ ကိုယ်ကလဲ မလေးစကား မကျွမ်းကျင်တော့ ကျန်ခဲ့ရင် နောက်တစ်ခါ ရန်ပြန်လာရှာမှာ ကြောက်တာနဲ့ အတူတူ ပြန်လာတာဖြစ်တယ်။ နောက်ရန်ဖြစ်တာမျိုးက ကျွန်တော်ရောက်ပြီး နှစ်ခါသုံးခါဖြစ်ပေမယ့် အခုတစ်ကြိမ်က အရမ်းဆိုးတယ်” ဟု ပြောသည်။ အေဂျင်စီအသင်းချုပ်မှ တာဝန်ရှိသူတစ်ဦးက “ဒီနေ့ ပြန်ရောက်လာပြီးရင် ဇန်နဝါရီ ၉ ရက်နေ့ ၈ နာရီကျရင် ကျန်တဲ့ ၂၀ ရောက်ရှိမှာဖြစ်တယ်။ အဲဒီမှာလုပ်သား ကိုးဦးက အလုပ်ဆက်လုပ်ချင်တဲ့အတွက် ကျန်ခဲ့ပါတယ်။ နောက်အလုပ်ရှင်ကိုလဲ သူတို့လုံခြုံရေး အထူးဂရုစိုက်ပေးဖို့နဲ့ အဲဒီမှာရှိတဲ့ မြန်မာလုပ်သားတွေကို စောင့်ရှောက်ပေးဖို့ မှာခဲ့ပါတယ်” ဟု ပြောကြားခဲ့ကြောင်း ၂၀၁၄ ခုနှစ် ဇန်နဝါရီ ၉ ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။ "

khit lu nge