လမ်းနဲ့ ပလက်ဖောင်းပေါ်မှာ ထားတဲ့ ပစ္စည်းတွေကို အမှိုက်အဖြစ် ရန်ကုန်စည်ပင်ကသိမ်းတော့မည်

ပို့စ်တင်ချိန် - 1/10/2014 05:19:00 PM


လမ်းမတော်မြို့နယ် ၁၁ လမ်း-၁၂ လမ်းထိပ် အနော်ရထာလမ်းဘေး လူသွားပလက်ဖောင်းပေါ်ရှိ ဈေးဆိုင်ခုံများ တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနက ကြေညာချက်များ ကပ်ထားသည်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ လမ်းနှင့် တံတားဆိုင်ရာ နည်းဥပဒေ ပုဒ်မ ၄၄ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနဆိုင်ရာ နည်းဥပဒေပုဒ်မ ၁၈ နှင့် ၅၁ တို့အရ လမ်းနှင့် ပလက်ဖောင်းပေါ်တွင် ထားရှိခြင်းဖြစ်၍ အမှိုက်ဖြစ်ပါသည်။ ဇန်နဝါရီ ၁ဝ ရက်မှစ၍ အမှိုက်အဖြစ် သိမ်းဆည်းပြီး နောက်ဆုံး စွန့်ပစ်အမှိုက်ပုံများသို့ စွန့်ပစ်ဖျက်ဆီးမည်ဟု ပါရှိကြောင်း သိရသည်။

 ဒီဇင်ဘာ ၃ဝ ရက် နံနက်ပိုင်းက လမ်းမတော်မြို့နယ်အတွင်း လမ်းသွယ်အချို့တွင် နေရာဦးပစ္စည်းများ၊ ဈေးဆိုင်ခုံများကို သက်ဆိုင်ရာမှ သိမ်းဆည်းခဲ့ပြီး ဈေးဆိုင်ခုံစသည့် ပြန်လည်ရယူလိုသည့် ပစ္စည်းများ တရားစွဲဆိုပြီး စည်ပင်တရားရုံးမှ ဒဏ်ရိုက်၍ ပစ္စည်းပြန်လည် ထုတ်ပေးခဲ့ကြောင်း၊ ယင်းပစ္စည်းများ မူလနေရာ မှာပင် ပြန်လည်ထားရှိ၍ ယခုကဲ့သို့ ထပ်မံကြေညာခြင်း ဖြစ်နိုင်သည်ဟု ရပ်ကွက်နေလူများက ဆိုသည်။ လမ်းဘေးတွင် ထားရှိသော ပစ္စည်းများကို စွန့်ပစ်ပစ္စည်းအဖြစ် သတ်မှတ် သိမ်းဆည်းမည်ဆိုသော စာတန်း အနီများ သိမ်ကြီးဈေး စီရုံ၊ ဘီရုံတို့တွင် ဒီဇင်ဘာလအတွင်း ချိတ်ဆွဲ အသိပေးခဲ့ပြီး နိုင်ငံပိုင်သတင်းစာများတွင် ဖတ်ရှုခဲ့ရကြောင်း၊ ယခုအခါ သက်ဆိုင်ရာမှ ယာဉ်များရပ်ရန်နေရာကို ဖော်ထုတ် တည်ဆောက်ပေးနေကြောင်း၊ လူအများ သွားလာရာလမ်းများကို လွယ်လင့်တကူ သွားလာနိုင်ရန်လည်း လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ သို့သော် ရန်ကုန်မြို့တွင်းမှာပင် လမ်းဘေးနှင့် လူသွားလမ်းများပေါ် ဈေးတည်ခင်းရောင်းချခြင်း၊ ယာဉ်များ စည်းကမ်းမဲ့ ရပ်နားခြင်းများ မြင်တွေ့ရဆဲ ရှိသည်ဟု မြို့တွင်းသွားလာနေသူများက ပြောပြခဲ့ကြောင်း ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။
khit lu nge