ကေအိုင်အေက ဖမ်းဆီးထားသော ရှမ်းတိုင်းရင်းသား မျိုးနွယ်စုများနှင့် အခြားတိုင်းရင်းသားများအား ချွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးရန် ကျားဖြူပါတီတောင်းဆို

ပို့စ်တင်ချိန် - 1/10/2014 12:00:00 PM


ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် အတွင်းရှိ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) မှ ဖမ်းဆီးခံထားရသော ရှမ်းတိုင်းရင်းသား မျိုးနွယ်စု များနှင့် အခြားတိုင်းရင်းသားများအား ချွင်းချက်မရှိ အမြန်ဆုံး ပြန်လည် လွှတ်ပေးနိုင်ရန် တိုက်တွန်းကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် (ကျားဖြူ)ပါတီ၏ ဇန်န၀ါရီ ၉ ရက်တွင် ပြုလုပ်သော ပါတီညီလာခံတွင် ထုတ်ပြန်ကြေညာချက်အရ သိရသည်။
အဆိုပါ ထုတ်ပြန်ချက်တွင် နိုင်ငံတော် အဖွဲ့အစည်းများ နိုင်ငံရေးပါတီများ၊ လူထု လူတန်းစား အခြေပြု အဖွဲ့အစည်းများအားလုံး ဖက်ဒရယ် ပြည်ထောင် စုနိုင်ငံတော် ပေါ်ပေါက်လာရေးအတွက် အားစိုက်ကြိုးပမ်းကြရန် တိုက်တွန်းကြောင်း၊ ပြည်တွင်းပြည်ပရှိ စစ်ဘေးရှောင် တိုင်းရင်းသားများအား အိမ်ထောင်စုဇယားနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြား အမြန်ဆုံး ပြု လုပ်ပေးနိုင်ရန် စီမံချက်ချ ဆောင်ရွက် ပေးရေးအတွက် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း ဖော်ပြပါရှိသည်။

ထို့အပြင် ကျားဖြူပါတီသည် ပါတီ၏ မူဝါဒအတိုင်း ၂၀၁၅ ခုနှစ် ပါတီစုံအထွေထွေ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင် အရွေးခံ၍ နိုင်ငံတော် တည်ဆောက်ရေးကို လွှတ်တော် လမ်းကြောင်းမှ ကြိုးပမ်းဆောင်ရွက်မည် ဖြစ်ကြောင်း၊ ရေရှည်တည်တံ့ ခိုင်မြဲသော ပြည်တွင်းငြိမ်းချမ်းရေး ဖြစ်မြောက်အောင် သက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီးမှ မဖြစ်မနေ ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းကြောင်းကိုလည်း ကြေညာချက်တွင် ပါဝင်သည်။

အလားတူ ကြေညာချက်တွင် နှစ်စဉ်ဖေဖော်ဝါရီ ၇ ရက်တွင် ကျရောက်သော ရှမ်းပြည်နယ်နေ့ကို တရားဝင် ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေး ရန် တောင်း ဆိုကြောင်းနှင့် အစိုးရ စာသင်ကျောင်းများတွင် မိမိမြတ်နိုး တန်ဖိုးထားသော တိုင်းရင်းသား ကျောင်းတက်ဝတ်စုံကို တစ်ပတ်လျှင် သုံးရက် ၀တ်ဆင်စေရေး သတ်မှတ်ပေးရန် ပြည်ထောင်စု အစိုးရအဖွဲ့သို့ တိုက်တွန်းကြောင်း ထည့်သွင်းဖော်ပြထားသည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် (SNDP) ပါတီညီလာခံကို ရှမ်းပြည်နယ် မူဆယ်မြို့၌ ဇန်န၀ါရီ ၈ ရက်မှ ၉ ရက်ထိ နှစ်ရက်ကြာ ကျင်းပပြုလုပ်ခဲ့ပြီး ညီလာခံ ကိုယ်စားလှယ် ၁၀၀၀ ကျော် တက်ရောက်ခဲ့ကာ မြို့နယ် အသီးသီးမှ စာတမ်းပေါင်း ၆၀ ကျော် ဖတ်ကြားခဲ့ပြီး ရှမ်းပါတီ များ ပေါင်းစည်းရေး သဘောထားများ ပါဝင်ကြောင်းလည်း သိရသည်။
eleven media group