မီးဘေးသင့် ဈေးသူ၊ ဈေးသားများ သမ္မတနှင့် တွေ့ခွင့်မရ


တောင်ငူ၊ ဖေဖော်ဝါရီ ၂၃

ပဲခူးတိုင်း ဒေသကြီး အရှေ့ပိုင်း တောင်ငူမြို့နယ် ခရီးစဉ်သို့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့က လာရောက်ခဲ့သော နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ကို မီးဘေးသင့် ဈေးသူ၊ ဈေးသားများက တွေ့ခွင့်ရရန် သုံးနာရီနီးပါး စောင့်ဆိုင်း ခဲ့ရသော်လည်း တွေ့ခွင့် မရခဲ့ကြောင်း တောင်ငူ မြို့မဈေးကြီး လုပ်ငန်း စစ်ဆေးရေး ကော်မတီဝင် ဦးလွင်အေးက ပြောကြားသည်။

တောင်ငူမြို့နယ် စည်ပင်သာယာ အဖွဲ့က သမ္မတနှင့် တွေ့ဆုံရန် ရှိကြောင်း အကြောင်း ကြားလာသဖြင့် ဖေဖော်ဝါရီလ ၁၃ ရက်က မြို့မဈေးကြီး မီးလောင်ရာတွင် ဈေးဆိုင်ခန်းပေါင်း ၁၃၆၄ ခန်း ပျက်စီး ဆုံးရှုံးခဲ့ရသော ဈေးသူ၊ ဈေးသားများ ကိုယ်စား ဈေးကော်မတီဝင် ၂၀ ဦးခန့်မှာ မီးလောင်ပြင် ရှေ့နံပါတ် ၆ လမ်းပေါ်တွင် မွန်းလွဲ ၁၂ နာရီခန့်မှ စတင် စောင့်ဆိုင်း ခဲ့ရကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

“ကျွန်တော်တို့ အပါအဝင် ဈေးမိဈေးဖတွေကို မြို့နယ် စည်ပင်က မွန်းလွဲ ၁၂ နာရီလောက် ကတည်းက လာစောင့်ခိုင်း ထားတယ်။ သမ္မတကြီး တကယ်ရောက်တော့ ၂ နာရီ ၄၅ မိနစ် ရှိပြီ။ ဆင်းတောင် မဆင်းကြည့်သွားဘူး။ ဈေးကို တစ်ပတ် ကားနဲ့ လှည့်ပြီး ယာယီဈေး နေရာကို ပြန်ထွက်သွားတယ်” ဟု ဈေးမိဈေးဖ တစ်ဦးက ဆိုသည်။

မြို့မဈေးကြီး မီးလောင်မှုကြောင့် ဆုံးရှုံး နစ်နာခဲ့သူ ဈေးဆိုင်ခန်းပေါင်း ၁၃၆၄ ခန်း၏ ပိုင်ရှင် ၆၀၀ ကျော်နှင့် သမ္မတ ဦးသိန်းစိန် တွေ့ဆုံမည်ဟု လွန်ခဲ့သော သုံးရက်ခန့်က သတင်းများ ထွက်သော်လည်း တကယ်တမ်း တွေ့ဆုံခွင့် မရရှိသည်မှာ များစွာ စိတ်မကောင်း ဖြစ်ရကြောင်း မီးလောင်မှုကြောင့် ကုန်ခြောက်ဆိုင် သုံးဆိုင် ဆုံးရှုံး နစ်နာခဲ့သူ ဦးစိုးမင်းက ဆိုသည်။

“မိဘသဖွယ် ဖြစ်တဲ့ သမ္မတနဲ့ တွေ့ခွင့်ရမယ်။ ဈေးသူဈေးသား တွေရဲ့ အခက်အခဲတွေ တင်ပြခွင့်ရမယ် ထင်ထားတာ။ အခုလို တွေ့ခွင့် မရတဲ့အတွက် ကျွန်တော်တို့ ဒုက္ခတွေကို သမ္မတကြီး သိခွင့် မရသလို အောက်ခြေ အဖွဲ့အစည်းတွေရဲ့ အသံတစ်ခုပဲ ကြားသွားမှာ ဖြစ်တဲ့အတွက် ကျွန်တော်တို့ ဈေးသူဈေးသားတွေ နစ်နာရပါတယ်” ဟု ၎င်းကဆိုသည်။

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် တောင်ငူမြို့နယ် မီးဘေးသင့် ဈေးသူဈေးသားများနှင့် ဖေဖော်ဝါရီလ ၂၃ ရက် နံနက်ပိုင်းတွင် တွေ့ဆုံမည်ဟု သတင်းများ ထွက်ပေါ် ခဲ့သော်လည်း အဆိုပါနေ့ မွန်းလွဲ ၁ နာရီ ၄၅ မိနစ် အချိန်တွင်မှ တောင်ငူမြို့ခံ စီးပွားရေး လုပ်ငန်းရှင်ကြီး တစ်ဦးဖြစ်သည့် သမဝါယမဘဏ် ဥက္ကဋ္ဌ ဦးခင်မောင်အေး ပိုင်ဆိုင်သော တော်ဝင်ကေတုမတီ ဟိုတယ်သို့ ရောက်ရှိကာ နေ့လယ်စာ ခေတ္တ စားသုံးကြောင်း၊ ယင်းနောက် မွန်းလွဲ ၃ နာရီခန့်တွင် ဈေးမီးလောင်ပြင်ကို ကားဖြင့် လှည်လည် ကြည့်ရှုပြီး ယာယီဈေး တည်ဆောက်နေမှုကို သွားရောက် စစ်ဆေးကာ ပြန်လည် ထွက်ခွာသွားခဲ့ကြောင်း တောင်ငူမြို့ခံများထံမှ စုံစမ်း သိရှိရသည်။

မြို့မဈေး မီးလောင်မှုကြောင့် ပျက်စီး ဆုံးရှုံးခဲ့ရသော ဈေးဆိုင်ခန်းပေါင်း ၁၂၀၀ ကျော်အနက် ယာယီဆိုင်ခန်းပေါင်း ၆၇၂ ခန်းကို တစ်ခန်းလျှင် ငွေကျပ် ၄၀,၀၀၀ နီးပါး အကုန်အကျ ခံ၍ စည်ပင်သာယာရေး ဦးစီးဌာနက မိုင်ဒါကွင်း မြေနေရာတွင် တစ်လအတွင်း အပြီး တည်ဆောက်သွားမည် ဖြစ်ကြောင်း တောင်ငူခရိုင် စည်ပင် သာယာရေး ဦးစီးဌာန တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ဈေးရုံပေါင်း ၃၈ ရုံရှိသော တောင်ငူ မြို့မ ဈေးကြီးတွင် မီးလောင်ကျွမ်းမှုကြောင့် ဈေးရုံပေါင်း ၁၈ ရုံ နီးပါးနှင့် ဈေးဆိုင်ခန်းပေါင်း ၁၃၆၄ ဆိုင် မီးလောင် ပျက်စီးခဲ့ပြီး ဆုံးရှုံးမှု တန်ဖိုး ကျပ်သိန်း ၄၀၀၀၀ ကျော်ခန့် ဆုံးရှုံး နစ်နာခဲ့ကြောင်း တိုင်းဒေသကြီး၊ နယ်စပ်ရေးရာနှင့်လုံခြုံရေး ဝန်ကြီး ဗိုလ်မှူးကြီး သက်ထွန်းက ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ပြောကြားသည်။

The Voice Weekly

နေပြည်တော်ကို လေးခွနဲ့ပစ်ကြ


ရေးသားသူ- ဘစီ

အလိုဗျာ။ ခေါင်းစဉ်ကြည့်ပြီး လန့်လည်းမသွားကြပါနဲ့ဦး။ ကျုပ်စကားဆုံးတဲ့အခါကျတော့ ကိုယ့်လူတို့ အလိုလိုသဘောပေါက်သွားကြမှာပါလေ။ ဒီလိုဗျ ဒီလို။ ပြီးခဲ့တဲ့ တစ်ရက်နှစ်ရက်က ကျုပ်သိပ်ကြိုက်မိသွားတဲ့ သတင်းကလေးတစ်ပုဒ်ရှိသဗျ။ ကိုယ့်လူတို့လည်း သတိထားမိလိုက်မှာပါ။ တခြားဟုတ်ပါရိုးလားဗျာ။ ထိုင်းနိုင်ငံက လယ်သမားတွေ သုဝဏ္ဏဘူမိလေဆိပ်ကို ပိတ်ဆို့မယ့်သတင်းပါပဲ။ အနှီလိုကြုံးဝါးပြီးသကာလ ထွန်စက်တွေနဲ့ စီတန်းပြီးချီတက်လာကြတဲ့ လယ်သမားတွေကိုမြင်ပြီး ကျုပ်ရဲ့ဘ၀င်မှာ ပြုံးစိစိ နှစ်သက်သဘောကျဖြစ်ခဲ့ရသဗျ။

နို့ ..ထိုင်းနိုင်ငံက လယ်သမားတွေ သူ့ဟာသူ မြို့တော်ဘန်ကောက်ကို ချီတက်သွားတဲ့ဥစ္စာ။ ကျုပ်က ဘာသဘောကျစရာရှိသတုံး။ အနေသာကြီးပဲဟာ ဘာညာနဲ့ ဘစီကို မေးခွန်းထုတ်စရာရှိတာပေါ့။ ဘယ့်နှယ့်သဘောမကျ မရှိရမှာလဲဗျာ။ လမ်းမကြီးပေါ်မှာ အနီရောင်သုတ်ထားတဲ့ ထွန်စက်ကြီးတွေနဲ့ ညီညွတ်စွာချီတက်လာတဲ့ ထိုင်းလယ်သမားအင်အားစုကြီးဟာ အစိုးရအဖွဲ့ကို ကိုင်လှုပ်နိုင်ခဲ့တယ်ခင်ဗျ။ နောက်ဆုံးမှာ အစိုးရက ညှိနှိုင်းသဘောတူညီချက်ရလိုက်လို့မို့ လေဆိပ်ကိုပိတ်ဆို့မယ့်ကိစ္စကို ပယ်ဖျက်ပြီး နေရပ်ပြန်ခဲ့ကြတယ်ဗျာ။

သူတို့ ထိုင်းလယ်သမားတွေ မကျေမနပ်ဖြစ်ပြီး ဆန္ဒပြမယ်ဆိုတဲ့ကိစ္စကလည်း ကျုပ်တို့ဆီနဲ့တော့ ပြောင်းပြန်ခင်ဗျ။ သူတို့က အစိုးရဘက်က ပေးချေရန်ရှိတဲ့ စပါးအကြွေးတွေ မရသေးလို့ဆိုပဲ။ အစိုးရက အကြွေးမဆပ်တော့ ထိုင်းလယ်သမားတွေ ဒေါသထွက်တာပေါ့ဗျာ။ ဒါပေမဲ့ ကျုပ်တို့နဲ့ နောက်ထပ်ကွာခြားတာတစ်ခုက ထိုင်းအစိုးရကလည်း ဒီကိစ္စကို အရေးတယူရှိတယ်ခင်ဗျ။ ပြေလည်ရာပြေလည်ကြောင်း ချက်ချင်းပဲဆောင်ရွက်တယ်။ မကြာမတင်လာမည့် သီတင်းပတ်တွေအတွင်းမှာ ကျန်ရှိနေတဲ့ အကြွေးငွေများကို လယ်သမားများအား ပေးချေသွားပါမယ်တဲ့။ ကျုပ်တို့ဆီနဲ့များ ကွာခြားချက်ကတော့ဗျာ။ အံ့သြစရာ။

ဘယ်နိုင်ငံက လယ်သမားပဲဖြစ်ဖြစ်ပါ။ လယ်သမားသားသမီးဖြစ်တဲ့ ဘစီတို့အနေနဲ့ကတော့ အခုလို လယ်သမားတွေက အစိုးရအပေါ် တစ်ကွက်မျှသာပဲဖြစ်ပါစေ အောင်ပွဲခံလိုက်နိုင်တာကို သိပ်ကိုအားရတယ်။ အားကျတယ်ဗျာ။ အခုဆိုရင် အများအားလုံးသိတော်မူကြတဲ့အတိုင်း ကျုပ်တို့တိုင်းပြည်မှာ လယ်မြေသိမ်းယူတဲ့ကိစ္စနဲ့ နောက်ဆက်တွဲ ဖြစ်ပေါ်လာတဲ့ပြဿနာတွေဟာ ပွက်လောကိုထနေတာပဲမဟုတ်လား။

ခုနကပြောခဲ့တဲ့ ထိုင်းလယ်သမားတွေ အစိုးရဆီက စပါးအကြွေးမရတဲ့ အဖြစ်လောက်များတော့ ကျုပ်တို့မြန်မာလယ်သမားတွေက သနားတယ်။ ဒီမှာ အစိုးရက မြေပါသိမ်းသွားလို့မို့ လုပ်စရာလယ်၊ နေစရာမြေတောင် မရှိတော့တဲ့ဘ၀တွေ။ လွန်ခဲ့တဲ့သုံးနှစ် အစိုးရသစ်တက်လာပြီးကတည်းက ကျုပ်တို့လယ်သမားတွေ လမ်းပေါ်ထွက်ဆန္ဒမပြတဲ့နေ့ဆိုတာ မရှိသလောက်ပါပဲဗျာ။ သတင်းစာတွေထဲမှာ လယ်သမားတွေနဲ့ ဆက်စပ်ပတ်သက်ရာ သတင်းမပါတဲ့နေ့ဆိုတာ မရှိသလောက်ပါပဲ။ မြန်မာပြည်တစ်လွှား မြေသိမ်းခံလယ်သမားတွေရဲ့ အသံတွေဟာ အခုအချိန်မှာ ဆူညံမြည်ဟည်း ကျယ်လောင်ပေါက်ကွဲနေဆဲပဲခင်ဗျ။

မြန်မာပြည်အရပ်ရပ်မှာတော့ လယ်သမားတွေရဲ့အန်တုအုံကြွ တွန်းလှန်ဆန္ဒပြပွဲတွေကတော့ ရပ်မသွားဘူး။ အာဏာပိုင်အချို့ရဲ့ မြေသိမ်း၊ ရွာဖျက်၊ ဇာတ်လမ်းတွေကလည်း ဆက်လို့သာဖြစ်မြဲပဲ။ ဒီကြားထဲ ကျုပ်တို့အစိုးရက စေတနာဗရပွနဲ့ လယ်သမားအကျိုးစီးပွား မြှင့်တင်ကာကွယ်ရေးဆိုတဲ့ အဖွဲ့ကလေးများတောင် ဖွဲ့ပေးလိုက်သေးဗျ။ နို့ပေတဲ့ သိတယ်မဟုတ်လား။ မြန်မာ့လယ်သမားအောက်ခြေမှာ ပြားမြဲပြားလျက်သာပဲ။

သို့ဖြစ်လို့မို့ ကျုပ်တို့လယ်သမားတွေ ဆန္ဒပြမလား။ ပြလည်းပြပဲ။ ထွန်တုံးတိုက်ပွဲနွှဲမလား။ နွှဲလည်းနွှဲပဲ။ အစိုးရက တယ်ဂရုစိုက်တာမှတ်လို့။ ဒီကြားထဲမှာ ဘောင်တော့ကျော်မလာနဲ့ ကိုယ့်လူ။ အရေးယူဖို့ကတော့ အဆင်သင့်ပဲ။ ဒီရက်ပိုင်းတွေအတွင်းမှာ လယ်သမားအချို့ ကိုယ့်လယ်ကိုယ်ဝင်ထွန်လို့ ပိုင်နက်ကျူးလွန်မှုနဲ့ တရားစွဲဆိုတဲ့အမှုတွေက နည်းမှမနည်းဘဲဟာ။ တစ်နေ့က ဒေးဒရဲမြို့နယ်ထဲမှာ ဟိုယခင် စားကျက်မြေထဲ ကျွဲဝင်ကျောင်းမိတဲ့ လယ်သမားတွေ တရားစွဲခံရတယ်ဆိုပဲ။ ကျုပ်တို့ရဲ့ ဒီမိုကရေစီခေတ် ဥပဒေကတော့ ကျွဲလား၊ နွားလား၊ လူလား ဘာမှခွဲခြားတာမှမဟုတ်ဘဲနော။ ဆိုတော့ကာ ကိုယ့်ဘေးကိုယ်သာကြည့်လို့ ရှောင်ကြရတော့မှာပေါ့ခင်ဗျာ။

ကျုပ်စိတ်ထဲဗျာ။ စဉ်းစားမိနေတာတော့ ကြာပြီဗျ။ အစောကပြောခဲ့သလိုပေါ့ဗျာ။ ဒီနေ့ဒီအချိန်မှာ တစ်နိုင်ငံလုံး ကြိမ်မီးအုံးမျှလှုပ်လှုပ်ရွရွဖြစ်နေတဲ့ လယ်ယာမြေပြဿနာဟာ တကယ့်ကို အကြီးကြီးခင်ဗျ။ ရှေ့ရေးနောင်ရေးကို တွေးကြည့်ရင်လည်း ဒီနေ့ဖြစ်ပျက်နေတဲ့ မြေသိမ်း၊ ယာသိမ်းကိစ္စတွေကို နတ်လူသာဓုခေါ်စရာ ပြေလည်အောင် ဖြေရှင်းမပေးနိုင်ရင် တစ်ချိန်မှာ ၀မ်းနည်းပူဆွေးစရာကိစ္စတွေ ဖြစ်ပေါ်လာမှာပဲ။ သို့ကလိုဖြစ်လို့မို့ မြန်မာပြည်ဟာ စိုက်ပျိုးရေးနိုင်ငံပါလို့ ယုံကြည်ဂုဏ်ယူစွာပြောဆိုနေတဲ့ အစိုးရအနေနဲ့ မိဘပြည်သူ ကြည်ဖြူတဲ့အစိုးရဖြစ်ရပါစေ့မယ်လို့ အာမဘန္တေအကြိမ်ကြိမ်ခံထားတဲ့ အစိုးရအနေနဲ့ တမင်ခေါင်းလွဲ အချိန်ဆွဲနေတာဟာ ဘာကြောင့်များလဲပေါ့ဗျာ။

အဲဒါပဲဗျာ။ ကျုပ်စဉ်းစားနေတယ်ဆိုတာ။ နေ့ရောညပါ စဉ်းစားလွန်းလို့ ဘစီမှာ ဆံပင်တောင်ဖြူလာပါပေါ့။ နို့ပေတဲ့ အကြောင်းရှာတော့ နေပြည်တော်မှာ တွေ့တာပဲဗျ။ အားလုံးပဲ သိကြတယ်ဟုတ်။ ကျုပ်တို့ရဲ့ ဒီကနေ့ အစိုးရအဖွဲ့ဝင်လူကြီးအများစု ဗိုလ်မှူး၊ ဗိုလ်ချုပ်ဘ၀က မစုတေကြခင် မဝေးလှတဲ့အချိန်ကလေးမှာပဲ အစိုးရရုံးစိုက်ရာ မြို့တော်သစ်ကို တည်ခဲ့ကြတယ်မဟုတ်လားဗျာ။ တချို့များပြောတာတော့ စစ်ရေးမဟာဗျူဟာ ဘာညာကိစ္စတွေကြောင့် ပြောင်းတယ်ဆိုပဲ။ ဟုတ်မှာပဲ။ ပြီးတော့ တစ်ချိန်မဟုတ်တစ်ချိန် ဖြစ်လာမယ့် လူထုဆန္ဒပြပွဲတွေကို ရှောင်လွှဲချင်တာ။ အဝေးကနေ ထိန်းချုပ်ကိုင်တွယ်ချင်တာလည်းပါမှာပဲ။

ဟုတ်သော်ရှိ၊ မဟုတ်သော်ရှိ။ အခုလို တစ်တိုင်းပြည်လုံးမှာ ခေါင်းစဉ်ပေါင်းများစွာနဲ့ ဆန္ဒပြပွဲ ခြိမ့်ခြိမ့်သဲမျှ ဆင်နွှဲနေကြတဲ့ကာလမှာ နေပြည်တော်မှာတော့ အေးဆေးပဲ မဟုတ်လားဗျ။ အော်ချင်သလောက်အော်၊ ပြချင်သလောက်ပြ နေသာသပ နေပြည်တော်ကဆိုတာလိုပဲ ကျုပ်တို့အစိုးရအဖွဲ့ကတော့ နားအေးပါးအေးနဲ့ အဝေးမှာ သူတို့လုပ်ချင်တာတွေ ဆက်လို့သာ လုပ်မြဲမဟုတ်လားခင်ဗျာ။ အရေးကြီးတာက ပြည်သူ့ကိစ္စအတွက် နေပြည်တော်မှာ လှုပ်လှုပ်ရှားရှား ဖြစ်လာဖို့ပဲဗျ။

ဒါကြောင့် ထိုင်းနိုင်ငံလယ်သမားတွေ ဘန်ကောက်ကို ချီတက်လာတော့ ကျုပ်သိပ်သဘောကျတယ်လို့ ပြောခဲ့တာပေါ့။ မကျဘဲနေမလား။ အာဏာရဲ့ဗဟိုချက်က ဘန်ကောက်မဟုတ်လားဗျ။ အဲဒီကို ချီတက်ကြမယ်ဆိုရင် တိုင်းပြည်ကလည်း အာရုံစိုက်ရမယ်။ အစိုးရကလည်း မျက်နှာလွှဲလို့မရတော့ဘူး။ သိပ်ကိုမဟာဗျူဟာပိုင်နိုင်ကြတဲ့ ထိုင်းလယ်သမားတွေပဲဗျာ။

မြန်မာပြည်မှာ အာဏာတည်ရာဗဟိုချက်က နေပြည်တော်ပဲ မဟုတ်လားဗျ။ အဲဒီနေပြည်တော်ဆီကိုသာ ကျုပ်တို့ မြန်မာလယ်သမားတွေများ ချီတက်သွားရင် ဘာတွေဆက်ဖြစ်မလဲ။

နေပြည်တော်သွား အမြန်လမ်းမကြီးပေါ်မှာ တစ်တိုင်းပြည်လုံးက ချီတက်လာမယ့် လယ်သမား အလုပ်သမားထုကြီးနဲ့ ဖွေးဖွေးလှုပ်နေမှာပဲ။ အဲ..အဲ..လုံထိန်းနဲ့ စစ်ကားများလည်း မည်းနေမှာပဲခင်ဗျ။ စိတ်ကူးယဉ်ကြည့်တာပါ။ တစ်မျိုးမမြင်ပါနဲ့။

ထိုင်းလယ်သမားတွေက အာဏာဗဟိုချက်ကို ချီတက်လာတာဟာ ကျုပ်တို့အတွက် တယ်လည်းထူးတယ် မဆိုသာပြန်ဘူးဗျ။ ဘာကြောင့်လဲ။ ၁၃၀၀ ပြည့် ရေနံမြေသပိတ်ကြီးတုန်းက အလုပ်သမားတွေ ရန်ကုန်ကို ချီတက်ခဲ့ကြတာပဲဟာ။ အဲဒီအချိန်တုန်းက အင်္ဂလိပ်အစိုးရအုပ်ချုပ်ရေးအာဏာရဲ့ ဗဟိုချက်ဟာ ရန်ကုန်ပဲမဟုတ်လား။ ဒါကြောင့် ပြည်သူ့ရေးရာလှုပ်ရှားမှုတွေဟာ အာဏာရဲ့ဗဟိုချက်ဆီပဲ ဦးတည်ရမယ်ဆိုတာ ထိုင်းလယ်သမားတွေကတော့ အကောင်းဆုံးသဘောပေါက်သွားကြတယ်ဗျ။ ဒါကြောင့် ဘစီက အားကျတယ်၊ အားရတယ်လို့ပြောခဲ့တာ။

ဟုတ်တယ်လေ။ ကိုယ့်နေရာလေးမှာ အသားကုန်အော်နေ အစိုးရဂရုမစိုက်မိရင်၊ ကိုယ့်အသံသူတို့မကြားရင်၊ ကိုယ့်အလှုပ်အရှားကို သူတို့မမြင်ရင် ကိုယ့်လှုပ်ရှားမှုဟာ ဘယ်မှာသွားအောင်မြင်ပါ့မလဲဗျ။ ပြီးခဲ့တဲ့တစ်နှစ်လောက်ကလည်း ကမ္ဘာ့သတင်းထဲဖတ်ခဲ့ရတယ်။ ဘာတဲ့ဗျာ။ Occupy Wall Street (ဝေါလမ်းမကို သိမ်းပိုက်ကြ)ဆိုတဲ့ လှုပ်ရှားမှုတွေ အနောက်ကမ္ဘာမှာ ပေါ်ခဲ့သေးမဟုတ်လား။

ဘစီကတော့ အဲသလိုလှုပ်ရှားတာမျိုး သိပ်သဘောကျတာ။ နို့ပေတဲ့ Occupy Naypaydaw “နေပြည်တော်ကို သိမ်းပိုက်ကြ”လို့တော့ မပြောရဲဘူးခင်ဗျ။ ဟိုတစ်လောက ဒီအခြေအနေတွေ ကျုပ်တို့အာဏာပိုင်တွေက မြင်လို့ထင်ပါရဲ့။ အီးယူရဲ့အကူအညီနဲ့ မြန်မာ့ရဲသားကြီးများကို အဓိကရုဏ်းနှိမ်နင်းနည်းတွေ ဘာတွေ ပေးနေတာ တွေ့လိုက်ရတယ်။ ဘစီတို့ ကြောက်ပါတယ်။ အနီးသာကပ်သွားရင် အရိုက်ခံရမှအခက်။

ဆိုတော့ ဘစီတို့က အဝေးကနေ လှမ်းပြီးကလိတာမျိုးပဲ လုပ်တတ်တယ်။ ဒါကြောင့် ကျုပ်တို့အဖြစ်ကို နေပြည်တော်ကသိအောင် ဘယ့်နှာလုပ်ရမယ်ဆိုတာ စဉ်းစားတော့ ဟိုတရုတ်ကြီးတို့ရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ မော်စီတုံးရဲ့စကားတစ်ခွန်းကို ခေါင်းထဲပေါ်လာတယ်။ ဒါနဲ့ စာအုပ်တွေထဲ ပြန်ရှာဖတ်တော့ သူ့စကားလုံးကလည်း တင်စားပြောတာဆိုပေတဲ့ ရုတ်တရက်ကြည့်ရင် ကြောက်စရာကြီးခင်ဗျ။ ဥက္ကဋ္ဌမော်က Boombard the Headquarters ဆိုပဲ။ “ဌာနချုပ်ကို ဗုံးခွင်းကြ” တဲ့။ အောင်မလေးဗျာ။ နေပြည်တော်ကို ဗုံးခွင်းကြလို့သာ ပြောလို့ကတော့ ဘစီမှာ ကွိခနဲနေမှာပဲ။ ကြောက်စရာ။

ဒါတွေအားလုံးဟာ နိုင်ငံရေးလှုပ်ရှားမှုတွေမှာ တင်စားသုံးနှုန်းတဲ့ စကားလုံးတွေပါ။ ကိုယ်မကျေနပ်တဲ့ အဖွဲ့အစည်းတစ်ရပ် (သို့မဟုတ်) အစိုးရတစ်ရပ်ကို ဆန့်ကျင်ကန့်ကွက်ကြတဲ့အခါ အဲသလိုတွေ တင်စားပြောဆိုကြတာပဲဖြစ်သဗျ။ ဌာနချုပ်ကို ဗုံးခွင်းကြဆိုတာ မော်စီတုံးက သူ့ပါတီအတွင်း တချို့လုပ်ရပ်တွေကို အားမလိုအားမရဖြစ်တာကို တင်စားပြောခဲ့တာပါ။ ဒါကြောင့် ဘစီက ထိုင်းလယ်သမားတွေ ဘန်ကောက်ဆီချီတက်သွားတာနဲ့ ဆက်စပ်ပြီး စဉ်းစားတဲ့အခါ ကျုပ်တို့မြန်မာလယ်သမားတွေလည်း နေပြည်တော်ဆီ ချီတက်သွားတဲ့အခါ ဘာတွေများဖြစ်မလဲ တွေးကြည့်တာ။ ဆိုလိုတာက နေပြည်တော်က သိအောင်လုပ်ရမယ်ဗျ။

တကယ်တော့လည်း ကျုပ်တို့ဆီမှာ လောလောဆယ်အချိန်ထိ နေပြည်တော်ကို သိမ်းပိုက်စရာမလိုပါဘူး။ ပြီးတော့ ဗုံးနဲ့ခွင်းရအောင်လည်း ကျုပ်တို့မှာ ဗုံးမှမရှိတာ။ ကျုပ်တို့မှာ ပြည်သူ့အတွက် အလုပ်အကျွေးပြုမယ်ဆိုပြီးသကာလ ၂၀၁၀ ရွေးကောက်ပွဲမှာ ရွေးကောက်ခံခဲ့ရတဲ့ ပြည်သူ့ကိုယ်စားလှယ်အမတ်မင်းများက ကျုပ်တို့ရဲ့အခွင့်အရေးကို ဆောင်ကြဉ်းပေးမယ်လုပ်ကာ နေပြည်တော်အရပ်မှာ ရှိနေနှင့်ပြီပဲဟာ။ သူတို့တစ်ခုခုလုပ်မယ်ထင်တာပဲ။ အခုထိတော့ ကျုပ်တို့လယ်သမားတွေကလည်း နေပြည်တော်က အဆုံးအဖြတ်ကိုပဲ မျှော်နေစောင့်နေကြတာပါ။

အဲ..ဗျာ။ သူတို့ထင်သလိုဖြစ်မလာရင်တော့ မြန်မာလယ်သမားတွေက ခေသူတွေမဟုတ်ဘူးခင်ဗျ။ သူတို့ကလည်း ဘစီလိုပဲ ထိုင်းလယ်သမားတွေ ဘန်ကောက်ကိုချီတာ အားကျနေကြတာကလား။ အဝေးကအော်လို့မှ အာဏာပိုင်တွေက မကြားယောင်ပြုနေရင် နေပြည်တော်ဆီ ချီတက်ချင်တက်လာမှာပါ။ ထိုင်းလယ်သမားတွေလိုတော့ ခေတ်မီထွန်စက်တွေ မရှိဘူးပေါ့ဗျာ။ နို့ပေမဲ့ နွားလှည်းနဲ့ နေပြည်တော်သွားရင်တော့ရမှာပဲ။ ဒါလည်း နွားတွေအတွက် သနားစရာ။ သူတို့မှာ စားကျက်မြေကျယ်တောင်မရှိတော့ အစာမှကောင်းကောင်းမစားရရှာတာ။ နေပြည်တော်အထိ သူတို့ကို လှည်းဆွဲခိုင်းဦးဖို့ဆိုရင် မဖြစ်နိုင်ပါဘူး။

အရေးကြီးတာက ကျုပ်တို့လယ်သမားတွေဒုက္ခ နေပြည်တော်က တကယ်သိဖို့ပဲလိုတာ။ နေပြည်တော်ကသိအောင်တော့ လုပ်ရမှာပဲ။ မော်စီတုံးကိုတော့ ဗုံးနဲ့ခွင်းမယ် မပြောချင်ပေါင်ဗျာ။ အဲဒီစကားလုံးကြီးက ကြားရတာနားဝမှာ ကြမ်းပါတယ်ဗျာ။ သို့သော်ငြား ဆင့်ပွားပြီးပြောလို့ရတာ တစ်ခုတော့ရှိရဲ့ဗျ။ အဲဒါကတော့ ဌာနချုပ်..အဲ .. နေပြည်တော်ကို လောက်လေးခွနဲ့ ပစ်ကြတာပေါ့ဗျာ။ ဟုတ်ဘူးလား။

တကယ်လို့များ လေးခွနဲ့ပစ်ရင် နေပြည်တော်အထိတော့ ကျုပ်တို့လောက်စာလုံးက မရောက်လောက်ပါဘူး။ နို့ပေတဲ့ ကျုပ်တို့ဒုက္ခ ဘယ်လိုရှိတယ်ဆိုတာ သူတို့ကိုအသိပေးတဲ့သဘော တင်စားပြောခဲ့တာ။ ဒီကြားထဲ လောက်စာလုံးတစ်လုံးတလေလောက် လွှတ်တော်ခေါင်မိုးပေါ်ကျသွားတော့လည်း အိပ်ငိုက်နေတဲ့အမတ်မင်းများကို နှိုးပြီးသားဖြစ်တာပေါ့ဗျာ။ ၀န်ကြီးတွေလည်း အလန့်တကြားရှိသွားမှာပေါ့။ ကျုပ်တို့ပြည်သူတွေဒုက္ခ နေပြည်တော်က အရေးတယူမပြုသမျှ ဘယ်တော့မှ သက်သာရာရမယ်မထင်ပေါင်။ ဒါကြောင့်ပြောတာ။ နေပြည်တော်ကို လေးခွနဲ့ပစ်ကြ။

(ယခုဖော်ပြပါသရော်စာသည် စာရေးသူဘစီ၏ အာဘော်သာဖြစ်သည်။)

7Day News Journal

ယုံချင်ယုံ၊ မယုံချင်နေ (အပိုင်း-၁၄)



မွှားကောင်တစ်ကောင်ဟာ သူ့ခန္ဓာကိုယ် အလေးချိန်ထက် အဆ၆၀၀ များတဲ့ သွေးကို တစ်ထိုင်တည်း စုပ်ယူနိုင်တယ်။

ဆေးပညာလေ့လာမှုများအရ နာကျင်သွားတဲ့အချိန်မှာ ယောင်ပြီး ဆဲဆိုလိုက်ရင် တကယ်နာကျင်ရတာထက် ၅၀ရာခိုင်နှုန်း သက်သာသွားတယ်လို့ သိရပါတယ်။
စာရေးဆရာ Franz Kafkaဟာ အမေရိကန် အာဟာရပညာရှင် Horace Fletcher ရဲ့အကြံပေးချက်အရ အစားအစာ တစ်လုတ်စာတိုင်းအတွက် ၃၂ကြိမ် ၀ါးပြီးမှ မြိုချလေ့ရှိပါတယ်။

အမျိုးသမီးဝန်ကြီးဌာနထားဖို့ အစီအစဉ် မရှိသေး


အမျိုးသမီးတွေကို အထူးအခွင့်အရေးပေးပြီး အသိအမှတ်ပြုတဲ့အနေနဲ့ အမျိုးသမီးဝန်ကြီးဌာန သီးခြားထားပေးဖို့ အစီအစဉ် ရှိ မရှိ ထန်တလန်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဇာတလမ်းက ဒီနေ့ ပြည်သူ့လွှတ်တော်မှာ မေးမြန်းရာမှာ အဲဒီလိုအစီအစဉ် မရှိသေးကြောင်း သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးမောင်က ဒီနေ့ ပြည်သူ့လွှတ်တော်မှာ ဖြေကြားခဲ့ပါတယ်။

အမျိုးသမီးတွေ အရည်အချင်းရှိမယ်ဆိုရင် အမျိုးသမီးဝန်ကြီးတွေ များလာမှာဖြစ်တဲ့အတွက် သီးခြား အမျိုးသမီးရေးရာ ၀န်ကြီးဌာနဖွဲ့စည်းဖို့ အစီအစဉ်မရှိသေးကြောင်း ပြည်ထောင်စုဝန်ကြီး ဦးစိုးမောင်က အခုလို ဖြေကြားခဲ့ပါတယ်။

"မိမိတို့နိုင်ငံမှာ မိသားစုအတွင်းသော်၎င်း၊ လုပ်ငန်းခွင်အတွင်းသော်၎င်း အမျိုးသား အမျိုးသမီး ခွဲခြားဆက်ဆံမှုမရှိခြင်း၊ ပညာရေးကဏ္ဍမှာလည်း အမျိုးသမီးများအနေနဲ့ ပညာသင်ကြားမှု အခွင့်အရေး အပြည့်အဝရရှိခြင်းစသည့် လူမှုဘဝလုံခြုံပြည့်ဝစွာ ရရှိခြင်းတို့ကြောင့် အရည်အချင်းသာရှိပါက ဝန်ကြီးဌာနတစ်ခုထက်သာမက အမျိုးသမီးဝန်ကြီးများ များစွာပေါ်ပေါက်လာမည် ဖြစ်တဲ့အပြင် သီးခြားအနေဖြင့် အမျိုးသမီးကိုသာ ခန့်အပ်ရမည့် ဥပဒေပါပြဌာန်းချက် မရှိတဲ့အတွက် အမျိုးသမီးရေးရာ ဝန်ကြီးဌာနတစ်ခု သတ်မှတ်ထားရှိပေးရန် မဖြစ်နိုင်သေးပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါတယ်"

ထန်တလန် မဲဆန္ဒနယ်က ဒေါ်ဇာတလမ်းက အမျိုးသမီးတွေအရေးကို တကယ်ပဲဦးစားပေးတယ်ဆိုရင် ပြည်ထောင်စု ဘတ်ဂျက်ထဲကခွဲဝေပြီး အမျိုးသမီးရေးရာဝန်ကြီးဌာန ထားရှိသင့်တယ်လို့ ပြောပါတယ် ။

"နိုင်ငံတော်ဘတ်ဂျက် ခွဲဝေတဲ့အခါမှာလည်း အမျိုးသမီးကို ဘတ်ဂျက်ခွဲဝေဖို့လိုပါတယ်၊ အဲဒီလိုလုပ်ပေးမှ ကျမတို့ လုပ်ပိုင်ခွင့်ရှိမယ်၊ အခုတော့ ဦးစားပေးတယ် ပေးတယ်ဆိုပေမယ့် အမျိုးသမီးသက်သက်ကို လုပ်ပိုင်ခွင့်တွေ ဘာမှမရှိဘူး၊ နိုင်ငံတော်က အမျိုးသမီးများကို ဘတ်ဂျက်ခွဲဝေပြီးတော့ ဝန်ကြီးဌာနသပ်သပ်ကို ထားပေးစေချင်တယ်"

ပြည်ထောင်စု အစိုးရအဖွဲ့မှာ ပြည်ထောင်စု ၀န်ကြီးအဆင့် အမျိုးသမီးဝန်ကြီး ၂ ဦး ၊ ဒုတိယ၀န်ကြီး ၇ ဦး နဲ့ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်တွေမှာ အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ် ဦးရေ စုစုပေါင်း ၅၃ ယောက် ရှိတယ်လို့ သိရပါတယ်။

RFA Burmese

သတင်းစာ ရှင်းလင်းပွဲလာ မိုးထိမိုးမိ ရွှေလုပ်သား ခေါင်းဆောင် တရားခံပြေး အဖြစ် ဖမ်းဆီးခံရ


မန္တလေး၊ ဖေဖော်ဝါရီ ၂၃

မန္တလေး မြို့တော်တွင် အမျိုးသား ကြီးပွား တိုးတက်ရေး ကုမ္ပဏီက ဖေဖော်ဝါရီလ ၂၃ ရက်နေ့က ပြုလုပ်သော မိုးထိမိုးမိ ရွှေလုပ်သားများ၏ အလုပ်အကိုင် ရရှိရေး ပြဿနာ ဖြေရှင်းပေးရန် စီမံချက်များ အကြောင်း သတင်းစာ ရှင်းလင်းပွဲသို့ တက်ရောက်သည့် မိုးထိမိုးမိ ရွှေလုပ်သား ခေါင်းဆောင် ဦးဝင်းအောင်ကို ရမည်းသင်း မြို့နယ် ရဲစခန်းမှ တရားခံပြေး အဖြစ် လာရောက် ဖမ်းဆီးခဲ့ကြောင်း ရမည်းသင်း မြို့နယ် ရဲစခန်းမှ တာဝန်ရှိသူက The Voice ၏ ဆက်သွယ် မေးမြန်းချက်ကို အတည်ပြု ပြောကြားသည်။

ဦးဝင်းအောင်ကို ဖေဖော်ဝါရီလ ၂၃ ရက်နေ့ မွန်းလွဲ ၁ နာရီကျော်ခန့်က လာရောက် ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်သည်။
“သူ့ကို ကျွန်တော်တို့ အမှုဖွင့်ထားတာ ရှိတယ်။ အဲဒီအမှုနဲ့ တရားခံပြေး အနေနဲ့ ဖမ်းလိုက်တယ်” ဟု ရမည်းသင်း မြို့နယ် ရဲစခန်းမှ တာဝန်ရှိသူက ဆိုသည်။

မိုးထိမိုးမိ ရွှေလုပ်သား ခေါင်းဆောင် ဦးဝင်းအောင်ကို ရမည်းသင်း မြို့နယ် ရဲစခန်းက (ပ) နံပါတ် ၁၆/ ၂၀၁၄ ပြစ်မှု ပုဒ်မ ၁၄၃/ ၁၄၇၊ ၅၀၅ (ခ) အရ အမှုဖွင့်ထားပြီး တရားခံပြေး အဖြစ် ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ တာဝန်ရှိသူထံမှ သိရသည်။

“ကျွန်မတို့ကို ကုမ္ပဏီက သတင်းစာ ရှင်းလင်းပွဲ လုပ်မယ်။ လာပြီး ဆွေးနွေးလို့ နားထောင်လို့ ရတယ်ဆိုလို့ ကိုဝင်းအောင် အပါအဝင် ရွှေလုပ်သား လေးယောက် မန္တလေးကို သွားကြတယ်။ နောက်တော့ ကိုဝင်းအောင် တစ်ယောက်တည်းကို ဖမ်းသွားတယ်” ဟု ဦးဝင်းအောင်၏ အစ်မအရင်း ဖြစ်သူ ဒေါ်ခင်အေးက ပြောကြားသည်။

ရွှေမြင်တင် ဘုရားတွင် သပိတ် စခန်းဖွင့် ဆန္ဒပြလျက် ရှိသော မိုးထိမိုးမိ ရွှေလုပ်သား ၁၀၀ ကျော်ခန့်မှ ၇၀ ကျော်ခန့်မှာ နေရပ်သို့ ကုမ္ပဏီ၏ ခရီးစရိတ် ထောက်ပံ့ပေးမှု ရယူကာ ပြန်သွားပြီး လက်ရှိ သပိတ်စခန်းတွင် လူဦးရေ ၃၀ ဦးမျှသာ ကျန်ရှိကာ ဆက်လက် ဆန္ဒ ထုတ်ဖော်လျက် ရှိကြောင်း ၎င်းကဆိုသည်။

မန္တလေးတိုင်း ဒေသကြီး ရမည်းသင်းမြို့ မိုးထိမိုးမိ တောင်ပေါ်တွင် ရွှေတူးဖော်ခွင့် ဆက်လက် လုပ်ကိုင်ခွင့် မရသဖြင့် ရွှေမြင်တင် ဘုရားတွင် နေထိုင်လျက် ရှိသော မိုးထိမိုးမိ ရွှေလုပ်သား ၁၀၀ ခန့်ကို အဆိုပါ ဘုရား ဂေါပက အဖွဲ့မှ ဆက်လက် နေထိုင်ခွင့် မပြုကြောင်း စာထုတ်သဖြင့် ယင်းဘုးရား အရှေ့ဘက်ရှိ ရွှေယဉ်ကျော် တောင်ပေါ်ရှိ စိတ္တသုခ ဘုန်းကြီးကျောင်းတွင် အောက်တိုဘာလ ၂၇ ရက်နေ့က ပြောင်းရွှေ့ နေထိုင်ခဲ့ပြီး ဒီဇင်ဘာလ ၆ ရက်နေ့က အဆိုပါ ကျောင်းတွင် နေထိုင်သည့် တစ်ပါးတည်းသော ဦးပဉ္စင်းကို ယင်းရပ်ကျေးအဆင့် ဂေါပက အဖွဲ့များနှင့် အုပ်ချုပ်ရေးမှူးများက ခေါ်ယူကာ သံဃာကျင့်ဝတ် စည်းကမ်းများနှင့် မကိုက်ညီဟု ပြောဆိုခဲ့ကြောင်း၊ ယင်းကြောင့် အဆိုပါ ကျောင်းတွင် နေထိုင်လျက် ရှိသော မိုးထိမိုးမိ ရွှေလုပ်သား ၁၀၀ ကျော်မှာ နေထိုင် စားသောက်ရေး အတွက် အခက်အခဲ ကြုံလျက် ရှိကြောင်း မိုးထိမိုးမိ ရွှေလုပ်သားများက ပြောကြားခဲ့သည်။

The Voice Weekly

ဘယ်အရာဝတ္ထုကိုမဆို မျက်နှာနဲ့ လက်တွေမှာကပ်ထားနိုင်တဲ့ “ဦးသံလိုက်”



သာမန်လူတစ်ယောက် အတွက်တော့ ဇွန်း၊ ခရင်း တွေကနေ စိတ်လှုပ်ရှားစရာ ထုတ်ပေးတာမျိုး မရှိပါဘူး။ ဒါပေမဲ့ Muhibija Buljubasic ဆိုသူအတွက်တော့ ဇွန်း၊ ခရင်းတွေဟာ သူ့ရဲ့ အထူးဇ (အထူးစွမ်းရည်) ကိုပြဖို့ ပစ္စည်းတွေ ဖြစ်စေခဲ့ပါတယ်။ ဘယ်အရာမဆို သူ့ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေမှာ ကပ်နေနိုင်တာပါပဲ။

Muhibija Buljubasic ဟာ အသက်၅၆နှစ် ရှိပြီဖြစ်ပြီး ဒီလိုထူးခြားစွမ်းရည်ကို လွန်ခဲ့တဲ့ ၅နှစ်ကစပြီး ရခဲ့တာလို့ ဆိုပါတယ်။ အရာဝတ္ထုတွေကို ဆွဲကပ်ထားနိုင်ဖို့အတွက် လေ့ကျင့်ခန်းလဲမလိုသလို ခန္ဓာကိုယ်ကိုလည်း လေ့ကျင့်မနေခဲ့ရပါဘူး။ ဒါဟာ ‘အထူးအစွမ်းအား” တစ်ရပ်ပါလို့ Muhibija Buljubasicက ယုံကြည်ထားပါတယ်။

အစတော့ ဇွန်း၊ ခရင်းစတဲ့ သတ္တုပစ္စည်းတွေ ကပ်တာပေါ့။ နောက်တော့ ပလတ်စတစ်ကိုယ်ထည်ပါတဲ့ မိုဘိုင်းဖုန်းတွေ၊ ရီမုတ် တွေပါ ကယ်နိုင်စွမ်းရှိတာကို Muhibija Buljubasicက နားလည်သဘောပေါက်လာပါတယ်။


Ref:dailymail.co.uk
Trend Myanmar

၆ နှစ်အရွယ် မိန်းကလေးကို မုန့်ဖိုးပေးကာ စပ်ယှက်သည်ဆိုသူအား တိုင်တန်း


တိုးဝေအောင်   |   Monday, 24 February 2014

အင်းစိန်မြို့နယ်တွင် ၆ နှစ်အရွယ် မိန်းကလေးတစ်ဦး သားမယားပြုကျင့်ခံရသည်ဆိုကာ
တိုင်ကြားခဲ့မှု ဖေဖော်ဝါရီလ ၂၂ ရက်နေ့က ဖြစ်ပွားခဲ့သည်။ အဆိုပါနေ့ မွန်းလွဲပိုင်းတွင် အင်းစိန်
မြို့နယ်နေ အသက် ၄၀ နှစ်အရွယ် အမျိုးသမီးတစ်ဦး သည် ရပ်ကွက်အတွင်းသွားလာ နေသည့်
အသက် ၆ နှစ်အရွယ် သမီးဖြစ်သူ အား ရေချိုး ပေးရန်ပြုလုပ်စဉ် အပေါ့သွား မည်ပြော၍ အိမ်သာ
အတွင်း ၀င်သွားခဲ့ရာကပြန် မလာသဖြင့် သွားရောက် ကြည့်ရှုခဲ့သည်။

ထိုသို့သွား ရောက်ကြည့်ရှုခဲ့ရာတွင် သမီးဖြစ်သူက မိန်းမ ကိုယ်နာကျင်ကြောင်းပြောပြသိရ
သဖြင့်ကြည့် ရှုခဲ့သည်။ နံနက် ၉ နာရီအချိန်ခန့် တွင် လမ်းအတွင်း ဆော့ကစားနေစဉ် အင်းစိန်
ရွာမ အနောက်ရပ်ကွက်နေအောင်ကို (၃၇ နှစ်) က မုန်ဖိုး ပေးမည်ဟုပြောဆိုကာ ငါးဒိုင်ကျူတော
အတွင်းသားမယားပြုကျင့်ခဲ့ကြောင်း၊ နေ့လည် ၁ နာရီအချိန်ခန့်တွင် တစ်ကြိမ်ထပ်မံ သားမယား
ပြုကျင့် ခဲ့ကြောင်းပြောပြ သိရသဖြင့် အရေးယူပေးရန်တိုင်ကြားခဲ့သည်။

အင်းစိန်မြို့မရဲစခန်းက(ပ)၁၈၅/၁၄ ပြစ်မှု ပုဒ်မ ၃၇၆ အရ အမှုဖွင့်အရေး ယူထားကြောင်း သိရသည်။

ခံစားမှုပိုကောင်းစေမယ့် ၂၁ရာစု လျှပ်စစ်သုံး ကွန်ဒုံး


ကွန်ဒုံးရဲ့ ကျန်းမာရေး အထောက်အကူပြုချက်တွေ အများကြီးရှိပေမဲ့ ချစ်တင်းနှောစဉ် သာယာမှုလျော့တယ် ဆိုတဲ့အချက်နဲ့ ကွန်ဒုံးကို ဝေဖန်ပြစ်တင်ကြလေ့ရှိပါတယ်။

ဒီအချက်ကြောင့် ကွန်ဒုံးအလွှာအောက် လျှပ်စစ် ခုန်နှုန်းတိုတွေ ထုတ်လွှတ်ပေးမယ့် ဒီဂျစ်တယ်လ် ရှေ့ပြေးစက်ပုံစံတစ်ခုကို ပါရဂူဘွဲ့ယူကျောင်းသား နှစ်ယောက်က တီထွင်ဖန်တီးခဲ့ပါတယ်။

ချစ်တင်းနှောစဉ် ခံစားမှုပမာဏနဲ့ အတိုင်းအတာကို တိုးစေမှာဖြစ်ပြီး တခြား ၀တ်ဆင်ရ နည်းပညာစက် (wearable device) တွေ၊ အာရုံခံကိရိယာတွေနဲ့ တွဲသုံးရမှာပါ။


ခံစားမှုအတိုင်းအတာ လျှော့ချလေ့ရှိတဲ့ ကွန်ဒုံးကို အမျိုးသားတွေ သုံးဖြစ်ဖို့ တိုက်တွန်းရာ တိုက်တွန်းကြောင်း ဒီဇိုင်းရေးဆွဲဖန်တီးခဲ့တာ ဖြစ်ပါတယ်။

ရှေ့ပြေးပုံစံအရ နူးညံ့တဲ့ အ၀တ်စပေါ်မှာ လှုံ့ဆော်ပေးဖို့ လျှပ်ခေါင်းတွေ တပ်ထားပါတယ်။ အာရုံခံကိရိယာ တချို့နဲ့ ဆက်သွယ်နိုင်တဲ့ microcontroller နဲ့ထိန်းချုပ်ထားတာပါ။

ဒီ လျှပ်စစ်သုံး ကွန်ဒုံးကိုပေးထားတဲ့ ဓာတ်အားပမာဏဟာ အရမ်းနည်းပါတယ်လို့ တီထွင်သူတွေက ဆိုထားပါတယ်။



ဗီဒီယိုဖိုင်ကိုလည်း ကြည့်ရှုလေ့လာနိုင်ပါတယ်။


Ref:dailymail.co.uk
Trend Myanmar

မိန်းကလေးတစ်ဦး ဓမ္မတာနှင့်ဆန့်ကျင် အဓမ္မပြုကျင့်ခံခဲ့ရဟုဆို


တိုးဝေအောင်   |   Monday, 24 February 2014

ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်တွင်မိဘအုပ်ထိန်းမှုအောက်ရှိ မိန်းကလေးတစ်ဦး ဓမ္မတာနှင့်
ဆန့်ကျင် အဓမ္မပြုကျင့်ခံခဲ့ရသည်ဆိုကာ အရေးယူပေးရန်တိုင်ကြားခဲ့မှု ဖေဖော်ဝါရီလ ၂၁
ရက်နေ့ကဖြစ်ပွားခဲ့သည်။

အဆိုပါနေ့ ည ၈ နာရီအချိန်ခန့်တွင် ဒဂုံတောင်မြို့နယ်နေ အသက် ၄၈ နှစ်အရွယ်အမျိုး
သမီးတစ်ဦးက ၎င်း၏အသက် ၁၂ နှစ်အရွယ် သမီးဖြစ်သူကို ခေါင်းရင်းအိမ်နေ ကျော်မျိုးအောင်
(ခ)ဆံရှည် (၃၁ နှစ်)မှ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ည ၇ နာရီအချိန်ခန့်က စက်ဘီး ဖြင့်တင်၍
မြ၀တီမင်းကြီးလမ်း ဟိန္ဒူဘုရားကျောင်းအနီး ခေါ်ဆောင် သွားကြောင်း၊ ထို့နောက် ကျော်မျိုး
အောင်(ခ)ဆံရှည်က ဓမ္မတာနှင့်ဆန့်ကျင် အဓမ္မပြုကျင့်ခဲ့ကြော
င်း သက်ဆိုင်ရာသို့ တိုင်ကြား
ခဲ့သည်။

ဒဂုံတောင်မြို့မရဲစခန်းက (ပ)၁၅၆/၁၄ ပြစ်မှုပုဒ်မ ၃၇၇/ ၃၅၄/၂၃၂ အရ အမှုဖွင့်အရေးယူထား
ကြောင်းသိရသည်။

WhatsAppဟာ ကန်ဒေါ်လာ သန်းပေါင်း (၁၉) ထောင် တန်ရခြင်း အကြောင်းရင်း


WhatsApp ဆိုတာ ဘာကောင်ကြီးလဲ။ WhatsApp ဆိုတာ လူမှုကွန်ရက် တစ်ခုလိုမျိုး လုပ်ဆောင်တဲ့ မိုဘိုင်း မက်ဆေ့ဂ်ျ ၀န်ဆောင်မှုတစ်ရပ်ပါ။ WhatsApp အသုံးပြုသူတွေဟာ မက်ဆေ့ဂ်ျတွေကို တစ်ယောက်ချင်း ဒါမှမဟုတ် လက်ခံသူအများကြီးဆီကို တစ်ချိန်တည်းမှာ ပေးပို့နိုင်ပါတယ်။ ဒါ့အပြင် သူတို့ရဲ့ တည်နေရာတွေကိုပါ share လိုက်လို့ရပါတယ်။ ဓာတ်ပုံတွေ၊ ဗီဒီယိုဖိုင်တွေကိုပါ ပေးပို့ဝေငှ တာတွေတောင် ပါပါသေးတယ်။

ဒီလိုနဲ့ပဲ Facebookဟာ သူရှာနေတဲ့ coustomerတွေ WhatsApp မှာရှိတာကို သိလိုက်ရပါတယ်။ အဖက်ဖက်ကကြည့်ရင်ပေါ့။ WhatsApp အသုံးပြုသူတွေက တက်ကြွတယ်။ တစ်နေ့ကို ဓာတ်ပုံ သန်း၆၀၀ ကျော်ပေးပို့နေကြတဲ့အတွက် Facebook အသုံးပြုသူတွေ တင်နေကြတဲ့ ပုံထက်တောင် များနေတယ်။ WhatsApp ကိုနေ့စဉ်မပြတ် အသုံးပြုသူ ၇၀ ရာခိုင်နှုန်းရှိပြီး ယှဉ်ကြည့်မယ်ဆိုရင် Facebook မှာတော့ ၆၂ရာခိုင်နှုန်းပဲ။

ကမ္ဘာအနှံ့က WhatsApp အသုံးပြုသူတွေဟာ တစ်နေ့တစ်နေ့ကို အသံမက်ဆေ့ဂ်ျ သန်း၂၀၀ နဲ့ ဗီဒီယိုမက်ဆေ့ဂ်ျ သန်း ၁၀၀ အပါအ၀င် မက်ဆေ့ဂ်ျပေါင်း သန်းပေါင်း (၁၉) ထောင် ပေးပို့နေကြပါတယ်။

“WhatsApp ကို ကန်ဒေါ်လာ သန်း (၁၉) ထောင်ပေးပြီး Facebook ၀ယ်ခဲ့”

WhatsApp ဟာ နိုင်ငံတကာမှာ ခိုင်မာမှုရှိတယ်။ အထူးသဖြင့် ဥရောပ၊ အိန္ဒိယ နဲ့ လက်တင် အမေရိက တို့မှာပေါ့။ အဲ့ဒီ့နေရာတွေဟာ Facebook အသုံးပြုသူ တိုးတက်အောင် ကြိုးစားနေရတဲ့ နေရတွေပေါ့။ ဆယ်ကျော်သက်တွေ၊ ၉နှစ်ကနေ ၁၄နှစ်ကြား ကောင်မလေးတွေ၊ အုပ်စုတစ်စုနဲ့တစ်စုကြား WhatsApp ကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုကြတဲ့အတွက် စာတိုမက်ဆေ့ဂ်ျ အပါအ၀င် Facebook ရဲ့ ၀န်ဆောင်မှုတွေကို ချောင်ထိုးထားလိုက်ကြတယ်။

“တစ်ယောက်ချင်း (one-on-one) ဆက်သွယ် ဝေငှခြင်း ကင်းမဲ့မှုအတွက် Facebook အသုံးပြုသူတွေဟာ မကျေမနပ်ပြောကြတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ WhatsApp က လုံးဝ ပြည့်စုံပြီးသား။’ လို့ Frost & Sullivan က သုတေသန ဒါရိုက်တာ Vidya Nathကပြောကြားခဲ့ပါတယ်။

WhatsAppကနေ ဘယ်လို ပိုက်ဆံရှာလဲ။

WhatsApp အသုံးပြုသူနှုန်းက ၀ုန်းခနဲ ဒိုင်းခနဲ တိုးနေတာ။ တစ်နေ့တည်းနဲ့ အသုံးပြုသူအသစ် ၁သန်း ဖြစ်ချင်လဲ ဖြစ်သွားရော။ ဒီနှုန်းနဲ့သာ ဆက်သွားရင် နောက်နှစ်လောက်ဆို အသုံးပြုသူ သန်း (၁)ထောင်ဖြစ်ပြီ။ နှစ်စဉ်ကြေး (၁)ဒေါ်လာစီ ကောက်ရင် အသုံးပြုသူသန်း (၁)ထောင်ဟာ Facebookရဲ့ အခွန်ငွေတွေ သိသိသာသာဖြစ်ပြီ။

Ref:money.cnn.com
Trend Myanmar

နွားတွေကို လိင်အလွဲသုံးစားပြုလုပ်ခဲ့မှုအတွက် အမေရိကန်လူမျိုးနှစ်ဦး ဖမ်းဆီးခံရ


အမေရိကန်ပြည်ထောင်စု၊ နယူးယော့ခ်ပြည်နယ်၊ Utica မြို့ အနီး Herkimer ရွာက လူနှစ်ယောက်ဟာ နွားတွေကို လိင်အလွဲသုံးစားလုပ်မှုမှာ အပြစ်ရှိကြောင်း စွဲချက်တင်ခံထားရပါတယ်။

Reid Fontaine ဆိုတဲ့သူဟာ တိရိစ္ဆာန်မျိုးစုံနဲ့ လိင်ဆက်ဆံဖို့ ကြိုးစားခဲ့ပြီး၊ အဲလိုကြိုးစားနေပုံကို Michael Jones ဆိုသူ နောက်တစ်ယောက်က ဗီဒီယိုမှတ်တမ်းတင်ထားခဲ့တာပါ။

Herkimer ရွာက လယ်သမားတစ်ယောက်ဟာ သူ့ ရဲ့နွားတွေ ဂနာမငြိမ်ဖြစ်နေပြီး၊ နို့ တွေမထွက်တော့တဲ့ အတွက် CCTV တစ်ခုတပ်ဆင်ပြီး အကြောင်းရင်းစုံစမ်းရင်းနဲ့ အခုလို လိင်အလွဲသုံးစားလုပ်မှုကို ဖမ်းမိခဲ့တာပါ။ လယ်သမားဟာ ဒီအဖြစ်အပျက်ကို CCTV တိပ်ခွေကတဆင့် သိသိချင်းရဲတွေကို အကြောင်းကြားခဲ့တာပါ။

အသက် ၃၁ နှစ်အရွယ် Fontaine ဟာ နွားအများအပြားနဲ့ လိင်ထိတွေ့ ဆက်ဆံဖို့ ကြိုးစားခဲ့ပြီး အသက် ၃၅ နှစ်အရွယ် Jones က Fontaine ရဲ့ လုပ်ရပ်ကို ဗီဒီယိုမှတ်တမ်းတင်ပေးခဲ့တယ်လို့ Newsy သတင်းစာမျက်နှာမှာ ဖော်ပြထားပါတယ်။

သူတို့ နှစ်ယောက်လုံးကို တိရိစ္ဆာန်တွေကို ညှင်းပန်းနှိပ်စက်မှု ပထမအဆင့် နဲ့ အမှုဖွင့်ထားတယ်လို့ Sky News ဌာနက တင်ပြထားပါတယ်။ လောလောဆည်တော့ နှစ်ယောက်လုံးကို ခံဝန်နဲ့ လွှတ်ပေးခဲ့တယ်လို့  သိရှိရပါတယ်။

Ref: mirror
Trend Myanmar

ထိုင်းဝန်ကြီးချုပ်ရင်လတ် ဘန်ကောက်နဲ့ဝေးရာသွားပြီ


ရက်ပေါင်းများစွာ ဆန္ဒပြတာတွေနဲ့ ရင်ဆိုင်နေရတဲ့ ထိုင်းဝန်ကြီးချုပ်ရင်လတ်  ဘန်ကောက်မြို့တော်ကနေ မိုင် ၉ဝ ဝေးတဲ့နေရာမှာ ရုံးသွားထိုင်နေပါတယ်လို့ သူ့ရုံးကနေ ဒီကနေ့ သိရပါတယ်။
ဘယ်နေရာလဲ ဆိုတာကိုတော့ ပြောဆိုခြင်း မရှိပါဘူး။
ဘန်ကောက်ရဲ့ အစိတ်အပိုင်း အတော်များများကို ဆန္ဒပြသူတွေက ပိတ်ဆို့ထားတာပါ။ ဝန်ကြီးချုပ် ဘန်ကောက်ကို ဘယ်တော့ ပြန်လာမယ် ဆိုတာကိုတော့ သူ့ရုံးက ပြောဆိုခြင်း မရှိပါဘူး။

သူ့ကို ဘန်ကောက်မှာ နောက်ဆုံး တွေ့ရတာကတော့ ပြီးခဲ့တဲ့အပတ်ကပါ။ လာမယ့် ကြာသပတေးဆိုရင်  ဘန်ကောက်မှာ လုပ်မယ့် အဂတိလိုက်စားမှုကိစ္စကြားနာပွဲတခုကို သူ တက်ဖို့ရှိပါတယ်။

မနက်ဖြန် ဆိုရင် အစိုးရအဖွဲ့အစည်းအဝေး လုပ်ရမယ်၊ ဘန်ကောက်အပြင်ဘက်မှာ လုပ်ဖို့ များတယ်လို့ နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

ဝန်ကြီးချုပ်ရင်လတ် နုတ်ထွက်ပေးရေး ဆန္ဒပြသူတွေကတော့ နောက်ဆုတ်မယ့်အနေအထား မရှိသေးပါ။

မနေ့ကတော့ ဘန်ကောက်မှာ ပေါက်ကွဲမှုတခု ဖြစ်ပါတယ်။ ဘယ်သူ့လက်ချက်လည်း ဆိုတာ မသိရသေးပါဘူး။

ဝန်ကြီးချုပ်ကတော့ ကလေးငယ်တွေသေဆုံးရတဲ့ အဲဒီပေါက်ကွဲမှုအတွက် သူ့ facebook ကနေ ကန့်ကွက် ရှုတ်ချ ရေးသားလိုက်ပါတယ်။
နိုင်ငံရေးအမြတ်ထုတ်ရေးအတွက် လူတွေရဲ့ အသက်ကို ဂရုမစိုက်ဘဲ အကြမ်းဖက်လိုက်တာပဲ လို့ ရေးလိုက်ပါတယ်။


တနင်္ဂနွေနေ့ ဘန်ကောက်မြို့ ဗုံးပေါက်ပွဲမှုအပြီး တွေ့ရတဲ့ မြင်ကွင်းတခု (ဓာတ်ပုံ- Reuters)

ကလေးတွေကို ဆန္ဒပြတဲ့နေရာမှာ ခေါ်မထားကြဖို့ ဆန္ဒပြခေါင်းဆောင်တွေ၊ မိဘတွေကို ကုလသမဂ္ဂလက်အောက်ခံ ယူနီဆက်အဖွဲ့ကြီးက တောင်းဆိုထားပါတယ်။

The Irrawaddy

ဘတ်စကတ်ဘော လောကကို မွှေနှောက်အုန်းမယ့် ၁၃ နှစ်အရွယ် ချာတိတ်


ကျွန်တော်တို့ ဟာ ဘတ်စကတ်ဘော အားကစားလောကမှာ ထွန်းတောက်လာမယ့် ကြယ်ပွင့်တစ်ပွင့်ကို မကြာမီမြင်တွေ့ ရဖို့ ရှိပါတယ်။ ဘတ်စကတ်ဘောသင်တန်းကျောင်းတွေကနေ လူငယ်ချာတိတ်တွေဖြစ်တဲ့ ဂျူလီယာ နယူးမန်း၊ တွန်မေကာ နဲ့ ဆဲဗန့် ဝုဒ်စ် တို့ ရဲ့ စွမ်းရည်ကို မြင်တွေ့  ခဲ့ရပါပြီးပြီ။

အခု ချေ့ စ်အဒမ်လို့ ခေါ်တဲ့ ချာတိတ်ကတော့ မိုက်ကယ်ဂျော်ဒန်လို အရပ် ခြောက်ပေခြောက်လက်မ မဟုတ်ပါဘူး။ အသက် ၁၃ နှစ်အရွယ်၊ လူကောင်သေးသေး၊ အရပ် ၄ ပေ ၁၁ လက်မသာရှိတဲ့ အဒမ်ဟာ ခုနှစ်တန်းမှာ တက်ရောက်သင်ကြားနေသူဖြစ်ပါတယ်။ မနှစ်က ခြောက်တန်းအရွယ်၊ အရပ် ၄ ပေ ၁၀ လက်မ သာရှိကတည်းက အဒမ်ဟာ တစ်နှစ်ကြီးတဲ့ ခုနှစ်တန်းကျောင်းသားတွေကို ဦးဆောင်ပြီး ကျောင်းပေါင်းစုံ ဘတ်စကတ်ဘောပြိုင်ပွဲမှာ ၅၆ - ၃ ဆိုတဲ့ အပြတ်အသတ်ရလဒ်စံချိန်ကို တင်ပေးနိုင်ခဲ့ပါတယ်။

ချေ့ စ်အဒမ်ရဲ့ ဘောလုံးထိန်းသိမ်းမှု နဲ့ ဖြတ်ကျော်မှု စွမ်းရည်ဟာ ဒီအရွယ် ချာတိတ်တစ်ယောက်အတွက် ထူးခြားနေလွန်းပါတယ်။ အဒမ်ဟာ သူ့ ထက် လူကောင်ကြီးတဲ့ ကစားသမားတွေကြားထဲမှာ ကစားဖော် ကီဇို ရဲ့ အကူအညီနဲ့ ကျားသစ်တစ်ကောင်လို ပြေးလွှားကစားပြီး နိုင်ပွဲတွေကို ဖန်တီးပေးနေသူပါ။

ချီကာဂိုမြို့ သား ချေ့ စ်အဒမ်ရဲ့ အံ့အားသင့်ဖွယ်အရည်အချင်းကို Ballislife Midwest ချန်နယ်က တင်ဆက်မှုအပြီးမှာ NBA ကစားသမားတွေရဲ့ ချီးကျူးအားပေးမှုကို အဒမ်တစ်ယောက် တစ်ခဲနက် ရရှိခဲ့ပါတယ်။ ဒီလိုငယ်ရွယ်တဲ့ အသက်အရွယ် နဲ့  မယုံကြည်နိုင်စရာ ဘတ်စကတ်ဘောအရည်အချင်းကို ပိုင်ဆိုင်ထားတဲ့ အဒမ်ကို အနာဂတ် ဘတ်စကတ်ဘော  ကစားနည်းလောကမှာ ထွန်းတောက်လာမယ့် ကြယ်တစ်ပွင့်လို့ အားလုံးက အသိအမှတ်ပြုစောင့်ကြည့်နေကြပါတယ်။

ချေ့ စ်အဒမ်ရဲ့ ဘတ်စကတ်ဘောအရည်အချင်းကို အောက်ပါလင့်ခ်မှာ ကြည့်ရှုနိုင်ပါတယ်။


Ref: bleacherreport.com
Trend Myanmar

ဆူဒိုအက်ဖီဒရင်းအာနိသင်ပါ အဖြူရောင်နှာစေးပျောက်ဆေးပြား ဖမ်းဆီးရမိ


နေပြည်တော်၊ ဖေဖော်ဝါရီ ၂၃

၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ည ၁၂ နာရီခွဲအချိန် အမှတ်(၁၇)မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့စု(မန္တလေး)မှတပ်ဖွဲ့ဝင်များသည် မူးယစ်ဆေးဝါးသတင်းအရ သက်သေများနှင့် အတူ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ သံလျက်မှော်အနောက်ရပ်ကွက်နေ ကျော်ဇေဦး(၃၄)နှစ် နေထိုင်သည့် တိုက်ခန်းအား ဝင်ရောက်ရှာဖွေခဲ့သည်။ ထိုသို့ရှာဖွေရာ နောက်ဖေးမီးဖိုဆောင်ရှိ စားပွဲခုံအောက်မှ ဆူဒိုအက်ဖီဒရင်းအာနိသင်ပါ အဖြူရောင်အအေးမိနှာစေးပျောက်ဆေးပြား(၂၄၃၀၀)ပြား၊ တိုက်ခန်းရှေ့တွင် ရပ်ထားသော ၎င်းပိုင်ယာဉ်နောက်ခန်းမှ ဆူဒိုအက်ဖီဒရင်းအာနိသင်ပါ အဖြူရောင် နှာဆေး ပျောက်ဆေးပြား (၄၆)ပြား၊ စုစုပေါင်းဆေးပြား(၂၄၃၄၆)ပြား၊ စုစုပေါင်းတန်ဘိုးငွေကျပ် (၂၉.၂၁၅၂) သိန်း၊ လက်ကိုင်ဖုန်း(၃)လုံး၊ ကျောက်စိမ်းဖြတ်စပိုင်းတစ်ခုနှင့် ကျောက်ပွင့်(၄)ပွင့်တို့အား သိမ်းဆည်း ရမိခဲ့သဖြင့် အမှတ်(၇)နယ်မြေရဲစခန်း မယ(ပ)၂/၂၀၁၄၊ မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၅/၁၆(ခ)/၂၁ ဖြင့်လည်းကောင်း၊ (ပ)၁၁၉/၂၀၁၄၊ ကျောက်မျက်ဥပဒေပုဒ်မ ၄၂(က) ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်း ရရှိသည်။

MOI Webportal Myanmar

ကိုယ်ဝန်ဆောင်ထားရလို့ မိခင်အပေါ် ကိုယ်ချင်းစာစိတ်ဖြစ် မိကြောင်း ချောရတနာ ပြော


မိခင်ရဲ့မေတ္တာတရားနဲ့ မိခင် တစ်ယောက်ဖြစ်လာတော့မှာဖြစ်တဲ့ အတွက် မိမိရဲ့ မိခင်အပေါ် ကိုယ်ချင်း စာစိတ်တွေလည်း ဖြစ်မိကြောင်းကို “ချောက အိမ်တောင်မပြုခင် ကတည်းက မိဘကိုစိတ်ချမ်းသာ အောင်အတတ်နိုင်ဆုံး ထားတယ်။ ကိုယ်ဝန်ရှိတဲ့အချိန်မှာ ကိုယ့်ရဲ့မိဘကို ကိုယ်ချင်းစာမိ တယ်။ ချောတို့ အမေတုန်းကဆိုရင် ရိုးရိုးပဲမွေးရ တယ်။ ပစ္စည်းကိရိယာတွေ ကလည်း မစုံလင်ဘူး။ ဘာမှခေတ်မမီတဲ့အခါ ကျတော့ အခက်အခဲလေးတွေ ရှိတယ်။ အဲဒီတော့ အမေတွေကိုပိုပြီး တော့ သနားတယ်။ ချောတို့ ဆိုရင် ဆရာဝန်ညွှန်ကြားချက်အတိုင်း လိုက်နာတယ်။ အခုတော့ အစစ အရာရာဂရုစိုက်ဖြစ်တယ်။ ကိုယ်ဝန်ကလည်း ရှစ်လပြည့်ပြီဆိုတော့ တအားကို ဂရုစိုက်ပြီးနေနေရ တယ်။ အထိုင်အထကအစ တအားဂရုစိုက် ပြီးနေတယ်။ ပဋ္ဌာန်းကတော့ နေ့တိုင်း ရွတ်ဖြစ်တယ်။ တစ်ရက်မှ မပျက်ဘူး။ သူ့ကိုပဲ နေ့တိုင်းဘုရားရှိခိုးတိုင်း ဆုတောင်းေ ပးဖြစ်ပါတယ်” လို့ ချောရတနာက ဆိုပါတယ်။

ချောရတနာက ရင်သွေးငယ် ဆောင်ထားတာရှစ်လရှိပြီဖြစ်လို့ သားဦး ရတနာလေးအတွက် ကြိုတင် ပြင်ဆင်မှုတွေအကြောင်းကို “အခုကတော့ ချောကြိုတင်ပြင် ဆင် မှုတွေတော့ တအားကြိုမလုပ်ထားပါဘူး။ ဧပြီပထမ ပတ်ထဲမွေးမှာဆိုတော့ ချောတို့ရက်တော့ ရွေးနေတယ်။ ကလေးအတွက် လို အပ်တဲ့ ပစ္စည်းလေးတွေ နည်းနည်းတော့ ဝယ်ထား တယ်။ ကိုယ်ဝန်ကလည်း ရင့်လာတော့ အသွားအလာတွေက နည်းတော့လေးလာတယ်။ ချောက ခွဲပြီး မွေးရမှာဆိုတော့ပိုပြီးတော့ ကျန်းမာရေးကို ဂရုစိုက်ရ တယ်။ကိုယ်ခံအား ကောင်းအောင်လို့ ဂရု စိုက်ရတယ်။ ချောက ရိုးရိုးပဲမွေးချင် တာ။ ဒါပေမဲ့ ကျန်းမာရေးကြောင့် ခွဲပြီးမွေးရတယ်။ စိုးရိမ်စိတ်တော့ တအားကြီး မဖြစ်မိ ပါ ဘူး။ အခုက ခေတ်လည်းမီနေပြီ်” လို့ ချောရတနာက ပြောပါတယ်။

လွင်လွင်ထွန်း
Popular Journal

မြိတ်မြို့၌ကလေးတစ်ဦး ဓာတ်လိုက်သေဆုံး


မြိတ် ဖေဖော်ဝါရီ ၂၃

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ဖေဖော်ဝါရီ ၂၀ ရက် ညကရုတ်တရက်မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့် မြိတ်တောင်ရပ်ကွက်ရှိ မြို့သစ်လျှပ်စစ်ဓာတ်အားပေးစက်ရုံမီးစက်ကြီး လမ်းဘေးလျှပ်စစ်မီးတိုင်မှ မီးကြိုးပြတ်ကျခဲ့ရာ အလကအုန်းတောကျောင်းမှ ဆဋ္ဌမတန်းကျောင်းသား မောင်ရဲလင်းဦး (၁၄နှစ်) အောင်မင်္ဂလာရပ်ကွက် မြိတ်တောင်ကျေးရွာနေသူသည် မြိတ်တောင်ရပ်ကွက် အောင်ဆန်းလမ်းနှင့် အောင်ချမ်းသာလမ်းထောင့်တွင် လမ်းလျှောက်ပြီး နေအိမ်သို့ပြန်လာစဉ် အဆိုပါ လျှပ်စစ်မီးကြိုး ရုတ်တရက်ပြတ်ကာ လက်ပေါ်သို့ပြုတ်ကျခဲ့ပြီး ဓာတ်လိုက်သေဆုံးခဲ့ကြောင်း သိရသည်။

MOI Webportal Myanmar

အဓမ္မပြုကျင့်ခံရမှု တစ်ရက်တည်း တိုင်တန်းမှု လေးခုရှိ


ဇော်ဇော်ထွေး|ဖေဖော်ဝါရီ ၂၄ ရက်၊ တနင်္လာနေ့၊ ၂၀၁၄ ခုနှစ်။

အမျိုးသမီးများ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရသဖြင့် တိုင်တန်းမှုများ ဖေဖော်ဝါရီ ၂၂ ရက်တွင် လေးမှု ရှိနေရာတွင် ကလေးငယ်လေးများ အဓမ္မပြုကျင့်ခံရမှု သုံးမှုနှင့် သီလရှင်တစ်ပါး အဓမ္မပြုကျင့်ခံရမှုတို့ဖြစ် သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့ မှုခင်းမှတ်တမ်းတွင် ဖော်ပြပါရှိသည်။

ကလေးငယ်များ အဓမ္မပြုကျင့်ခံရမှုအဖြစ် တိုင်တန်းမှုများတွင် ဒဂုံတောင်မြို့နယ် ၁၀၆ ရပ်ကွက်၌ ဖေဖော် ၀ါရီ ၂၀ ရက်က (၁၂) အရွယ် ဒုတိယတန်းကျောင်းသူကို အသက် (၃၁) နှစ်ရှိ အိမ်နီးချင်း ယာဉ်နောက် လိုက်တစ်ဦးက သားမယားအဖြစ် ဆက်ဆံခဲ့သည်ဟု တိုင်းတန်းမှု၊ လှိုင်သာယာမြို့နယ်တွင် ဖေဖော်ဝါရီ ၂၂ ရက်က အိမ်သို့အလည်လာသည့် (၇) နှစ်အရွယ် မိန်းကလေးကို အသက် (၄၀) နှစ်အရွယ် ခဲအိုက သားမယားပြုကျင့်ရန် ကြံစည်သဖြင့် တိုင်တန်းထားသည့်အမှုနှင့် အင်းစိန်မြို့နယ်တွင် ဖေဖော်ဝါရီ ၂၂ ရက် က အသက် (၆) နှစ်ရှိ ကလေးငယ်ကို အသက် ၃၇ နှစ်ရှိ ပန်းရံလုပ်သားတစ်ဦးက နှစ်ကြိမ်တိုင်တိုင် သား မယားပြုကျင့်ခဲ့သည်ဟု တိုင်တန်းမှုများပါဝင်သည်။

ယင်းတိုင်တန်းမှုများအတွက် သက်ဆိုင်ရာမြို့နယ်ရဲစခန်းများနှင့် တောင်ဒဂုံရဲစခန်းတို့က တိုင်တန်းခံထားရ သူများကို ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်။

ထို့အပြင် မြောက်ဥက္ကလာပမြို့နယ်တွင် ဖေဖော်ဝါရီ ၂၂ ရက် နံနက် ၅ နာရီ အချိန်က အသက် (၂၃)နှစ်ရှိ သီလရှင်ကို ကျောင်းတိုက်တစ်ခုတည်းတွင်နေသည့် သီလရှင်တစ်ပါး၏ သားဖြစ်သူက အဓမ္မပြုကျင့်ခဲ့ခြင်း ဖြစ်ပြီး ယင်းအမှုကို ကာယကံရှင် သီလရှင်ကိုယ်တိုင် အမှုဖွင့်တိုင်တန်းထားရာ မြို့နယ်ရဲစခန်းက တိုင်တန်းခံ ထားရသူကို လိုက်လံဖမ်းဆီးလျက်ရှိသည်။

ရန်ကုန်တိုင်းတွင် ၂၀၁၃ ခုနှစ်အတွင်းတွင် အဓမ္မပြုကျင့်ခံရမှုပေါင်း ၁၅၂ မှုထိ ဖြစ်ပွားခဲ့ပြီး အသက်မပြည့် သေးသည့် ကလေးငယ်များ အဓမ္မပြုကျင့်ခံရမှုမှာ ၇၉ မှုထိ ပါဝင်နေသည်ဟု တိုင်းရဲတပ်ဖွဲ့က မဇ္ဈိမ၏ မေးမြန်းမှုကို ဖြေကြားထားသည်။

ကလေးငယ်များ အဓမ္မပြုကျင့်မှုများ ဟန့်တားနိုင်ရန်ရေးနှင့် လျော့ကျစေရေးအတွက် ပြင်းထန်သည့် ပြစ် ဒဏ်များ ထည့်သွင်းသတ်မှတ်ပြဋ္ဌာန်းရန် လွှတ်တော်အတွင်း နှစ်ကြိမ်တိုင်အဆိုတင် ဆွေးနွေးမှုများ ရှိခဲ့သော်လည်း အောင်မြင်မှု မရရှိခဲ့ပေ။

လက်ရှိတွင် မြန်မာနိုင်ငံ၌ အမျိုးသမီးများအတွက် ပြဋ္ဌာန်းထားသည့် ဥပဒေများတွင်လည်း နိုင်ငံတကာ စံနှုန်းဖြစ်သော အမျိုးသမီးများ အကြမ်းဖက်ခံရပါက လုံးဝသီးခံစရာမလိုဟု ဆိုသည့် (Zero Tolerance) ပေါ်လစီနှင့် ကိုက်ညီမှုမရှိသဖြင့် ပြင်ဆင်ရေးဆွဲရန် လိုအပ်နေသည်ဟု ထောက်ပြမှုများ ရှိနေသည်။

Mizzima Burmese

ဒီပဲယင်းအရေးတွင် ချိတ်ပိတ်ခံအိမ်များ အတွက် ဆန္ဒပြသူနှစ်ဦး ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်ခံရ


ကိုတိုးကြီး| တနင်္လာနေ့၊ ဖေဖော်ဝါရီ ၂၄ရက်၊ ၂၀၁၄ခုနှစ်။

ချောင်းဦး၊ မဇ္ဈိမ။ ။ စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ် စီမံခန့်ခွဲမှုကော်မတီမက ဒီပဲယင်း အကြမ်းဖက်မှုမှ ခုနှစ်နှစ်တိုင် ချိတ်ပိတ်ခံရသော အိမ်များအတွက် လျော်ကြေးပေးရန် ဖေဖော်ဝါရီလ ၂၃ရက်က ဆန္ဒပြတောင်းဆိုသူ လူနှစ်ဦးကို ချောင်းဦးမြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူလိုက်ပြီဟု ရဲတပ်ဖွဲ့ဝင်တစ်ဦးက မဇ္ဈိမကို ပြောသည်။

အရေးယူခြင်းခံရသူ နှစ်ဦးသည် ချောင်းဦးမြို့၊ မြို့မရပ်ကွက်နေ ဦးကျော်ဆွေနှင့် မြို့သစ်ရပ်ကွက်နေ ကိုသက်နွယ်ဦးတို့ ဖြစ်သည်ဟု အဆိုပါ ရဲဌာနက အတည်ပြုပြောကြားသည်။

ထိုသူနှစ်ဦးမှာ ဖေဖော်ဝါရီလ ၂၃ရက် နံနက် ၁၁ နာရီအချိန်မှ စတင်ကာ မုံရွာ- မန္တလေး ကားလမ်းအတိုင်း စက္ကူဆိုင်းဘုတ်ကြီးကို နှစ်ဦးအတူ ကိုင်ဆောင်၍ ဒီပဲယင်းအရေးတွင် ချိတ်ပိတ်ခံရသော နေအိမ်များအတွက် လျော်ကြေးပေးရန်၊ အခြေခံဥပဒေ ပုဒ်မ ၅၉(စ) နှင့် (ဃ)တို့ကို ပြင်ရန်၊ အဓမ္မသိမ်းဆည်းထားသော မြေများကို မူလပိုင်ရှင်ထံ ပြန်လည်ပေးအပ်ရန် နာရီဝက်ခန့် ခွင့်ပြုမိန့်မတောင်းဘဲ ဆန္ဒပြခဲ့သည်။

ချောင်းဦးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက ဖေဖော်ဝါရီလ ၂၃ရက် နေ့စွဲဖြင့် ဆန္ဒထုတ်ဖော်သူ နှစ်ဦးကို အရေးယူပေးရန် ညွှန်ကြားခဲ့သဖြင့် ချောင်းဦးမြို့မ ရဲစခန်းက (ပ)၂၁/၂၀၁၄၊ ငြိမ်းချမ်းစွာ လူစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့် ဆိုင်ရာ ဥပဒေပုဒ်မ ၁၈အရ ထိုနေ့ည ၁၁နာရီခွဲကပင် အမှုဖွင့်ခဲ့သည်ဟု ရဲအရာရှိတစ်ဦးက ပြောသည်။

Mizzima Burmese

စွယ်စုံ သုံးလို့ရတဲ့ ငှက်ပျောသီး


ငှက်ပျောသီးကို အစာအာဟာရ အတွက် စားသုံးခြင်း အပြင် အခြားသော ရည်ရွယ်ချက် များနဲ့လည်း အသုံးပြုလို့ ရပါတယ်။ သူ့ရဲ့ အသုံးပြုမှု နေရာ အချို့က အောက်ပါ အတိုင်း ဖြစ်ပါတယ်။


- ငှက်ပျောသီး အခွံအထဲက အဖန်ဓာတ် အနည်းငယ် ပါတဲ့ အသားနဲ့ သွားကို ပွတ်တိုက်ခြင်းဖြင့် သွားကို ဖြူဝင်း အရောင် လက် စေပါတယ်။ သွားဖြူဆေး အချို့မှာလည်း အဲ့ဒီအသားကို အသုံးပြုလုပ်ပါတယ်။

- ငှက်ပျောသီး အတွင်းခွံနဲ့ ဖိနပ် တိုက်လို့ ရပါသေးတယ်။ ဒါ့အပြင် စတီးနဲ့ ငွေထည့် ပစ္စည်းတို့ အရောင်လက်ဖို့ အတွက်လည်း ပွတ်တိုက်လို့ ရပါ သေးတယ်။ အဲ့ဒါနဲ့ ပွတ်တိုက်ပြီးရင် အခြား အဝတ် တစ်ခုနဲ့ ပြန် သုပ် လိုက်တဲ့ အခါ ပစ္စည်းများက အရောင်လက်နေမှာ ဖြစ်ပါတယ်။

 ငှက်ပျောသီးကို အရိုးဆူးချိန်မှာ တစ်ကိုက်စာ မြိုချတာ တို့ ပြုလုပ်ခြင်းဖြင့် လည်း လည်ပင်းက အရိုးခံတာ တွေကို ဖယ်ရှား ပေးပါတယ်။ ဒါ့အပြင် အခြားသော ရည်ရွယ်ချက် အမျိုးမျိုးနဲ့လည်း ငှက်ပျောသီးကို အသုံးပြုလို့ ရပါ သေးတယ်။
.
Ref: pocketlint
International news for Myanmar

ဒုချီးရားတန်း စုံစမ်းမှုကော်မရှင် လွတ်လပ်သည့်ကော်မရှင် မဟုတ်ဟု ကုလကိုယ်စားလှယ်ပြော


မစ္စတာ ကင်တားနား

ရခိုင်ပြည်နယ်က ဒူချီးရားတန်းအရေး စုံစမ်းမှုကော်မရှင်တွေဟာ အစိုးရက ဖွဲ့စည်းထားတဲ့ အတွက် လွတ်လပ်တဲ့ ကော်မရှင် မဟုတ်ဘူးလို့ မစ္စတာ ကင်တားနားက သူရဲ့ ၆ ရက်အကြာ မြန်မာနိုင်ငံခရီးစဉ်အပြီး ဘန်ကောက်မှာ ဒီဗွီဘီကို ပြောကြားလိုက်ပါတယ်။

“မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ဟာ သမ္မတအဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့အဖွဲ့ ဖြစ်တယ်။ ဒါကြောင့် ဒီကော်မရှင်ဟာ သမ္မတအပေါ်ကို မှီခိုနေရတဲ့အတွက် အဲဒါ လွတ်လပ်တဲ့အဖွဲ့ တခု မဟုတ်ပါဘူး။ အဲဒီအတွက် အစိုးရက နားလည်လာပုံရတယ်။ ဒါကြောင့် အစိုးရက စုံစမ်း စစ်ဆေးရေး ကော်မရှင်အသစ်တဖွဲ့ကို ထပ်ဖွဲ့ပြန်တယ်။ အခု ကော်မရှင်အသစ်လည်း လွတ်လပ်သလား ဆိုတော့ မဟုတ်ပြန်ပါဘူး။ ဘာကြောင့်လဲဆိုတော့ စောစောက အဖွဲ့လို သမ္မတ ဖွဲ့စည်းထားတဲ့ အဖွဲ့ ဖြစ်ပါတယ်။ လက်ရှိ စုံစမ်းစစ်ဆေးရေးကော်မရှင်အသစ်က မကြာခင်မှာ အစီရင်ခံစာအသစ် ထုတ်တော့မယ်၊ ဖေဖော်ဝါရီလကုန်လောက်မှာ ဖြစ်နိုင်တယ်။  သူတို့ရဲ့ လှုပ်ရှားမှုတွေကို အသိအမှတ်ပြုပါတယ်။ ဒါပေမယ့် နိုင်ငံတကာ လူ့အခွင့်အရေးအရ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးအဖွဲ့တော့ ဖြစ်မှာ မဟုတ်ပါဘူး။ ဒါတွေကြောင့်လည်း နိုင်ငံတကာက ကျွမ်းကျင်သူတွေ ပါဝင်ပြီး လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေး အဖွဲ့ဖွဲ့ဖို့ ကျနော် တောင်းဆိုခဲ့တာပါ လို့ မစ္စတာ ကင်တားနားက ပြောပါတယ်။”

ဒုချီးရားတန်းအရေးနဲ့ ပက်သက်လို့ စုံစမ်းစစ်ဆေးခဲ့တဲ့  မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကတော့ ဘင်္ဂါလီတွေ သတ်ဖြတ်ခံရတဲ့ဆိုတဲ့သတင်းတွေဟာ အတည်ပြုချက် မရရှိဘူးလို့ သတင်းထုတ်ပြန်ထားပါတယ်။

သမ္မတက ဖွဲ့စည်းပေးထားတဲ့ အဖွဲ့ဝင် ၁၁ ဦးပါ ဒုချီးရားတန်း စုံစမ်းရေးကော်မရှင်က ရဲတပ်ကြပ်ကြီး သေဆုံးတဲ့ဖြစ်စဉ်၊ လူသေဆုံးမှုတွေရှိတယ်ဆိုတဲ့ သတင်းအပါအ၀င် ဒုချီးရား တန်း အနောက်ရွာ မီးလောင်မှုစတာတွေကို ဖေဖော်ဝါရီ ၁၅ ရက်ကနေ ၁၉ ရက်နေ့အထိ စစ်ဆေးခဲ့ပြီး တွေ့ရှိချက်တွေကို သမ္မတဆီ ဒီလကုန် အစီရင်ခံစာ တင်သွင်းရမှာ ဖြစ်ပါတယ်။

“နောက်တခု ကျနော် ပြောချင်တာက ရခိုင်ပြည်နယ်က ရဲတွေဟာ ရခိုင်ပြည်နယ်က လူတွေ ဖြစ်တယ်။ ရခိုင်လူမျိုးတွေနဲ့ ဆိုင်တဲ့ ရဲတွေပဲ ဖြစ်တယ်။ တခြားပြည်နယ်က ရဲတွေ ချထားဖို့ လိုတယ်။ ဒီလိုမျိုး ချထားတာဟာ နှစ်ဖက်အကြား ဖြစ်ပွားနေတဲ့ အခြေအနေတွေ ပိုပြီး နားလည်မှုတွေ ရစေပါတယ်လို့လည်း ပြောပါတယ်။”

မြန်မာပြည်ကို နောက်ဆုံးအကြိမ် သွားရောက်ခဲ့တဲ့ခရီးစဉ်အတွင်း မင်္ဂလာဒုံလေဆိပ်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတွေက လိုအပ်ချက်တွေ ရှိနေဆဲပဲလို့  ပြောဆိုထားပါတယ်။

သူရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးကိစ္စ ချဉ်းကပ်ပုံတွေကိုလည်း ဘယ်သူမဆို လွတ်လပ်စွာ သဘောမတူနိုင်တဲ့ အခွင့်အရေးရှိတဲ့ကြောင်း၊ သူဟာ လူ့အခွင့်အရေး ကိုယ်စားလှယ် တဦးအနေနဲ့ မြန်မာတဝန်းလုံးက လူ့အခွင့်အရေး ပုံရိပ်တွေ သိရှိရေးအတွက် သူရဲ့ အစီရင်ခံစာကို လေ့လာသင့်တဲ့အကြောင်းတွေကိုလည်း တိုက်တွန်းပြောဆိုသွားပါတယ်။

မစ္စတာကင်တားနားဟာ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကိုယ်စားလှယ်အဖြစ် ၆ နှစ်ကြာ တာဝန်ယူခဲ့တဲ့ ကာလတွေအတွင်းမှာ တိုးတက်ပြောင်းလဲမှုတွေအတွက် အသိအမှတ်ပြု ပြောဆိုခဲ့သလို ထောက်ပြ ဝေဖန်တာတွေလည်း ပြုလုပ်ခဲ့ပါတယ်။

မြန်မာနိုင်ငံနဲ့ ပက်သက်တဲ့ လူ့အခွင့်အရေး အစီရင်ခံစာကို လာမယ့် မတ် ၁၇ ရက်နေ့မှာ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ ရှိတဲ့ ကုလသမဂ္ဂ လူအခွင့်အရေးကောင်စီကို အစီရင်ခံ တင်ပြသွားမှာ ဖြစ်ပါတယ်။

DVB Burmese

သမ္မတရုံး ဘတ်ဂျက် ၁၅ ဘီလီယံ သုံးမည်


ပြီးခဲ့တဲ့နှစ်က သမ္မတရုံးအသုံးစရိတ် ကျပ်ငွေ ၁၁ ဘီလီယံကျော်ပဲ ရှိရာကနေ ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်မှာ သမ္မတနဲ့ အစိုးရအဖွဲ့ လစာ တိုးမြှင့်ရယူမယ့်ကိစ္စ၊ ငြိမ်းချမ်းရေးအတွက် ရန်ပုံငွေထား သုံးစွဲမယ့်ကိစ္စတွေ ရှိလာတဲ့အတွက် ကျပ်ငွေ ၄ ဘီလီယံနီးပါး တိုးမြှင့်ပြီး ကျပ်ငွေ ၁၅ ဘီလီယံကျော်သုံးစွဲမယ့်ကိစ္စဟာ သင့်တော်ပါကြောင်း လွှတ်တော်ပြုပြင်ပြောင်းလဲရေးနဲ့ ခေတ်မီ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီရဲ့ ဥက္ကဋ္ဌ ဦးအောင်သိန်းလင်းက ပြောပါတယ်။

ဖေဖော်ဝါရီ ၂၁ ရက်နေ့က ကျင်းပတဲ့ လွှတ်တော်အစည်းအဝေးအတွင်း ဘတ်ဂျက်ကိစ္စ ဆွေးနွေးစဉ် သူက ခုလို ပြောလိုက်တာ ဖြစ်ပါတယ်။

ဘတ်ဂျက်ထဲမှာ လာမယ့် ဧပြီကစ သမ္မတဟာ လက်ရှိ လစာ ကျပ် ၁၅ သိန်းအစား၊ ဥပဒေပါ ပြဋ္ဌာန်းချက်အတိုင်း ၁ လ ကျပ် သိန်း ၅၀ ခံစားမှာ ဖြစ်ပြီး အခြားဒုသမ္မတနဲ့ ၀န်ကြီး ဒုဝန်ကြီးတွေကလည်း လစာ တိုးမြှင့်ခံစားကြမှာ ဖြစ်သလို ငြိမ်းချမ်းရေး ဖော်ဆောင်မှုအတွက် ကျပ်ငွေ ၄ ဘီလီယံ လျာထားတယ်လို့ ဘတ်ဂျက်မူကြမ်းမှာ ဖော်ပြထားပါတယ်။

DVB Burmese

ဗင်နီဇွဲလား အငြိမ်းစားဗိုလ်ချုပ်ကို ဖမ်းဆီးရန် သမ္မတ အမိန့်ပေး

အငြိမ်းစားဗိုလ်ချုပ် ဗီဗက်

ဗင်နီဇွဲလားနိုင်ငံမှာ အတိုက်အခံတွေနဲ့ အဆက်အသွယ်ရှိတဲ့ ဗိုလ်ချုပ် အန်ဂယ် ဗီဗက်ကို ဖမ်းဆီးဖို့ သမ္မတက အမိန့်ပေးထားပြီး ဆန္ဒပြသမား ၂၀၀ လောက်ဟာ ဗိုလ်ချုပ်ရဲ့ အိမ်နားမှာ ၀ိုင်းရံ စောင့်ကြပ်ပေးနေကြရပါတယ်။

သမ္မတ နီကိုလတ် မာဒူရိုက ဗိုလ်ချုပ်ဗီဗက်ဟာ ဆန္ဒပြသမားတွေကို နိုင်ငံရေး အန်တုနည်းတွေ၊ လမ်းတွေကို ကြိုးတွေနဲ့ ပိတ်နည်းတွေကို လူမှုကွန်ရက်တွေကနေတဆင့် သင်တန်းတွေ ပေးခဲ့တယ်လို့ ပြော ပြီး နောက်မှာ အမှုတခုနဲ့ သူ့ကို ဖမ်းဖို့ အမိန့်ထုတ်ထားပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၁ ရက်နေ့ စူပါမားကက်မှာ အလုပ်လုပ်တဲ့ လူငယ် တယောက် လမ်းမှာ တားထားတဲ့ ကြိုးနဲ့ ညှိပြီး ဆိုင်ကယ်မှောက်မှုအတွင်း သေဆုံးခဲ့တဲ့အမှုနဲ့ ဆက်စပ်လို့ သူ့ကို ဖမ်းဆီဖို့ သမ္မတက အမိန့်ပေးခဲ့တာ ဖြစ်ပါတယ်။

ဗိုလ်ချုပ်ဗီဗက်ဟာ အရင်က အမိန့်မနာခံမှုနဲ့ စစ်ခုံရုံးမှာ အမှုရင်ဆိုင်ခဲ့ရသူ ဖြစ်တယ်လို့ မီဒီယာတွေက အစီရင်ခံပါတယ်။

ဗိုလ်ချုပ်ဗီဗက်က “ဆန္ဒပြသမားတွေ လက်နက်တွေကို မကိုင်ကြဖို့ လူမိုက်ဂိုဏ်းတွေ၊ စစ်တပ်တွေ၊ တင့်ကားနဲ့ လက်နက်တွေရန်ကနေ ကာကွယ်ဖို့ဆိုရင် ၀ိုင်ယာကြိုးတွေကို သုံးဖို့ အကြံပေးခဲ့တာပါ။ ဒီလို အကြံပေးလို့ ကျနော်ကို ဖမ်းဆီးထောင်ချချင်နေတာပါ”လို့ သူ့ နေအိမ် လေသာဆောင်ကနေ အသံချဲ့စက်နဲ့ ပြောပါတယ်။

လမ်းမှာ ၀ိုင်ယာကြိုးချထားဖို့ တိုက်တွန်းခဲ့တဲ့ အငြိမ်းစား ဗိုလ်ချုပ် အန်ဂယ်ဗီဗက်ကို ရှာဖွေ ဖမ်းဆီးဖို့ အမိန့်ထုတ်ထားတယ်လို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၂ ရက်နေ့မှာ သမ္မတက ပြောပါတယ်။ ဆန္ဒပြသမားတွေကို ဖက်ဆစ်တွေလို့လည်း တံဆိပ်တပ်လိုက်ပါတယ်။

ဗင်နီဇွဲလားနိုင်ငံမှာ ဆန္ဒပြပွဲတွေ ပေါ်ပေါက်နေတာ ၂ ပတ်နီးပါး ရှိလာပါပြီ၊ ညဘက်မှာ  ရဲတွေနဲ့ ကျောင်းသားတွေကြား ဖြစ်တဲ့ ပဋိပက္ခက အဆိုးရွားဆုံး ဖြစ်ပါတယ်။

ဆန္ဒပြပွဲဟာ ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ဆန္ဒပြတဲ့ ကျောင်းသားတယောက် သေဆုံးခဲ့တဲ့အဖြစ်အပျက်ကနေ စခဲ့ပြီး သဘောထားတင်းမာတဲ့ အတိုက်အခံ ခေါင်းဆောင် လီအိုပေါ်ဒိုလိုပက်ကို ဖမ်းဆီးမှုကြောင့် အရှိန်မြင့်တက်ခဲ့ပါတယ်။

အခုအထိ သေနတ်ဒဏ်ရာကြောင် သေဆုံးသူ ၅ ယောက် ရှိသွားပြီ၊  ဖေဖော်ဝါရီ ၂၂ နေ့က ကျောင်းသူတယောက် မျက်နှာမှာ ရာဘာကျည်ဆန်ထိမှန် သေဆုံးခဲ့ပြီး လမ်းပိတ်ထားတဲ့ အတွက် မတော်တဆမှုတွေအတွင်း သေဆုံးသူ တချို့လည်း ရှိပါတယ်။

တိုင်းပြည်ထဲမှာ ငွေကြေးဖောင်းပွမှု၊ စီးပွားရေးကျဆင်းမှု၊ နို့နဲ့ ဂျုံမှုန့်လို အခြေခံ စားကုန် ပြတ်လပ်မှုတွေ ရှိနေတာဟာ ကွယ်လွန်သူ လက်ဝဲ၀ါဒီ သမ္မတ ဟူဂိုချားဗက်စ်ရဲ့ စီးပွားရေး အမွေကို ဆက်ခံတဲ့ လက်ရှိအစိုးရရဲ့ မူဝါဒအမှားကြောင့်လို့ အတိုက်အခံက ဝေဖန်ပါတယ်။

DVB Burmese

အခြေခံဥပဒေ ဟင်း - ဦးဝင်းချို


ရွေးချယ်ခွင့်မရှိဘဲ စားရတော့မယ့် စားသောက်ဖွယ်“ဟင်း”တစ်ခွက် ကိုခင်ဗျားလျှာ နဲ့ ကိုက်/မကိုက်။ ခင်ဗျား ကြိုက်/မကြိုက် ကိုပြောဘို့အတွက်

(က) ခင်ဗျား “ဟင်းချက်တတ်” ဘို့ မလိုပါဘူး

(ခ) အဲဒီဟင်းထဲမှာ ဘာတွေပါတယ် သိဘို့လည်း မလိုအပ်ပါဘူး

(ဂ)အဲဒီ “ဟင်းတခွက်” ကို ဘယ်လောက် အချိန် ယူပြီးချက်ထားသလဲ သိဘို့ မလိုပါဘူး။

(ဃ)အဲဒီ ဟင်းတခွက် ကို “နှစ်သက်တဲ့သူ” ဘယ်လောက်ရှိတယ် ဆိုတာ သိဘို့ မလိုပါဘူး။

““အဲဒီ ဟင်းတစ်ခွက် ရဲ့ ချို၊ချဉ်၊ငံ၊စပ်၊ဖန်၊ခါး အရသာ(၆)ပါး ကို သိနိုင်တဲ့
လျှာ တစ်ချောင်းနဲ့ ခံစားတတ်တဲ့ နှလုံးသားတစ်ခု ဘဲလိုအပ်ပါတယ်””

အဲဒီ အကြောင်းတရားဟာ (၂၀၀၈) ဖွဲ့စည်းပုံ အခြေခံဥပဒေ ကို
မြင်တဲ့ သာမန်ပြည်သူတစ်ယောက်ရဲ့ အမြင်ပါဘဲ ။

U Win Cho

ဝ တပ်ဖွဲ့ နေပြည်တော် သွားမည်


ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (ယူဒဗလျူအက်စ်အေ) အဖွဲ့ဟာ  လာမယ့်သီတင်းပတ်အတွင်း နေပြည်တော်ကို ပထမဆုံးအကြိမ် သွားရောက်ပြီး ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူမှုအစီအစဉ်မှာ ပူးပေါင်း ပါဝင်ဖို့ ရှိနေပါတယ်။

လာမယ် မတ် ၁ ရက်နေ့မှာ ကျင်းပမယ့် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူရေး စည်းရုံးလှုံ့ဆော်ပွဲကို  တက်ရောက်ဖို့  နေပြည်တော်ကို သွားရောက်မယ်လို့  ၀ တပ်ဖွဲ့ရဲ့ ပြောခွင့်ရ ဦးအောင်မြင့်က ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့ကို နေပြည်တော်ကို ဖိတ်ပါတယ်။  ၁ ရက်နေ့မှာ သန်းခေါင်စာရင်း ကောက်ယူရေးနဲ့ ပတ်သက်တဲ့ အခမ်းအနားတခုပါ။ ရက် ၃၀ အလို ကြိုပြီးတော့ လှုံ့ဆော်တဲ့ အခမ်းအနားပေါ့။ သန်းခေါင်စာရင်း ကောက်ဖို့ရာ ဒေသမှာ ကျနော်တို့က သဘောတူပြီးသား၊ လက်ခံပြီးသား၊ ပြင်ဆင်ပြီးသားတွေပဲ။ ကျနော်တို့ဘက်က ခေါင်ဆောင်ပိုင်း ၇ ဦး၊ ၈ ဦးလောက် တက်မယ်။ အဖွဲ့ဝင်တွေနဲ့ ဆိုရင်တော့ ၁၇ ဦး၊ ၁၈ ဦးလောက် ပါလိမ့်မယ်။”

ဝတပ်ဖွဲ့အနေနဲ့   ၅ နှစ်တာကာလအတွင်း နေပြည်တော်ကို  ပထမဆုံးအကြိမ် သွားရောက်မယ့် ခရီးစဉ် ဖြစ်ပြီး ခရီးစဉ်အတွင်းမှာ  အစိုးရ ထိပ်ပိုင်းခေါင်း ဆောင်တွေအပါအ၀င် တွေ့သင့်တွေ့ထိုက်တဲ့ပုဂ္ဂိုလ်တွနဲ့လည်း သီးခြား တွေ့ဆုံလိုတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၆ ရက်နေ့ကလည်း လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ၀န်ကြီးဌာန ပြည်ထောင်စုဒုဝန်ကြီး ဗိုလ်မှူးချုပ်ဝင်းမြင့်နဲ့ တာဝန်ရှိသူ ၈ ဦး ၀ တပ်ဖွဲ့ (ယူဒဗလျူအက်စ်အေ) ဌာနချုပ် ပန်ဆန်းကို ရောက်လာပြီး သန်းခေါင်စာရင်းကိစ္စ လာရောက် ဆွေးနွေးခဲ့ကြပါသေးတယ်။

မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၃၀ လောက်အတွင်း ပထမဆုံးအကြိမ်အဖြစ်  ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူမှုတွေကို လာမယ့် မတ် ၃၀ ရက်နေ့က ဧပြီ ၁၀ ရက်ထိ ကောက်ယူဖို့ အစိုးရက စီစဉ်ထားတာ ဖြစ်ပါတယ်။

ဝ ဒေသမှာတော့ သန်ခေါင်စာရင်းကောက်ယူရေးကို လာမယ့် မတ် ၁၅ ရက်နေ့ စတင် ကောက်ယူမှာ ဖြစ်ပြီး အစိုးရဘက်က စေလွှတ်သူတွေနဲ့ ပူးပေါင်း ကောက်ယူမှာဖြစ်တဲ့အတွက် ပြဿနာအခက်အခဲ ကြီးကြီးမားမား မရှိနိုင်ဘူးလို့ ၀တပ်ဖွဲ့ ရဲ့ ပြောခွင့်ရသူက ပြောပါတယ်။

ဒါပေမယ့်   ၀တပ်ဖွဲ့တွေနဲ့ နီးစပ်တဲ့ တရုတ်-မြန်မာနယ်စပ် အခြေစိုက် မြန်မာ့အရေး လေ့လာသူ  ဦးအောင်ကျော်ဇောက   ၀ဒေသမှာ တဘက်နိုင်ငံက တရုတ်နိုင်ငံသားတွေ အများအပြား အမြဲ ၀င်ထွက်သွားလာနေထိုင်နေတဲ့အတွက် တိုင်းရင်းသားဦးရေစာရင်း အမှန်ရဖို့ ခက်တယ်လို့ ပြောပါတယ်။

“တရုတ်-မြန်မာနယ်စပ်မှာ တရုတ်တွေ ၀င်ရောက်မှုက အထူးသဖြင့် ၈၉ နောက်ပိုင်းမှာ တအား များတယ်လေ။  မြန်မာအစိုးရနဲ့ ၀တွေရဲ့ ဆက်ဆံရေးကလည်း သူက အင်မတန်မှ ကောင်းအောင် လုပ်နေတယ်။ ၀ ကို အများကြီး အလိုလိုက်ထားရတာ ရှိတယ်။ အလိုလိုက် ထားတော့ သူတို့ဒေသဆိုင်ရာက ပေးတဲ့ စာရင်းဇယားပေါ် မူတည်ပြီးတော့ သူ့တို့က ကောက်ရမယ် ထင်တယ်၊ ၀ ဘက်က ပေးမယ့် စာရင်းဇယားကိုပဲ အစိုးရက လက်ခံဖို့ ဖြစ်နေတယ်။  အဲဒါဆိုရင်တော့ တိကျတဲ့ တိုင်းရင်းသား သန်းခေါင်စာရင်းအမှန်တော့ ရမယ် မထင်ဘူးဗျ။”

ဝ ဒေသထဲမှာ တိုင်းရင်းသားလူမျိုး စုစုပေါင်း ၁၄ မျိုးလောက် နေထိုင်ပြီး လူဦးရေ ၄ သိန်း ခွဲလောက်ရှိ မယ်လို့ ယူဒဗလျူအက်စ်အေက  ခန့်မှန်းထားပါတယ်။

ဝတပ်ဖွဲ့(ယူဒဗလျူအက်စ်အေ)ဟာ စစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲပြီးတဲ့နောက် ၂၀၀၈ အခြေခံဥပဒေအရ ရှမ်းပြည်နယ်ထဲက ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်၊ နားဖန်၊ မက်မန်းနဲ့ ပန်ဆန်းစတဲ့ မြို့နယ် ၆ ခုကို အထူးဒေသ ၂ အဖြစ် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရခဲ့ပါတယ်။

၁၉၉၆ ခုနှစ်မှာ ရှမ်းပြည်တောင်ပိုင်း မိုင်းတုံမြို့နယ် ဟွေအောမှာ  တောင်ပိုင်းတပ်စခန်းပါ တိုးချဲ့ပြီး နေထိုင်ခဲ့ပါတယ်။

DVB Burmese

ပြည်သူဆိုတာက အခြေခံဥပဒေကို သိစရာ မလို


အခြေခံ ဥပဒေကို ပြင်ဖို့ ကိစ္စမှာ ပြည်သူတွေ အများစုက "ဘာတွေကို ပြင်ရမယ်" ဆိုတာကို မသိပါဘူး ဆိုပြီး ... ကောက်ချက်ချပြီး အဲဒီ ကောက်ချက်အပေါ်မှာ သုံးသပ် ပြောဆိုတာတွေ တွေ့ရပါတယ်။

မှန်ပါတယ်။ ပြည်သူအများစုက မသိပါဘူး။ မသိတာဟာလည်း အပြစ် မဟုတ်သလို သိအောင် လုပ်ရမယ့် မဖြစ်မနေ လိုအပ်ချက်လည်း မဟုတ်ပါဘူး။ ဒီလို မသိတာကို အခြေခံ အချက်ဖြစ် တည်ပြီး ဘာတွေ ဖြစ်လာလိမ့်လို့ သုံးသပ်ပြောဆိုရင်တော့ မှားပါလိမ့်မယ်။

ပြည်သူဆိုတာက အခြေခံဥပဒေကို သိစရာ မလိုပါဘူး။ သူတို့သိရမှာက .... သူတို့ရဲ့ဘဝ ရပ်တည်ရေး ကောင်းစားရေးအတွက် မိမိကျွမ်းကျင်ရာ နေရာမှာ ရှင်သန်နေထိုင်ကြတာပါ။ သူတို့ ရပ်တည်ရှင်သန် ဖွံ့ထွားဖို့၊ တိုးတက် ကြီးပွားဖို့ အများကို မထိခိုက်တဲ့ လိုအပ်ချက်တွေနဲ့ ကိုယ်ကျိုးကို ကြည့်ရမှာ ဖြစ်ပါတယ်။

အဲဒီလို အပြစ်ကင်းတဲ့ ကိုယ်ကျိုးကို ကြည့်ပြီး .. အဲဒီ သူတို့နဲ့ ဆိုင်တဲ့ ကိုယ်ကျိုးကို ရှာဖွေရာမှာ ထိခိုက်မှုတွေ မရှိအောင် အခြေခံ ဥပဒေက ကာကွယ်ပေးနိုင်လား၊ အဲဒီ ကိုယ်ကျိုးတွေကို အခြေခံဥပဒေက ပိတ်ပင် တားဆီးနေသလား ဒါကို သိရင် ရပါပြီ။

ဥပမာ သူတို့ကို အုပ်ချုပ်မဲ့ အစိုးရ အကြီးအကဲ (သမ္မတ) ကို ပြည်သူက သူတို့ကိုယ်တိုင် သီးခြားရွေးချင်တယ်။ ဒါကို သိရင် ရပါပြီ။ သူတို့ရဲ့ သမာအာဇီဝ စီးပွားရေး လုပ်ငန်းတွေ၊ လွတ်လပ်ခွင့်တွေကို အကာအကွယ် ပေးသလား မပေးဘူးလား။ ပေးရင် ကျေနပ်လက်ခံမယ်။ မပေးရင် အခြေခံဥပဒေကို ပြင်ချင်တယ်။ ဒီလောက် သိရင် တော်ပြီ။ အများကြီး သိစရာ မလိုဘူး။

အထက်က မျှတတဲ့ အပြစ်ကင်းတဲ့ လိုအပ်ချက်တွေကို ကျွမ်းကျင်နားလည်တဲ့ နိုင်ငံရေးသမားတွေ၊ အတွေးအခေါ် ပညာရှင်တွေ၊ ဥပဒေသမားတွေက ရည်မှန်းချက် ပြည့်အောင် ရေးစွဲပေးဖို့ပဲ လိုတယ်။

အခြေခံ ဥပဒေကို ပြည်သူတွေက မသိလို့ .... ပါတီတွေကြား ဟိုဟာ ဖြစ်မယ် ဒီဟာ ဖြစ်မယ် ဆိုတာတွေက အကြုံးမဝင်ပါဘူး။ ပြည်သူတွေက သူ့တို့ ကိုယ်ကျိုးကိုသာ ဖြစ်စေဖို့ ဆန္ဒပြုရပါမယ်။ အကျိုးကို ဆန့်ကျင်တာတွေကို ကန့်ကွက်ရပါမယ်။ ဒါဆို လုံလောက်ပါပြီ။

ဥပမာ .... ကိုဘမောင်က လယ်သမား။ သူက မိုလ်ဘိုင်း တယ်လီဖုန်း ကိုင်ချင်တယ်။ စကားပြောချင်တယ်။ အဲဒါ သူ့ဆန္ဒ။ အဲဒီ ဆန္ဒပြည့်ဖို့ ပိုက်ဆံရှာမယ်။ ဖုန်းဝယ်မယ်။ အသုံးပြုမယ်။ ဒါပဲလိုတယ်။ သူက ဖုန်းတစ်လုံးကို ဘယ်လို လုပ်သလဲ။ အထဲက နည်းပညာမှာ processor ကို ဘယ်လို တည်ဆောက်သလဲ၊ လျှပ်စစ် ဗို့အား ဘယ်လောက်သုံးတဲ့ ဘက်ထရီ လိုအပ်သလဲ။ ဘယ်လို သတ္တုမျိုး သုံးရင် ပိုကောင်းမလဲ ... စတာတွေ သိစရာ မလိုပါဘူး။ သူသိဖို့ လိုတာက ဖုန်းသုံးဖို့ ဆန္ဒရယ် ... ဆန္ဒကို ထိုက်သင့်တဲ့ အကောင်အထည်ဖေါ်မှုရယ် (ဒီနေရာမှာ ပိုက်ဆံ) ပဲ လိုပါတယ်။

အခြေခံ ဥပဒေကို ပြင်ရာမှာလည်း ပုဒ်မ ဘယ်လောက်ကို ဘယ်လို ပြင်ရင် ဘယ်ချက်နဲ့ ငြိမယ်။ ဘယ်အချက်ကို ဖျက်သင့်တယ်။ ဘယ်အချက်ကို ဘာလုပ်မယ် ဆိုတာတွေ သိစရာ မလိုပါဘူး။ အခြေခံ ဥပဒေဟာ သူတို့အတွက် မှားနေတာကို မှားနေတယ်လို့ သိတယ်။ ပြင်ချင်တဲ့ ဆန္ဒရယ်၊ ဆန္ဒကို ထိုက်သင့်တဲ့ အကောင်အထည်ဖေါ်မှု (ဒီနေရာမှာ တောင်းဆိုမှု) ပဲ လိုပါတယ်။

ကျန်တာက ပညာရှင်တွေ လုပ်ရမှာ ဖြစ်ပါတယ်။

ပြည်သူတွေက ဘာတွေ လိုသလဲ သိစရာ မလိုပါ။ ဒီအတွက် ပါတီတွေကြားမှာ ဟိုဟာ ဒီဟာ ဖြစ်စရာ မရှိအောင် ... ပြည်သူတွေက သူတို့ရဲ့ အပြစ်ကင်းတဲ့ ဆန္ဒတွေကို သိရှိတောင်းဆိုနေဖို့သာ လိုအပ်ပါတယ်။

တောင်းဆိုမှုတွေ ဆန္ဒတွေက အပြစ်ကင်းသလား မကင်းသလား ဆိုတာကတော့ ... မျှတသလား၊ မမျှတဘူးလား၊ ဖြစ်သင့်သလား၊ မဖြစ်သင့်ဘူးလား ..... ဆိုတာ အများက ဝိုင်းပြီး ဆုံးဖြတ်ပြီး ပညာရှင်တွေက သုံးသပ် အကောင်အထည် ဖေါ်ဖို့ပဲ လိုပါတယ်။

ပြည်သူတွေ မသိတာကို ပြောဆိုစရာ အချက်အဖြစ် ထောက်ပြတာ၊ မသိတာကို ဝေဖန်တာ၊ မသိတဲ့အပေါ် အခြေခံပြီး သုံးသပ်တာတွေဟာ နိုင်ငံရေး မှာ အကြုံးမဝင် လှပါ ... ခင်ဗျာ။

(ကိုထိုက်)

တာလီဘန်များ တိုက်ခိုက်၍ အာဖဂန်နစ္စတန် စစ်သား ၂၀ ဦး သေဆုံး


Monday, February 24, 2014

အာဖဂန်နစ္စတန်နှင့် ပါကစ္စတန် နယ်စပ်ဒေသ ကူနာ ပြည်နယ်ရှိ စစ်ဆေးရေး ဂိတ်တစ်ခုရှိ အာဖဂန် စစ်သားများကို တာလီဘန် တိုက်ခိုက်ရေး သမားများက ဝင်ရောက် တိုက်ခိုက်ကြသဖြင့် စစ်သား ၂၀ ဦး သေဆုံးသွားကြောင်း BBC သတင်း တစ်ရပ်က ဖော်ပြထားသည်။

တိုက်ခိုက်ရေးသမား သူပုန်များဘက်မှ တစ်ဦး သေဆုံးသွားခဲ့ပြီး အာဖဂန်နစ္စတန် စစ်သား ခုနစ်ဦးကို သူပုန်က ဖမ်းဆီးသွားခဲ့ကြောင်း တာလီဘန်က BBC ကို ပြောကြားခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် အာဖဂန် သမ္မတ ဟာမစ်ကာဇိုင်းက သီရိလင်္ကာနိုင်ငံသို့ သွားရောက်မည့် အစီအစဉ်ကို ရွှေ့ဆိုင်းခဲ့ရသည်။ လာမည့်လတွင် ပြုလုပ် ကျင်းပမည့် အာဖဂန်နစ္စတန်နိုင်ငံ သမ္မတ ရွေးကောက်ပွဲ မတိုင်ခင် ယင်းသို့ အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ယခု တိုက်ခိုက်မှုသည် ပြီးခဲ့သည့်နှစ် အတွင်းမှစ၍ ဖြစ်ခဲ့ဖူးသမျှ တာလီဘန် တိုက်ခိုက်မှုများတွင် တပ်မတော်သား အကျအဆုံး အလွန်များသော တိုက်ခိုက်မှု တစ်ရပ် ဖြစ်ကြောင်း မြို့တော် ကဘူးလ် အခြေစိုက် BBC သတင်းထောက် ကာရင်အလန်က ပြောကြားခဲ့သည်။

လာရောက် တိုက်ခိုက်ကြသော သူပုန် အင်အားမှာ ရာကျော်ကြောင်း အာဖဂန် စစ်ဗိုလ်ချုပ်ကြီး မိုဟာမက် ဇာဟီရာအဇီမီက ပြောကြားခဲ့ပြီး အခင်းဖြစ်ပွားရာ ဒေသသည် ဝေးလံ ခေါင်ဖျားသည့် နေရာတွင် ရှိနေကြောင်း ထောက်ပြခဲ့သည်။

နာရီပေါင်းများစွာ ကြမ်းတမ်းသော ပစ်ခတ်မှုများ ဖြစ်ခဲ့ပြီးနောက် စစ်သားများ သေဆုံးခဲ့ခြင်း ဖြစ်ကာ စစ်တပ်ထဲတွင် ဝင်ရောက် နစ်မြုပ်နေသော တာလီဘန် သူလျှိုများက ယင်းတိုက်ခိုက်မှုကို လက်ထောက်ချခဲ့ခြင်း ဖြစ်နိုင်ကြောင်း ကူနာပြည်နယ် အုပ်ချုပ်ရေးမှူး ရှူဂျာအူမွတ်ခ်က ပြောကြားခဲ့သည်။

အာဖဂန် သမ္မတ အနေနှင့် ယင်းတိုက်ခိုက်မှုကြောင့် ဝမ်းနည်း ပူဆွေးမိပါကြောင်းနှင့် သီရိလင်္ကာသို့ နိုင်ငံတော် ခရီးစဉ်ကို ရွှေ့ဆိုင်းလိုက်ပါကြောင်း သမ္မတ ရုံးက ထုတ်ပြန်လိုက်သည်။

အစိုးရ စစ်သားများ ပျောက်ဆုံးနေသည်မှာ မှန်ကန်ပါကြောင်း၊ စုစုပေါင်း ခြောက်ဦး ပျောက်ဆုံးနေကြောင်း အာဖဂန် အစိုးရက အတည်ပြုပေးခဲ့သည်။

၂၀၁၄ အကုန်တွင် အာဖဂန်နစ္စတန်မှ နိုင်ငံခြား တပ်များပြန်လည် ဆုတ်ခွာမည့် အစီအစဉ် ရှိနေပြီး လတ်တလော သူပုန်များ၏ တိုက်ခိုက်မှုများက ပိုမို စိပ်လာခဲ့ကာ အစိုးရတပ်မှ အသေအပျောက်လည်း များလာခဲ့သည်။

The Voice Weekly

ဘန်ကောက် ဗုံးကွဲ၊ မိခင်ဖြစ်သူနှင့် ကလေးငယ် ၂ ဦး သေဆုံး


Monday, February 24, 2014

ထိုင်းနိုင်ငံ မြို့တော် ဘန်ကောက်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၃ ရက်နေ့က ဗုံးပေါက်ကွဲမှုကြောင့် လူမမယ်အရွယ် မောင်နှမ ၂ ယောက်နဲ့ မိခင် သေဆုံးခဲ့ပြီး ပဋိပက္ခကလည်း အဆုံးသတ်မယ့် လက္ခဏာ မရှိသေးပါဘူး။

အစိုးရကို ဆန့်ကျင်တဲ့ ဆန္ဒပြသမားတွေရဲ့ သပိတ်စခန်းအနီး လူစည်ကားတဲ့ဈေးမှာ ဗုံးပေါက်ခဲ့ပြီး ၄ နှစ်အရွယ် မောင်ငယ်၊ ၆ နှစ်အရွယ် အစ်မနဲ့ ၅၉ နှစ်အရွယ် မိခင်တို့ သေဆုံးခဲ့ တယ်လို့ မီဒီယာတွေက ဖေဖော်ဝါရီ ၂၄ ရက်နေ့မှာ အစီရင်ခံပါတယ်။ အနည်းဆုံး ၂၂ ယောက်လည်း ဒဏ်ရာရ သွားပါတယ်။

ဦးခေါင်းမှာ ပြင်းထန်တဲ့ဒဏ်ရာ ရထားတဲ့ ၉ နှစ်အရွယ် ကောင်လေးတယောက်ကိုလည်း အရေးပေါ်ကုသမှု ခံယူနေရတယ်လို့ စေတနာဝန်ထမ်း သူနာပြုတယောက်က ဓာတ်ပုံနဲ့တကွ ပြပါတယ်။

လောလောဆယ် ဖောက်ခွဲမှုဟာ ဘယ်သူ့လက်ချက်လဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရ သေးပါဘူး။

ဒီလို အကြမ်းဖက်မှုတွေ ပေါ်ပေါက်ရင် အစိုးရဆန့်ကျင်တဲ့ အုပ်စုတွေနဲ့ အစိုးရ ထောက်ခံတဲ့ ဆန္ဒပြသမားတွေက အပြန်အလှန် အပြစ်ဖို့လေ့ ရှိပါတယ်။

အခြေအနေတွေ ရှုပ်ထွေးအောင် တတိယအုပ်စုတစုရဲ့ လက်ချက်လို့လည်း ဆန္ဒပြသမားတွေနဲ့ ရဲတပ်ဖွဲ့တွေက အပြစ်ဖို့လေ့ ရှိပါတယ်။

၃ လကြာ နိုင်ငံရေးအကျပ်အတည်းအတွင်း အမည်မသိသူတွေရဲ့ ချောင်းမြောင်း ပစ်ခတ်မှုနဲ့ အဓိကရုဏ်းအတွင်း သေဆုံးသူ ၂၀ ၀န်းကျင် ရှိသွားပြီး ဒါဇင်ပေါင်းများစွာ ဒဏ်ရာရ ထားပါတယ်။

ဖေဖော်ဝါရီ ၂၃ ရက်နေ့ တိုက်ခိုက်မှုဟာ အကြမ်းဖက်လုပ်ရပ်ဖြစ်တယ်လို့ ၀န်ကြီးချုပ် ယင်းလပ်က သူရဲ့ လူမှုကွန်ရက် ဖေ့ဘွခ်စာမျက်နှာမှာ ရှုတ်ချထားပါတယ်။

DVB Burmese

လုံခြုံရေးအရ စစ်တွေမှ ရန်ကုန် ပြန်ပို့ခံရသည့် မလေးရှား သုံးဦးမှာ မလေးရှား လူမှု အဖွဲ့အစည်းကဟုဆို


ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃

လုံခြုံရေး အခြေအနေအရ ရခိုင်ပြည်နယ် စစ်တွေမြို့မှ ရန်ကုန်သို့ ပြန်ပို့ခံရသည့် မလေးရှား နိုင်ငံသား သုံးဦးသည် မလေးရှားနိုင်ငံ အခြေစိုက် လူမှုအဖွဲ့အစည်း တစ်ခုဖြစ်သည့် Malaysian Islamic Organisations Consultative Council (Mapim) မှ အဖွဲ့ဝင်များ ဖြစ်ကြောင်း ယင်းအဖွဲ့အစည်း၏ ဥက္ကဋ္ဌ Mohd Azmi Abdul Hamid က ဖေဖော်ဝါရီလ ၂၃ ရက်နေ့က သတင်း ထုတ်ပြန်ခဲ့သည်။

အဆိုပါ လူမှု အဖွဲ့အစည်းမှ အဖွဲ့ဝင်များ ရခိုင်ပြည်နယ်ရှိ ဒုက္ခသည် စခန်းများကို လူသားချင်း စာနာ ထောက်ထားမှု ဆိုင်ရာ အကူအညီများ ပေးအပ်ရန်အတွက် လာရောက်သူများ ဖြစ်ပြီး၊ ဒေသခံ ပြည်သူအချို့၏ တားဆီးမှုများကြောင့် အစီအစဉ် ပျက်ခဲ့ရခြင်း ဖြစ်ကြောင်း ၎င်းက အဆိုပါ ထုတ်ပြန်ချက်တွင် ပြောကြားထားသည်။

“အခု အစီအစဉ် ပျက်သွားပေမယ့် နောက်ထပ် အစီအစဉ်တွေနဲ့ ဒုက္ခသည်တွေကို ရိက္ခာ ထောက်ပံ့ဖို့ ကျွန်တော်တို့ ကြိုးစားသွားမှာပါ။ အဲ့ဒီလို ထောက်ပံ့တဲ့ အခါမှာလည်း အစိုးရ တာဝန်ရှိသူတွေ၊ သက်ဆိုင်ရာ နိုင်ငံရေး ပါတီတွေနဲ့ ပူးပေါင်း ဆောင်ရွက်သွားမှာပါ” ဟု Mohd Azmi Abdul Hamid က ပြောဆိုသည်။

ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ရောက်ရှိ လာခဲ့သည့် အဆိုပါ မလေးရှား နိုင်ငံသား သုံးဦးမှာ ဒုက္ခသည်များကို ရိက္ခာ ထောက်ပံ့ရန် ဝင်ရောက် လာခြင်းဟု ဆိုပါက ရခိုင်ပြည်နယ် အစိုးရထံ အကြောင်းကြား သင့်ကြောင်း၊ တစ်စုံတစ်ရာ အကြောင်းကြားခြင်း မရှိဘဲ ဝင်ရောက်မှုကြောင့် ယခုကဲ့သို့ ဒေသခံ ပြည်သူများနှင့် ပြဿနာ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရ ပြန်ကြားရေး အရာရှိ ဦးဝင်းမြိုင်က The Voice သို့ ပြောကြားသည်။

“ကျွန်တော်တို့ကို ဘာမှ အကြောင်း မကြားဘူး၊ အစိုးရ အဖွဲ့ကို အကြောင်း ကြားထားရင် ပြဿနာဖြစ်မှာ မဟုတ်ဘူး။ သူတို့နဲ့ တစ်နေ့တည်း ရောက်လာတဲ့ နယူးယောက်တိုင်းမ်က သတင်းသမား တွေတောင် ကျွန်တော်တို့ကို အကြောင်း ကြားခဲ့သေးတာ” ဟု ၎င်းက ရှင်းပြသည်။

ရခိုင်ပြည်နယ် စစ်တွေမြို့ ပြည်နယ် အစိုးရ အဖွဲ့ရုံး အနီးတွင် တည်ရှိသော မြတည်းခို ရိပ်သာတွင် တည်းခိုနေသည့် မလေးရှား နိုင်ငံသား သုံးဦးအနက် နှစ်ဦးသည် ဘင်္ဂါလီများ နေထိုင်သည့် အောင်မင်္ဂလာ (အင်ဘလာ) ရပ်ကွက်သို့ ဝင်ထွက်မှုများ ပြုလုပ်ခဲ့သဖြင့် ၎င်းတို့ကို စစ်ဆေးပေးရန် မြို့ခံ ၁၀၀ ဝန်းကျင်က လူစုလူဝေးဖြင့် တောင်းဆိုမှု ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ညနေ ၆ နာရီကျော်မှ ည ၁၁ နာရီကျော် အထိ ဖြစ်ပွားခဲ့သည်။

အဆိုပါ မလေးရှား နိုင်ငံသား သုံးဦးကို လုံခြုံရေးအရ ရန်ကုန်သို့ ပို့ဆောင်ခဲ့ပြီး၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ ညနေပိုင်းက ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ မလေးရှား နိုင်ငံသို့ ပြန်လည် ထွက်ခွာခဲ့ကြောင်း Mapim ၏ ထုတ်ပြန်ချက် အရ သိရသည်။

ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ရောက်ရှိခဲ့သည့် မလေးရှား နိုင်ငံသား သုံးဦးအနက် နှစ်ဦးမှာ မလေးရှားနိုင်ငံ အခြေစိုက် ရုပ်သံဌာန တစ်ခုဖြစ်သည့် TV Alhijrah မှ သတင်းသမား နှစ်ဦး ပါဝင်ခဲ့ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
The Voice Weekly

ဘောလုံးကစားသမားများ၌ မကြာခဏ ခေါင်းတိုက်လေ့ရှိသူများ နာတာရှည်ဝေဒနာပိုခံစားရနိုင်


ကနေဒါမှ Michael’s Hospital   မှ လေ့လာသူများအဆိုအရ ဘောလုံးအားကစားသမားများ၌ မကြာခဏခေါင်းတိုက်ရသော ကစားသမားများမှာ ကျန်းမာရေးကို ပိုမို ဂရုစိုက်ရန်လိုကြောင်း ပြောကြားခဲ့သည်။ Dr.Tom Schweizer  က  ပြီးခဲ့သည့်နှစ်များအတွင်း ကြုံတွေ့ခဲ့ရသည့် ဘောလုံးအားကစားသမားများ၏ ဦးခေါင်းထိခိုက်မှုအခြေအနေ နှင့် ၎င်းတို့၏အကျိုးသက်ရောက်ပုံများအား စောင့်ကြည့်ခဲ့သည်။ ရလဒ်များအရ ဦးခေါင်းထိခိုက်ရမှု၏ ၅၈.၃%မှာ ဦးခေါင်းတိုက်ရာမှ ဖြစ်ပွားခြင်းဖြစ်ပြီး ကျန်သည့်ရာခိုင် နှုန်းမှာ အခြားသောအကြောင်းများကြောင့်ဖြစ်ကြောင်း သိရသည်။ ယင်းကဲ့သို့ ဦးခေါင်းထိခိုက်မှုအား ကြုံတွေ့ရမှုများသည့်နေရာများမှာ ဂိုးသမားနှင့် နောက်ခံလူနေရာများ ဖြစ်ကြောင်း တွေ့ရသည်။ ယင်းကဲ့သို့ မကြာခဏဒဏ်ရာရခြင်းဖြင့် ရေရှည်၌ မှတ်ဉာဏ်လျော့နည်းခြင်း၊ အစီအစဉ်တကျလုပ်ဆောင်နိုင် သည့်စွမ်းရည်များလျော့ကျလာခြင်းတို့ ကြုံတွေ့ရနိုင်ကြောင်း သိရသည်။

မိုင်ကိ
ref:Netdoctor.co.uk
Health Updates Journal

လူကီးမီးယား(သွေးကင်ဆာ)နှင့် လျှပ်စစ်တာဝါတိုင်များ ဆက်စပ်မှု မရှိဟုဆို


လေ့လာမှု အသစ်တစ်ခုအရ ဗို့အားပမာဏများသော လျှပ်စစ်တာဝါတိုင်များအနီးတွင် နေထိုင်သောကလေးများ၌ သွေးကင်ဆာတစ်မျိုးဖြစ်သော (Leukaemia)  ဖြစ်ပွားသည်ဆိုသောအချက်မှာ မမှန်ကြောင်း University of Oxford  မှ လေ့လာသူများက တင်ပြခဲ့သည်။ လေ့လာသူများက ၁၉၆၂ မှ ၂၀၀၈ ခုနှစ်အတွင်း သွေးကင်ဆာဖြစ်ပွားနေသောနိုင်ငံတစ်ဝန်းမှ ကလေးငယ်များနှင့် လျှပ်စစ်တာဝါတိုင်ကြီးများအနီးတွင် နေထိုင်သော ကလေးငယ်များအား နှိုင်းယှဉ်လေ့လာခဲ့ ကြသည်။ ရလဒ်များအရ တာဝါတိုင်ကြီးများအနီးတွင် နေထိုင်သော ကလေးများတွင် တာဝါတိုင်များမှ သက်ရောက်မှုများကြောင့် သွေးကင်ဆာပိုဖြစ်စေသောအချက်ကို ၁၉၈၀ နောက်ပိုင်း၌ မတွေ့ရပေ။ သို့သော်လည်း ၁၉၆၀ နှင့် ၁၉၇၀  ၀န်းကျင်၌ တာဝါတိုင်များအနီး မီတာ ၆၀၀ အတွင်း၌ နေထိုင်သည့် ကလေးများတွင်မူ တစ်နည်းနည်းဖြင့် ဆက်စပ်ခဲ့ ကြကြောင်း တွေ့ရသည်။ ပြီးခဲ့သည့် နှစ် စက်တင်ဘာလကလည်း Oxford  တက္ကသိုလ်ကပင် နယူကလိယ စွမ်းအင်စက်ရုံများနှင့် နီးကပ်သည့် ရပ်ရွာများ၌ နေထိုင်ခြင်းက လူကီး မီးယားရောဂါဖြစ်ပွားမှုနှင့် မဆက်စပ်ကြောင်း ပြောကြားခဲ့သည်။
မိုင်ကိ
ref:Netdoctor.co.uk
Health Updates Journal

အမျိုးသမီးအယောက် ၃၀၀၀၀ အား အူရီဒူ၏ လက်လီအရောင်းကိုယ်စားလှယ်အဖြစ် ခန့်ထားမည်


အော်ပရေတာအဖြစ် လုပ်ကိုင်ခွင့်ရရှိထားသော အူရီဒူမြန်မာကုမ္ပဏီအနေဖြင့် အမျိုးသမီးအယောက် သုံးသောင်းအား လက်လီအရောင်းကိုယ်စားလှယ်အဖြစ် ခန့်ထားသွားမည်ဖြစ်ကြောင်း Ooredoo Myanmar\ CEO ဖြစ်သူ Ross Cormack က ပြောကြားသည်။

ယခုလ (၁၇) ရက်နှင့် (၁၈) ရက်နေ့က ကျင်းပခဲ့သည့် 2nd Myanmar TELECOMS Infrastructure Summit အခမ်းအနားတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။ ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက ကျင်းပခဲ့သော မြန်မာအမျိုးသမီး ညီလာခံတွင်လည်း မြန်မာအမျိုးသမီးသုံးသောင်းကို အူရီဒူမိုဘိုင်း လက်လီအရောင်းကိုယ်စားလှယ်များအဖြစ် လေ့ကျင့်မည်ဖြစ်ကြောင်း ကတိပေးပြောကြားခဲဖူးကြောင်း သိရသည်။ “မြန်မာနိုင်ငံတစ်ဝှမ်းမှာရှိတဲ့ အမျိုးသမီးတွေကို ထောက်ပံပေးရေးအစီအစဉ်တွေ ဆောင်ရွက်နေပါ တယ်။ အမျိုးသမီး သုံးသောင်းကို အူရီဒူရဲ့ လက်လီကိုယ်စားလှယ်တွေအဖြစ် လက်ရှိ ၂၀၁၆ ခုနှစ်အတွင်း ဆောင်ရွက်သွားမှာပါ” ဟု Ross Cormack က ပြောကြားသည်။

အဆိုပါ အစီစဉ်ကို အူရီဒူနှင့်အတူ Cheire Blair Foundation For Women တို့ ပူးပေါင်းဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။ မိုဘိုင်းဆင်းမ်ကတ်အရောင်း ကိုယ်စားလှယ်များအဖြစ် မြန်မာနိုင်ငံအနှံ့ ဖြန့်ကျက်ဆောင်ရွက်သွားမည်ဟု ဆိုသည်။ မိုဘိုင်းကွန်ရက်အနေဖြင့် 3G ကွန်ရက်ဖြင့် စတင်ဆောင်ရွက်သွားမည်ဟု သိရပြီး  ကွန်ရက် ၉၀၀ နှင့် ၁၂၀၀ ဆက်သွယ်ရေးလှိုင်းများဖြင့် ဖြန့်ကျက်ချထားပေးသွားမည်ဖြစ်ကြောင်း၊ ယခင်က အသံတစ်မျိုးတည်းသာ အသုံးပြုနိုင်သောနေရာများတွင် အချက်အလက် (Dat) စနစ်ပါ အသုံးပြုနိုင်အောင် ဆောင်ရွက်သွားမည်ဟု ဆိုသည်။

3G ကွန်ရက်အတွက် အဓိကကျသော ရေဒီယိုနှင့် စက်ပစ္စည်းများအတွက် ပံ့ပိုးသူအနေဖြင့် NSN ကုမ္ပဏီကို ခန့်ထားခဲ့ပြီး ပြည်တွင်းမိုဘိုင်းကွန်ရက် ဖြန့်ကျက်ရန်အတွက် ZTE ကုမ္ပဏီနှင့် စာချုပ်ချုပ်ဆိုခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ထွန်းထွန်း
Internet Journal

HIV ပိုး ကူးစက်ခြင်းကို ကာကွယ်ပေးနိုင်မယ့် မိန်းမကိုယ်လိမ်းခရင်


ငွေသတ္ထုမှရရှိတဲ့ နာနိုအမှုန်နဲ့ ပြုလုပ်ထားတဲ့ မိန်းမကိုယ်လိမ်းခရင်တစ်မျိုးဟာ  HIV ဗိုင်းရပ်ပိုး ကူးစက် နိုင်ခြင်းကို ကာကွယ်ပေးနိုင်ကြောင်း သုတေသနတစ်ခုမှာ ဖော်ပြထားပါ တယ်။ အဲဒီခရင်ကို အသုံးပြုပြီး မိနစ်ဝက်အတွင်းမှာ အစွမ်းပြမှာ ဖြစ်ပြီး ၇၂နာရီကြာ အာနိသင်ရှိတယ်လို့ သိရပါတယ်။
တွေ့ရှိခဲ့တဲ့ Texas  တက္ကသိုလ်မှ သုတေသီတွေဟာ ငွေနာနိုအမှုန်က လူ့ကိုယ်ခန္ဓာထဲကို HIV  ပိုးဝင်ရောက်ခြင်းမှ ကာကွယ်နိုင်တယ်လို့ ဆိုထားပါတယ်။ ခရင်ကို လူသားတွေ ရဲ့ တစ်ရှုးနမူနာတွေမှာ စမ်းသပ်ခဲ့ပြီး သားအိမ်ခေါင်း အချွဲမြှေးထဲကို ဗိုင်းရပ်ပိုး မကူးစက်နိုင်တာကို သက်သေပြနိုင်တယ်လို့ ဖော်ပြထားပါတယ်။ မိန်းမကိုယ်မှာ လိမ်းရမှာဖြစ်ပေမယ့်လည်း ဗိုင်းရပ်ရဲ့ အစွမ်းကို နှိမ်နင်း နိုင်စွမ်းတွေရှိနေပြီး လိင်ဆက်ဆံဖက်ကိုပါ ကာကွယ်မှုပေးနိုင်တယ်လို့ သုတေသီ Lara Villegas က ပြောဆိုထားပါတယ်။
“ပုံမှန်အားဖြင့်  HIV ဆေးဝါး တွေဟာပိုးရဲ့ပွားများနိုင်မှုကို တားဆီးပေးတာဖြစ်ပါတယ်။ ဒီခရင်မှာကတော့ နာနိုအမှုန်တွေဟာ ဗိုင်းရပ်ပိုးထဲကို ထိုးဖောက်ဝင်ရောက် နိုင်ပြီး ဆဲလ်ထဲကို ဗိုင်းရပ်ပိုးမ၀င် နိုင်အောင် တားဆီးပေးနိုင်ပါတယ်”လို့ ယင်းက ဆက်လက်ရှင်းပြခဲ့ပါတယ်။ နာနိုရဲ့ ဗိုင်းရပ်ပိုးကို နှိမ်နင်း နိုင်စွမ်းကို ဖော်ထုတ်နိုင်ခဲ့ပေမယ့် လူ့ခန္ဓာကိုယ်ကို အန္တရာယ်ဖြစ်စေနိုင်မှုကိုတော့ ဆက်လက်လေ့လာနေပါတယ်။ HIV အပြင် သားအိမ်ခေါင်း ကင်ဆာရောဂါဗိုင်းရပ် ကူးစက်မှုကိုလည်း ငွေသတ္ထုနာနိုအမှုန်က တားဆီးပေးနိုင်တယ်လို့ သိရှိရပါတယ်။

သက်နှင်း
ref;PTI
Health Updates Journal

LED မီးရှူးမီးပန်း


ကလေးငယ်တွေ အိမ်ထဲမှာပဲ လုံခြုံစွာဆော့ကစားနိုင်ဖို့ LED မီးရှူးမီးပန်းများ အသုံးပြုနိုင်ပါတယ်။ ၎င်းတို့ဟာ တကယ့်မီးပန်းများလိုပဲ အစိမ်းရောင်၊ လိမ္မော်ရောင်၊ အနီနဲ့အပြာ အလင်းတန်းများကို လှပစွာထုတ်လွှတ်ပေးတယ်။ အလှဆင်ထားတဲ့ LED ငါးခုရှိပြီး ဘက်ထရီနဲ့သုံးနိုင်ကာ fired ခလုတ်ကိုနှိပ်လိုက်ရင် အရောင်အမျိုးမျိုး ထုတ်လုပ်ပေးပါတယ်။ Wireless control box မှာ live mode ပါဝင်တာကြောင့် LED မီးပန်းတစ်ခုချင်းစီကို သီးခြားစီထိန်းချုပ်နိုင်ပါတယ်။ တန်ဖိုးကတော့ ဒေါ်လာ ၃၉.၃၅ ရှိပါတယ်။

Internet Journal

ရင်သားကင်ဆာတွင်သုံးသည့်ဆေးက အဆုတ်ရောင်ရောဂါနှင့် ဦးနှောက်အမြှေးရောင် ရောဂါခံစားနေရသည့် HIV ဝေဒနာရှင်များ၏ မျှော်လင့်ချက်ဖြစ်လာနိုင်


နှစ်စဉ် HIV  ဝေဒနာရှင်များအား အဓိကသေဆုံးစေသော တရားခံမှာ Cryptococcosis  ဟုခေါ်သည့် မှိုရောဂါဖြစ်ပြီး ယင်းမှိုရောဂါအား ရင်သားကင်ဆာကုသရာ၌သုံးသည့် ဆေးကကုသနိုင်ကြောင်း သိရသည်။ University of Rochester  မှ လေ့လာသူများက ရင်သားကင်ဆာ ဝေဒနာရှင်များ၌သုံးသည့် Tomoxifen  ဆေးအား Cryptococcosis  ကြောင့် အဆုတ်ရောင်နမိုးနီးယားနှင့် ဦးနှောက်အမြှေးရောင်ရောဂါခံစားနေရသည့် ကြွက်များတွင် စမ်းသပ်ခဲ့ကြသည်။ ယင်းရောဂါနှစ်မျိုးမှာ တစ်နှစ်လျှင် HIV ဝေဒနာရှင် ၆၂၀၀၀၀ခန့်အား သေဆုံးစေနိုင်သော အကြောင်းရင်းဖြစ်ပြီး ခုခံအားကျနေသည့် ဝေဒနာရှင်များတွင် ယင်းဝေဒနာနှစ်မျိုးအား ပြန်လည် တိုက်ထုတ်ရန်ခက်ခဲပြီး အဆုံးသတ်မှာ အသက်ဆုံးရှုံးမှုသာ ကြုံတွေ့ရလေသည်။ ယင်းဝေဒနာခံစားနေရသော ကြွက်များတွင် Tamoxifen  ဆေးအားပေးခဲ့ရာ ယင်းမှိုပိုးအား သတ်ပစ်နိုင်ကြောင်း တွေ့ခဲ့ရသည်။ လေ့လာသူများက ဝေဒနာရှင်များအား ကုသသည့်နည်းသစ်တစ်ခု တွေ့ရှိပြီး ပို၍အခွင့်အလမ်းများ ရရှိရန် မျှော်လင့်နေသည်။

အ၀င်း
ref:Netdoctor.co.uk
Health Updates Journal

DVD အချက် ၇သောင်းခွဲနဲ့ ညီတဲ့ Data Storage ဖန်းပြားလေး


ပုံမှာ မြင်တွေ့နေရတဲ့ ဖန်ပြား အဝိုင်းလေး တစ်ခုပမာ ပစ္စည်း ဖြစ်ပြီး ဗြိတိန်နဲ့ နယ်သာလန် Scientist တို့ တီထွင် ဖန်တီးထားတဲ့ ပစ္စည်း ဖြစ်ပါတယ်။ ယင်းဖန်ပြားငယ်လေးက 4.7 GB ဝန်းကျင်ရှိတဲ့ Standard DVD အချပ်ပေါင်း ၇သောင်းခွဲရဲ့  သိမ်းဆည်းအားနဲ့ ညီမျှကြောင်း ဆိုပါတယ်။

အတိအကျအားဖြင့် 360 TB (Terabytes) ဖြစ်ပါတယ်။ နောက်ထပ် ထူးခြားမှု တစ်ခုက အသိမ်းခံခြင်း ဖြစ်ပါတယ်။ နှစ်ပေါင်း ၁ သန်းကျော်တောင် မပျက်ဆီး မဆုံးရှုံးနိုင်အောင် ထိန်းသိမ်း၊ သိမ်းဆည်း ထားနိုင်မှာ ဖြစ် ပါတယ်။ ဒီတော့ လက်ရှိ ထွက်ပေါ်နေတဲ့ အချက် အလက် သိမ်းဆည်း ပစ္စည်းများထက် အဆပေါင်းများစွာ သာလွန်နေတာ ကို တွေ့မြင် ရ ပါတယ်။ ဒါကြောင့် သူ့ကို "Superman Memory Crystal" လို့ အမည်ပေးထားပါတယ်။ သေးငယ်လှတဲ့ အချက်ပြားက အမှန်တော့ အထပ်ပေါင်းများစွာ ခံထားပြီး အတွင်းသို့ အချက်အလက်များကို လေဆာနဲ့ အသုံးပြုလို့ သိမ်းဆည်း စေခြင်း ဖြစ်ပါတယ်။

အပူချိန် ၁၀၀၀ ဒီဂရီ စင်တီဂရိတ်ရှိတဲ့ လေထုပတ်ဝန်းကျင်မှာတောင် ဘာမှ မပျက်ဆီးအောင် သူ့အလိုအလျောက် ထိန်းသိမ်းထားနိုင်တဲ့ ပစ္စည်း ဖြစ်ပါ တယ်။ 2013 Conference of Lasers and Electro-Optics မှာ ဝင်ရောက် မိတ်ဆက်သွားတဲ့ နည်းပညာ ဖြစ်ပြီး နှစ်အနည်းငယ်အတွင်း တစ်ကမ္ဘာလုံး အသုံးပြု နိုင် ရန် ထုတ်လုပ်သွားမှာ ဖြစ်ကြောင်း သိရ ပါတယ်။
.
Ref: piysicsworld.com
Smart Pro Journal

အကျဉ်းသားများအား မတရားညှဉ်းပန်းနှပ်စက်ရုံမက လာဘ်ပေးလာဘ်ယူနှင့် အဂတိလိုက်စားမှုများအား ဗြောင်ကျကျလုပ်ဆောင်နေ


ရန်ကုန်တိုင်းဒေသကြီး ၊ တိုက်ကြီးမြို့နယ် ၊ ဘ၀သစ် အမှတ် (၂) ၊ အိုင်ကလောင်ကျေးရွာ စိုက်ပျိုးမွေးမြူရေးရဲဘက်စခန်းတွင် ယခုလက်ရှိတာဝန်ကျသည့် တာဝန်ခံ ထောင်ပိုင်ဦးဇော်ဦးမှ ၀န်ထမ်းရန်ပုံငွေဟုဆိုကာ အကျဉ်းဦးစီးပိုင်မဟုတ်သည့် အရပ်သားလယ်မြေများတွင် အကျဉ်းသားများအား လယ်ငှားအဖြစ် တစ်ဧကလျှင် (၁၈၀၀၀) ကျပ်နှုန်းဖြင့် အလုပ်ချိန်တစ်ရက် (၈) နာရီထက်ပို၍ မတရားနှိပ်စက်ကာခိုင်းစေလျှက်ရှိသည် ။

၎င်းအိုင်ကလောင်ရဲဘက်စခန်း၌ တာဝန်ကျဝန်ထမ်းများဖြစ်သည့် (ထောင်အခေါ် ဗိုလ်လေး) သက်နိုင်အောင် ၊ အေးချမ်းအောင် ၊ တပ်ကြပ်ကျော်ဇံအောင် ၊ တပ်ကြပ်စိုးမင်းထက်တို့သည် အကျဉ်းသားများအား အလုပ်ခွင်မဆင်းမီ တန်းစီကာ စိတ်ကြိုက်ရိုက်နှက်ဆဲဆိုပြီးမှ အလုပ်ခွင်ဆင်းစေကြောင်း သိရှိရသည် ။ အိုင်ကလောင်ရဲဘက်စခန်းသို့ သွားရောက်လေ့လာသော နေပြည်တော်မှတာဝန်ရှိသူတစ်ဦး၏ပြောကြားချက်အရ

အကျဉ်းသားဥပဒေအရဆိုရင် အရေးပေါ်အခြေအနေမှအပ ထောင်မှူးသည်အကျဉ်းသားများအား ခြေကျဉ်းခတ်ပိုင်ခွင့်မရှိ .. ၊ အကျဉ်းသားတစ်ဦးအားရိုက်နှက်ရာတွင် မိမိနှင့်အခြားတစ်ဦးတစ်ယောက်အား ကာကွယ်ရန်မှတစ်ပါး လိုအပ်သည့်အင်အား အချက်ရေကို ပို၍အသုံးမပြုရ

ဆိုတာ ပါပြီးသားပဲ ၊ မဖြစ်သင့်ဘူးဗျ .. ။ ဒီဘက်ခေတ်အစိုးရလက်ထက်မှာ ပိုပြီးတော့မဖြစ်သင့်ဘူး .. ။ အကျဉ်းသားဆိုတာလဲ လူပဲလေ .. သူတို့အပြစ်လုပ်ခဲ့လို့ ဒီနေရာမှာပြစ်ဒဏ်ခံနေရတာ အတိုင်းအတာတစ်ခုထိ သတ်မှတ်ထားပြီးသား ၊ ဒါကို မိမိလုပ်ပိုင်ခွင့်အာဏာကို အသုံးချပြီး ထင်တိုင်းကြဲနှိပ်စက်နေတာမျိုးက လုံးဝမသင့်တော်ပါဘူး .. ။

နောက်တစ်ခုက ၀န်ထမ်းရန်ပုံငွေကိစ္စ .. ။ ၀န်ထမ်းရန်ပုံငွေဆိုတာ အစိုးရနဲ့ပဲသက်ဆိုင်တယ် ၊ အကျဉ်းသားတွေနဲ့ လားလားမျှမသက်ဆိုင်ဘူး ၊ အပြင်က အရပ်သားလယ်ကွက်တွေမှာ တစ်ဧကကို ဘယ်လောက်ဘယ်လောက်နဲ့ အကျဉ်းသားတွေကိုထောင်ဝန်ထမ်းတွေက ရန်ပုံငွေခေါင်းစဉ်တပ်ပြီး ခိုင်းစားနေတာကတော့ ကြားရတာနဲ့တင် တော်တော်ရှက်စရာတောင်းနေပြီဗျ .. ။

ဒီကိစ္စကို အရေးယူနိုင်ဖို့ ကျနော်တို့ဆောင်ရွက်နေတယ်

ဟု ၄င်း နေပြည်တော်မှတာဝန်ရှိသူမှ ပြောကြားသွားပါသည် ..

Myanmar CNN မှ တင်ဆက်သည်။

လမ်းဘေးဈေးသည်များကြောင့် လမ်းအတွင်းနေထိုင်သူများခံစားနေရ

ရန်ကုန်မြို့လည်ခေါင် (၂၇)လမ်းအထက်လမ်းအတွင်း လမ်းဘေးတွင်ရောင်းချနေသော အောင်ဘာလေထီလက်မှတ်ဆိုင်များသည် နေ့စဉ် အသင့်အသံသွင်းထားသော ထီလက်မှတ် ကြော်ငြာများကို အသံချဲ့စက်ငယ်များဖြင့် မနားတမ်းဖွင့်လှစ်ထားကြပါသည်။ အသံချဲ့စက်ငယ်များပင် ဖြစ်သော်လည်း မနားတမ်းထပ်ခါထပ်ခါဖွင့်ထားသည့်အသံကြောင့် လမ်းအတွင်းနေထိုင်သူများ စိတ်အနှောက်အယှက်ဖြစ်နေကြရပါသည်။ နာမကျန်းသူများ သက်ကြီးရွယ်အိုများနှင့် ကျောင်းသား ကျောင်းသူများ ပို၍ထိခိုက်နစ်နာနေရပါသည်။

ထို့အပြင် အခိျု့စားသောက်ဆိုင်များသည် ကားရပ်ရမည့်နေရာလမ်းမပေါ်တွင် ခုံများခင်းပြီး အကျအနဈေးရောင်းချနေကြပါသည်။ သူတို့ဆိုင်ရှေ့ တွင် ကားမရပ်ရန်လည်း မချေမငံနှင့်နှင်လွှတ်ကြပါသည်။ ကားကို ကားလမ်းဘေးတွင်ရပ်ပါသည်၊ ထိုသို့ရပ်သည်ကို ဒီနေရာမှာကားမရပ်ရဟု လမ်းဘေးဈေးဆိုင်မှ အလုပ်သမကပြောပါသည်။ စဉ်းစားမရပါ။ ကားလမ်းဘေးတွင် လမ်းဘေးဈေးရောင်းသူကိုဦးစားပေးရမည်လား၊ ကားရပ်ရန်ကို ဦးစားပေးရမည်လား။ ကျွန်တော်ပြောနေသော ကားလမ်းသည် အုပ်ချုပ်သူတို့ကန့်သတ်ထားသော ကားမရပ်ရလမ်းမကြီးများမဟုတ်ပါ။ ကြားလမ်းကျဉ်းသာဖြစ်ပါသည်။

ရန်ကုန်မြို့လည်တွင် ကားရပ်ရန်နေရာတစ်ခုရဖို့အလွန်ခက်ခဲပါသည်။ အထူးသဖြင့် (၂၇) လမ်းအထက်လမ်းသည် အခြေအနေဆိုးသောလမ်းတစ်ခုဖြစ်ပါသည်။ အခြားလမ်းကျဉ်းများကဲ့သို့ ကားများလမ်းဘေးဖင်ထိုးပြီးထောင်လိုက်ရပ်ခြင်း သို့မဟုတ် အလျားလိုက် လမ်းဘေးနှစ်ဖက်တွင် ကပ်ရပ်ခြင်းလုပ်၍မရပါ။ အကြောင်းမှာ လမ်းတစ်ခြမ်းသည် လူနေတိုက်တာမရှိသဖြင့် လမ်းဘေး ဈေးသည်များ မိမိပိုင်လမ်းကဲ့သို့နေရာယူထားကြပြီး ကားများမှာလည်း အစဉ်ပြေသလို လမ်းပေါ်မှာပင် တင်ရပ်ထားကြရပါသည်။ ထို့ကြောင့် ကားစီးရေအနည်းငယ်သာရပ်နိုင်ပါသည်။ အခိျု့ဈေးဆိုင်များမှာ သူတို့ရှေ့တွင် ကားရပ်ရသည်ကိုပင် နားလည်မှုမထားဘဲ ရိုင်းပျစွာဆက်ဆံပြောဆိုခြင်းအထိ စည်းကမ်းမဲ့ ပရမ်းပတာဖြစ်ပျက်နေပါသည်။ ထိုဈေးဆိုင်များ နံနက်ဆိုင်ခင်းလျှင် သူတို့ဈေးဆိုင် နေရာတွင် ညအိပ်ရပ်ထားသော၊ လမ်းအတွင်းမိမိအခန်းပိုင်ဖြင့်နေထိုင်နေကြသောသူများ၏ကားများ ပင် အချိန်မီ ဖယ်ရှားပေးခိုင်းသည် ဟူ၏။

သူတို့က စည်ပင်ကိုပိုက်ဆံပေးထားရတာတဲ့...

လမ်းအတွင်းနေထိုင်သူတစ်ဦးကပြောသည်။မပြီးသေးပါ၊ ဈေးသည်များသည် အမှိုက်များကိုစည်းကမ်းမဲ့စွာ လမ်းအတွင်းအစဉ်ပြေသလို စွန့်ပစ်သွားခဲ့ကြပါသည်၊ အခိျု့သောအမှိုက်ပုံများဆိုလျှင် လမ်းဘေးတွင် ရက်ပေါင်းများစွာတိုင် သိမ်းဆည်းမည့်သူမရှိ ပို၍ပို၍ကြီးမားလာနေပြီး ထိုအမှိုက်ပုံမှ ထွက်သောအနံဆိုးများဒဏ်၊ အမှိုက်ပုံကြောင့် ရေမြောင်းများပိတ်ဆို့ပြီး မိုးရွာလျှင်ရေဆိုးရေညစ်များ လမ်းအတွင်းပြည့်လျှံခြင်း စသည့်ဒုက္ခများကို  လမ်းအတွင်းနေထိုင်သူများနေ့စဉ်ခံစားနေရပါသည်။မယုံကြည်လျှင် ကိုယ်တိုင်ကွင်းဆင်းလေ့လာနိုင်ပါသည် အုပ်ချုပ်သူလူကြီးမင်းတို့ခင်ဗျား။

ခံစားနေရသူများကိုယ်စား
Myanmar CNN မှ တင်ဆက်သည်

================ Myanmar CNN ၏ အမြင် ================
ဤသို့နှင့် လမ်းဘေးဈေးသည်များကိုလည်း ပြန်လည်နေရာမချထားပေးပဲ နေရာပျောက်အောင် တင်ခြင်းမဟုတ်ပါ။ မြို့ထဲတွင် ကားပိတ်ခြင်း၊ ကားကျပ်ခြင်း၊ ဈေးဆိုင်များ လမ်းဘေးချခင်းခြင်း၊ ဈေးသည်များ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်ခြင်း စသည်တို့ကြောင့် မြို့အင်္ဂါရပ်ကို ထိခိုက်စေသည်မှာ အမှန်ပင်ဖြစ်သော်လည်း ၎င်းဈေးသည်များအတွက် ဈေးရောင်းသည့်အလုပ်သာ အသက်မွေးဝမ်းကြောင်း ဖြစ်သောကြောင့် လူစည်ကားသော နေရာများတွင် ဈေးရောင်းရရန်မှာ အလွန်အရေးကြီးပါသည်။ သို့ပါသောကြောင့် ဈေးသည်များ ဒုက္ခရောက်စေရန် ဤအကြောင်းအရာကို ဖော်ပြခြင်းမဟုတ်ဘဲ မြို့အင်္ဂါရပ်နှင့်လည်းကိုက်ညီ၊ ဈေးသည်များလည်းအဆင်ပြေစွာ ပြီးမြောက်စေလိုသော စေတနာသာရှိပါသည်။

ကိုယ်က အလုပ်မရှာပဲ အလုပ်က ကိုယ့်ကို ရှာစေဖို့ နည်းလမ်း



ရိုးရာလေးက သူငယ်ချင်းတို့ အလုပ်တွေ ရှာနေရတာ မပင်ပန်းဘူးလား။ အလုပ်က ကိုယ့်ကို ရှာစေမယ့် နည်းလမ်း ရှိပါတယ်။ အဲ့ဒါ တကယ်ပါ။ လက်တွေ့ သိရှိ အသုံးပြုနေတဲ့ နည်းလမ်း ဖြစ်ပါ တယ်။ အဲ့ဒါကို ပြန်လည် မျှဝေ ပေးလိုက် ပါတယ်။

www.linkedin.com မှာ အကောင့်ဖွင့်ပါ

ယနေ့ စီးပွားရေး လုပ်ငန်းရှင်များက လုပ်သားကို Linkedin ကနေ ရှာကြပါတယ်။ ( မြန်မာပြည် ရောက်ရှိလာတဲ့နိုင်ငံတကာ ကုမ္မဏီကြီး အတော်များများဟာ လုပ်သားကောင်း ရရှိဖို့အတွက် Linkedin ကနေ လူရှာ ပါတယ်။ ကျနော်တို့ work.com.mm ကိုယ်တိုင်ကလည်း Linkedin ကနေ Perfect ဖြစ်တဲ့ Profile account holder များကို ရှာဖွေ အင်တာဗျူးခေါ်ယူ ခန့်အပ် ပါတယ်။ ဒါ့အပြင် မြန်မာပြည်က အကြီးဆုံး ဖြစ်ပါတယ် ဆိုတဲ့ ကုမ္မဏီကြီးတွေလည်း Premium account ဝယ်ပြီးတော့ ပြည်တွင်းလုပ် သား ရှာနေတာ မျက်မြင်ကိုယ်တွေ့ တွေ့လိုက် ရ ပါတယ်။ ဖုန်းနံပါတ်နဲ့ ဆက်သွယ်ရန် အီးမေးလ်တို့ကို သေချာ ရေးထားရင် သင့်ကို ဆက်သွယ် လာပါ လိ့မ်မယ်။

Blog ရေးပါ

ဒါဟာလည်း အလုပ်ရစေမယ့် နည်းလမ်း တစ်ခုပါ။ ဒီခေတ်မှာ Blog ရေးလို့ရမယ့် Platform တွေ အများကြီး ပါပဲ။ www.blogger.com ရှိသလို၊ www.wordpress.com လည်း ရှိပါတယ်။ အခြားသော Blog များလည်း ရှိပါသေးတယ်။ အဲ့ဒီ Blog တွေမှာ SEO ကို on ထားပြီး ကိုယ်ရေးသမျှကို Google မှာအလွယ်တကူ ရှာဖွေလို့ ရနေရင် နိုင်ငံတကာကနေ ပြည်တွင်းဝင်လာမယ့် လုပ်ငန်းရှင်များက သင့်ကို ဆက်သွယ် လာပါလိမ့်မယ်။ ကိုယ် သွားတဲ့ ပရော်ဖက်ရှင် လိုင်း နဲ့ ဆိုင်တဲ့ စာတွေကို ရေးပြီး တင်ရမှာ ဖြစ်ပါတယ်။ အင်ဂျင်နီယာ ဆိုရင်လည်း မိမိရဲ့ အင်ဂျင်နီယာ ဆိုင်ရာ အတွေးအမြင် အယူအဆများကို တင်ရပါမယ်။ ဒါ့အပြင် အခြားသော ပရော်ဖက်ရှင်နယ် လိုင်းအလျောက် ရေးသား တင်ရ ပါမယ်။

Facebook Page လုပ်ပါ

အမှန်တာ့ Social Media Page လို့ပါလို့ ပြောချင်ပေ မယ့် လောလောဆယ်တော့ Facebook Page လုပ်ထားရုံနဲ့ အဆင်ပြေ ပါတယ်။ Facebook Page (www.facebook.com/page) ကနေ မိမိရဲ့ Talent and product ကို Branding လုပ်ရ ပါမယ်။ မိမိရဲ့ အရည်ချင်းနဲ့ ထုတ်ကုန်ကို တင်ပေးခြင်းဖြင့် လူအများ ရှိနေတဲ့ Facebook ပေါ်မှာ နာမည်ကြီးလာ ပါမယ်။ နောက်ဆိုရင် မိမိကိုယ် လုပ်ငန်းရှင်များက ဆက်သွယ်လာပြီးတော့ အလုပ်လို့ဖို့ လက်တွဲ ခေါ်ပါလိမ့်မယ်။ (ကိုယ်တွေ့ပါ )

လုပ်ငန်းဆိုင်ရာ မိတ်ဆွေ များများ ထားပါ

မိမိ Personal အရ ခင်မင်တဲ့ အပေါင်းအသင်း မဟုတ်ပဲ လုပ်ငန်းဆိုင်ရာ ခင်မင် ရတဲ့ သူများကို အလေးပေးဖို့ လိုအပ် ပါတယ်။ Personal relation ပါယူထားနိုင်ရင်တော့ အကောင်းဆုံးပါပဲ။ နောက်ဆိုရင် အလုပ် အကြောင်း ကိစ္စ အရ တစ်ခုခု လိုတဲ့အခါ အဲ့ဒါမျိုး သူ့လုပ်နိုင်တယ် သူ့ကို ဆက်သွယ်လိုက် ဆိုတာမျိုး တစ်ယောက်နဲ့ တစ်ယောက် လမ်းညွန်တာမျိုးတွေ ဖြစ်လာ ပါတယ်။ ဒါလည်း ကိုယ်တွေ့ပါ။ ကိုယ်ကလည်း သူ့ကို ညွန်ပေးသလို သူကလည်း ကိုယ့်ကိုယ် ညွန်ပေးပါတယ်။ ဒီလိုနဲ့ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် ညွန်ရာ ကနေ ပတ်ဝန်းကျင်မှာ ကိုယ်ဟာ လူသိများသူ၊ အရည်အချင်း ပေါ်လွင်သူ တစ်ယောက် ဖြစ်လာ ပါလိမ့်မယ်။ ဒါဆိုရင်လည်း လုပ်ငန်းရှင်များက သင့်ကို ခေါ်ယူဖို့ ဆန္ဒပိုဖြစ် လာမှာပါ။

ပြည်တွင်း အလုပ်ရှာ ဝဘ်ဆိုဒ်တွေမှာ အကောင့် ဖွင့်ပါ

ပြည်တွင်း အလုပ်ရှာ ဝဘ်ဆိုဒ်တွေမှာ အကောင့်ဖွင့် ထားပါ။ သူက အထက်ပါ လုပ်ဆောင်ချက်များလောက် အကျိုးမသက်ရောက် ပေမယ့် သူငယ်ချင်းထဲမှာ အဲ့လို ဖွင့်လို့ အလုပ်ရသွားတဲ့ သူတွေ ရှိတယ်လို့ ပြောပါတယ်။ www.work.com.mm တို့လို ဝဘ်ဆိုဒ်မှာ တင်နိုင် ပါတယ်။

အောင်ခမ်း (ရိုးရာလေး)

ပါတီ ရပ်ကျေးဥက္ကဌမှ စက်ရုံအလုပ်သမတစ်ဦးအား လိမ်လည်ခေါ်ဆောင်ကာ သားမယားပြုကျင့်




ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄

၂၃.၂.၂၀၁၄ ရက်နေ့ ၀၉၀၀ အချိန် မ---၊(၁၇)နှစ်၊ အထည်ချုပ်စက်ရုံ အလုပ်သမ၊ လှိုင်သာယာမြို့နယ်နေသူသည် မိဘများထံသို့ပြန်ရန် ကားဂိတ်သို့တစ်ဦးတည်းထွက်လာစဉ် ဆိုင်ကယ်စီးလာသည့် အမျိုးသားတစ်ဦးမှ မိတ်ဆက်စကားပြောပြီး ဆိုင်ကယ်ဖြင့်လိုက်ခဲ့ရန်၊ ကယ်ရီခပေးစရာမလိုကြောင်း ပြောသဖြင့်လိုက်ပါသွားခဲ့ကြောင်း၊ ထန်းတပင်မြို့နယ်၊ သီတာအေးလမ်းဆုံသို့အရောက်တွင် ၎င်းအမျိုးသား
မှ ပိုက်ဆံအိတ်ကျန်ခဲ့ကြောင်းပြောကာ ဆိုင်ကယ်အားပြန်လှည့်၍ လှိုင်သာယာမြို့နယ်၊ ၅ရပ်ကွက်ရှိ၊ --- တည်းခိုခန်းသို့ရောက်ရှိဝင်ရောက် သွားခဲ့ကြောင်း၊ ခဏအကြာ မ---အားပြစရာရှိသည်ဟုပြောဆိုခေါ်ကာ အခန်းထဲသို့အရောက်တွင် တံခါးဂျက်ထိုးပြီး အလိုမတူဘဲသားမယား အဖြစ်ပြုကျင့်ခဲ့ကြောင်း၊ ပြီးနောက် မ--- အားဆိုင်ကယ်ဖြင့် တင်ဆောင်
ကာ ရန်ကုန်-ပုသိမ်လမ်းအတိုင်းလိုက်ပို့ခဲ့ရာ ---ရွာထိပ်သို့အရောက်တွင် ရပ်မပေးဘဲ ဆက်လက်မောင်းနှင်ပြေးခဲ့သဖြင့် မ---မှာ ဆိုင်ကယ်ပေါ်မှ
ပြုတ်ကျခဲ့၍ ဒဏ်ရာရရှိခဲ့ကြောင်း၊ အနီးရှိ ဆိုင်ကယ်ကယ်ရီ သမားများမှ ၀ိုင်းဝန်းဖမ်းဆီးပြီး ထန်းတပင်မြို့နယ်၊ တက်သစ်နယ်မြေရဲစခန်းသို့ ပို့အပ်ပေးခဲ့သဖြင့် စစ်ဆေးခဲ့ရာမှ ၎င်းအမျိုးသားမှာ ဇော်ဇော်အောင် (ခ)ကျော်ထက်နိုင်၊ (၃၀)နှစ်၊ရပ်ကျေးဥက္ကဌ၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ)၊ (ဘ)ဦးလှထွန်း၊ (၇)ရပ်ကွက်၊ လှိုင်သာယာမြို့နယ်ဖြစ်ကြောင်းသိရှိရ
ပါသည်။

ယင်းသို့ပြစ်မှုကျူးလွန်ခဲ့သူ ဇော်ဇော်အောင်(ခ)ကျော်ထက်နိုင်အားအရေးယူပေးပါရန် မ---မှတိုင်တန်းခဲ့သဖြင့် လှိုင်သာယာမြို့မရဲစခန်း (ပ)၂၂၇/၂၀၁၄၊ ပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်အရေးယူကာ ဖမ်းဆီးစစ်ဆေး လျက်ရှိပြီး ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါသည်။

အဆိုပါပြစ်မှုအားကျူးလွန်ခဲ့သည့် ဇော်ဇော်အောင်(ခ)ကျော်ထက်နိုင်သည် တွံတေးမြို့နယ်၊ ပန်းလှိုင်တံတား ကျူးကျော်တဲများဖယ်ရှားစဉ်က အကွက်ချပုံစံများပြုလုပ်ရောင်းချခြင်း၊ နေထိုင်ရန်အတွက်အိမ်ထောင်စု စာရင်းစာရွက်များအား၎င်းပါ(၄)ဦးတို့မှ အတုပြုလုပ်လက်မှတ်ရေးထိုး ထုတ်ပေးထားကြောင်း အထောက်အထားများကို သိမ်းဆည်းရမိခဲ့၍ ခလောက်ချိုက်နယ်မြေရဲစခန်း (ပ)၂၈/၂၀၁၄၊ ပုဒ်မ ၄၂၀/၄၆၈ဖြင့် အမှုဖွင့်အရေးယူခြင်းခံထားရသူဖြစ်သောကြောင့် ဤအမှုဖြင့်လည်း ဥပဒေနှင့်အညီ ဆက်လက်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

Yangon Police

အသားကင်နေစဉ်မှာ မျက်ကပ်မှန်တပ်၍ မျက်လုံး ကန်းသွားသူ



အသက် ၂၁ နှစ်အရွယ် မိန်းကလေးဟာ အခန်းတစ်ခု အတွင်း အသားကင်နေစဉ် မျက်ကပ်မှန်ကို တပ်လိုက်ပါတယ်။ မီးသွေးများဖြင့် အသားကင်ခြင်း ဖြစ်သောကြောင့် မီးခိုး အများအပြား ထွက်ပေါ်လာပါတယ်။ ထိုမီးခိုးများသည် သူမ၏ မျက်လုံးအတွင်းသို့ ဝင်ရောက်လာပါတယ်။

၂ မီနစ် ၃ မီနစ် အကြာမှာ သူမသည် မျက်လုံးမှ မျက်ရည်များ ရုတ်တရက် ကျဆင်းလာပြီး ဘယ်လိုမှ မနေနိုင်လောက်အောင် ခံစားရ ပါတော့တယ်။ သူမအခုလို ဖြစ်နေတာကို အချိန်အတော်ကြာ ဘယ်သူတစ်ဦး တစ်ယောက်မှ မသိပါဘူး။ သူမကို ဆေးရုံသို့ ပို့လိုက် ချိန်မှာတော့ သူမ၏ မျက်လုံး ကန်းသွားပြီလို့ ဆရာဝန်က ဆိုပါတယ်။

ဆက်လက်၍ ဆရာဝန်က မျက်ကပ်မှန်ကို ပြင်းထန်သော အပှုချိန်ရှိနေရင် မဝတ်ဆင်ဖို့ ပြောပါတယ်။

အထူးသဖြင့် အိမ်ရှင်မများ ဟင်းချက်ပြုတ် နေစဉ်မှာ မတပ်သင့်ပါဘူးလို့ ဆရာဝန်က ဆိုပါတယ်။ ဒါကြောင့် မျက်ကပ်မှန် ဝတ်ဆင်သူများ အနေဖြင့် သတိထားသင့်သည်က မျက်လုံးသို့ မြင့်မားသော အပှုချိန် ကျရောက်နေပါက မျက်ကပ်မှန်ကို အဝတ်သင့်ပါဘူး။

ကျော်လင်းနိုင် (ကျန်းမာရေးသတင်းများ)