အရပ်ပုသူတွေဟာ အရပ်ရှည်သူတွေထက် ဒီလိုနေရာမျိုးတွေမှာ ပိုအားသာ




အရပ်ပုတယ်ဆိုပြီး အရပ်ရှည်ဖို့အတွက် ဆေးတွေသောက်ရ၊ လေ့ကျင့်ခန်းတွေ လုပ်ရနဲ့ နောက်ဆုံးတော့လည်း ဒီအရပ်ပဲမို့ စိတ်ညစ်နေစရာ မလိုပါဘူး။ တကယ်တော့ အရပ်ပုတဲ့သူတွေမှာလည်း အားသာချက်တွေ အများကြီးပါ။ ဘယ်လိုအားသာချက်တွေ ရှိသလဲဆိုတာ တစ်ချက်ကြည့်လိုက်ပါဦး။

၁။ သူငယ်ချင်းတွေ အုပ်စုလိုက် ဓာတ်ပုံ ရိုက်တဲ့အခါ ကိုယ်က အမြဲရှေ့မှာ နေရမယ်။

အုပ်စုလိုက် ဓာတ်ပုံရိုက်တော့မယ်ဆို ကိုယ်က အမြဲတမ်း ရှေ့ကနေရမယ်။ မျက်နှာတစ်ခြမ်း ဟိုလူနဲ့ကွယ်မှာ၊ ကိုယ်ဝတ်ထားတဲ့ အမိုက်စား တီရှပ်လေး မပေါ်မှာ မစိုးရတော့ဘူး။ ဘယ်လောက်မိုက်သလဲ။

၂။ပုတော့ နုတယ်။

ကိုယ်က အရပ်ပုတော့ ကိုယ့်အသက်ကို သူများတွေ ခန့်မှန်းမိဖို့ ခပ်ခက်ခက်ရယ်။ နောက်တစ်ချက်က လူတွေက ကိုယ့်ရဲ့ရှိရင်းစွဲအသက်ထက် ငယ်တယ်လို့ အမြဲထင်နေလိမ့်မယ်။ မယုံရင် မေးကြည့်။

၃။ခရီးသွားကား၊ လေယာဉ်ပေါ်မှာ ခြေထောက် ကွေးဆန့်လုပ်နိုင်မယ်။

ခရီးသွားတဲ့အခါ ခရီးသွားကား၊ လေယာဉ်ပေါ်မှာ သူများတွေ အရပ်နဲ့မလွတ်လို့ ခွေခေါက်ထိုင်နေကြရတဲ့အချိန် ကိုယ်ကတော့ ညောင်းတဲ့အခါ ခြေထောက်ဆန့်ထုတ်ပြီး အကြောအချဉ်ဖြေလို့တောင် ရပါသေးတယ်။

၎။ဖိနပ်အမြင့်တွေ စီးတဲ့အခါ သူများထက် ကြည့်ကောင်းနေမှာပါ။

ကိုယ့်အရပ်ကြောင့် heel တွေ၊ တခြားဒေါက်အမြင့် ဖိနပ်တွေ စီးလိုက်ရင်လည်း ဘယ်သူကမှ ဟယ် ဘယ်လိုကြီးလဲ ဆိုပြီး ကြည့်မယ့်သူ၊ ပြောမယ့်သူ မရှိပါဘူး။ သူက အရပ်ပုလို့ ဒီလိုဝတ်လို့ လှတာလို့ပဲ ထင်ကြမှာနော်။

၅။တိုပါတယ်ဆိုတဲ့ မီနီစကတ်တွေတောင် ကိုယ်နဲ့ဆို အံကိုက်ပဲ။

အရပ်ရှည်တဲ့သူတွေ မီနီစကတ်ဝတ်ထားရင် တိုနန့်နန့်နဲ့ အဆင်မပြေဖြစ်တတ်ပါတယ်။ ကိုယ်နဲ့ဆိုရင်တော့ အဲ့ဒီလို စကတ်တိုလေးတွေတောင် ကြည့်ကောင်းနေတာနော်။

၆။ကိုယ်လိုချင်တဲ့ အင်္ကျံဒီဇိုင်းမျိုးတွေ ကလေးတန်းမှာ ရှိရင်တောင် ၀ယ်ဝတ်ပစ်နိုင်တယ်။

ကိုယ်က အရပ်ပုတဲ့အတွက် ကိုယ်လိုချင်တဲ့အင်္ကျံဆိုက်ဒ်က ကလေးဆိုက်ဒ်ဖြစ်နေရင်တောင် ၀ယ်ဝတ်လိုက်ရုံပဲ။

၇။တစ်ခါတစ်လေ လူတွေက ကိုယ့်ကို ပိုဦးစားပေးတတ်တယ်။

ကိုယ်ကပုနေလို့ ကိုယ့်ကို လူတွေက ပိုဦးစားပေးတာမျိုးတွေ ရှိပါတယ်။ ဒါဟာ နှိမ်ချတာမျိုးမဟုတ်တဲ့ ချစ်ခင်မှုတစ်ခုကို ဖော်ပြတာမျိုးပါပဲ။

၈။လိုအပ်မယ်ဆိုရင် လူတွေမမြင်အောင် အလွယ်လေး ပုန်းရှောင်နိုင်တယ်။

ကိုယ့်ကို လူတစ်ယောက်က ရှာနေတယ်။ အဲ့ဒီလူကိုယ့်ကို မြင်သွားမှာ စိုးရိမ်နေတဲ့အခါမျိုး လူအုပ်ကြားထဲ၊ ဒါမှမဟုတ် တစ်ခုခုနဲ့ ကွယ်ပြီး နေလိုက်ရုံပဲ။

၉။တစ်ခုခုနဲ့ ဆောင့်မိမှာမျိုး ပူစရာမလိုဘူး။

ကိုယ့်အရပ်က သူများထက် ပုနေတဲ့အခါမျိုးမှာ ခေါင်းနဲ့ဆောင့်မိတတ်တဲ့ အရာမျိုးတွေကို အထူးသတိထားစရာ မလိုတော့ဘူး။

၁၀။တစ်စုံတစ်ယောက်နဲ့ ဆုံတဲ့အခါ ကိုယ့်က ထူးခြားနေတဲ့အတွက် ကိုယ့်ကို အာရုံပြူမိမယ်။

ကိုယ်ကအရပ်ပုတဲ့အတွက် ခုမှဆုံမယ့် လူတစ်ယောက်ရဲ့ အာရုံကို ဖမ်းစားနိုင်မယ်။ သူတို့ကလည်း ကိုယ့်ကိုထူးခြားတယ်လို့ တွေးလိမ့်မယ်။

Ref:cosmopolitan.com
Trend Myanmar

Miley Cryus ဘာလုပ်လုပ် ခင်ဗျားတို့ အလုပ်မဟုတ်ဘူး လို့ ပြောလိုက်တဲ့ Shailene Woodley



 
Vanity Fair မဂ္ဂဇင်းဟာ Shailene Woodley ရဲ့ ဂျူလိုင်မျက်နှာဖုံးသတင်း ထဲက ကောက်နှုတ်ချက် တွေကို ဖော်ပြခဲ့ရာမှာ ဂျုလိုင်လကာဗာစတိုရီရဲ့ အဓိကရည်ရွယ်ချက်က ပျောက်သလိုတောင် ဖြစ်သွားခဲ့ပါတယ်။ ဘာလို့ လည်းဆိုတော့ ဒီ ကောက်နှုတ်ချက်တွေမှာ Miley Cyrus အကြောင်း ပါလာလို့ ပါပဲ။

“ Miley ရဲ့ အပြူအမူတွေထဲမှာ တစ်ယောက်ယောက်ကို ရိုင်းပြစော်ကားတာမျိုးမရှိပါဘူး။ သူစိတ်ထဲရှိသလို လုပ်ရုံပါပဲ။ သူ လုပ်နေတာတွေနဲ့ ပတ်သက်ပြီး ကြိုက်ကြိုက်၊ မကြိုက်ကြိုက် သူ့ လုပ်ရပ်တွေက ခင်ဗျားတို့  အရေး မဟုတ်ဘူး။ ဘာလို့ ဒီလူတွေ၊မိဘတွေအကုန်လုံး Miley သူစိတ်ရှိသလိုနေတာကို အထိတ်တလန့်  ဖြစ်နေကြတာလဲ။ ခင်ဗျားတို့ ကလေးတွေကို မကြည့်စေချင်ဘူးဆိုရင် အိမ်မှာ တားလို့ ရတယ်။ ဒါပေမယ့် သူ လုပ်နေတာတွေကို သိပ်လည်း ရေးကြီးခွင်ကျယ်လုပ်မနေပါနဲ့ ”

Woodley က သူမရဲ့ မတူခြားနားတဲ့ ဘ၀အတွေးအခေါ်တွေကြောင့် ဆေးခြောက်သောက်တတ်တယ်။ ရေပန်းစားနေတဲ့ယူဆချက်တွေကို ဆန့် ကျင်တယ်လို့ အလိုလို အဓိပ္ပါယ်မရောက်ကြောင်းလည်း လူတွေ သိစေချင်ပါတယ်လို့ ပြောကြားခဲ့ပါတယ်။

Ref: cosmopolitan.com

Trend Myanmar

သမ္မတရုံ အကြံပေး


 “အောင်မယ် အစ်ကိုကြီးကို ဘယ်သူကခန့်လို့ စားပွဲပေါ်မှာ သမ္မတရုံး အကြံပေးဆိုပြီး စာတမ်းကြီး ထောင်ထားရတာလဲ။ ဘယ်ဘုန်းကြီးကျောင်းကို မုန်းလို့ ဘယ်လိုဒုက္ခပေးချင်လို့လဲ” ဆိုတဲ့ အသံနဲ့ အတူတပည့်ကြီး မောင်ကြွက်နီ ရောက်လာပါတယ်။

“နေစမ်းပါဦး၊ သမ္မတရုံး အကြံပေးဆိုတာ ကိုယ့်ဟာကိုယ်ရော ခန့်လို့ရောမရဘူးလား။ အခုတောင် သမ္မတ အကြံပေးလိုလို၊ သမ္မတရုံး အကြံပေးလိုလို တစ်ယောက်ကို ပြဿနာဖြစ်မှ ဘယ်သူကမှ ခန့်တာမဟုတ်ဘူး ပြောနေကြတာပဲ”လို့ သူ့ကို ပြန်ပက်လိုက်တော့ သူက “အဲဒီတော့ ခင်ဗျားကြီးလည်း သူများလို ပုံမှား ရိုက်မလို့ပေါ့လေ”ဆိုပြီး ကြက်ခေါင်းဆိတ်မခံ ပြန်ပြောသဗျ။

“အော် မောင်ကြွက်နီ မောင်ကြွက်နီ မင်းမှာငါ့ကို ဘယ်လို မတော်မတရား ပြောရမလဲ စိတ်တွေ များနေတော့ မျက်စိမကွယ်ပါပဲ အမှောင်ဖုံးနေတယ်။ ငါရေးထားတာက သမ္မတရုံး အကြံပေး မဟုတ်ဘူး။ မင်းအနားကပ်ပြီး သေသေချာချာ ဖတ်ကြည့်ဦး”လို့ ပြောမှ မောင်ကြွက်နီ တစ်ယောက် သူ့အိတ်ထဲက စာကြည့်မျက်မှန်ကို ထုတ်တပ်ရင်း ဖတ်လိုက်တာက “အဲဗျ။ ဟုတ်သားပဲ တရိစ္ဆာန်ရုံ အကြံပေး (အဲလေယောင်လို့) သမ္မတရုံ အကြံပေးလို့ ရေးထားပါလား။ ဘာကြီးလဲဗျ”

မင်းဖတ်တဲ့စာ အတိုင်းပဲလေ၊ သမ္မတရုံ အကြံပေးလေကွာ၊ သမ္မတ ရုပ်ရှင်ရုံကို နယ်ကလာကြည့်တဲ့ သူတွေကို လက်မှတ် ဘယ်လိုဝယ်ရမယ်၊ ဘယ်အတန်းကကြည့်ရင် ခေါင်းကြီးမော့ကြည့်ရမယ်။ ဘယ် အတန်းက ၀ယ်ပါလား စသဖြင့် အကြံပေးနေတာ”

“အဲဒီလို အကြံပေးတော့ ခင်ဗျားက ဘယ်ကပိုက်ဆံရလို့လဲ။ ပြီးတော့ အဲဒီ ကုမ္ပဏီက ခင်ဗျားကို ခန့်ထားလို့လား”

“အဲဒီ သမ္မတရုံကို ငှားထားတဲ့ ကုမ္ပဏီလောကကြီးမှာ ငါရှိမှန်းတောင် မသိဘူး။ ဘယ်ကမှလစာ မပေးဘူး။ အဲဒီထက်ဆန်းတာက ခုန မင်းမှားဖတ်သလိုပဲ။ ငါက အမှန်အတိုင်း သမ္မတရုံ အကြံပေးလို့ ရေးတာကို ဖတ်တဲ့သူတိုင်းက သမ္မတရုံး အကြံပေးလို့ချည်း ဖတ်နေကြတယ်။ ဒီတော့ ဟိုစီးပွားရေး သမားက လာအကူအညီ တောင်းလိုက်၊ ဟိုခရိုနီက ငိုပြလိုက်နဲ့ ရေးစရာ ကုန်ကြမ်းတွေရလိုက်၊ လက်ဆောင်တွေ ရလိုက်နဲ့ ၀င်ငွေကို ဖြောင့်လို့” ဆိုပြီး ပြောလိုက်တော့ မောင်ကြွက်နီက နှုတ်ခမ်း ကိုသပ်ပြီး “ဒါဆိုရင်လည်း ညနေ ကြက်ပဲနဲ့ ပြည်တွင်းဖြစ် ၀ီတစ်ပိုင်းလောက် ကိုင်ရအောင် လေးငါး ထောင်လောက် မစဗျာ”တဲ့

“ဟေ့ကောင်မရဘူး။ မင်းကို ပေးချင်ပေမယ့် ဒုတိယ သမ္မတကြီး စကားကို လေးစားသမှုနဲ့ လိုချင်ရင် ခြင်္သေ့ နှစ်ကောင်ယူသွား”ဆိုပြီး အိတ်ထဲက ငွေနှစ်ထောင် ထုတ်ပေးလိုက်တော့ သူကစိတ်ဆိုး သေးတယ်။
“အဲဒီဒုတိယ သမ္မတ နှိပ်စက်တာနဲ့ အရင်ကဟိုက သုံးလေးထောင်နဲ့ ဒီက သုံးလေးထောင်နဲ့ နေ့တွက်စီနေတာတွေ ပျောက်သွားတယ်။ မလုပ်ပါနဲ့ဗျာ။ ဒုသမ္မတပြောတဲ့ နှစ်ထောင်ထဲမှာ အရက် တစ်ပိုင်းဖိုးတော့ ထည့်တွက်ထားမယ် မထင်ပါဘူး။ ပေးနေကြ အတိုင်း ဆင်ဖြူလေး တစ်ကောင်တော့ လုပ်ပါဗျာ”တဲ့။

“အေးပါအေးပါ ပေးပါ့မယ်။ ဒါပေသိ ညီအစ်ကို အကန့်နဲ့ ပေးတာနော်။ ငါက လူကြီးတွေစကားဆို မြေ၀ယ်မကျ နားထောင်တတ်တာ၊ ဒါတောင် အခုထိ ဘာတင်ဒါ ၀င်ပြိုင်ပြိုင် ငါ့ကိုတစ်ခါမှ ပေးဖော် မရဘူး”

“တင်ဒါက နတ်ကြီးတယ်ဗျ။ မြန်မာနတ် ကိုးကွယ်ရုံနဲ့ မရဘူး။ အမေရိကန် နတ်စိမ်းကို ကိုးကွယ်ရတာ၊ နတ်စိမ်းတောင် သန်းချီပေး ရတယ်ကြားတာပဲ”

“မင်းသိတာတွေ သိပ်များနေပြီ မောင်ကြွက်နီ။ လာဘ်ပေးလာဘ်ယူ ကော်မရှင်ကို အဲဒါတွေ သွားတိုင်ပါလား”

“တော်စမ်းပါဗျာ ခင်းတစ်ခါက ရေးသလိုပဲ၊ လာဘ်ပေးလာဘ်ယူဆိုတာ လင်ရှိမယားကို ကြာခို သလိုမျိုး၊ သိတာနဲ့ အတိုင်ခံရမှာဆိုတော့ နှစ်ဖက်စလုံး တိတ်တိတ်ပုန်း လုပ်ကြရတာ။ ဘယ်လိုလုပ် သက်သေသက္ကာယနဲ့ တိုင်နိုင်မှာလဲ။ တကယ်တော့ လာဘ်ပေးလာဘ်ယူ တိုက်ဖျက်ရေး ဥပဒေ ဆွဲကတည်းက တိုင်လို့မရအောင် ဆွဲထားတာဗျ”

“အေးကွာ။ တကယ်လို့ ငါသာ သမ္မတရုံး အကြံပေးဆိုရင် ဒီကိစ္စက ဒီလိုရှိပါတယ်၊ ဟိုကိစ္စက ဟိုလို ရှိပါတယ်ဆိုပြီး ပြည်သူတွေ ဖက်ကရှင်းပြလို့ ရသေးတယ်။ အခုတော့ ၀စ်စပေါက်ပြုတ်ပြီး သမ္မတရုံ အကြံပေးပဲ ဖြစ်နေတော့ အခက်သားကလား”

“ဟင်းဟင်း..သမ္မတရုံ အကြံပေးက တော်သေးတာပေါ့။ ခုနက ကျွန်တော် မှားဖတ်လိုက်သလို တိရိစ္ဆာန်ရုံ အကြံပေး ဖြစ်နေမှ ဆင်ချေးကျုံးနေရဦးမယ်”

“အောင်မယ်။ မင်းကများ ငါ့ကို... တိရိစ္ဆာန်ရုံ အကြံပေးသာ ဖြစ်လို့ကတော့ ဟိုဝန်ကြီး ကြံသလို တိရိစ္ဆာန်ရုံကို လှော်ကား တကယ်ရောက်အောင် ကြံပစ်လိုက်မှာ”လို့ ပြန်ပက်လိုက်တော့ မောင်ကြွက်နီက မျက်လုံးပြူးပြီး “မလုပ်ပါနဲ့ဗျာ။ တိုင်းပြည်က ၂၀၁၅မှ မရောက်သေးဘူး။ ရှုပ်သထက် ရှုပ်နေတာ။ အဲဒီအရှုပ်ထဲမှာ ခင်ဗျားကြီးကပါ ထပ်ပြီး မရှုပ်စမ်းပါနဲ့။ ဟိုဆရာတော် ဟောသလိုပေါ့ဗျာ။ အရှုပ်ထဲမှာ ကင်းအောင်နေစမ်းပါ။ အခုက မျက်စိကို လည်နေတာပဲ။ ခုတစ်လောကမှ ဟိုဝန်ကြီးက ပြုတ်လိုက်၊ ဒီဝန်ကြီးက သူ့သဘောနဲ့သူ နှုတ်ထွက်လိုက်နဲ့ ဇယားတွေ ရှုပ်နေရတဲ့အထဲ။ ပြည်သူတွေကလည်း စာစောင်တွေဖတ်ပြီး ဘာမှနားမလည်တော့ဘူး။ ဒီတော့ ခင်ဗျားကြီးကို အနူးအညွတ် တောင်းပန်ပါရစေ။ သမ္မတရုံ အကြံပေးလည်း လုပ်ပြီး ပုံမှားရိုက်မနေပါနဲ့။ ကိုယ့်ဟာကိုယ် အေးအေး စာသာရေးနေပါဗျာ”ဆိုပြီး စိတ်ပျက်လက်ပျက် ပြန်သွားတာ။ မာဂျေပေးမယ့် ဆင်တစ်ကောင်တောင် ယူမသွားပေတော့ဘူး။ အမှန်တော့ ဒီလိုရှုပ်ယှက်ခတ်နေမှ မြန်မာနိုင်ငံ အစစ် မဟုတ်ပေလားဗျာ။

- မာဂျေ
Tomorrow News Journal


ဝိတ်ပိုတက်စေမယ့် နည်းလမ်းအမှားများ



 
ဝိတ်ကျစေဖို့ ကိုယ်အရင်တုန်းက သိထားနေတဲ့ နည်းလမ်းတွေထဲမှာ အမှားတွေ ပါနေနိုင်ပါတယ်။ နည်းလမ်းအမှားတွေ ၀ိတ်ကျဖို့ ကြိုးစားနေမယ်ဆိုရင် ၀ိတ်မကျတဲ့အပြင် ၀ိတ်တောင် ပိုတက်နိုင်ပါသေးတယ်။ အဲ့ဒီမှားနေတဲ့ ၀ိတ်ကျနည်းတွေကတော့

၁။၈နာရီနောက်ပိုင်း ဘာမှမစားရင် ၀ိတ်ကျတယ်ဆိုတာမျိုး။

လူတွေက တစ်နေ့လုံး စားချင်တာစားပြီး ညဘက် ၈နာရီကျော်တာနဲ့ ဘာမှမစားတော့ပဲ တိကနဲဖြတ်ပစ်လိုက်ရင် ၀ိတ်ကျတော့မယ်လို့ ထင်နေကြတာ မှားပါတယ်။ တကယ်တော့ တစ်နေ့လုံး တတိတိစားနေတဲ့ အစားအစာ ကယ်လိုရီ ပမာဏတွေက သင့်ရဲ့ ကိုယ်အလေးချိန်ကို တက်စေတာပါ။ ဒါ့ကြောင့် နောက်ကျမှ စားတာ မစားတာနဲ့ မဆိုင်ပါဘူး။ တစ်နေ့လုံး ကိုယ်ဘယ်လောက်တောင် စားထားသလဲဆိုတာနဲ့ပဲ ဆိုင်ပါတယ်။

၂။ပေါ့ပေါ့ပါးပါး စားနိုင်တဲ့ အစားအစာမျိုး၊ အသင့်စားသုံးနိုင်တဲ့ အစားအစာတွေက ပိုသင့်တော်တယ်ဆိုတာမျိုး။

ပေါ့ပေါ့ပါးပါး စားနိင်တဲ့ အားလူကြော်၊ ရေခဲမုန့် စတာတွေမှာ ကယ်လိုရီနည်းတယ်ဆိုပေမယ့် သကြားဓာတ်တွေ၊ ဆိုဒီယံတွေ ပါနေတယ်ဆိုတာတော့ ငြင်းလို့မရဘူးလေ။

၃။သတ်သတ်လွတ်စားရင် ၀ိတ်ကျစေတယ်ဆိုတာမျိုး။

အသား၊ ငါးတွေ မစားပဲ သတ်သတ်လွတ်စားရင် ၀ိတ်ကျစေတယ် ဆိုတာမျိုးက ဟုတ်ပါတယ်။ ဒါပေမယ့် ကိုယ်က သတ်သတ်လွတ်ပဲ ဆိုပြီး အာလူးအချောင်းကြော်၊ ပါစတာ၊ ချောကလက်တွေ စားနေလို့ကတော့ ဘာမှမထူးတော့ဘူးသာ မှတ်လိုက်ပါ။

၎။လေ့ကျင့်ခန်းလုပ်နေရင် စားချင်သလောက်သားစား ဆိုတာမျိုး။

ကိုယ်လုပ်နေတဲ့ လေ့ကျင့်ခန်းက ကိုယ်ထင်သလောက် ကယ်လိုရီ လောင်ကျွမ်းဖို့ မလွယ်ကူဘူးဆိုတာ သိထားရမှာပါ။

၅။အစားအသောက် မစားခြင်းဟာ လူကို ပိန်စေတယ် ဆိုတာမျိုး။

နေ့လည်စာ မစားပဲနေတာ၊ ညစာလုံးဝမစားတာမျိုးကတွေက သင့်ရဲ့ အစာခြေဖျက်မှုစွမ်းအားကို လျော့ကျသွားစေတာပါ။ အစားအသောက် မစားပဲ နေတာဟာ ကျန်းမာရေးနဲ့တော့ မညီညွတ်တာ အမှန်ပါပဲ။

၆။ဆလတ်စားရင် ၀ိတ်ကျစေတယ် ဆိုတာမျိုး။

ဆလတ်စားရင် ၀တ်ကျစေတယ်ဆိုပေမယ့် အဲ့ဒီမှာ ပါဝင်မယ့် အသား၊ ကြက်အူချောင်း စတာတွေနဲ့ ပြန်တွက်ရင်တော့ ဘာမှမထူးတော့ပါပဲ။

၇။ကိုယ်စားနေကျ အရာအားလုံးကို စွန့်လွှတ်ပြီး တစ်မျိုးတည်းပဲစားရတော့မယ် ဆိုတာမျိုး။

တစ်မျိုးတည်းကို အလွန်အကျူးစားတာထက်စာရင် အားလုံးကို နည်းနည်းချင်းစီ၊ တစ်ဖဲ့ချင်းစီလောက်စားပြီး အာသာပြေသွားအောင် လုပ်နိုင်ပါတယ်။

Ref:fitsugar.com
Trend Myanmar

အမျိုးသမီးကိစ္စများအား လူမှုဝန်ထမ်းဦးစီးဌာန သတင်းပြန်ကြားရေး စင်တာသို့တိုင်ကြားနိုင်



 အမျိုးသမီးများ အနေဖြင့် မိမိတို့၏ ကိစ္စရပ်များအား ရင်ဖွင့်တိုင်ကြားလိုပါက လူမှုဝန်ထမ်း ဦးစီးဌာန၏ သတင်းပြန်ကြားရေး စင်တာသို့ ဆက်သွယ် တိုင်ကြားနိုင်ပြီ ဖြစ်ကြောင်း ၎င်းဌာနက သတင်းထုတ်ပြန်သည်။

“၂၀၁၃ ခုနှစ်၊ သြဂုတ်လကစပြီး အခုချိန်ထိ လာရောက်တိုင်ကြားမှု ၂၀ လောက် ရှိနေပါပြီ။ အမျိုးသမီးကိစ္စဆိုရာမှာ လိင်အကြမ်းဖက်ခံရတာတွေ လိမ်လည်ဖြားယောင်း ခံရတာတွေ အိမ်ထောင်ရေးပဋိပက္ခတွေ စတဲ့ ကိစ္စတွေ ရင်ဖွင့်တိုင်ကြားနိုင်ရုံသာမက လူကုန်ကူးခံရတဲ့ကိစ္စတွေပါ တိုင်ကြားနိုင်ပြီး လူကုန်ကူးခံရတော့မယ့် မသင်္ကာစရာ အခြေအနေတွေကို သတင်းပေးနိုင်ပါတယ်။ လိုအပ်ရင်လိုအပ်သလို အိမ်တိုင်ရာရောက် ဆောင်ရွက်ပေးနေပါတယ်”ဟု လူမှုဝန်ထမ်းဦးစီးဌာန အမျိုးသမီးကျောင်းများဌာနစိတ်မှ ဒုတိယ ညွန်ကြားရေးမှူးတစ်ဦးက မဇ္ဈိမသို့ ပြောသည်။

လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် လာရောက်တိုင်ကြားသူများအား စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်ဆွေးနွေး ပညာပေးခြင်း၊ကျန်းမာရေးကိစ္စ ဆောင်ရွက်ပေးခြင်း၊ ရဲသို့ တိုင်ကြားလိုပါက ဌာနလွှဲပြောင်းချိတ်ဆက်ပေးခြင်းတို့ကို ဆောင်ရွက်ပေးနေသည်ဟု သိရသည်။ နောင်အခါ တစ်နေရာတည်းတွင် ပြီးပြည့်စုံသောစနစ် (one stop service) ဖြစ်သည်အထိ ဆောင်ရွက်သွားမည်ဖြစ်ပြီး နေပြည်တော်၊ ပြည်နယ်နှင့်တိုင်းများအလိုက် လူမှုဝန်ထမ်းဦးစီးဌာန ၀န်ထမ်းများမှ ကွင်းဆင်းဆောင်ရွက်ပေးနေပြီဟု သိရသည်။

တိုင်ကြားလိုပါက လူမှုဝန်ထမ်းဦးစီးဌာန၊ သတင်းပြန်ကြားရေးစင်တာ၊ အမှတ် ၆၅၊ ကျိုက်ဝိုင်းဘုရားလမ်း၊လူမှုဝန်ထမ်းအတတ်သင်သိပ္ပံဝင်း၊ လူမှုဝန်ထမ်းအတတ်သင် သင်တန်းကျောင်း၊ ရန်ကုန်မြို့၊ ဖုန်းနံပါတ် ၀၁-၆၆၆၆၁၉နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီ၊ ရုံးအမှတ် ၂၃၊ နေပြည်တော် လူမှုဝန်ထမ်းဦးစီးဌာနသို့လည်း တိုက်ရိုက် ဆက်သွယ် တိုင်ကြားနိုင်သည်ဟု စုံစမ်းသိရှိရသည်။

ထက်ထက်အောင်
Mizzima - News in Burmese

တက္ကသိုလ်တက်ရန် မိဘများနှင့် မခွဲနိုင်၍ အမျိုးသမီး တစ်ဦး ပိုးသတ်ဆေး သောက်သေဆုံး


 မန္တလေးတိုင်း ဒေသကြီး ရမည်းသင်း မြို့နယ်တွင် မိဘများက တက္ကသိုလ် ဆက်တက်ရန် ပြောကြားရာမှ မိဘများနှင့်မခွဲလို၍ အမျိုး သမီးငယ်တစ်ဦး ပိုးသတ်ဆေး သောက်၍ သေဆုံးမှု ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ ယခုလ ၂၃ ရက် ညနေ ၆နာရီက ရမည်းသင်း ဆေးရုံသို့ အဆိပ်သောက် သေဆုံးနေသည့် အမျိုးသမီး တစ်ဦး ရောက်ရှိ လာကြောင်း သတင်းအရ ရဲကင်းစခန်းမှူး(ထူးကုန်း) ရဲအုပ်မျိုးထွန်း နှင့်အဖွဲ့သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ ရမည်းသင်းမြို့နယ် ထီးလှိုင်ရွာနေ မဇင်နွယ်ဦး(၁၉နှစ်)တက္ကသိုလ်ဝင်တန်းအောင်ပြီး ၄င်း၏မိဘများက တက္ကသိုလ်ဆက်တက်ရန်ပြောရာ မိဘများနှင့် မခွဲလိုသဖြင့်မတက်လိုကြောင်း ပြောဆိုစကားများပြီး ၄င်းတို့ပိုင် ယာခင်းတဲသို့သွားရောက်ကာ ယာခင်းတဲအတွင်းရှိ Yupa Thion 57 တံဆိပ်ပါပိုးသတ်ဆေးရည်ကိုသောက်၍ ရမည်းသင်းဆေးရုံးသို့ ပို့အပ်စဉ် လမ်း၌သေဆုံးသွားကြောင်းသိရသဖြင့် ရမည်းသင်းမြို့မ ရဲစခန်းက သေမှုသေခင်းအမှတ်စဉ် ၁၈/၂ဝ၁၄ ဖြင့် စစ်ဆေးလျက် ရှိကြောင်းသိရသည်။

ကျော်မင်းသော်
The Union Daily

ရခိုင်ပြည်နယ် ၀န်ကြီးချုပ်အဖြစ် အဆိုပြုခံထားရတဲ့ ဗိုလ်ချုပ် မောင်မောင်အုန်းနဲ့ တွေ့ဆုံမေးမြန်းခန်း



ဗိုလ်ချုပ် မောင်မောင်အုန်းကို အရေးပေါ် ကျင်းပသည့် ရခိုင်လွှတ်တော်တွင်ဇွန်လ ၂၅ ရက်နေ့က တွေ့ရစဉ် (ဓါတ်ပုံ- နိရဉ္စရာ)

၂၀၁၄ ခုနှစ် ဇွန်လ ၂၅ ရက်နေ့က ကျင်းပခဲ့တဲ့ ရခိုင်ပြည်နယ် အရေးပေါ် လွှတ်တော် အစည်းအဝေးမှာ ဗိုလ်ချုပ်မောင်မောင်အုန်းကို ရခိုင်ပြည်နယ် ၀န်ကြီးချုပ် အဖြစ် ခန့်အပ်ဖို့ နိုင်ငံတော် သမ္မတကြီးက အဆိုပြုခဲ့ပါတယ်။ အဲဒီနေ့ လွှတ်တော်အစည်းအဝေး အပြီးမှာ ၀န်ကြီးချုပ် အဖြစ် အဆိုပြုခံထားရတဲ့ ဗိုလ်ချုပ်မောင်မောင်အုန်းကို Narinjara က တွေ့ဆုံမေးမြန်းခွင့်ရခဲ့ပါတယ်။ ဗိုလ်ချုပ်မောင်မောင်အုန်းက မေးတဲ့ မေးခွန်းတွေကို ခုလိုဘဲ ဖြေကြားခဲ့ပါတယ်။

(မေး – ရခိုင်ပြည်နယ်ကတည်ငြိမ်မှုလည်းမရှိဘူး။ ဖွံ့ဖြိုးတိုးတက်မှုလည်း အရမ်းနောက်ကျနေပါတယ်။ အဲဒါကြောင့် ဗိုလ်ချုပ်အနေနန့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဖြစ်လာပြီဆိုရင်  ဘယ်ဟာကိုစပြီးတော့ အကောင်အတည်ဖေါ် ဆောင်ရွက်သွားဖို့ စီစဉ်ထားပါသလဲ။)

ဖြေ – တစ်ချို့က ကျနော်ကိုပြောကြတာပေါ့နော်။ ၀န်ကြီးချုပ်တာဝန်ထမ်းဆောင်တဲအခါမှာ ရခိုင် တိုင်းရင်းသား မဟုတ်တဲ့အတွက် ရခိုင်တိုင်းရင်းသားတွေရဲ့ အကျိုးစီးပွားကို ထိထိရောက်ရောက် ကာကွယ်နိုင်ပါ့မလားဆိုပြီး တစ်ချို့လည်းကျနော်ကို သံသယရှိတာလေးတွေရှိပါတယ်။ အဲဒါလည်း ကျနော်နားလည်ပါတယ်။ သို့သော်လည်း ကျနော်က ရခိုင်ကိစ္စနဲ့ ပတ်သက်ပြီးရင် တပ်မတော်မှာ နေစဉ် ကာလကရော၊  ကျနော်နယ်စပ်ရေးရာ ဒုတိယ၀န်ကြီးတာဝန်ကို ထမ်းဆောင်တဲ့အခါမှာရော ရခိုင်ကိစ္စကို ကျနော် ထဲထဲဝင်ဝင်သိပါတယ်။ ကျနော်ကရခိုင်သားမဟုတ်ပေမယ့်လဲ ကျနော့် ခန္ခာကိုယ်ထဲမှာ စီးနေတဲ့ သွေးတွေက ရခိုင်သွေးတွေလို့ပြောရင်လည်း မမှားဘူး။ သာမန်ရခိုင်တိုင်းရင်းသားတစ်ယောက်ထက် ပိုပြီးတော့ ကျနော်ကရခိုင်ရေးရာကို သိတယ်၊ ခံစားမှုရှိတယ်။ ဒါတွေရှိတဲ့အတွက် ကျနော်အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်သွားမှာပါ။

ပထမဦးဆုံးကျနော်လုပ်ရမယ့် တာဝန်ကတော့ တိုင်းရင်းသားတွေရဲ့ နိမ့်ကျနေတဲ့ စီးပွားရေးပေါ့နော်။ လူမှုစီးပွားဘ၀ကို တိုးတက်အောင်လုပ်ရမယ်။ အခုကျနော် Development Plan တွေ အများကြီး လုပ်တော့မယ်။ ကျနော် မနက်ဖြန် ဇွန်လ  ၂၆ ရက်နဲ့  ၂၇ မှာ ဆိုရင် ရန်ကုန်မှာ ငြိမ်းချမ်းရေးစင်တာ (Myanmar Peace Center) မှာ ရခိုင် Action Plan ကိစ္စကို ကျနော်တို့ ဒီက မြို့မိမြို့ဖတွေကိုခေါ်ထားတယ်။ ပြီးရင် သံအမတ်ကြီးတွေ၊ ယူအန်အဖွဲ့တွေ၊ နိုင်ငံတော်အစိုးရ ဒါတွေနဲ့ ပေါင်းစည်းပြီးတော့မှ ရခိုင် ဒေသကြီးကို ဘယ်လို တိုးတက်အောင်လုပ်မလဲ။ ယနေ့ နိုင်ငံတော်သမ္မတကြီးကလည်း ရခိုင်ပြည်နယ် အရေးဟာ နိုင်ငံတော်မှာ ပထမ အရေးအကြီးဆုံး။ ရခိုင်ဒေသကို တည်ငြိမ်ပြီး တိုးတက်အောင် လုပ်ရမယ်။ ကျနော်ကိုလည်း တာဝန်ပေးတဲ့ အခါမှာလည်း နိုင်ငံတော်ဆင့်အနေနဲ့ သော်လည်းကောင်း၊ နိုင်ငံတကာနဲ့ သော်လည်းကောင်း၊ ရခိုင်ဒေသကြီးကိုတည်ငြိမ်အောင်လုပ်ဖို့လိုပြီ။ ကျနော် ပထမဦးဆုံး လုပ်ရမှာကတော့ ရခိုင်ဒေသကြီး တည်ငြိမ်တိုးတက်မှုကို ကျနော် ဦးဆုံးလုပ်ပါမယ်။ အဲဒါနဲ့ တစ်ပြိုင်တည်း ဟန်ချက် ညီညီနဲ့တော့  ဒီမှာ အခုဖြစ်ပေါ်နေတဲ့ Conflict ပေါ့။ ဒါကိုလဲ အတတ်နိုင်ဆုံးလျော့ပေါ့သွားအောင်၊ ပြီးရင် ကျနော်တို့ နိုင်ငံရဲ့ ဂုဏ်သက္ခာ နိုင်ငံတကာမျက်နှာစာမှာလည်းမကျအောင် ကျနော်ကတော့ ဒါကို သမာသမတ် ကျကျနန့်လုပ်သွားမှာဖြစ်တယ်။ အဓိကတော့ ဒီဟာလုပ်တာကတစ်ပိုင်းပါ၊ သို့သော်လည်း ကျနော်တို့ တိုင်းရင်းသားတွေရဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ ခံစားနေတဲ့ လိုလားချက်တွေအတွက်ကို အခုတော Development Plan ကို ဦးဆုံးသွားပြီးတဲ့ အခါကျမှ ဟိုဘက်ကတော့ ဟန်ချက်ညီညီ တစ်ပြေးညီ သွားဖို့တော့ စီမံ ဆောင်ရွက်ထားပါတယ်။

(မေး- ရခိုင်ပါတီတွေကလည်း ရခိုင်အမျိုးသားမဟုတ်တဲ့ အတွက် ဆန်ကျင်ကန့်ကွက်တဲ့ အနေအထား မျိုးနဲ့  ပြောဆိုနေတာတွေလည်း ရှိပါတယ်။ အဲဒီ အပိုင်းကိုရော ကိုဗိုလ်ချုပ်အနေနဲ့  ဘယ်လို စည်းရုံးသွားဖို့ အစီအစဉ်များ ရှိပါသလဲ။)

ဖြေ – အမှန်တော့ စည်းရုံးစရာမလိုပါဘူးဗျ။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့တွေပြောတာတွေကိုလည်း ကျနော်က မှားတယ်လို့ မပြောချင်ပါဘူးခင်ဗျာ။ ရခိုင်ပြည်နယ်မှာ ရခိုင်တိုင်းရင်းသား အုပ်ချုပ်တယ်ဆိုတာဟာ Truth ပါဘဲ။ အမှန်တရားပါပဲ။ အခုကျနော်ဒီကိုလာပြီးတော တာဝန်ထမ်းဆောင်တယ်ဆိုတာကလည်း တကယ်တော့ ဒီလက်ရှိ အစိုးရရဲ့ ကျန်နေသေးတဲ့ တာဝန် တစ်နှစ်ခွဲ နီးပါးကာလမှာအခုဖြစ်ပေါ်နေတဲ့ Conflict လုံခြုံရေး ကိစ္စတွေ၊ Development Plan တွေ ဒါတွေအားလုံးကို နိုင်ငံတော်ကိုယ်စား ကျနော်က ယာယီထိန်းပေးတဲ့ သဘောမျိုးလို့ ကျနော်က ယူဆတယ်။ ကျနော် ဒီအစိုးရ တစ်နှစ်ခွဲ သက်တမ်းမှာ အကောင်းဆုံးဖြစ်အောင် ကျနော်လုပ်ပေးမယ်။ ပြီးရင် ကျနော်တို့ရရှိတဲ့ အမွေကောင်းတွေကို လာမဲ့ရွေးကောက်ပွဲကျရင် တက်လာမယ့် အစိုးရကို လွှဲပြောင်းပေးမှာပါ။  နောင်တက်လာမယ့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ကလည်း ရခိုင်တိုင်းရင်းသားဘဲ ဖြစ်မှာပါ။ ဖြစ်ပေါ်လာတဲ့ ၀န်ကြီးချုပ်အသစ်ကို ဗဟိုအစိုးရ ကိုယ်စား ကျနော်ကနေပြီးတော့ အကောင်းဆုံး လွှဲပေးဖို့ ဖြစ်ပါတယ်။ ရခိုင်တိုင်းရင်းသား ၀န်ကြီးဦးလှမောင်တင်ကို သုံးနှစ်ခွဲလောက် တာဝန်ပေးတဲ့ အခါမှာလည်း အခုဖြစ်ပေါ်နေတဲ့ Conflict ရဲ့ အနေအထားအရ Progress နည်းခဲ့တဲ့ အတွက် ကျန်တဲ့ အချိန်မှာတော့ ယခင်တုန်းက ကိုလှမောင်တင်လည်း ပြည်နယ်အဆင့် ရုန်းနေရတဲ့ အခါကျတော့ အခက်အခဲ ရှိခဲ့တာပေါ့ လေ။ ယနေ့ နိုင်ငံတော်သမ္မတကြီးက နိုင်ငံတော်အဆင့်အနေနဲ့ အကုန်းလုံးအပေါ်က Back up ပေးပြီးတော့မှ ရခိုင်တိုင်းရင်းသားတွေရဲ့ လူနေမူ့ ဘ၀ကို တိုးတက်ဖို့ပြောပြီ။   အရေးကြီးတာကတော့ ကျနော်အခုလုပ်ရမဲ့ အရေးကြီးဆုံး ခံယူချက်ကတော့ ရခိုင် တိုင်းရင်းသားတွေရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့ဘဲ။ ယနေ့ကျနော် ရခိုင်ဝန်ကြီးချုပ်ဖြစ်တဲ့အခါမှာ ရခိုင်တိုင်းရင်းသားတွေကို ကတိပေးပါမယ်။ ရခိုင်တိုင်းရင်းသားများရဲ့ ဆန္ဒကိုကျနော်ရှေ့တန်းတင်ပါ့မယ်၊ ရခိုင်တိုင်းရင်းသားများရဲ့ အကျိုးစီးပွားကို ကျနော် ဦးထိပ်ထား ဆောင်ရွက်မယ်။ သို့သော်လည်း ဆောင်ရွက်တဲ့ အခါမှာတော့ ကျနော်ဟာ ၀န်ထမ်းတစ်ယောက်ဖြစ်တဲအတွက် သမာသမတ်ကျကျနဲ့ ဆောင်ရွက်သွားပါမယ်။ သမ္မတကြီးမှာ ထားတာတစ်ခု ရှိပါတယ်။

နံပတ်နစ်က (၁) အမျိုးသားအကျိုးစီးပွား (National Interest) ကိုဆောင်ရွက်ရမယ်။  နံပတ် (၂) နိုင်ငံတကာစံနူန်း၊ ကျနော်တို့နိုင်ငံဟာ ကမ္ဘာ့ကုလသမဂ္ဂ နိုင်ငံဖြစ်တဲ့အတွက် နိုင်ငံတကာ စံနူန်းကို ပစ်ပယ်လို့လည်း မရဘူး။  နံပတ်(၃)  ဖွဲစည်းပုံအခြေခံဥပဒေပေါ့နော်။ ဒါတွေနဲ့ ဆောင်ရွက်ရမယ်။

တစ်ချို့ကလည်း ပြင်ဆင်ချင်တယ်ပြောတယ်၊ ကျနော်တို့က ပြင်ပြင်၊ မပြင်ပြင် ရှိနေတဲအခြေခံဥပဒေအတိုင်း ဆောင်ရွက်မှာ။ ဒီတောကျနော်နဲ့ အားလုံး ရခိုင်တိုင်းရင်းသားတွေရဲ့ အမျိုးသားအကျိုးစီးပွာကို ကာကွယ်တဲ့ အခါမှာတော့ ကျနော်အခုနားကပြောတဲ့ အခြေခံ အချက်သုံးချက်နန့် ဆောင်ရွက်မယ်။ သို့သော် ဘယ်လိုပဲ ဖြစ်ဖြစ် နံပါတ်တစ်အရေးကြီးဆုံးကတော National Interest ရခိုင်တိုင်းရင်းသားတွေရဲ့ အမျိုးသား စီးပွားကိုတော့ ကျနော် ဦးဆုံးဖော်ထုတ်ပါမယ်။ ယနေ့ ရခိုင်တိုင်းရင်းသားတွေရဲခံစားမှုကို ကျနော် နားလည်တယ်။ ကျနော်ကိုတစ်ချို့ကပြောကြတယ် ဗိုလ်ချုပ်က နိုင်ငံဝန်ထမ်းဆိုတော့ နိုင်ငံတကာ မျက်နှာကို ဗိုလ်ချုပ်က ကြည့်တာပေါ့၊ ကျနော်တို့က ရခိုင်တိုင်းရင်းသားတွေဆိုတော့ ရခိုင်တိုင်းရင်းသားကိုပဲကြည့်တယ်လို့ ပြောကြတယ်။ သူ့ကိုကျနော် အပြစ်မမြင်ပါဘူး။ ကျနော်ပြောပြတယ် နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်တယ် ဆိုတာက တကယ်တော့ ရခိုင်တိုင်းရင်းသားတွေရဲ့ အကျိုးစီးပွားပါဘဲ။  ရခိုင်ဒေသကြီး တည်ငြိမ်အေးချမ်းဖို့၊ တိုးတက်ဖို့ ရခိုင်တိုင်းရင်းသားတွေရဲ့ လူနေမှုဘ၀ကို မြှင့်တင်ဖို့ ကျနော်တို့နိုင်ငံတကာနဲ့ နိုင်ငံတော်အဆင့် ချိတ်ဆက်တဲ့ သဘောပါပဲ။ ကျနော်တို့ကမျက်နှာလိုချင်လို့ မဟုတ်ပါဘူး။ အရေးကြီးတာက ကျနော်တို့ အလုပ်ပေါ့။  သမ္မကြီးပြောတဲ့ စကားတစ်ခွန်းရှိတယ်။ ဒါက Census ကောက်တုန်းကပေါ့။ သန်း(၆၀)သော လူထူမျက်နှာနဲ့ နိုင်ငံတကာမျက်နှာ ဘယ်သူ့ကြည့်မလဲ။ ကျနော်တို့ရဲ့ သမ္မတကြီးရော၊ လူကြီးတွေ အားလုံးကရော သန်း(၆၀)သော တိုင်းရင်းသား ပြည်သူ မျက်နှာကိုကြည့်ပါတယ်။ ကျနော်လည်း တိုင်းရင်းသား မျက်နှာကိုကြည့်ပါမယ်။ သို့သော် ကျနော်တို့ အခုသွားနေတဲ့ ဒီမိုကရေစီ လမ်းကြောင်းကြီး နုနယ်သေးတဲ့ အတွက် ကျနော်တို့အစိုးရ၏ (၃) နှစ် သက်တမ်း ကာလမှာတော့ အခက်အခဲတွေ၊ ပြဿနာတွေ၊ အခက်အခဲတွေ ပေါင်းစုံရှိတဲ့အခါမှာ ပြည်သူနဲ့၊  တိုင်းရင်းသားနဲ့ အစိုးရ ပူးပေါင်း ဆောင်ရွက်မှုတွေလိုပါတယ်။ အပြန်အလှန်ယုံကြည်နားလည်မှုတွေရှိတယ်လို့တော့ ကြုံတုန်း ကျနော် ပြောကြား လိုပါတယ်။

(မေး- ရခိုင်လူထူတွေက အဓိကအားဖြင့် ဘဂါင်္လီတွေနဲ့ ဖြစ်နေတဲ့ ပြဿနာပေါ့နော်။ အဲဒီ ပြဿနာကို ဘယ်လို ကျော်လွှား ဖြေရှင်းနိုင်မလဲ။ ဒါကို တည်တည်ငြိမ်ငြိမ်နဲ့လည်း ဖြစ်စေချင်တဲ့ ဆန္ဒတွေ ရှိနေကြပါတယ်။  အဲဒီတော့ ဗိုလ်ချုပ်တို့ တစ်နှစ်ခွဲ သက်တမ်း ကာလမှာ ဒီဘဂါင်္လီနဲ့ ဖြစ်နေတဲ့ ကိစ္စတွေကို ဖြေရှင်းနိုင်မယ်လို့ ယုံကြည် မျှော်လင့်ထားပါသလား။)

 ဖြေ – ဖြေရှင်းနိုင်လိမ္မယ်လို့ ကျနော်ယုံကြည်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ ယနေ့ ကျနော်တို့ ၁၉၈၂ ဥပဒေအရ ဆောင်ရွက်နေတဲ့ အရာတွေရှိတယ်။ ဒါတိုင်းရင်းသားများ ဆန္ဒအရလည်း ရှိတယ်၊ ဘဂါင်္လီတွေမှာလည်း ဒီလိုဆန္ဒတွေရှိကြတယ်။  နိုင်ငံတကာမှာလည်း ဒီလိုဆန္ဒတွေရှိတယ်။ ဒီတော့ ကျနော်တို့နိုင်ငံသည် တရားဥပဒေစိုးမိုးသော နိုင်ငံ၊ ကျနော်တို့နိုင်ငံမှာ အချုပ်အချာရှိတယ်။  အာဏာရှိတယ်၊ တရားဥပဒေ ရှိတယ်၊ ဒီတိုင်းသွားမယ်။ ဒီတော့ ဒီကိစ္စကိုလည်း ယနေ့တိုင် ၁၉၈၂ ဥပဒေအရ ဥပဒေ ဘောင်အတိုင်း လုပ်သွားမယ်။ လုပ်သွားလို့ရှိရင်လည်း မှန်ကန်သောသူများကိုလည်း သူ့ရဲ့ လုပ်ထုံး လုပ်နည်း အတိုင်းသာ ကျနော်တို့ကစီမံဆောင်ရွက်ပေးသွားမှာပေါ။ မမှန်တဲ့ သူတွေကိုလည်း မမှန်လို့ သွားရမှာပေါ့။  သို့သော် ကျနော်တို့ နိုင်ငံသည် ကမ္ဘာ့ကုလ သမဂ္ဂ၀င်နိုင်ငံဖြစ်တယ်။ ဒီတောကမ္ဘာ့ကုလသမဂ္ဂရဲ့ စည်းမျဉ်း စည်းကမ်းတွေကို ကျော်လွန်လို့မရဘူး။ ကျနော်တို့နိုင်ငံဟာဘယ်လောက်ပဲ ခေတ်မီ တိုးတက်ပေမဲ့ ကျနော်တို့ နိုင်ငံသည် နိုင်ငံကြီးသားပီသဖို့လည်း လိုသေးတယ်။ ပြီးခဲ့တဲ့ Sea Game ပွဲကြီးတွေ၊ ယနေ့ အာဆီယံ ဥက္ကဌ၊ အာဆီယံ ဥက္ကဌဆိုတာ အာဆီယံ(၁၁)နိုင်ငံမှာကျနော်တို့ နိုင်ငံကို လူရိုသေရှင်ရိုသေ ဥက္ကဌနိုင်ငံပေးထားတာ နိုင်ငံကြီးသားပီသလို့ ပေးထားတာ။ အဲဒီလို မဟုတ်ရင်တော့ ဘယ်အာဆီယံနိုင်ငံတွေက ဘယ်ဥက္ကဌ တာဝန်ပေးမှာလဲ။ ဒါကိုကျနော် ဒီလိုမျိုးယုံကြည်တယ်။ ဒီတော့ ကျနော်တို့ တစ်ထွေဟာ ဆောင်ရွက်တဲ့အခါမှာ နိုင်ငံကြီးသား ပီသဖို့နဲ့ အမုန်းတရားတွေကို ရင်ထဲမှာထားပြီးတော့ သင်ခန်းစာ ဖော်ထုတ်ဖို့လိုတယ်။ အမုန်း တရား မရှိဘူးဆိုရင် ကျနော်ကိုယ်ချင်းမစာပြောဦးမယ်။ ကျနော်ကိုယ်ချင်းစာတယ်။ ကျနော် ယခင် တပ်မတော်မှာ နေတုန်းကလည်း (နစက)ကို ကွပ်ကဲခဲ့တဲအခါမှာအခြေအနေအားလုံးကို ကျနော် ထဲထဲ ၀င်ဝင်သိတယ်။ ကျနော်ရင်ထဲမှာလည်း ခံစားမှုတွေအပြည့်ရှိတယ်။ ဒါပေမဲ့ဒါတွေဟာ ပုဂ္ဂလိက လူတစ်ယောက်ရဲ့ ခံစားမှုတွေပါပဲ။ ကိုယ့်နိုင်ငံကိုယ့်လူမျိုး  ကိုယ့်ဘာသာ သာသနာ စောင့်ရှောက်မယ် ဆိုရင်တော့ အမုန်းတရားတွေကိုဖြေလျှော့ပြီးခါမှ အကျိုးဖြစ်စေတဲ့ အတွေးခေါ်တွေနဲ့ လုပ်မယ်ဆိုရင် အနာဂတ်မှာ တိုးတက်မှုရှိမှာပေါ့နော်။ ဒီလိုမဟုတ်ဘဲနဲ့ အမုန်းတရားတွေကိုပဲ အမုန်းတရားနဲ့၊ အမုန်းတရား ပလပ်စ် plus ဆိုရင်  အမုန်းတရားဆိုတော့ Equal အမုန်းကြီးဖြစ်သွားမှာပေါ့ဗျာ။ ဒါလေးကို ကျနော် ပြောချင်တယ်။ ဒီတော့ အမုန်းတရားကို ရင်ထဲမှာထားပြီးရင် အနာဂါတ် ဆွေစဉ်မျိုးဆက် ကိုယ့်ရဲ့ ရခိုင်မျိုးဆက်တွေအတွက်ကို ကောင်းကောင်း အမွေပေးနိုင်အောင် ကျနော်တို့ အခုအနေအထားမှာ အားလုံး ပူးပေါင်း ဆောင်ရွက်ဖို့တောလိုမယ်လို့ ကျနော်ပြောချင်ပါတယ်။

 (မေး- ၀န်ကြီးချုပ်အနေနဲ့ နောက်ဆုံး ရခိုင်ပြည်သူပြည်သားတွေကို ဘာတွေ ပြောလိုပါသလဲ။)

 ဖြေ – ကျနော်ရခိုင်တိုင်းရင်းသားမိဖပြည်သူများကိုကျနော် ပြောချင်တာက ကျနော်ဝန်ကြီးချုပ်မဖြစ်သေးပါဘူး။ တပ်မတော်သား ကိုယ်စားလှယ်အနေနန့် ယနေ့လွှတ်တော်မှာအဆိုတင်သွင်းတဲ့ အနေအထားပဲရှိပါသေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တာဝန်ပေးလာပြီဆိုရင်တော ကျနော်ရခိုင်တိုင်းရင်းသားမိဖပြည်သူများရဲ့ အကျိုးစီးပွားကို အသက်နဲ့ လဲပြီး ကာကွယ်စောင်ရှောက်ပါမယ်။ ရခိုင်ဒေသကြီး တည်ငြိမ်တိုးတက်အောင် ကျနော် အစွမ်းကုန် ကြိုးစားမယ်။ ရခိုင်တိုင်းရင်းသားတွေရဲ့ ဆန္ဒကို ကျနော့်ရင်ထဲမှာ အမြဲတမ်း ရှေ့တန်းကတင်ပြီး ဆောင်ရွက် ပါ့မယ်။ နိမ့်ကျနေတဲ့ ရခိုင် တိုင်းရင်းသားများရဲ့ လူမှုစီးပွားဘ၀ကိုလည်း အတတ်နိုင်ဆုံး ဆွဲတင်မယ်။ ပြီးတော့ တစ်ဖက်ကလည်း အခုဖြစ်ပေါ်နေတဲ့ Conflict တွေပေါ့။ ခံစားနေတဲ့ မုန်းတီးမှုတွေ အားလုံးကိုလည်း ကျနော်လုံးဝမပစ်ပယ်ဘူး ကျနော်လုပ်ဆောင်မှု လုပ်ငန်းတိုင်းမှာ Conflict ရဲ့ခံစားမှုကို ရင်ထဲမှာထားပြီးတော့မှ ဟိုဖက်က အကျိုးရှိစေမဲ့ လုပ်ငန်းတွေကို ဘယ်လိုလုပ်မယ်ဆိုတာကို ကျနော်အမြဲတမ်း တွေးတော စီမံဆောင်ရွက်သွားမယ်။ ဒီမှာရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်အစိုးရ၊ မြို့မိမြို့ဖ၊ ကွန်ယက်တွေ ဒီအဖွဲတွေနဲ့ ပေါင်းစည်းပြီးတော့ ရခိုင်ဒေသကြီးကို တည်ငြိမ်တိုးတက်အောင် ဘယ်လို လုပ်ကြမလဲ။ ဒီလို အရာရာမှာ ကျနော်က ရခိုင်တိုင်းရင်းသားများနဲ့ တိုင်ပင်ပြီးတော့မှ ရခိုင်ပြည်နယ်ကြီးကို အကောင်းဆုံး ဖြစ်အောင် ကြိုးစားဆောင်ရွက်သွားပါမယ်လို့ ကဓိပြုလိုပါတယ်။ ကျနော်သည် လာမည့် ၂၀၁၅ ကျရင် တက်လာမဲ့ ပြည်နယ်အစိုးရသစ် ၀န်ကြီးချုပ်က ရခိုင်တိုင်းရင်းသားဖြစ်ဖြစ် ဦးဆောင်မယ့် ပြည်နယ် အစိုးရ အသစ်ကိုလာမဲ့ရွေးကောက်ပွဲမှာလွှဲပြောင်းတဲအခါ ရခိုင်ဒေသကြီးဟာ ချက်ချင်းကိုပြောင်းလဲပြီးတောမှ ယနေ့ဟာရခိုင်ပြည်နယ်သည် ဒုတိယ အဆင့် နိမ့်ကျ  တယ်လို့ ပြောနေကြတယ်။ အပေါ်တက်အောင် ကျနော်ကြိုးစားမယ်။ ယနေ့နိုင်ငံတော်အတွက် ကျနော်ကို လုပ်ပိုင်ခွင့်အာဏာပေးထားပြီဆိုတော့ လာမယ့် ၂၀၁၅ အလွန်ကျရင်တော့ ရခိုင်ပြည်နယ်ကြီးဟာ အဆင့် တစ်ဆင့် တိုးတက်ပြီးတော့မှ လာမယ့် ပြည်နယ်ဝန်ကြီးချုပ်က ကောင်းမွန်တိုးတက်တဲ့ ရလဒ်တွေကို သူဆုပ်ကိုင်ပြီး ဒီထက်တိုးတက်အောင် ဆောင်ရွက်သွားနိုင်အောင် ကျနော့် သက်တမ်းကာလမှာ အတတ်နိုင်ဆုံး ကြိုးစားဆောင်ရွက်သွားပါမယ်လို့ ကျနော် ကတိသစ္စာပြုကြောင်း ပြောကြားလိုပါတယ်။



(ပြီး)

Narinjara

သင်္ဘောသားလုပ်သက် မှတ်တမ်းနှင့် လက်မှတ်အတု ကိုင်ဆောင်သူများ သင်္ဘောလိုက်ခွင့် ပိတ်သိမ်းမည်


သင်္ဘောသားလုပ်သက် မှတ်တမ်းစာအုပ်နှင့် သင်္ဘောသားကျွမ်းကျင်မှု လက်မှတ်အတု ကိုင်ဆောင်သူများကို ဒဏ်ကြေးဖြင့် အရေးယူရာမှ သင်္ဘောလိုက်ခွင့်ပိတ်သိမ်းသည်အထိ ပြောင်းလဲအရေးယူသွားမည်ဟု သတင်းရရှိသည်။


သင်္ဘောသား လုပ်သက် မှတ်တမ်းစာအုပ် (CDC)၊ တတ်ကျွမ်းမှုလက်မှတ်(COP)နှင့်  သင်္ဘောသားကျွမ်းကျင်မှုလက်မှတ် (COC) တို့ကို အတုကိုင်ဆောင်သူများကိုထောင်ဒဏ် (သို့မဟုတ်) ဒဏ်ကြေးသိန်းဂဏန်းဝန်းကျင်ဖြင့် အရေးယူ လျက်ရှိရာမှ သင်္ဘောလိုက်ခွင့် ယာယီပိတ်သိမ်းသည်အထိပြောင်းလဲအရေးယူသွားမည်ဟု ရေကြောင်း ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးကပြောသည်။

  ထိုသို့ အရေးယူရာတွင် သင်္ဘောသား လုပ်သက်မှတ်တမ်း စာအုပ် (CDC) နှင့် သင်္ဘောသား ကျွမ်းကျင်မှုလက်မှတ်(COC)အ တုကိုင်ဆောင်သည်ကို တွေ့ရှိပါ က  တရားစွဲဆိုအရေးယူမည်ဖြစ်ပြီး  တတ်ကျွမ်းမှုလက်မှတ် (COP)ကိုင်ဆောင်သည်ကို တွေ့ရှိပါကအကြိမ်ရေပေါ်မူတည်၍ တစ်နှစ်မှ   ရာသက်ပန်အထိ သင်္ဘောလိုက်ခွင့်ပိတ်သွားမည်ဟု ၎င်းကပြောသည်။

‘‘အရင်တုန်းက ဒဏ်ကြေး နဲ့ အရေးယူခဲ့တော့ တော်တော် များများက လွယ်လင့်တကူ လုပ် နေကြတာ၊ အခုကတော့ အရေး ယူတာလျှော့ပေးမှာ မဟုတ်တော့ ဘူး’’ ဟု ညွှန်ကြားရေးမှူးက ပြောသည်။

လက်မှတ်အတု ကိုင်ဆောင် မှုများမှာ ယခင်ထက်များပြား လာပြီး ဂျပန်နိုင်ငံသို့ ၀င်ရောက်သည့်သင်္ဘောများမှ မြန်မာသင်္ဘောသားအချို့မှာ  သင်္ဘောသားကျွမ်းကျင်လက်မှတ်များနှင့် သင်္ဘောသား လုပ်သက်စာအုပ် အတုကိုင်ဆောင်သူများ တွေ့ရှိလာ၍ အရေးယူနိုင်ရန် ဂျပန်ရေကြောင်းဌာနကလည်း အကြောင်းကြားထားကြောင်း၎င်းကပြောသည်။

ထို့အပြင် ဖေဖော်ဝါရီလက ကျောက်တံတားမြို့နယ် ၃၈ လမ်းရှိ တရားမ၀င်သင်္ဘောသား စေလွှတ်သည့် ရုံးခန်းကို စစစက ၀င်ရောက်ဖမ်းဆီးခဲ့ရာ CDC နှင့် သင်္ဘောသားကျွမ်းကျင်မှု လက် မှတ်အတုများလည်း တွေ့ရှိခဲ့သည့်အတွက် ထိုသို့ပြောင်းလဲ အရေးယူခြင်းဖြစ်ကြောင်း သိရသည်။

7day daily

ကားရှစ်စီး ဆင့်တိုက်မှု ဖြစ်ပွား


ရန်ကုန်- ရန်ကုန်မြို့ ပြည်လမ်း ပြည်သူ့ရင်ပြင်ရှေ့တွင် ယနေ့နံနက် ၁၀ နာရီ ၄၅ မိနစ်ဝန်းကျင်တွင် ကားရှစ်စီး ဆင့်တိုက်မှု ဖြစ်ပွားခဲ့သည်။

ပြည်သူ့ရင်ပြင်နှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရရုံးတို့ရှေ့ ပြည်လမ်းဆူးလေဘက်သို့ သွားသော လမ်းမဘက်ခြမ်းတွင် လင်ခရူဆာဆိုက်ကနက်စ်ကားက ပွိုင့်မိ၍ရပ်နေသော ကားများကို ဆက်တိုက် တိုက်မိခဲ့ခြင်းဖြစ်ပြီး ထိုကားအပါအ၀င် အိမ်စီးကားခြောက်စီး၊ အငှားကားနှစ်စီး  စုစုပေါင်းရှစ်စီး ဆင့်တိုက်ခဲ့ခြင်းဖြစ်ကြောင်း အခင်းဖြစ်ပွားရာနေရာမှ 7Day Daily သတင်းထောက်က သတင်းပေးပို့သည်။

ယာဉ်တိုက်မှုကြောင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ပြီး ရှင်စောပုလမ်းနှင့် အလုံလမ်းကြား ပြည်လမ်းပိုင်းကို ၄၅ မိနစ်ခန့် ပိတ်ခဲ့ကာ ယခုအခါ လမ်းပြန်ဖွင့်လိုက်ပြီဖြစ်သည်။

ယာဉ်တိုက်မှုစတင်ဖြစ်ပွားခဲ့သော ဆိုက်ကနက်စ်ကားမောင်းသူကို ခေါ်ယူစစ်ဆေးနေပြီဖြစ်ကြောင်း သတင်းရရှိသည်။

(နောက်ဆက်တွဲ ဖြစ်စဉ်များကို ဆက်လက်ဖော်ပြပါမည်။)

7day daily





ပြည်တွင်းရှိ တိုက်ခိုက်ရလွယ်ကူသော ၀က်ဘ်ဆိုက်များတွင် ဘဏ်များနှင့် နာမည်ကြီးကုမ္ပဏီများ ပါဝင်နေဟုဆို



မြန်မာနိုင်ငံရှိ နာမည်ကြီးဘဏ်များနှင့် ကုမ္ပဏီများ၏ ၀က်ဘ်ဆိုက် လုံခြုံရေးကိုထိုးဖောက်ကြည့်ရာတွင် ဟက်ကာများ တိုက်ခိုက်၍ရသော ၀က်ဘ်ဆိုက်အမျိုးအစားတွင် ပါဝင်နေသည်ကို တွေ့ရကြောင်း စင်ကာပူနိုင်ငံ  အခြေစိုက် Cyber Security ကုမ္ပဏီတစ်ခုဖြစ်သည့် EyeD က ဆိုက်ဘာလုံခြုံရေးဆိုင်ရာ မိတ်ဆက်ပွဲတွင် ပြောကြားလိုက်သည်။


‘‘ကျွန်တော်တို့ နာမည်ကြီး ၀က်ဘ်ဆိုက်တွေရဲ့ လုံခြုံရေး ထိုးဖောက်ကြည့်တဲ့အခါမှာ ဖောက်လို့ရတဲ့ အမျိုးအစားထဲမှာ ပါဝင်နေပါတယ်။ နာမည်ကြီး ဘဏ်များနဲ့ ကုမ္ပဏီတွေပါနေတာကိုလည်းတွေ့ရတဲ့အတွက် မြန်မာနိုင်ငံရဲ့ Cyber Security အင်မတန်အားနည်းနေတာကို တွေ့ရပါတယ်’’ ဟု EyeD ကုမ္ပဏီနှင့် ပြည်တွင်း မိတ်ဖက်ကုမ္ပဏီ တစ်ခုဖြစ်သော SDI မန်နေဂျင်းဒါရိုက်တာ Dr. မာတင်ကျော်နန္ဒက ပြောသည်။

လက်ရှိတွင် Cyber Security အားနည်းသော မြန်မာနိုင်ငံမဆိုထားနှင့် ကမ္ဘာ့နာမည်ကြီး ကုမ္ပဏီကြီးများဖြစ်သည့် DBS, PosB, Stand Bank နှင့် E-Bay ကဲ့သို့ ကုမ္ပဏီများပင် Cyber တိုက်ခိုက်မှုကို ခံနေရသည့်အတွက် အွန်လိုင်းပေါ်မှ ငွေပေးချေခြင်းနှင့် အွန်လိုင်းဘဏ်စနစ်တို့ကို စတင်ဆောင်ရွက်နေသည့် မြန်မာနိုင်ငံအနေဖြင့် ယခုထက်ပို၍ Cyber Se-curity ကို မြှင့်တင်သွားရန် လိုအပ်နေကြောင်း EyeD ကုမ္ပဏီက အဆိုပါပွဲတွင် အကြံပြုခဲ့သည်။

‘‘မြန်မာနိုင်ငံမှာ အွန်လိုင်းငွေပေးချေမှုတွေကို စတင်လုပ် ကိုင်နေပြီး အများပြည်သူရဲ့ ငွေကြေးတွေကို အွန်လိုင်းပေါ်မှာ သုံးစွဲရမှာဖြစ်တဲ့အတွက် ၎င်းတို့အတွက် လုံခြုံရေးကို တိုးမြှင့်မ ထားဘူးဆိုရင် ပြည်သူတွေက ယုံကြည်မှုပျက်သွားပြီး ရေရှည်မှာ လုပ်ငန်းကို ထိခိုက်လာနိုင်ပါတယ်’’ ဟု Dr. မာတင်ကျော်နန္ဒ က ဆိုသည်။

မြန်မာနိုင်ငံတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို လုပ်ကိုင်ခွင့်ပြုနေပြီဖြစ်သောကြောင့် ပြည်တွင်း ကုမ္ပဏီများအနေဖြင့် အဆိုပါ ကုမ္ပဏီများဖြင့် ယှဉ်ပြိုင်၍ လုပ်ကိုင်သည်ဖြစ်စေ၊ လက်တွဲ၍ လုပ်ကိုင်သည်ဖြစ်စေ နိုင်ငံတကာအဆင့်မီ အသိအမှတ်ပြု လက်မှတ်များကို ရရှိအောင်လုပ်ထားရန် လိုအပ်ပြီး လုံခြုံရေးမြင့်မားသော ဆက်သွယ်ရေး၊ ဘဏ် နှင့် အိုင်တီလုပ်ငန်းများကို တိုး မြှင့်ဆောင်ရွက်ရန် လိုအပ်ကြောင်း EyeD က ဆိုသည်။

7day daily

သုံးနှစ်ကျော် အတွင်း လူကုန်ကူးခံရသူ (၁၀၀၀) ကျော်တွင် (၂၀၀) ခန့်မှာ လုံးဝ ကယ်တင်နိုင်ခြင်း မရှိသေး



မြန်မာနိုင်ငံတွင် ၂၀၁၁ ခုနှစ်မှ ၂၀၁၄ ခုနှစ် မေလကုန်အထိ လူကုန်ကူးခံရသူ တစ်ထောင်ကျော်တွင် နှစ်ရာခန့်မှာ လုံးဝ ကယ်တင်နိုင်ခြင်း မရှိသေးကြောင်း မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးအဖွဲ့ (ဗဟို) မှ သိရသည်။
အစိုးရသစ် တာဝန်ယူချိန်မှ စ၍ လူကုန် ကူးမှုအမှုပေါင်း (၃၉၀) မှုတွင် လူကုန်ကူးခံရသူ (၁၀၆၉) ဦးရှိခဲ့ပြီး၊ ကယ်တင်နိုင်ခဲ့သူ (၈၆၉) ဦး ရှိခဲ့ကာ လုံးဝ မကယ်တင်နိုင်သူမှာ (၂၀၀) ဦးရှိကြောင်း သိရသည်။
““အဲဒီလူတွေက ငါးဖမ်းသင်္ဘောတို့၊ တရားမ၀င် အလုပ်တွေလုပ်တဲ့ နေရာတို့မှာ ရောက်နေကြတာ။ စုံစမ်းလို့ ရတာပဲဖြစ်ဖြစ် လိုက်ကယ်လို့ရရင် ပြန်ပြီး ခေါ်ဆောင်ပေး နေပါတယ်”” ဟု လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး အဖွဲ့(ဗဟို) မှ ရဲမှူးအေးအေးမြင့်က The Messenger Media သို့ ပြောသည်။
ပြည်ပ နိုင်ငံများတွင် အဓမ္မ ထိမ်းမြား လက်ထပ်ခြင်း၊ အဓမ္မခိုင်းစေခြင်း၊ ပြည်တန်ဆာ လုပ်ငန်း လုပ်ကိုင်ခြင်းနှင့် ရောင်းချခံရခြင်း စသည့် နည်းအမျိုးမျိုးဖြင့် လူကုန်ကူးခံရသူ များအား နိုင်ငံတကာ ရဲတပ်ဖွဲ့များနှင့် ပူးပေါင်းကာ ပြန်လည် ကယ်တင်လျက်ရှိကြောင်း သိရသည်။
ပြန်လည် မကယ်တင်နိုင်သော သူများတွင် အများစုမှာ အမျိုးသမီးများ ဖြစ်ပြီး၊ အနည်းစုသည် အမျိုးသားများ ဖြစ်ကြောင်း၊ အဆိုပါသူများမှာ အဆင့်အဆင့် ရောင်းချခံရသူ များလည်း ပါဝင်ကြောင်း သိရသည်။
““ကိုယ့်နိုင်ငံမှာ အလုပ်အကိုင် အခွင့်အလမ်းတွေ၊ ဘ၀ရပ်တည်လို့ရတဲ့ လုပ်ခလစာတွေ ဒါတွေရှိရင် ဘယ်သူမှ ပြည်ပသွားလုပ်ချင်ကြမှာ မဟုတ်ဘူး။ အခုဒီလို ခံစားခွင့်တွေ မရှိတော့ ပွဲစားစကား နားယောင်ပြီး ရောင်းစားခံရရော””ဟု မလေးရှား နိုင်ငံတွင် နှစ်နှစ်ကျော် လုပ်ကိုင်ခဲ့သည့် ကိုအောင်မြင့်က ဆိုသည်။
အဆိုပါ လူကုန်ကူးမှုများသည် ပွဲစားများမှ ဖြားယောင်း သွေးဆောင်မှုများကြောင့် ပြည်ပနိုင်ငံ များထံ ရောင်းချခံရခြင်း ဖြစ်ပြီး၊ အများစုမှာ ကျေးလက် ဒေသများတွင် နေထိုင်သူများဖြစ်ကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးအဖွဲ့ (ဗဟို) မှ သိရသည်။
၂၀၁၁ ခုနှစ်တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လူကုန်ကူးမှု (၁၃၆) မှုဖြစ်ပွားခဲ့ပြီး၊ ၂၀၁၂ ခုနှစ်တွင် လူကုန်ကူးမှု (၁၂၀) မှု၊ ၂၀၁၃ ခုနှစ်တွင် လူကုန်ကူးမှု (၁၀၂) မှုနှင့် ၂၀၁၄ ခုနှစ် မေလကုန်ထိ လူကုန်ကူးမှု (၃၂)မှုဖြစ် ပွားခဲ့ကြောင်း သိရသည်။
ယင်းကဲ့သို့ ဖြစ်ပွားမှုများတွင် ရန်ကုန်၊ မန္တလေး၊ ကချင်၊ ပဲခူး စသည့်နေရာတို့တွင် အများဆုံး ဖြစ်ပွားခဲ့ပြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း ဒေသကြီးတို့တွင်လည်း အနည်းငယ်စီ ဖြစ်ပွားခဲ့ကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးအဖွဲ့ (ဗဟို) မှ သိရသည်။

Messenger News Journal

အ၀လွန်မှုကြောင့် အပေါက်ကျွံပြီး ဖမ်းဆီး ခံလိုက်ရတဲ့ သူခိုး


တရုတ်နိုင်ငံက သူခိုးတစ်ဦးဟာ အိမ်တစ်အိမ်ကို ဖောက်ထွင်းဖို့ ကြိုးစားရာမှာ အပေါက်ကျွံပြီး ပြန်မထွက်နိုင် ခဲ့တာမို့ ဖမ်းဆီး ခံလိုက်ရ တယ်လို့ သိရပါတယ်။ ချန်ဒူးမြို့မှာ ရှိတဲ့ နေအိမ် တစ်အိမ်ကို အသက် (၃၅)နှစ် အရွယ် ရှိပြီဖြစ်တဲ့ ယီဖူက ဖောက်ထွင်းဖို့ ကြိုးစားခဲ့ပါတယ်။ ယီဖူရဲ့ ကိုယ်အလေးချိန်က (၂၆၆) ပေါင်အထိ ရှိပါတယ်။ ယီဖူဟာ ဓား တစ်ချောင်းကို ကိုင်ပြီး ဖောက်ထွင်း ကိရိယာ တွေနဲ့ နေအိမ်ထဲကို ခိုးဝင်ခဲ့ပါတယ်။ ဒီလို သွားရာမှာ အသုံးမပြုတော့တဲ့ ဓာတ်လှေကား ပေါ်က အိမ်ခေါင်မိုးပေါ်ကို တက်ဖို့ ကြိုးစားခဲ့ ပါတယ်။ ဒါပေမဲ့ ယီဖူဟာ ကံမကောင်းခဲ့ဘဲ ဓာတ်လှေကား အပေါက်ဝမှာ ခြေကျွံကျသွား ခဲ့ပါတယ်။ ကိုယ်အလေးချိန်ဒဏ်က အရမ်း များတာမို့ ခြေကျွံကျသွားမှုကို ပြန်လည် ဆွဲထုတ်လို့ မရဘဲ တစ်ညလုံး ငိုကြွေး နေခဲ့ရပါ တယ်။ နံနက် မိုးလင်းတဲ့အခါ အိမ်ရှင်ဖြစ်သူက ငိုသံကြားပြီး တက်ကြည့်တော့ ယီဖူရဲ့ အဖြစ်ကိုတွေ့ပြီး တာဝန်ရှိသူတွေထံ အကြောင်း ကြားပြီး ကယ်တင်မှု ပြုလုပ်ပေး ခဲ့ရပါတယ်။ ရဲတပ်ဖွဲ့ဝင် တစ်ဦးက ယီဖူဟာ အပေါက်ကျွံမှု ကို (၈)နာရီကြာ ခံစားခဲ့ရပြီး ငိုကြွေးမှုကို ဘယ်သူမှ မကြားခဲ့ဘူးလို့ ပြောသွား ခဲ့ပါတယ်။ ကယ်ဆယ်ရေး လုပ်သားရဲ့ ကယ်ဆယ်ပေးမှုကြောင့် အ၀လွန်တဲ့ သူခိုးဟာ အပေါက်ကျွံမှု ကနေ လွတ်မြောက် သွားခဲ့ခြင်းဖြစ်ပါတယ်။ ရဲတပ်ဖွဲ့က ကိုယ်အလေးချိန်ကို လျှော့ချဖို့လိုကြောင်း ဟာသနှော ပြောဆိုသွား ပါတယ်။

Messenger News Journal

မြန်မာ့ဖုန်း နိုင်ငံခြားတွင် သုံးနိုင်တော့မည်


လာမယ့် ဇူလိုင် ၂ ရက်နေ့ကစပြီး မြန်မာပြည်မှာ သုံးစွဲနေတဲ့ မိုဘိုင်းဖုန်းတွေကို အာဆီယံနိုင်ငံတွေ အပါအ၀င် နိုင်ငံပေါင်း ၃၁ နိုင်ငံကို ယူဆောင် အသုံးပြုနိုင်ပြီလို့ မြန်မာ့ဆက်သွယ်ရေးက ဒီကနေ့ ကြေညာပါတယ်။

MPTနိုင်ငံခြား ယူဆောင် အသုံးပြုလိုသူတွေအနေနဲ့ Postpaid ဖုန်း ကိုင်သူဖြစ်ရင် ရန်ကုန် မောင်ထော်လေးလမ်း ဆက်သွယ်ရေးရုံးမှာ ကြိုတင်ငွေ ကျပ် ၅ သိန်းသွင်းပြီး မှတ်ပုံတင်ရပါမယ်။

Prepaid ဖုန်း ကိုင်ဆောင်သူတွေကတော့ ရွှေဂုံတိုင် ဆက်သွယ်ရေးရုံးကို မှတ်ပုံတင် အပါအ၀င် အထောက်အထားတွေနဲ့ သွားရောက် မှတ်ပုံတင်ပြီး ကြိုတင်ငွေဖြည့်ကတ်တွေ ၀ယ်ယူဖြည့်တင်းရမှာ ဖြစ်ပါတယ်။

နိုင်ငံခြားရောက်ပြီး ဖုန်းအသုံးပြုတဲ့အခါ အာဆီယံ နိုင်ငံအချင်းချင်း ခေါ်ရင် ၁ မိနစ် ကျပ် ၁၂၀၀ ကျသင့်ပြီး မြန်မာပြည်ကို ပြန်ခေါ်ရင်တော့  ၁ မိနစ် ကျပ် ၃၀၀၀ ကျသင့်မှာ ဖြစ်ပါတယ်။

နိုင်ငံခြားရောက်ချိန် မြန်မာပြည်က ခေါ်တဲ့ ဖုန်းကို လက်ခံရင် အ၀င် ၁ မိနစ် ကျပ် ၁၂၀၀ ကျမှာဖြစ်ပြီး အခြားနိုင်ငံက ခေါ်တာတွေကိုတော့ သက်ဆိုင်ရာ နိုင်ငံက သတ်မှတ်တဲ့အတိုင်း ကုန်ကျမှာဖြစ်ပါတယ်။

ဖုန်းခေါ်ဆိုခတွေကို ဇုန်အလိုက် သတ်မှတ်ထားပြီး ၁ မိနစ် ကျပ် ၁၂၀၀၊ ကျပ် ၃၀၀၀ နဲ့ အထက်ကျသင့်တဲ့ နိုင်ငံတွေ ရှိတယ်လို့လည်း မြန်မာ့ဆက်သွယ်ရေး တာဝန်ရှိသူတွေက ရှင်းပြပါတယ်။

အလားတူ နိုင်ငံပေါင်း ၄၆ နိုင်ငံက အော်ပရေတာ ၇၇ ဦးရဲ့ မိုဘိုင်းဖုန်း ကိုင်ဆောင်သူတွေဟာလည်း သူတို့ရဲ့ ဖုန်းတွေကို မြန်မာပြည်ထဲမှာ သုံးစွဲနိုင်ပြီလို့ ဆက်သွယ်ရေးက ကြေညထားပါတယ်။

DVB Burmese

ကမ္ဘာမှာ အလှဆုံး နှာခေါင်း ပိုင်ရှင်တွေ



အမျိုးသမီး ဖြစ်ဖြစ်၊ အမျိုးသား ဖြစ်ဖြစ် နှာခေါင်း အလှဟာ မျက်နှာ အလှ အတွက် အဓိက အရေးပါတဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်ပါတယ်။ ပလက်စတစ် ဆာဂျရီ ပြုလုပ်တဲ့ အမေရိကန်က ဆရာဝန်နဲ့ တက္ကသိုလ် မှ ပါမောက္ခ များရဲ့ လေ့လာ စမ်းစစ်ချက် အရ ကမ္ဘာပေါ်မှ အလှဆုံး နှာခေါင်း ပိုင်ရှင်များ ကတော့ ပုံမှာ မြင်တွေ့နေရတဲ့ အမျိုးသမီးများ ဖြစ်ပါတယ်။


ဘယ်ဘက်ကနေ စကြည့်မယ် ဆိုရင် - Jessica Biel, (ဗြိတိန် အိမ်ရှေ့မင်းသား ရဲ့ ကြင်ရာတော်) the Duchess of Cambridge , Kate Bekinsale and ကမ္ဘာ့ စွဲဆောင်မှု အရှိဆုံး မင်းသမီး Scarlett Johansson တို့ ဖြစ်ပါတယ်။ သူတို့ရဲ့ နှာခေါင်းကို ဒီဂရီ တိုင်းတာကြည့်တဲ့ အခါမှာ တူညီမှု ရှိပါတယ်။ ၁၀၆ ဒီဂရီ ဖြစ်ပြီး မျက်နှာ အလှကို သိသိသာသာ ထင်ရှား နေစေ မှာ ဖြစ်ပါတယ်။ မျက်နှာ အလှ၊ နှုတ်ခမ်း နဲ့ မျက်လုံးအလှကို ပိုမို ပေါ်လွင် စေပါတယ်။

ပလက်စတစ် ဆာဂျရီ ပြုလုပ်ဖို့ ကမ်းလှမ်းတဲ့ အမျိုးသမီး တိုင်း ရွေးချယ် တဲ့ နှာခေါင်း အနေအထားကလည်း ၁၀၆ ဒီဂရီ နှာခေါင်းကို ပြုပြင်ကြတာ များ ပါတယ်။ ဒါကြောင့်မို့ သဘာဝ အတိုင်း မပြုပြင်ပဲ ရှိနေတဲ့ နှာခေါင်း အလှပိုင်ရှင် များ အဖြစ် ပုံပါ အမျိုးသမီး ၄ ဦးကို ရွေးချယ် ခဲ့ကြခြင်း ဖြစ်ပါတယ်။
.
Ref: dailymail
အောင်ခမ်း (www.innewsmyanmar.com)

စကတ်အတိုယူနီဖောင်း ၀တ်ခွင့်မရတော့တဲ့ ရုရှားရဲမေ


ရုရှားနိုင်ငံရဲ့ ရဲတပ်ဖွဲ့ဝင်တွေအတွက် စည်းကမ်းချက်အသစ်တစ်ခုဖြစ်တဲ့ ရဲမေတွေရဲ့ စကတ်တိုနဲ့ အခြား ဒီဇိုင်းပြင်ဆင်ထားတဲ့ ယူနီဖောင်းဝတ်ဆင်တာတွေကို ဖမ်းဆီးအ သိပေးတာတွေ နဲ့ပတ်သက်ပြီး တော့ အငြင်းပွားမှုတွေဖြစ်ပွားခဲ့တယ်လို့ မော်စကို နေ့စဉ်သတင်းစာတစ်ခုမှာ ဖော်ပြထားပါတယ်။

နိုင်ငံမှာရှိတဲ့ အများပြည်သူတွေရဲ့ အရေးပေါ်အခြေအနေဖြစ်စဉ်တွေကို လိုက်လံဖြေရှင်းပေးနေရတဲ့ ရဲမေတွေက ပြည်သူတွေရဲ့ စံနမူနာပုံရိပ်ဖြစ်တဲ့အတွက် ဒီဥပဒေကို ထုတ်ပြန်လိုက်တာပဲဖြစ်ပါတယ်။

“ကျွန်တော်တို့ရဲတပ်ဖွဲ့ဝင်တွေ တာဝန်ထမ်းဆောင်တဲ့ အချိန်တွေမှာ သေသေရပ်ရပ် ၀တ်ဆင်စားယင်ဖို့လိုပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ အများအကျိုးကို သယ်ပိုးတဲ့ အ ချိန်တွေမှာ ပြည်သူတွေထံက လေးစားမှုကို ခံရအောင်လုပ်ရမယ်လေ။ ကျွန်တော်တို့ ယူနီဖောင်းကိုမြင်လိုက်တာနဲ့ကို လေးစားမှုရှိနေရမယ်,…

ဒီလိုမှ မဟုတ်ပဲ ကပိုကယို အ၀တ်အစားတွေနဲ့ အမြင်မတော်တာ၊ အမြင်ရိုင်းတာတွေ ၀တ်စားမယ်ဆိုရင် အများ ကဲ့ရဲ့စရာတွေဖြစ် မယ်လေ။ အတုယူမှားနိုင်တယ်လေ။ ဒါကြောင့်မို့လို့ ဒီဥပဒေသစ်ကို ပြဌာန်းသတ်မှတ် လိုက်တာပါ” လို့ ပြည်ထဲရေးဝန်ကြီးဌာန လက်ထောက်အကြီး အကဲဖြစ်တဲ့ ဆာဂျီဂီဝါ ဆာမော့ ရှင်းလင်းပြောပြထားပါတယ်။

ရဲမေအမျိုးသမီးတွေရဲ့ ၀တ်စုံဖြစ်တဲ့စကတ်တိုရဲ့ အနားသတ်လိုင်းတွေ တိုနေတယ် ဆိုရင်သော်လည်းကောင်း၊ ရဲသားတွေရဲ့ ယူနီဖောင်းအင်္ကျီလက် ဖြတ်ထားရင်သော် လည်းကောင်း သတိပေးခေါ်ယူက ပြစ်ဒဏ်တွေ ပေးသွားမှာဖြစ်ပါတယ်။အမေရိကန် ပြည်ထောင်စုမှာဆိုရင် တာဝန်ထမ်းဆောင်ကြတဲ့ ရဲမေတွေက အမြဲတစေ ယူနီဖောင်း ဘောင်းဘီအရှည်ကို ပဲဝတ်ဆင်တတ်ကြပါတယ်။

Credit: ဖိုးသူတော် (www.phothutaw.com)

ရွှေမြင်တင် ဘုရားကြီး အတွင်း စပါးအုံး မြွေကြီးမှ ဥများ ဥချလျက်ရှိ



ရှမ်းပြည်နယ် (တောင်ပိုင်း) ညောင်ရွှေမြို့နယ် ခေါင်တိုင်ကျေးရွာ အုပ်စုရှိ သမိုင်းဝင် ရွှေမြင်တင် ဘုရားကြီး၌ မေ ၈ ရက်မှ စတင် ရောက်ရှိနေသော ဘုရားဖူး စပါးအုံး မြွေကြီးနှစ်ကောင် အနက်မှ မြွေကြီးတစ်ကောင်မှာ မေ ၂၁ ရက်မှ စတင်၍ ဥများ ဥနေကြောင်း သိရသည်။

အဆိုပါ ဥများ ဥနေသည့် စပါးအုံး မြွေကြီးမှာ ယခုအခါ ဥ ၁၅ လုံးခန့်ရှိကာ မြွေကြီးမှာ မြွေဥများနှင့် အတူ ရှိနေပြီး အခြားနေရာများသို့ သွားလာခြင်း မရှိကြောင်း သိရသည်။ ဘုရားဖူး စပါးအုံး မြွေကြီးဥများ ဥနေသည့် သတင်းကြောင့် ဘုရားဖူး လာကြသူများ ယခင်ကထက် ပိုမို များပြားကာ အလှူငွေများ ထည့်ဝင်ကြပြီး ရွှေမြင်တင် ဘုရားကြီးသို့ သွားရာ လမ်းဖြစ်သည့် တောင်တက်လမ်းကို ကွန်ကရစ်လမ်း အဖြစ် ပြန်လည် ခင်းခြင်း၊ မြွေကြီးများ လာရောက် ဖူးမြော်လျက်ရှိသည့် အရိုးဂူတိုက်ကို အုတ်တံတိုင်း ကာရံခြင်း၊ သံပန်း တံခါးများ တပ်ဆင်ခြင်းတို့ကို ယမန်နေ့မှ စတင် ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိသည်။

မြ၀တီ

သန္တိသုခ အရှုပ်တော်ပုံ ဝင်မရှင်းဘူးလို့ ဦးခင်ညွန့်ပြော


မဟာသန္တိသုခကျောင်းတိုက် အရှုပ်တော်ပုံကို ဝင်ရှင်းပေးမှာ မဟုတ်ဘူးလို့ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်က ပြောပါတယ်။ သန္တိသုခ ကျောင်းတိုက်ကို ဦးခင်ညွန့်က နိုင်ငံတော် သံဃမဟာနာယက (မဟန) ကို  ထိန်းသိမ်းဖို့ အပ်ခဲ့တာ ဖြစ်ပါတယ်။

“သန္တိသုခနဲ့ ပတ်သက်လို့ ဘာမှ ဝင်မရှင်းဘူး။ ဆိုင်လည်း မဆိုင်တော့ဘူး။ သူတို့ဘာသာ သူတို့ ရှင်းကြပါလိမ့်မယ်” လို့ သူက မီဒီယာတွေကို ပြောဆိုပါတယ်။

၂၀၀၂ ခုနှစ်က ဦးခင်ညွန့်က မဟာသန္တိသုခကျောင်းတိုက်ဟာ အုပ်ချုပ်ရေး အဆင်မပြေတဲ့အတွက် ထိန်းသိမ်းပေးဖို့ နိုင်ငံတော် သံဃမဟာနာယကကို ခေတ္တအပ်ထားခဲ့တယ်ဆိုပြီး ၂၀၀၄ခုနှစ်မှာ တယ်လီဖုန်းနဲ့ လျှောက်ခဲ့တယ်လို့ ပီနန်ဆရာတော်က မိန့်ကြားထားပါတယ်။

အဲဒီကျောင်းတိုက်မှာ နိုင်ငံတော် သံဃမဟာနာယကရဲ့ ခွင့်ပြုချက် မရှိဘဲ နေထိုင်တယ်ဆိုပြီးတော့ လန်ဒန်ဆရာတော် ဦးဥတ္တရနဲ့ သံဃာတော်လေးပါး တရားစွဲဆိုခံထားရပါတယ်။ နိုင်ငံတော် သံဃမဟာနာယကရဲ့ ညွန်ကြားချက်နဲ့ မဟာသန္တိသုခကျောင်းတိုက်ကို ဇွန်လ ၁၀ ရက်နေ့ည သန်းခေါင်ယံ အချိန်မှာ ချိတ်ပိတ်ခဲ့ပါတယ်။ လန်ဒန်ဆရာတော် ဦးဥတ္တရ အပါအဝင် သံဃာတော်ငါးပါးကို လူဝတ်လဲပြီးဇွန်လ ၁၃ ရက်နေ့မှာ တာမွေမြို့နယ် တရားရုံးမှာရုံးထုတ် စစ်ဆေးခဲ့ပါတယ်။

The Voice

၂၀၁၅ ကာလအလွန် အကြမ်းဖက်မှုများဖြစ်လာနိုင်ဟု နိုင်ငံရေးသိပ္ပံပညာရှင် ဟောကိန်းထုတ်


ခင်ငြိမ်းသစ်| သောကြာနေ့၊ ဇွန်လ ၂၇ ရက်၊ ၂၀၁၄ ခုနှစ်။

မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော အခြေအနေအတိုင်းသာ ရှေ့ဆက်သွားပါက ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ အလွန်ကာလတွင် အကြမ်းဖက်မှုများ၊ သွေးထွက်သံယိုမှုများဖြစ်ပေါ်လာနိုင်သည်ဟု နိုင်ငံရေး သိပံ္ပပညာရှင် အီဂေါဗလာဇီဗစ်က Educational Initiatives ကျောင်းတွင် ပြုလုပ်သည့် အလုပ်ရုံဆွေးနွေးပွဲ၌ ဟောကိန်းထုတ်လိုက်သည်။

မြန်မာနိုင်ငံတွင် ၂၀၁၁ မှစတင်ကာ ၂၀၁၃ ခုနှစ်အထိ တိုးတက်မှုများကို မြင်တွေ့ရသော်လည်း ၂၀၁၄ ခုနှစ်စ၍ ပြုပြင်ပြောင်းလဲမှုများ မရှိတော့ဘဲ နှစ်ဖက်ခေါင်းဆောင် (ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်)တို့ ကျောခိုင်းနေကြခြင်းသည် စိုးရိမ်ရန်အချက်ဖြစ်သည်ဟု ၎င်းက ရှုမြင်ခြင်းဖြစ်သည်။

ထိုသို့ အသွင်ကူးပြောင်းရေးကို ဦးဆောင်နေသူ နှစ်ဦး ပြိုင်ဆိုင်မှုအနေအထားသို့ သိသိသာသာရောက်နေခြင်းကို ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ ညှိနှိုင်းနိုင်ခြင်းမရှိပါက မကျေနပ်မှုများ ပိုမိုပြင်းထန်လာနိုင်သည်ဟု အီဂေါက ယူဆသည်။

ထို့အပြင် အသွင်ကူးပြောင်းရေး ကာလအစောပိုင်းတွင် မတူညီသည့် အုပ်စုများကြား ဘာသာရေး၊ လူမျိုးရေး လှုံ့ဆော်မှုများ ပြင်းထန်လာနိုင်သည့်အတွက် လူမျိုးရေး ပဋိပက္ခများလည်း ဖြစ်ပေါ်လာနိုင်သည်ဟု ခန့်မှန်းထားသည်။

ထိုသို့သော အခြေအနေမျိုး မပေါ်ပေါက်စေရန်အတွက် ခေါင်းဆောင်နှစ်ဦးအကြား အာဏာခွဲဝေရာတွင် မျှတသည့် အပေးအယူလုပ်ရန် သဘောတူညီချက်မျိုး ရရှိသင့်သည်ဟု ဆိုသည်။

ယခုအခြေအနေအရ အာဏာရပါတီ ဘက်မှ ၂၀၁၅ တွင် အနိုင်ရမည်ဟု ယူဆလျက်ရှိပြီး၊ အနိုင်ရရှိစေရန် နည်းလမ်းပေါင်းစုံကို အသုံးပြုမည့် သဏ္ဍန်ကလည်း အထင်အရှားရှိနေသည်ဟု ဆိုသည်။

ထို့ပြင် ရွေးကောက်ပွဲ နီးကပ်လာချိန်ရောက်မှ ပီအာရ်စနစ်ကို တင်သွင်းလာခြင်းသည် နိုင်ငံရေးအရ မလိုအပ်သော ကိစ္စတစ်ခုသာဖြစ်သည်ဟု အီဂေါက သုံးသပ်သည်။ ထို့ကြောင့် လက်ရှိ အသုံးပြုနေသည့် နိုင်သူရသည့် ရွေးကောက်ပွဲစနစ်ကိုသာ ဆက်လက်ကျင့်သုံးရန် လိုသည်ဟု ၎င်းက အကြံပြုသည်။

အထူးအားဖြင့် အတိုက်အခံတို့သည် လွှတ်တော်အတွင်းသို့ရောက်နေသည့် တပ်မတော်သား ၂၅ ရာခိုင်နှုန်းနှင့် ဖွဲ့စည်းပုံပြင်ဆင်ရေးဆိုင်ရာကိစ္စများ သဘောတူညီထားရန်လိုသည်ဟု အီဂေါက ထောက်ပြသည်။

အီဂေါသည် ချက်နိုင်ငံသား နိုင်ငံရေးသိပ္ပံပညာရှင်ဖြစ်ပြီး မြန်မာနိုင်ငံတွင် အသွင်ကူးပြောင်းရေးနှင့် သက်ဆိုင်သည့် သင်တန်းများကို ပို့ချလျက်ရှိသည်။

Mizzima Burmese

ရာဇာမင်းယာဉ်တိမ်းမှောက်မှု ဒဏ်ရာရရှိသူ ၂၁ ဦး အာမခံကြေး ကျပ် ၈၂ သိန်းကျော် ရရှိ



နန်းမြင့်| သောကြာနေ့၊ ဇွန်လ ၂၇ ရက်၊ ၂၀၁၄ ခုနှစ်။

၂၀၁၄ ခုနှစ် မေ ၁၂ ရက်က ရန်ကုန်-မန္တလေး အမြန်လမ်းမတွင် ဖြစ်ပွားခဲ့သောရာဇာမင်း ယာဉ်တိမ်းမှောက်မှုတွင် ဒဏ်ရာရရှိသူ ၂၁ဦးအတွက် ခရီးသွားအာမခံနှင့် သူတစ်ပါးထိခိုက်မှု အာမခံလျော်ကြေး စုစုပေါင်း ၈၂ သိန်းကျော် ပေးအပ်ခဲ့သည်ဟု မြန်မာ့အာမခံလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးအေးမင်းသိန်းက ပြောသည်။

အဆိုပါ အာမခံလျော်ကြေးငွေ ပေးအပ်ခြင်းအခမ်းအနားကို ဇွန်လ ၂၆ ရက် ညနေ ၃ နာရီတွင် ရန်ကုန်မြို့ မြန်မာ့အာမခံလုပ်ငန်း(ရုံးချုပ်)၌ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ လျော်ကြေးပေးအပ်ရာတွင် ဆေးရုံတွင်ရှိ နေသူ တစ်ဦးနှင့် စာရွက်စာတမ်း မပြည့်စုံသူလေးဦး ကျန်ရှိနေသေးသည်ဟုလည်း မြန်မာ့အာမခံ လုပ်ငန်းမှသိရသည်။

အဆိုပါ ဖြစ်စဉ်သည် မေလ ၁၂ရက် ရန်ကုန်-မန္တလေးအမြန်လမ်း (၁၉၇/၆)မိုင်အနီးတွင် ရာဇာမင်း ယာဉ်လိုင်းမှ ယာဉ်အမှတ် (၅ဃ/ ၁၂၅၇) ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၁၆ ဦးနှင့် ဒဏ်ရာ ရရှိသူ ၂၆ ဦး ရှိခဲ့သည်။

ဇွန် ၂၆ ရက်က မြန်မာ့အာမခံလုပ်ငန်းမှ ဒဏ်ရာရှိသူ ၂၁ ဦးအတွက် ခရီးသွားအာမခံအကျိုးခံစားခွင့် ကျပ် ၆၆ သိန်း ကျော်နှင့် သူတစ်ပါးထိခိုက်မှု အကျိုးခံစားမှု အတွက် ၁၅ သိန်းကျော် စုစုပေါင်းကျပ် ၈၂၀၀,၀၀၀ ကျော် ပေးလျော်ခဲ့ခြင်းဖြစ် သည်။

အထူးအဝေးပြေး ခရီးသွားအာမခံလုပ်ငန်းကို တစ်ဦးလျှင် ကျပ် ၃၀၀ ဖြင့် ၀ယ်ယူခဲ့ခြင်းဖြစ်ပြီး သေဆုံးခဲ့ လျှင် ကျပ်သိန်း ၃၀ အထိ လျော်ကြေးပေးပြီး ဒဏ်ရာရရှိသူ များကို ဒဏ်ရာရရှိမှုပေါ်မူတည်ပြီး ငါးရာ ခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းအထိ လျော်ကြေးပေးခြင်း ဖြစ်သည်။

ဒဏ်ရာရရှိခဲ့သူ ဒေါ်စန္ဒာဌေးက “ ဆေးစာရွက်မှတ်တမ်းမှာတော့ လက်ဖျံရိုးကျိုးတယ်။ နံရိုးနှစ်ချောင်းကျိုး သွားတယ်။ အဆုပ်ထိခိုက်တာပါတယ်။ နေပြည်တော်ဆေးရုံမှာ ငါးရက်တက်ခဲ့တယ်။ အာမ ခံလျော် ကြေးပေးတဲ့ထဲမှာ လက်ဖျံရိုးကျိုးတာပဲပါတယ်” ဟု ပြောသည်။

ယင်းဖြစ်ပွားမှုကြောင့် သေဆုံးခဲ့သူ ၁၆ ဦးအတွက် နေပြည်တော်တွင် အာမခံ လျော်ကြေးပေးအပ်ခဲ့ပြီးဖြစ်ကာ တစ်ဦးလျှင် သူတစ်ပါးထိခိုက်မှုအာမခံအတွက် ကျပ် ငါးသိန်း၊ အထူးအဝေးပြေး ခရီးသွား အာမခံအတွက် ကျပ်သိန်းကုမ္ပဏီတွင် အလုံးစုံမော်တော်ယာဉ် အာမခံထားရှိမှုအတွက် ကျပ် ၁၀ သိန်းနှင့် ရာဇာ မင်းယာဉ်လိုင်းမှ ကျပ် ၁၅သိန်း ပေးလျော်ခဲ့သဖြင့် တစ်ဦးလျှင် ကျပ်သိန်း ပေါင်း ၆၀ အထိ ပေးလျော်ခဲ့သည်။

Mizzima Burmese

သားသမီးတွေအတွက် ရတက်အေးကြရပြီလား အမတ်မင်းကြီးများခင်ဗျား


စည်သူအောင်မြင့်

သိပ်မကြာခင်ကာလအတွင်း အစိုးရဟာ နိုင်ငံခြားဘဏ်တွေကို လုပ်ငန်းလုပ်ကိုင်ခွင့်ပြုတော့မယ်ဆိုတဲ့ သတင်းထွက်ပေါ်လာတဲ့အခါ လွှတ်တော်ဘက်အခြမ်းက လှုပ်လှုပ်ရှားရှားဖြစ်လာပါတယ်။ အထူးသဖြင့် ဘဏ်နဲ့ ငွေရေးကြေးရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌအမတ်ကြီး ဦးအောင်သောင်းနဲ့ အမတ်တချို့ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ လွှတ်တော်အစည်းအဝေးကာလတုန်းကပဲ ဒီနိုင်ငံခြားဘဏ်တွေ ဖွင့်ခွင့်ပေးဖို့ကိစ္စ လွှတ်တော်အမတ်တချို့ရဲ့ အပြင်းအထန်ကန့်ကွက်မှုတွေ ရှိခဲ့ပါသေးတယ်။ နာယက သူရဦးရွှေမန်းကိုယ်တိုင် ဒီကိစ္စ အကောင်အထည်ဖော်တဲ့အခါ ဗဟိုဘဏ်၊ ဘဏ္ဍာရေးဝန်ကြီးဌာန၊ လွှတ်တော်ဘဏ်နဲ့ငွေရေးကြေးရေး ကော်မတီ၊ ဘဏ်လုပ်ငန်းရှင်တွေ စုပေါင်းထားတဲ့ အသင်းအဖွဲ့နဲ့ အခြားပညာရှင်တွေ ဆွေးနွေးညှိနှိုင်းပြီး တိုင်တိုင်ပင်ပင် လုပ်ကြပါလို့ လမ်းညွှန်သမှု ပြုခဲ့ပါသေးတယ်။ ဒါပေမဲ့ နောက်ပိုင်းအစိုးရနဲ့ ဗဟိုဘဏ်ဟာ နိုင်ငံခြားဘဏ် ဖွင့်ခွင့်ပြုရေး သူ့အစီအစဉ်နဲ့သူ ဆက်လုပ်ကိုင်ဆောင်ရွက်သွားတာ တွေ့ရပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်က ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ ဗဟိုဘဏ် ဒု-ဥက္ကဋ္ဌ ဦးဆက်အောင်က နိုင်ငံခြားဘဏ်ဖွင့်ခွင့်ပြုရေး ဗဟိုဘဏ်ဘက်က လုပ်ကိုင်ဆောင်ရွက်နေတာတွေကို ရှင်းလင်းပြောဆိုခဲ့ပါ တယ်။ ဒါကြောင့် ဘဏ်ဖွင့်ထားကြတဲ့ သားသားမီးမီးတွေအတွက် ရတက်မအေးဖြစ်နေတဲ့ အမတ်တချို့ နှလုံးစိတ်ဝမ်း အေးချမ်းသင့်ပြီလားဆိုတာ ဒီကနေ့ ဆွေးနွေးတင်ပြသွားပါ့မယ်။

နိုင်ငံခြားဘဏ်များ ဖွင့်လှစ်ရေး၊ ကြီးကြပ်ရေးကိစ္စ ဦးဆက်အောင်က “ဒီကိစ္စကို ချဉ်းကပ်တဲ့ဆီမှာ ပြည်သူတွေ အားလုံးနဲ့ဆိုင်တဲ့ နိုင်ငံတော်အကျိုးစီးပွား၊ မြန်မာနိုင်ငံက ပုဂ္ဂလိကဘဏ်များရဲ့ အကျိုးစီးပွား၊ ပြည်တွင်းပုဂ္ဂလိက ကုမ္ပဏီစီးပွားရေး လုပ်ငန်းများရဲ့အကျိုးစီးပွားဆိုပြီး အပိုင်းသုံးပိုင်းရှိရာမှာ နိုင်ငံတော် အကျိုးစီးပွားကို အဓိကထားပြီး ကျန်အကျိုးစီးပွားတွေလည်း မထိခိုက်ရလေအောင် ဟန်ချက်ညီညီလုပ်ဖို့ စဉ်းစားခဲ့တယ်”လို့ ဆိုပါတယ်။

နိုင်ငံခြားဘဏ် ဖွင့်လှစ်ခွင့်ပေးမယ့်ကိစ္စ ဗဟိုဘဏ်တာဝန်ရှိသူတွေ၊ ဘဏ္ဍာရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေ၊ ရှေ့နေချုပ်ရုံး၊ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF၊ ကမ္ဘာ့ဘဏ်နဲ့ ဂျာမနီအခြေစိုက်အကြံပေးပညာရှင်အဖွဲ့တွေပါဝင် အကောင်အထည်ဖော်ခဲ့ကြတဲ့အကြောင်း၊ နိုင်ငံခြားဘဏ် ဖွင့်ခွင့်ပြုရာမှာ Branch(ဘဏ်ခွဲ)၊ ပြည်တွင်းမှာ နာမည်အသစ်တစ်ခုနဲ့ ရင်းနှီးမြှုပ်နှံစေခြင်း Subsidiary နဲ့ ဖက်စပ်လုပ်ကိုင်ခွင့်ပေးခြင်း Joint Venture နည်းလမ်းသုံးသွယ်ရှိရာမှာ ကနဦးအဆင့်အနေနဲ့ စည်းကမ်းသတ်မှတ်ချက်တွေ ချမှတ်ထားတဲ့ Branch(ဘဏ်ခွဲ) အနေနဲ့ ခွင့်ပြုပေးဖို့ စဉ်းစားထားကြောင်းရှင်းပြပါတယ်။ ဒီနည်းလမ်း သုံးခုစလုံးမှာလည်း သူ့အားသာချက်အားနည်းချက်တွေ ရှိနေကြတဲ့အတွက် မြန်မာနိုင်ငံရဲ့လက်ရှိ အခြေအနေနဲ့ ကိုက်ညီတဲ့၊ ဘဏ်နဲ့ငွေကြေးဆိုင်ရာ အကျပ်အတည်း ဆိုက်လာရင် တိုင်းပြည် အထိမနာရအောင် ကာကွယ်ထားတဲ့ စည်းကမ်းချက်တွေနဲ့ လုပ်ကိုင်စေမယ်လို့ ဆိုပါတယ်။

ဒါကြောင့် ဘဏ်ခွဲဖွင့်မယ့် နိုင်ငံခြားဘဏ်အနေနဲ့ ကနဦး ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၇၅ သန်း မတည်ရမှာဖြစ်ကြောင်း၊ အဲဒီအထဲက ဒေါ်လာသန်း ၄၀ ကို ဗဟိုဘဏ်မှာ ထားစေပြီး သူ့ဘဏ်ခွဲကတောင် လက်ဖျားနဲ့မှ မထိရလေအောင် Lock-in လုပ်ထားမယ့်အကြောင်း ပြောပါတယ်။ ဘဏ်လုပ်ငန်းလုပ်ရာမှာလည်း လက်ရှိ ပြည်တွင်းဘဏ်တွေလို ဘဏ်ခွဲအများအပြား ဖွင့်ခွင့ ပြုမှာမဟုတ်ဘဲ ဘဏ်ခွဲတစ်ခုတည်းသာ ဖွင့်ခွင့်ပြုမယ့်အကြောင်း၊ ဒါတင်မက လက်ရှိ ပြည်တွင်းဘဏ်တွေလုပ်ကိုင်နေတဲ့ လက်လီဘဏ်လုပ်ငန်း Retail Banking လုပ်ခွင့်ပေးမှာ မဟုတ်ဘဲ လက်ကားဘဏ် Wholesale Banking ပဲ လုပ်ခွင့်ပေးမှာဖြစ်ကြောင်း၊ အဓိကအားဖြင့် ပြည်တွင်းမှာ လာရောက်ရင်းနှီးမြှုပ်နှံနေတဲ့ နိုင်ငံခြားကုမ္ပဏီနဲ့ စီးပွားရေးလုပ်ငန်းတွေကို ၀န်ဆောင်မှုပေးစေမှာ ဖြစ်ကြောင်း၊ ပြည်တွင်းက ကုမ္ပဏီနဲ့ စီးပွားရေးလုပ်ငန်းတွေကို ချေးငွေဆိုင်ရာ ၀န်ဆောင်မှုပေးရေးကိုတော့ ပြည်တွင်းက ပုဂ္ဂလိကဘဏ်တွေနဲ့ ပူးတွဲပြီးမှသာ လုပ်ကိုင်ဆောင်ရွက်ခွင့်ပြုမယ့်အကြောင်း ရှင်းပြပါတယ်။

ဦးဆက်အောင် ဆက်ရှင်းပြတာက လောလောဆယ် ခေတ်မမီတော့တဲ့ ကုမ္ပဏီများ အက်ဥပဒေကို ပြင်ဆင်ဖို့ အစိုးရနဲ့ ကမ္ဘာ့ဘဏ် ပူးပေါင်းအကောင်အထည်ဖော်နေတဲ့အကြောင်း၊ အဲဒီဥပဒေ အတည်ပြု ပြဋ္ဌာန်းပြီးချိန်ဆိုရင် နိုင်ငံခြားဘဏ်တွေနဲ့ ပြည်တွင်း ပုဂ္ဂလိကဘဏ်တွေ ဖက်စပ်ပူးပေါင်း လုပ်ကိုင်နိုင်မယ်လို့လည်း ဆိုပါတယ်။ တစ်ဆက်တည်း ပြည်တွင်းပုဂ္ဂလိကဘဏ်တွေ ဖွံ့ဖြိုးတိုးတက်ဖို့အတွက်လည်း ဖြေလျော့မှု အစီအစဉ်တွေ ချမှတ်ထားတဲ့အကြောင်း၊ လက်ရှိစည်းမျဉ်းအရ ပုဂ္ဂလိကဘဏ်တွေဟာ ဘဏ်ခွဲတစ်ခုဖွင့်တိုင်း သူ့ရဲ့ Capital တိုးမြှင့်ရကြောင်း၊ အဲဒါ နောက်ပိုင်း မလိုတော့အောင် ပြင်ဆင်နေတဲ့အကြောင်း၊ အခြားမလိုအပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေကိုလည်း ပယ်ဖျက်မယ့်အကြောင်း ရှင်းပြပါတယ်။

တကယ်တော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ၀င်ရောက်လာစေရေးကိစ္စ၊ နိုင်ငံတကာ ကုန်သွယ်ရေး အဆင်ပြေချောမွေ့စေရေး ကိစ္စတွေ အားလုံးအတွက် ပြည်တွင်းမှာ နိုင်ငံခြားဘဏ်တွေ ဖွင့်ခွင့်ပေးနိုင်ရေး အတော် အရေးကြီးပါတယ်။ သားသားမီးမီးတွေ ဘဏ်ထောင်ထားတဲ့ အမတ်မင်းကြီးတချို့ ပြောသလို ပုဂ္ဂလိက ဘဏ်တွေ အင်အားကြီးထွား ကြံ့ခိုင်လာတဲ့အချိန်ထိ စောင့်နေလို့မဖြစ်ပါဘူး။ မြန်မာနိုင်ငံမှာ ၂၀၀၀ ပြည့်နှစ် မတိုင်ခင်အချိန်တုန်းက ပုဂ္ဂလိကဘဏ်လုပ်ငန်း အားကောင်းခဲ့ပါတယ်။ ပန်းဆိုးတန်းအလယ် ဘလောက်က မေဖလားဝါးဘဏ်ရှေ့မှာ ၂၄ နာရီ ငွေထုတ်တဲ့ ATM ရှိခဲ့ဖူးပါတယ်။ အဲဒီအချိန်က ရန်ကုန်သူ ရန်ကုန်သားတွေဟာ နိုင်ငံခြားပစ္စည်းမျိုးစုံရောင်းတဲ့ ကုန်တိုက်တွေကို ငွေထုပ်ပိုက်သွားစရာမလိုဘဲ အကြွေးဝယ်ကတ်လို့ခေါ်တဲ့ ခရက်ဒစ်ကတ်တွေနဲ့ ကြော့ကြော့မော့မော့ ဈေးဝယ်ထွက်နိုင်ကြပါတယ်။ အာရှဓနဘဏ်၊ မေဖလားဝါးဘဏ်နဲ့ ရိုးမဘဏ်ခရစ်ဒစ်ကတ်တွေ လက်ခံတဲ့ ကြော်ငြာစာသားတွေ ကုန်တိုက် ငွေရှင်းကောင်တာတွေမှာ တွေ့မြင်ကြရပါလိမ့်မယ်။ နောက်ပိုင်း စစ်အာဏာရှင်တွေကြောင့်ပဲ ဒီ တိုးတက်စပြုတဲ့ ဘဏ်စနစ်ကြီးပြိုကျသွားခဲ့ရပါတယ်။ နောက်ထပ် ပြောဖို့လိုတာက ဒီအမတ်မင်းကြီးတွေ ဦးဆောင်ခဲ့တဲ့ စစ်အစိုးရကြီးဟာ ဈေးကွက်စီးပွားရေးစနစ် ကျင့်သုံးခဲ့ပါတယ်ဆိုတဲ့ နှစ်ပေါင်း ၂၀ ကျော် ကာလအတွင်း ပုဂ္ဂလိကဘဏ်တွေ ဖွံ့ဖြိုးကြီးထွားအားကောင်းအောင်ဘာလို့ မလုပ်ခဲ့ကြဘဲ၊ ခုလို တိုင်းပြည် အကျိုးစီးပွားအတွက် မဖြစ်မနေ နိုင်ငံခြားဘဏ် ဖွင့်ခွင့်ပြုမယ်ဆိုတော့မှ နေပါဦး၊ စောင့်ပါဦး၊ မလာပါနဲ့ ပြောဆိုကြသလဲဆိုတာပါ။ ဘယ်လိုပဲဖြစ်ဖြစ် လက်ရှိအစိုးရနဲ့ ဗဟိုဘဏ်က ချမှတ်ထားတဲ့ အစီအစဉ်တွေ အလွန်ကောင်းမွန်ပါတယ်။ ဒါကြောင့် ဘဏ်ထောင်ထားတဲ့ သားသားမီးမီးတွေအတွက်လည်း ရတက်အေးကြပါတော့လို့ အမတ်မင်းများကို မေတ္တာရှေ့ထားပြောကြားလိုက်ရပါတယ်။


Mizzima Burmese

ကျဆုံး တပ်မတော်သား ထောက်ပံ့ကြေးမှာ ဂျနီဗာလိုပတ်၏ တင်ပါးတစ်ခြမ်း အာမခံထားရှိမှု မျှသာရှိဟု ဦးလှဆွေ ပြော



စစ်ဆင်ရေး တာဝန် ထမ်းဆောင်စဉ် တိုက်ပွဲ၌ ကျဆုံး သွားသော တပ်မတော်သား များအတွက် ပေးသည့် ထောက်ပံ့ကြေးငွေသည် ဂျနီဗာလိုပက်၏ တင်ပါး တစ်ခြမ်း အာမခံ ထားရှိမှု မျှသာရှိကြောင်း မကွေးတိုင်း ဒေသကြီး မဲဆန္ဒနယ် အမတ်(၂) မှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက ပြောသည်။ ယမန်နေ့က ကျင်းပသည့် အမျိုးသား လွှတ်တော် အစည်းအဝေးတွင် ရန်ကုန်တိုင်း ဒေသကြီးမှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က တပ်မတော်မှ သက်ပြည့် အငြိမ်းစားများ၊ ကိုယ်လက်အင်္ဂါ စွန့်လွှတ် ထားသူများနှင့် ကျဆုံးသူများ၏ ကျန်ရစ်သူ မိသားစုများ အတွက် မည်ကဲ့သို့ ထောက်ပံ့မှု ပေးထား သည်ကို မေးမြန်း ခဲ့ရာ ကာကွယ်ရေး ၀န်ကြီးဌာနမှ ဒုတိယ ၀န်ကြီး ဗိုလ်ချုပ် ကျော်ညွန့်က လာရောက် ဖြေကြား ခဲ့သည်။
ယင်းသို့ ဖြေကြားရာတွင် စစ်ဆင်ရေး တာဝန် ထမ်းဆောင်စဉ် တိုက်ပွဲ ကျဆုံး အရာရှိ တစ်ဦးလျှင် တပ်မတော် အထွေထွေ သက်သာချောင်ချိရေး ရန်ပုံငွေမှ ငွေကျပ် (၁၀) သိန်း နှုန်းဖြင့် လည်းကောင်း၊ အခြား အဆင့် တစ်ဦးလျှင် ကျပ် ရှစ်သိန်း နှုန်းဖြင့် လည်းကောင်း၊ စစ်မှုထမ်းဆောင်ခြင်းနှင့် အကျုံးဝင်သော သေဆုံး အရာရှိ တစ်ဦးလျှင် ကျပ် သုံးသိန်း၊ အခြားအဆင့် တစ်ဦးလျှင် ကျပ် နှစ်သိန်း၊ EA 1 အရာရှိတစ်ဦးလျှင် ကျပ် ငါးသိန်း၊ EA 2 အရာရှိ တစ်ဦးလျှင် ကျပ် သုံးသိန်း၊ အခြားအဆင့် တစ်ဦးလျှင် ကျပ် နှစ်သိန်းနှုန်းတို့ဖြင့် ထောက်ပံ့ကြေး များကို ၂၀၁၀ ပြည့်နှစ်မှ စတင် ပေးလျက် ရှိကြောင်း ကာကွယ်ရေး ဒုတိယ၀န်ကြီးက ဆိုသည်။
ထိုသို့ ကျဆုံး တပ်မတော်သားများ အတွက် ပေးသော ထောက်ပံ့ကြေးသည် ရန်ကုန်-နေပြည်တော် အမြန်လမ်းတွင် ယာဉ်မတော်တဆမှုဖြင့် အသက် ဆုံးရှုံးသွားသူများ အတွက်ပေးသော အာမခံကြေး မျှပင်မရှိခြင်း ကို တပ်မတော်တွင် တာဝန် ထမ်းဆောင်ခဲ့သော အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေအား မေးမြန်းရာ ““အာမခံထားလို့ ရတဲ့ ငွေနဲ့ လျော်ကြေးက မတူပါဘူး။ တပ်မတော်က ကြေးစား တပ်မတော် တစ်ခုလည်း မဟုတ်ပါဘူး။ နိုင်ငံတော်က ထောက်ပံ့လို့သာ ဒီငွေက ရတာပါ။ အရင်တုန်းက ဆိုရင် ဒီလောက်တောင် မရဘူး။ ထောက်ပံ့ငွေနဲ့ အာမခံ လျော်ကြေးကို နှိုင်းယှဉ်လို့ တော့မရဘူး။ နှိုင်းယှဉ် ပြောမယ်ဆိုရင် တပ်မတော်သားတွေ တိုက်ပွဲမှာ ကျဆုံးလို့ ရတဲ့ ထောက်ပံ့ကြေး ဟာ ဂျနီဗာလိုပက် တင်ပါးတစ်ခြမ်းကို အာမခံ ထားသလောက်ပဲ ရှိလိမ့်မယ်”” ဟု ဦးလှဆွေက ပြောသည်။
တပ်မတော်သားများ အနေဖြင့် စစ်ဆင်ရေး တာဝန်များ ထမ်းဆောင်နေစဉ် ဒဏ်ရာ ရရှိပါက အရာရှိ တစ်ဦးလျှင် ကျပ် တစ်သိန်း၊ အခြားအဆင့် တစ်ဦးလျှင် ကျပ်ငါးသောင်း ထောက်ပံ့ပေး၊ ၂၀၁၀ ပြည့်နှစ် ဧပြီလမှ ၂၀၁၄ ခုနှစ် ဇန်န၀ါရီလ အထိ ထောက်ပံ့ကြေးငွေ စုစုပေါင်း ကျပ်သိန်းပေါင်း (၂၃၀၂၁) သိန်းကို ထောက်ပံ့ပေး ခဲ့ကြောင်း ကာကွယ်ရေး ၀န်ကြီးဌာနမှ သိရသည်။
““တပ်မတော်သားတွေ အသက်အာမခံ ထားရင်တော့ ကျဆုံးတဲ့ အခါ လျော်ကြေး သိန်း(၁၀၀) စသဖြင့် ရရှိ ပါလိမ့်မယ်။ အခု ပေးနေတဲ့ ထောက်ပံ့ကြေးကတော့ နိုင်ငံတော်ကနေ ပေးတာပါ။ ထောက်ပံ့ကြေး တိုးပေးရင်တော့ ကောင်းပါတယ်။ ဒါပေမဲ့ နိုင်ငံတော်ရဲ့ ဘတ်ဂျက် အခြေအနေ ကိုလည်း ပြန်ကြည့်ရမယ်””ဟုဦးလှဆွေက ဆက်ပြောသည်။
ဂျနီဗာလိုပက်၏ တင်ပါးအာမခံမှာ အမေရိကန်ဒေါ်လာ (၂၇) သန်း တန်ကြေးရှိသည်။
ယခုနှစ် မေလ (၁၂) ရက်နေ့တွင် နေပြည်တော် အမြန်လမ်း (၁၉၇) မိုင်၌ ရာဇာမင်း ခရီးသည်တင် တိမ်းမှောက် ခဲ့ရာ အသက် ဆုံးရှုံးသွားသော ခရီးသည်များ အတွက် အာမခံလျော်ကြေးနှင့် ထောက်ပံ့ကြေးများ ပေးရာတွင် သေဆုံး ခရီးသည် တစ်ဦးလျှင် ကျပ်သိန်း (၆၀) အထိ ရရှိခဲ့ပြီး၊ တိုင်းပြည် တာဝန် ထမ်းဆောင်နေသော တပ်မတော်သားများ စစ်ဆင်ရေးတွင် ကျဆုံးမှု အတွက် ပေးသော ထောက်ပံ့ကြေးမှာ အမြင့်ဆုံး ကျပ် (၁၀) သိန်းသာ ရှိသောကြောင့် နှိုင်းယှဉ် ပါက တပ်မတော်သားများကို ပေးသော ထောက်ပံ့ကြေးမှာ နည်းပါးလျက် ရှိသည်။
Messenger News Journal

ဂျက်စတင်ဘီဘာ အရင်လို မပိန်တော့ပါ


တစ်ချိန်တုန်းက ချစ်စဖွယ် Pop star ကလေး တစ်ဦး ကနေ ဂျက်စတင်ဘီဘာ ဟာ ယောင်္ကျားပီးသတဲ့ အသွင်အပြင်ကို ပိုင်ဆိုင်တဲ့ သူ တစ်ယောက် ဖြစ်ကြောင်း သက်သေ ပြလိုက် ပါတယ်။

အသက် ငယ်ရွယ်ခြင်း၊ အသံ အား သေးခြင်း အချက် များကြောင့် ဂျက်စတင် ဘီဘာ ကို မိန်းကလေး တစ်ဦးပမာ သဘောထားလို့ စနောက် လောင်ပြောင်သူ များပြား ခဲ့ပါတယ်။ တစ်ဖက်မှာ သူ့ကို အားပေးသူ များသလို၊ တစ်ဖက်မှာ သူ့ကို အားမပေး ဝေဖန်သူလည်း များပါတယ်။ ဒါကြောင့်မို့ သူဟာ ကလေး တစ်ယောက် မဟုတ်တော့ကြောင်း ယောက်ျား ပီသတဲ့ အမျိုးသား တစ်ဦး ဖြစ်ကြောင်း ပြဖို့ အတွက် ခန္ဓာကိုယ်မှာ ပုံတွင် မြင်ရ သလိုပဲ ဆေး မင်ကြောင် ထိုးထား ပါတယ်။ ဒ့ါအပြင် ပုံမှန် Gym ဆော့ပြီး ခန္ဓာကိုယ် ကြွက်သားများ ကြီးလာတာကိုလည်း တွေ့ရ ပါတယ်။

ယင်း ဓာတ်ပုံ များကို သူ့ရဲ့ Instagram မှာ တင်ခဲ့ခြင်း ဖြစ်ပါတယ်။ ဂျက်စတင် ဘီဘာ ဟာ ပြီးခဲ့တဲ့ မတ်လက အသက် ၂၀ ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။
.
Ref: Mirror
အောင်ခမ်း (ရိုးရာလေး)


သတိ--- ကွမ်းစားနှပ်ဆေးရည် များသည် ကျန်းမာရေးကို ထိခိုက်စေနိုင်ပါသည်



မြန်မာ့ရိုးရာ ဧည့်ခံ အစားအသောက် များတွင် ကွမ်း ၊ ဆေး ၊ လက်ဖက် ဟူ၍ ဆိုစကား ရှိသည်။ ကွမ်းယာသည် မြန်မာမှုတွင် ဧည့်ခံ ပစ္စည်း ဖြစ်သော်လည်း ယနေ့ ကာလတွင် စီးပွားဖြစ် ရောင်းချလျက် ရှိသော ရောင်းကုန် တစ်ခု ဖြစ်လာသည်။ ကွမ်းယာ ကို နှစ်ခြိုက် ခုံမင်စွာ စားသုံးလေ့ ရှိသော ခေတ်လူငယ် များသည် နှပ်ဆေးရည် များဖြင့် စားသုံးလေ့ ရှိရာ ၄င်း နှပ်ဆေးရည်အား ရေရှည်စွဲ၍ စားသုံး မိပါက အစာအိမ် အူလမ်းကြောင်း ကင်ဆာ ဖြစ်ပေါ် စေနိုင်ကြောင်း အစာအိမ် နှင့် အူလမ်းကြောင်း ဆိုင်ရာ အထူးကု ဆရာဝန် တစ်ဦးက ပြောပြသည်။

" ကွမ်းစား နှပ်ဆေးရည် တွေက အစားအသောက် နဲ့ ဆေးဝါးဆိုင်ရာ ကြီးကြပ် ကွပ်ကဲမှု ရဲ့ ခွင့်ပြုချက် ရယူပြီး ထုတ်လုပ် ထားတဲ့ စားသောက် ကုန်စည် မဟုတ်သလို ဓာတုဗေဒ ဒြပ်ပေါင်း ပစ္စည်း အချို့နဲ့ ရောစပ် ထုတ်လုပ် ထားတာကြောင့် စားသုံးမိပါက ကျန်းမာရေး ထိခိုက် စေနိုင် ပါတယ် ... " ဟု အဆိုပါ အထူးကု ဆရာဝန်ကြီး က ဆက်လက်၍ ပြောပြသည်။

ကွမ်းစား နှပ်ဆေးရည် များအား ရေရှည် စားသုံးခြင်းကြောင့် အစာအိမ် အူလမ်းကြောင်း အတွင်း ကင်ဆာဖြစ်၍ ဆေးဝါး ကုသမှု ခံယူသူ များစွာ ရှိခဲ့ရာ ၁၅ ရာခိုင်နှုန်း သာလျှင် အသက်ရှင် ကျန်းမာပြီး ကျန် ၆၅ ရာခိုင်နှုန်း မှာ လူ့သက်တမ်းစေ့ နေထိုင် နိုင်ခြင်း မရှိကြောင်း စောင့်ကြည့် လေ့လာ နေသူများ၏ မှတ်တမ်းအရ သိရသည်။

အဆိုပါ ကွမ်းစား နှပ်ဆေးရည် များသည် သဘာဝ မဟုတ်သော အနံ့အသက် များနှင့် သဘာဝ မဟုတ်သော အချို အရသာ ဓာတ်များအား ရောစပ် ထုတ်လုပ်ထားရာ ဓာတုဗေဒ ဒြပ်ပေါင်းအချို့ ပါဝင်လျက် ရှိသည်ကို စမ်းသပ် တွေ့ရှိရကြောင်း ၊ ၄င်း ဒြပ်ပေါင်းစု များတွင် လူ၏ ကိုယ်ခန္ဓာ အတွင်းပိုင်းရှိ အစိတ်အပိုင်း များအား ချေဖျက်နိုင်သည့် ဒြပ်ပေါင်းစု များလည်း ပါဝင်ကြောင်း ၊ ယင်းကြောင့် ပါးစောင် ကင်ဆာ နှင့် လည်ချောင်း ကင်ဆာ များ ဖြစ်ပွား ရသည်ဟု သုတေသန စာတမ်းများက ဆိုသည်။

ကွမ်းစား နှပ်ဆေးရည် ဖော်စပ်ရာတွင် အဓိက မရှိမဖြစ် လိုအပ်သည်မှာ ဆေးရွက်ကြီး ဖြစ်သည်။ ၄င်း ဆေးရွက်ကြီး ၏ ရုက္ခဗေဒ အမည်ရင်းမှာ နီကိုရှားနား တေဗကန် ( Nicotianna Tabaccum ) ဟု ခေါ်ထွင်၍ ဆိုလင်းနေးစီး ( Solanaceae ) ခရမ်းမျိုးရင်းဝင် အပင် တစ်မျိုးဖြစ်သည်။ ၄င်း၏ မူလ သဘောအရ အဆိပ်အတောက် များကို ပယ်စေနိုင်သော သတ္တိ ရှိသော်လည်း ဓာတုဗေဒ ဒြပ်ပေါင်းများ နှင့် ရောစပ် သုံးစွဲခြင်းကြောင့် လူ၏ ကျန်းမာရေး ကို ထိခိုက် စေခြင်း ဖြစ်ကြောင်း သိရှိရသည်။


ကိုတိုး (ချင်းတွင်း)

Themyawadydaily

ချစ်သူနဲ့ အိမ်ထောင်ဖက် တစ်ထပ်တည်းဖြစ်ချင်တဲ့ နေတိုး


"အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး မေးလာတဲ့အခါ အိမ်ထောင်ပြုသင့်တဲ့ အနေအထား တစ်ခုကို ရောက်နေပြီဆိုတာ သိပါတယ်။ ဒါပေမဲ့ ကျွန်တော့်မှာ ချပြစရာမရှိဘူး။ ကျွန်တော် အိမ်ထောင်တော့ပြု မှာပါ။ အချိန်သတ် မှတ်ထား တာတော့ မရှိပါဘူး။ ဖူးစာပါလာတဲ့ အချိန်ပေါ့။ အချစ်ရှိခဲ့ဖူးလား ဆိုရင် ရှိခဲ့ဖူး တယ်။ အခုရှိလားဆိုရင် ရှိနေတယ်။ ကျွန်တော် အိမ်ထောင်ပြုတာနဲ့ အချစ်ရေး ချပြမှုက တစ်ကြိမ် တည်းဖြစ်ချင်တယ်။ ကိုယ့်ရဲ့ချစ်သူနဲ့ အိမ်ထောင်ဖက်က တစ်ထပ်တည်းဖြစ်ချင်တယ်"လို့ အချစ်ရေးနဲ့ပတ်သက်ပြီး မေးမြန်းမှု ကို နေတိုး က ပြန်လည်ဖြေကြားခဲ့ပါတယ်။

အခု လက်ရှိမှာတော့ နေတိုးက ခင်ဝင့်ဝါနဲ့ "အိုလင်းတစ္ဆေ" ဆိုတဲ့ ဇာတ်ကားကို ရိုက်ကူးနေပါ တယ်။ ဒီဇာတ်ကား ကတော့ သရဲ အကြောင်းကို အခြေခံပြီး လူငယ် ဟာသဇာတ်လမ်း ပုံစံလေး ရိုက်ကူး ထားတာ ဖြစ်ပါတယ်။ "သရဲ ဝတ္ထုလေးတွေ ရေးပြီး အောင်မြင်စပြုနေတဲ့ စာရေးဆရာ တစ်ယောက် ပုံစံ မျိုးလေးကို ရိုမန့်နဲ့ ဟာသပုံစံလေး ရိုက်ထားတာ။ သရဲကို ပြချင် တာတော့ မဟုတ်ဘူး။ လူတွေရဲ့ ကြောက်စိတ်ကနေ ဖြစ်လာတာမျိုးကို ပြချင်တာ။ ဇာတ်က "အိုလင်းတစ္ဆေ"ဆိုတဲ့ ခေါင်းစဉ်ကို ဖတ်ကတည်းက စိတ်ဝင်စား ခဲ့တာ။ ဗီဒီယိုတွေက ခေတ်နဲ့အလိုက် ပတ်ဝန်း ကျင်မှာ လူတွေနဲ့ ဆက်နွှယ်နေတဲ့ အခြေခံအပေါ် မူတည်ပြီး ဇာတ်လမ်းမျိုး ကို ရိုက်ဖြစ်လာ တယ်။ ပရိသတ်တွေ ရဲ့ စိတ်ဝင်စားမှုတွေ ရှိတဲ့ လူမှု ပတ်ဝန်းကျင်က ပုံစံတွေ ကို ဇာတ်တည် ဆောက်ပြီး ရိုက်ဖို့ လုပ်ထားတာတွေရှိတယ်"လို့ ရိုက်ကူးနေတဲ့ ဇာတ်ကားနဲ့ပတ်သက်ပြီး နေတိုးက ပြောပြပါတယ်။

၁၇ နှစ်ပြည့် ပေါ်ပြူလာဂျာနယ် အတွက် အမှတ်တရ စကားအနေ နဲ့ လည်း နေတိုးက "ပေါ်ပြူလာ ဂျာနယ် ဆိုတာ ကျွန်တော့် ရဲ့အနုပညာ သက် တမ်းလောက်ရှိတယ်။ ကျွန်တော် အနုပညာလောကကို စရောက်ကတည်းက ပရိသတ်တွေ နဲ့ ထိတွေ့ခွင့်ရခဲ့တယ်။ ပေါ်ပြူလာ ဂျာနယ်ရဲ့ စာမျက်နှာတွေ ကနေ ပရိသတ်တွေကို ပြောချင်တာတွေ ပြောခွင့်ရ ခဲ့တယ်။ ကျွန်တော်တို့ရဲ့ အနုပညာ ဘဝဖြတ်သန်းမှု တစ်စိတ်တစ်ဒေသ ကနေ အရေးကြီးတဲ့ အခန်း ကဏ္ဍ ကနေ ပါဝင်ခဲ့တဲ့ ဂျာနယ် တစ်စောင်ဖြစ်တယ်လို့လည်း ယူဆမိတယ်။ အခုလို ၁၇ နှစ်ပြည့်သွားပြီ ဆိုတော့ တအား အံ့သြသွားတယ်။ ၁၇ နှစ်ဆိုတဲ့ အတိုင်းအတာက အချိန်တော်တော် ကြာခဲ့ပြီး ဒီ ၁၇ နှစ်တိုင်အောင် ထိပ်ဆုံးနေရာ မှာ ရှိနေနိုင်တဲ့ အတွက်လည်း အနုပညာရှင် တစ်ယောက် အနေနဲ့ ဂုဏ်ယူ မိသလို ပေါ်ပြူလာရဲ့ စာဖတ် ပရိသတ်တစ် ယောက် အနေ နဲ့လည်း ကျေနပ်မိတယ်။ ဒီထက်မက ပေါ်ပြူလာရဲ့ သက်တမ်း၊ ပေါ်ပြူလာရဲ့ လုပ်ဆောင်ချက်တွေ ဆန်းသစ်ပြီး ပြည်သူ ပရိသတ်တွေ အတွက် အကျိုးရှိတဲ့ ကဏ္ဍတွေ လုပ်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်"လို့ ဆုတောင်းစကား ဆိုပါတယ်။

မေမွန်မောင်၊
ဓာတ်ပုံ-မင်းမင်းထွန်း


Popular Journal

အလည်ဗီဇာဖြင့်ပို့သည့်ပွဲစားဇနီးမောင်နှံအားဖမ်းမိ



ထိုင်းနိုင်ငံသို့ အလည်ဗီဇာဖြင့် မြန်မာအလုပ်သမားများ အားတင်ပို့ထားသည့် ပွဲစား
ဇနီးမောင်နှံတို့အား ထိုင်းနိုင်ငံအနောက်ပိုင်းကန်ချနဘူရီခရိုင် ထာ့မကာမြို့နယ်၊ ဆင်သော်
ရပ်ကွက်တွင်ရှိသော VITA နာနတ်သီး စက်ရုံအနီး တွင်ယနေ့နံနက်က ပူးပေါင်း အဖွဲ့များက အလုပ်သမားများနှင့်အတူ ဖမ်းဆီးနိုင်ခဲ့ကြောင်းသိရှိရသည်။

           အလယ်ဗီဇာ PV ဖြင့်တင်ပို့ခံရပြီးအခက်အခဲကြုံနေကြသည့် အလုပ်သမား များ၏ အကူညီတောင်း ခံလာမှုများအား ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ MAT က အချက်အလက်များအား အချိန်ယူ၍စု ဆောင်းခဲ့သည်။ ခိုင်မာစွာရရှိထား သည့် အချက်အလက်များအား MAT ဥပဒေအကြံပေး ဦးအောင်မျိုးသန့် နှင့် ထိုင်းတောင်ပိုင်း ဖန်င အခြေစိုက် ပညာရေးဖွံ့ဖြိုးရေးဖေါင်ဒေးရှင်းFED ဒါရိုက်တာ ဦးထူးချစ် တို့နှင့် ညှိနှိုင်း ၍အစီ အစဉ်ရေးဆွဲကြသည်။ ထို့နောက် ထိုင်းအစိုးရ လူကုန် ကူးမှု တိုက်ဖျက်ရေး အထူးရဲတပ်ဖွဲ့ AHTD အား အချက်အလက်များအား တင်ပြပြီးေ နာက် ဘန်ကောက်မြန်မာသံရုံးမှ အလုပ်သမားသံအရာရှိ ဦးသိန်းနိုင် နှင့် ပူးပေါင်း၍ အရေးယူဆောင်ရွက်ခဲ့ကြခြင်းဖြစ်ပါသည်။


            ရွှေဘိုနယ်နှင့် ပုဂံနယ်တို့မှ အလုပ်သမား ၁၃ဦးတို့အား တစ်ဦးလျှင် ကျပ်ငွေ ငါးသိန်းခွဲမှ ခြောက်သိန်း ခွဲအထိ အကျိုးဆောင်ခယူ၍ D4U(ဒီဖိုးယူ)ပြည်ပအလုပ် အကိုင်ရှာဖွေရေးကုမ္ပဏီက ထိုင်းနိုင်ငံသို့ အလည်ဗီဇာ အမျိုးအစား PV ဖြင့် ၂၀၁၄ ခု မေလ ၁၇ရက်နေ့က ထိုင်းနိုင်ငံအတွင်းသို့ ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။
         အလုပ်သမားများအား ပို့ဆောင်ခဲ့သူများမှာ အသက်၂၉နှစ်အရွယ် ကိုမင်းသန့်   ရွှေဘိုမြို့နယ်၊ အုန်းပေါက်ရွာ နှင့် မြောင်းမြမြို့နယ်၊ ကန့်ကော်မြိုင်ရွာမှ အသက် ၂၁   နှစ်အရွယ် မထက်ထက်အောင် တို့ နှင့်အတူရန်ကုန်မြို့ တောင်ဒဂုံ  တောင်/မြောက် လမ်းဆုံ အောင်ဇေယျာအိမ်ယာ တိုက်အမှတ်(၂၇) အပေါ်ထပ် ဗိုလ်မင်းရောင်လမ်း အမှတ် ၄၃ ရပ်ကွက် ပင်လုံလေဘာရုံးရှေ့မှ  D4U (ဒီဖိုးယူ)ပြည်ပအလုပ်အကိုင်ရှာ   ဖွေရေးကုမ္ပဏီ ဒါရိုက်တာ ဦးဧရာချိန်မော် တို့ဖြစ်ကြောင်း အလုပ်သမားများကပြော သည်။
              မုံရွာတက္ကသိုလ်မှ သင်္ချာဒုတိယနှစ်ကျောင်းသား ကိုဌေးနိုင် က “ ကျနော် ကျပ်ငွေ ခြောက်သိန်းခွဲပေးခဲ့ရပါ တယ်။ ရန်ကုန်ကို သွားလိုက်လာလိုက်နဲ့စုစုပေါင်း ဆယ့်နှစ်သိန်းလောက် ကုန်ကျပါတယ်။ ကျနော်တို့ မတိုင် ခင်လည်း ဒီလူတွေ ဒီလိုပဲ လုပ်ခဲ့ကြသလို ယခုလည်း ရွှေဘိုနယ်နဲ့ ပုဂံနယ်ကတစ်ယောက်ကို ကျပ်ငွေခြောက် သိန်းခွဲစီယူထားတဲ့ လူ ၁၅ ယောက်ရှိတယ်လို့ ကျနော်တို့ကိုရွာက ဖုန်းဆက်လို့သိရ ပါတယ်။ ဒီပွဲစားနဲ့ ကုမ္ပဏီ ကို အစိုးရအနေနဲ့ ထိထိရောက်ရောက် အရေးယူဆောင် ရွက်ပေးစေချင်ပါတယ်။ မဟုတ်ရင် အခြားလူ တွေကို လည်း ဒီအတိုင်းပဲ လိမ်နေကြ အုံးမှာ ဖြစ်ပါတယ်” ဟုပြောသည်။

              အလုပ်သမား ၁၇ဦးတင်ပို့ထားသည့်အနက် ၇ဦးမှာ ပြန်သွားခဲ့ ကြပြီးဖြစ် သည်။ အလုပ်သမား ၆ဦး ရှိနေရာသို့ ပွဲစားဇနီးမောင်နှံတို့ ရောက်ရှိနေကြောင်း MAT အဖွဲ့က သိရှိခဲ့ရပြီး AHTD နှင့် အလုပ်သမားသံ အရာရှိတို့အား တင်ပြပြီး ယမန်နေ့ ညဥ့်ကတည်း ဖမ်းဆီးနိုင်ရန် ပြင်ဆင်ခဲ့သော်လည်း အဆင်မပြေခဲ့ချေ။

          ဘန်ကောက်မြန်မာသံရုံး အလုပ်သမားသံအရာရှိ ဦးသိန်းနိုင် က “မြန်မာနိုင်ငံ သားတွေအနေနဲ့က တရားမ၀င်လာရင် ဘယ်လိုအခက်အခဲတွေ ကြုံရနိုင်တယ်ဆိုတာ ကျယ်ကျယ်ပြန့်ပြန့်သိစေချင်တယ်။ တရားဝင်လာရင်စိုးရိမ်စရာမလိုဘူး။အစစ်အဆေး  ခံနိုင်တာပေါ့။ PV ဆိုတာ အလယ်ဗီဇာဖြစ်နေတယ်။ တကယ်စက်ရုံမှာ ၀င်လုပ်ရင် (ဘတ်မဲ့) တရားမ၀င်ဖြစ်နေတာပေါ့။ ပြည်ပကိုလာအလုပ်လုပ်ကြမယ့် မြန်မာနိုင်ငံ
သားတွေအနေနဲ့ ပတ်စပို့ဗဟုသုတတွေကို သိစေချင်တယ်။   လူမှုအဖွဲ့အစည်းတွေနဲ့ ကျယ်ကျယ်ပြန့်ပြန့်လုပ်ရမှာဖြစ်ပါတယ်။ တရားမ၀င်ပို့ဆောင်တာဖြစ်တာကြောင့် လက်ရှိ မြန်မာနိုင်ငံမှာ ပြဌာန်းထားတဲ့ဥပဒေအတိုင်း ဆောက်ရွက် စေမှာပေါ့  လိုအပ်သလိုအရေးယူဖို့ကျနော်တို့အပ်လိုက်ပြီ” ဟုပြောသည်။

              ပွဲစားဇနီးမောင်နှံနှစ်ဦးနှင့်အတူအလုပ်သမား၆ဦးတို့အား အချက်အလက် အပြည့်အစုံမေးမြန်းရန်အ တွက်သံရုံးသို့ခေါ်ဆောင်လာခဲ့သည်။ မြ၀တီ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးတပ်ဖွဲ့သို့ လွှဲအပ်စာနှင့်အတူ အလုပ်သမားသံအရာရှိ ပေးအပ် သည့် လမ်းစရိတ်ဖြင့် ၎င်းတို့အား MATအဖွဲ့က ယနေ့ညနေတွင်မြ၀တီသို့ ပို့ဆောင် လိုက်သည်။ အလုပ်သမားသံအရာရှိ ဦးသိန်းနိုင် ထိုင်းနိုင်ငံသို့ လာရောက်တာဝန် ထမ်းဆောင်ပြီးနောက် MAT အဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်မှုမှာ ပထမဦးဆုံးအကြိမ်ဖြစ် သည်။

           ထိုင်းနိုင်မြန်မာနိုင်ငံသားများအဖွဲ့ MAT ဒါရိုက်တာ ဦးကျော်သောင်း က“   ပြည်ပအလုပ်အကိုင် အေဂျင် စီအချို့နဲ့ပွဲစားတွေဟာ နယ်စပ်တွေမှာ MOU လုပ်တာ   တွေကို ပိတ်လိုက်ကတည်းက အလည်ဗီဇာPV နဲ့ ထိုင်း နဲ့မလေးရှားနိုင်ငံတွေကိုပို့   နေပြီ ဆိုတာ ကျနော် အချက်အလက်အပြည့်အစုံနဲ့ သတင်းရေးဖူးတယ်။ မီဒီယာ   တွေမှာလည်း ပြောဖူးပါတယ်။ ကျနော်တို့အကြံပြုတင်ပြတာတွေကို မြန်မာအာဏာ ပိုင်တွေဘက်က အရေးယူဆောင်ရွက်မှု အားနည်းပါတယ်။

 ခုလောလောဆယ် ထိုင်းနိုင်ငံအတွင်းမှာ PV ဗီဇာနဲ့ ရောက်လာတဲ့ အလုပ်သမားတွေရာပေါင်းများစွာ ကျနော့်ဆီမှာ အကူညီတောင်းထားတာရှိပါတယ်။ ကျနော်တို့က နဲနဲပဲဖေါ်ထုတ် နိုင် ပါတယ်။ မြန်မာအစိုးရက အင်တိုက်အားတိုက် အရေးယူရမှာဖြစ်ပါတယ်။ ဒီကိစ္စက ထိုင်းအစိုးရက အရေးမယူဘူး။ ကျနော်တို့တွေရဲ့အားနည်းချက်တွေနဲ့ ပြည်ပကို ထွက်ခွာအလုပ်လုပ် ချင်ကြတဲ့အလုပ်သမား တွေကြားထဲမှာ ရတဲ့နည်းနဲ့ ပြည်ပကို လူတင်ပို့နေကြတာပါ”ဟုပြောသည်။

       ပြီးခဲ့သည့်မတ်လက ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီ ၀ုန်ဘန်ထစ်စက်ရုံသို့ အလည်ဗီဇာPV ဖြင့် ရောက်လာခဲ့သော မကွေးနယ်မှ အလုပ်သမား ၁၄ ယောက် နှင့် ထိုင်းနိုင်ငံတောင်ပိုင်း ခြုံဖေါ်မြို့နယ်၊ ထပ်စကက်အရပ်မှ တွင်အလုပ်လုပ်ကြေသော မကွေးမြို့မှ ၁၈ ယောက် တို့အား စားစရာအခက်အခဲရှိနေချိန်တွင် စူရပ်ဌာနီတွင်နေ ထိုင်သည့် MAT အဖွဲ့၏ ဥပဒေအကြံပေးရှေ့နေကြီး ဦးအောင်မျိုးသန့် က အစားအေ သာက်နှင့် ငွေကြေးအချို့အကူညီပေးခဲ့သည်။


           မြန်မာနိုင်ငံအလုပ်သမားဝန်ကြီးဌာနအနေဖြင့် အလည်ဗီဇာPV ဖြင့်ပို့ဆောင် သည့် တရားမ၀င် လူတင်ပို့နေကြသည့် ကုမ္ပဏီများနှင့် ပွဲစားများအား မည်သို့ ဆက် လက်ဖေါ်ထုတ်အရေးယူမည်ကို တကမ္ဘာလုံးမှ မြန်မာရွှေ့ပြောင်းအလုပ်သမားက   စောင့်ကြည်နေကြမည်ဖြစ်ကြောင်းသိရှိရသည်။

ရွှေလုပ်သား

အွန်လိုင်းမှ တစ်ဆင့် ငွေပို့၊ ငွေလွှဲခြင်း ဆောင်ရွက်နိုင်ပြီ



ဧရာဝတီဘဏ်တွင် အွန်လိုင်းမှတစ်ဆင့် ငွေပို့၊ ငွေလွှဲခြင်း၊ Bank Statement (ဘဏ်တွင် အပ်ငွေထောက်ခံချက်) စသည်တို့ကို အင်တာနက် ကွန်နက်ရှင် ရှိပါက မည်သည့် အချိန်မဆို ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း သိရသည်။

““ဒီစနစ်က အချိန်ကုန် သက်သာစေတဲ့ အပြင် ပြည်ပရောက် နေတဲ့ သူတွေအတွက်လည်း အများကြီး အကျိုးရှိတယ်။ ဒါပေမဲ့ အင်တာနက်လိုင်း ရှိဖို့တော့ လိုတယ်””ဟု ဧရာဝတီဘဏ်မှ MD ဦးဖြိုးအောင်က The Messenger Media သို့ ပြောသည်။

အင်တာနက်ဘဏ်စနစ်ကို ဘဏ်တွင် အကောင့်ဖွင့်ထားသူသာ အသုံးပြုနိုင်မည် ဖြစ်ပြီး အဆိုပါ စနစ် အသုံးပြုရန် www.ayaibankimg.com သို့ ၀င်ရောက်ကာ အကောင့် ပိုင်ရှင်၏ User name နှင့် လျှို့ဝှက်နံပါတ်ကို ရိုက်နှိပ်ကာ အသုံးပြုရမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ အင်တာနက်ဘဏ်လုပ်ငန်း စနစ်ကို အသုံးပြုနိုင်ရန် ဘဏ်တွင် လာရောက်ကာ စာရင်းပေးသွင်း ရမည်ဖြစ်သည်။

““နိုင်ငံတကာ မှာတော့ အဲဒီစနစ်က အရမ်း တွင်ကျယ်စွာ အသုံးပြု နေကြတယ်။ ဒီနိုင်ငံမှာလည်း အရမ်း လိုအပ်တယ်။ အခုဆို ငွေလွှဲ ငွေပို့တာဆို Amount များရင် ငွေတွေ အလေးကြီး သယ်နေရတယ်။ ဒီစနစ်က အွန်လိုင်းက နေပဲ လုပ်လို့ရမယ်ဆိုတော့ အဆင်ပြေတယ်””ဟု ဧရာဝတီဘဏ်တွင် အကောင့် ဖွင့်ထားသူ မသန္တာဦးက ဆိုသည်။

အင်တာနက် ဘဏ်လုပ်ငန်းသည် စီးပွားရေး လုပ်ငန်းရှင်များ၊ ကျေးလက်ဒေသ များနှင့် ဘဏ်မရှိသော ဒေသ များတွင် နေထိုင်သူများ အတွက် အထောက်အကူ ဖြစ်စေနိုင်သည့် စနစ်တစ်ခု ဖြစ်ကြောင်း ဧရာဝတီဘဏ်က ဆိုသည်။

The Messenger

အာမခံဖြင့် ပြန်လည်လွတ်မြောက်လာသည့် လန်ဒန်ဆရာတော် အပါအ၀င် သံဃာငါးပါး သင်္ကန်းဝတ်ဖြင့် တာမွေတရားရုံးတွင် ယနေ့ အမှုရင်ဆိုင်မည်


အာမခံဖြင့် ပြန်လည်လွတ်မြောက်လာသည့်လန်ဒန်ဆရာတော် ဦးဥတ္တရအပါအဝင်
သံဃာငါးပါးသည် သင်္ကန်းဝတ်ဖြင့် တာမွေတရားရုံး၌ ၂ဝ၁၄ ခုနှစ် ဇွန် ၂၇ ရက်တွင်
 အမှုရင်ဆိုင်မည်ဖြစ်ကြောင်း သိရသည်။


  “တတိယအကြိမ် ရုံးချိန်းမှာ ပုဒ်မ ၁၄ နဲ့ ပတ်သက်တဲ့အမှုကို တရားလိုကို စတင်စစ်ဆေးဖွယ်ရာ ရှိပါတယ်” ဟု လန်ဒန်ဆရာတော် ဦးဥတ္တရအတွက် လိုက်ပါဆောင်ရွက်ပေးနေသည့် ဗြိတိသျှသံရုံးမှ ငှားရမ်းထားသည့် ရှေ့နေ ဦးနေလက ဆိုသည်။

၂ဝ၁၄ ခုနှစ် ဇွန် ၁၃ ရက်တွင် တာမွေတရားရုံး၌ သံဃာငါးပါးအား ပထမအကြိမ် လူဝတ်လဲရုံးထုတ်ခဲ့ပြီး အင်းစိန်ထောင်သို့ ပို့ဆောင်ခဲ့သည်။ ဇွန် ၂ဝ ရက်တွင် ဒုတိယအကြိမ်အဖြစ် တရားရုံးထုတ်စစ်ဆေးခဲ့ပြီး အာမခံဖြင့် ပြန်လည်လွှတ်ပေးခဲ့သည်။တတိယအကြိမ် ရုံးထုတ်စစ်ဆေးမှုအဖြစ် ယခု ၂၇ ရက်တွင် ရဟန်းဝတ်ဖြင့် ရုံးထုတ်စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။

  “တရားရုံးမှာ ဖြေရှင်းနည်းက သီးသန့်မရှိဘူး။ ရာဇဝတ်ကျင့်ထုံး ဥပဒေမှာပါတဲ့အတိုင်း တရားလိုကိုစစ်မယ်။ တရားလိုစစ်ပြီးရင် တရားလိုဘက်ကပြတဲ့ သက်သေတွေကိုစစ်မယ်။ တရားလိုပြသက်သေတွေကို စစ်ပြီးရင် စွဲချက်တင်သင့်လား မတင်သင့်လား၊ မတင်သင့်ဘူးထင်ရင် တရားရှင် လွှတ်မယ်။ စွဲချက်တင်သင့်တယ်လို့ ယူဆရင် တရားခံဘက်ကို စစ်မယ်။

ပြီးရင် အပြီးသတ် အမိန့်ချမယ်။ အပြီးသတ်အမိန့်ချတဲ့အခါ အပြစ်ရှိရင် အပြစ်ပေးမယ်။ မရှိရင် တရားသေလွှတ်မယ်။  လက်ရှိ ဒါက မြန်မာပြည်မှာစစ်ဆေးနေတဲ့အပိုင်းပါပဲ။ အဲဒီအပိုင်းနဲ့ သွားဖို့များပါတယ်။ ဒါပေမဲ့ ကြားထဲမှာ ဒီအမှုကို တရားလိုဘက်က ပြန်ရုပ်သိမ်းတယ်ဆိုရင်တော့ တစ်မျိုးပေါ့။ မရုပ်သိမ်းရင် တရားသူကြီးက ဆုံးအောင်စစ်ရလိမ့်မယ်။

သင်္ကန်းဝတ်နဲ့ တရားရုံးမှာ စစ်လေ့ရှိပါတယ်။ အမှုစစ်တာက နှစ်မျိုးရှိတယ်။ အရပ်ဘက် တရားရုံးနဲ့စစ်ရတဲ့အမှုက အရပ်ဘက်တရားရုံးမှာ စစ်တယ်။ ဝိနိစ္ဆယရုံးနဲ့စစ်ရမယ့်အမှုက ဝိနိစ္ဆယရုံးမှာ စစ်တယ်။ သူ့စီရင်ပိုင်ခွင့်တွေအရ ခွဲထားတယ်။ ဝိနိစ္ဆယခုံရုံးကိုသွားရမယ့် အမှုအမျိုးအစားက ဘာသာရေးနဲ့ဆိုင်တဲ့ဟာတွေဆို သွားရတယ်။

ရာဇဝတ်မှုတွေ ကျူးလွန်တဲ့ကိစ္စမျိုးဆိုရင် ရာဇဝတ်တရားရုံးက စစ်တယ်” ဟု တရားလွှတ်တော် ရှေ့နေဦးကိုနီက ပြောကြားသည်။

Eleven Media Group

ရိုမန်းဘောထ့်တွေရဲ့ကမ္ဘာ စာရေးဆရာ အောင်ရင်ငြိမ်း တိမ်းရှောင်နေသည်ဟု သတင်းများထွက်ပေါ်


ညစ်ညမ်းစာများ ပါဝင်နေသည့်အတွက် ဝေဖန်မှုများ ဆက်တိုက်ကြုံနေရသည့် ရိုမန်းဘော
ထ့်တွေရဲ့ ကမ္ဘာစာအုပ်၏ စာရေးဆရာ၊ ကဗျာဆရာ အောင်ရင်ငြိမ်းမှာ တိမ်းရှောင်နေသည့်
သတင်းများ ထွက်ပေါ်နေကြောင်း စာရေးဆရာ၊ ကဗျာဆရာ အသိုင်းအဝိုင်းက စုံစမ်းသိရှိရသည်။

“တစ်နေ့က မြို့ထဲမှာ ကောင်မလေး တစ်ယောက်နဲ့ သူ့ကို တွေ့လိုက်သေးတယ်။ ခုရက်ပိုင်းတော့ ရဲတွေရှာနေလို့ ရှောင်နေတယ်လို့ ကြားတယ်။ သူ့စာအုပ်ကိုတော့ စာပေလောက က စာရေးဆရာ အကုန်နီးပါးကတော့ လက်မခံကြဘူး” ဟု ကဗျာဆရာတစ်ဦးက ပြောဆိုသည်။

စာအုပ်ထဲတွင် ညစ်ညမ်းစာများ ပါဝင်နေသည့်အတွက် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေ ပုဒ်မ (၈) (ဂ)၊ ရောင်းချခြင်းမှာ ပြစ်မှုဆိုင်ရာ ဥပဒေ (၁၉၂) အရ အကျုံးဝင်နေသဖြင့် ပြန်ကြားရေး ဝန်ကြီးဌာနက တရားစွဲရန် စီစဉ်နေကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနက သိရသည်။

“ဒီရက်ပိုင်းမှာပဲ အမှုဖွင့်ဖို့ ရှိတယ်။ ကျွန်တော်တို့ ရဲတပ်ဖွဲ့နဲ့ ညှိနေတယ်။ ရဲဘက်က အရေးယူရင် နှစ်ခုဖြစ်မှာ စိုးလို့ ညှိနှိုင်းနေတယ်” ဟု ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲတင်က ပြောကြားသည်။

တိမ်းရှောင်နေသည့် သတင်းများ ထွက်ပေါ်မှုနှင့် ပတ်သက်ပြီး စာရေးဆရာ အောင်ရင်ငြိမ်းထံသို့ ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်း မရှိခဲ့ပေ။

ရိုမန်းဘောထ့်တွေရဲ့ ကမ္ဘာစာအုပ် ထုတ်ဝေသူ ဒေါ်ဇင်နှင်းက “စာရေးဆရာကို ရှာတာ ခက်တဲ့ကိစ္စတော့ မဟုတ်ဘူး။ အမရော သူရောက ဒါလုပ်ရင် ဒီလိုဖြစ်မယ်ဆိုတာ သိတယ်။ သူက တိမ်းရှောင်နေတာလည်း မဟုတ်ဘူး။ အေးအေးဆေးဆေး နေတတ်တဲ့သူပါ။ သူ့ကို ရှာမတွေ့ဘူး ဆိုတာ ရှာတဲ့သူတွေ ညံ့လို့ ဖြစ်ပါလိမ့်မယ်” ဟု ဆိုသည်။

၎င်းစာအုပ်မှာ စာအုပ်အရောင်းဆိုင်များတွင် လက်ကျန် မရှိတော့သဖြင့် ဝယ်ယူ၍ မရတော့ဘဲ မိတ္တုကူး ရောင်းချနေမှုများလည်း ရှိနေသည်။

အဆိုပါ စာအုပ်နင့် ပတ်သတ်သည့် ရေးသားသူ၊ ထုတ်ဝေသူနှင့် ဖြန့်ချိသူများကို စတင်စုံစမ်းနေပြီ ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။

The Voice Weekly

မန္တလေးမြို့ ဒိုင်းမွန်းပလာဇာရှိ မြန်မာအရှေ့တိုင်းဘဏ်နှင့် LG အရောင်းပြခန်း ဖောက်ထွင်းခံရ


မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ် ဒိုင်းမွန်းပလာဇာ ပထမထပ်ရှိ မြန်မာအရှေ့တိုင်း
ဘဏ်နှင့် LG ၊ Sonyအရောင်းပြခန်းတို့တွင် ဇွန် ၂၅ ရက် ညပိုင်းက ဖောက်
ထွင်းခံရမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။


ဖောက်ထွင်းမှုတွင် အရောင်းပြခန်းမှ ကင်မရာ၊ ဟန်းဆက်နှင့် ဆက်စပ်ပစ္စည်းပေါင်း ၂ဝ ခန့်ပါဝင်သွားပြီး တန်ဖိုးငွေကျပ်သိန်း ၈ဝ ဖြစ်ကြောင်းLG အရောင်းပြခန်းမှ စုံစမ်းသိရှိရသည်။

ဆိုင်မျက်နှာကြက်ကို ဖောက်ထွက်ကာ လှေကားဖြင့်ဆင်းပြီး ဆိုင်ထဲရှိပစ္စည်းများကို ယူဆောင်ခဲ့ခြင်းဖြစ်သည်။

“ဆိုင်မှာပိုက်ဆံမထားလို့ ငွေတော့ပါမသွားဘူး။ ကင်မရာနဲ့ ဟန်းဆက်ဆက်စပ်ပစ္စည်းတွေပဲ သယ်သွားတယ်။ ကျွန်တော်တို့ ပထမထပ် မှာ အဲယားကွန်းပြင်နေတဲ့နေရာ လေးနေရာလောက်ရှိတော့ မျက်နှာကြက်တွေပွင့်နေတာပေါ့။ ဒါကိုအသုံးချပြီး လုပ်သွားတာ။ ည ၉ နာရီဆိုင်ပိတ်ချိန်ကစပြီး ပလာဇာတစ်ခုလုံး မီးဖြတ်တဲ့အတွက် စီစီတီဗွီတပ်လည်း အလုပ်မလုပ်နိုင်တဲ့အတွက် မတပ်ထားပါဘူး” ဟု LG အရောင်းပြခန်းမှ ကိုစည်သူက ပြောကြားသည်။


ယင်းအရောင်းပြခန်းနှင့် တစ်ဆက်တည်း လေးဆိုင်ခန့်အကျော်တွင်ရှိသော မြန်မာအရှေ့တိုင်းဘဏ်တွင်လည်း ဖောက်ထွင်းခံရမှု ဖြစ်ပွားခဲ့ပြီး ATM စက်ကို ဖောက်ဖျက်ခံခဲ့ရကြောင်း သိရသည်။ ဘဏ်ဖောက်ထွင်းခံရမှုနှင့် ပတ်သက်၍ အဆိုပါဘဏ်ကို သွားရောက်မေးမြန်း ခဲ့သော်လည်း ဝင်ခွင့်ပင်မပေးခဲ့ဘဲ အပြင်မှ အဲယားကွန်းပြင်နေသည့် မျက်နှာကြက်အပေါက်ကို ဓာတ်ပုံရိုက်ရာတွင် ဘဏ်နာမည်ဆိုင်းဘုတ် မပါဝင်စေရန် လာရောက်တားမြစ်ခဲ့သည်။


“လတ်တလော စစ်ဆေးချက်အရ အဲယားကွန်းတွေပြင်နေတဲ့ မျက်နှာကြက်တွေကတစ်ဆင့် လျှောက်လာတာဆိုတော့ အနည်းဆုံး နှစ်ယောက်အထက်ပဲ။ ဒါပေမယ့် ဒီမျက်နှာကြက် ခံနိုင်ရည်ကလည်း လူအများကြီး လျှောက်လို့မရနိုင်ဘူး။ ကျူးလွန်တဲ့သူတွေ အဓိကကတော့ ငွေလိုချင်တာပဲ။ အဲဒါကြောင့် ဘဏ်နဲ့ဒီလို အရောင်းပြခန်းလိုမျိုးကို ရွေးပြီးဖောက်ထွင်းတာပေါ့။

 ဒါပေမဲ့ ငွေမထားတဲ့ ဆိုင်တွေဖြစ်နေတော့ ရတဲ့ပစ္စည်းပဲယူသွားကြတာ။ လောလောဆယ် အဲယားကွန်းပြင်တဲ့ သူတွေကို ခေါ်ယူစစ်ဆေးနေပါတယ်။ အခုဖြစ်ပွားမှုကို ဒိုင်းမွန်းပလာဇာအနေနဲ့ ဖွင့်မလား၊LGပြခန်းအနေနဲ့ ဖွင့်မလား ဆိုတာကို သူတို့ချင်းဆွေးနွေးလို့မပြီးသေးလို့ စခန်းကအမှုဖွင့်ဖို့ စောင့်နေပါတယ်” ဟု ချမ်းအေးသာစံမြို့မရဲစခန်းမှ စခန်းမှူးက ပြောကြားသည်။


ဒိုင်းမွန်းပလာဇာတွင် ရေ၊ မီး၊ အဲယားကွန်း အသုံးပြုခနှင့် လုံခြုံရေးတို့အတွက် တစ်လလျှင် ငါးခန်းတွဲအတွက် ကျပ် ၁ဝ သိန်း ပေးဆောင်ရကြောင်း ဖောက်ထွင်းခံခဲ့ရသည့် LGနှင့် Sony အရောင်းပြခန်းမှ သိရသည်။

Eleven Mmedia Group


တရုတ်နိုင်ငံတွင် ခေါင်းပုံဖြတ်ခံရသည့် မြန်မာလုပ်သားများကာကွယ်ရေး အစိုးရ၌ အစီအစဉ်မရှိ


တရုတ်နိုင်ငံသို့ နယ်စပ် ဖြတ်ကျော်ကာ တရားမ၀င်သွား ရောက်အလုပ် လုပ်ကိုင်နေရ သော မြန်မာနိုင်ငံသားများအ တွက် အာမခံချက်ပေးနိုင်ရန် နှစ်နိုင်ငံ တည်ဆဲဥပဒေများနှင့်အ ကာအကွယ်ပေးနိုင်ရေးနားလည် မှု သဘောတူစာချုပ် လက်မှတ် ရေးထိုးမှုကို တရုတ်နိုင်ငံဘက်က ကမ်းလှမ်းလာမှသာ ဆောင်ရွက် ပေးမည်ဖြစ်ကြောင်း သတင်းရရှိ သည်။

‘‘ဒုဝန်ကြီးဖြေသွားတဲ့အထဲ မှာ တရုတ်ကကမ်းလှမ်းမှု MOU ထိုးပြီးလုပ်ပေးမယ်ဆိုတော့ ဒါက မလုပ်ပေးနိုင်ဘူး ဆိုတဲ့သဘော ဖြစ်နေတယ်။ တရုတ်ကတော့ သူတို့အနေနဲ့ ဈေးပေါပေါရပြီးအ ချောင်ရနေတော့ သူတို့ဘက်က တော့ စပြီး ကမ်းလှမ်းလာမှာ မဟုတ်ဘူးလေ’’ ဟု ဦးစိုင်းဘိုး အောင်ကလည်း ပြောသည်။

မူဆယ် မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဦးစိုင်း ဘိုးအောင်က တရုတ်နိုင်ငံသို့ နယ် စပ်ဖြတ်ကျော်သွားရောက်အလုပ် လုပ်ကိုင်နေရသော မြန်မာနိုင်ငံ သားများအနေဖြင့် မတရားစေခိုင်း ခံရခြင်း၊ ခေါင်းပုံဖြတ်အမြတ် ထုတ်ခံရခြင်း၊ ထိုင်သင့်သည့်လုပ် ခလစာမရရှိခြင်းတို့ကြောင့် မည် သို့ အကာအကွယ်ပေးနိုင်မည့်ကိစ္စရပ်နှင့်ပတ်သက်၍ မေးမြန်းမှုအ ပေါ် အလုပ်သမား၊ အလုပ်အ ကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးဦးထင်အောင်က ပြန်လည်ဖြေကြားရာတွင် အထက်ပါအတိုင်းထည့်သွင်းပြော ကြားခဲ့ခြင်းဖြစ်သည်။

တရုတ်မြန်မာနယ်စပ်ဒေသ များတွင် ထိုကဲ့သို့ ဖြစ်ပေါ်နေ သည့် ကိစ္စရပ်များကို မိမိတို့အနေ ဖြင့် ယခင်က သိရှိရခြင်းမရှိဘဲယ ခုမေးမြန်းမှသာ သိရှိရသဖြင့် ထို ကိစ္စအားဖြေရှင်းပေးနိုင်ရန် အစိုး ရ၀န်ကြီးဌာနသာမက သက်ဆိုင် ရာလွှတ်တော်ရေးရာ ကော်မတီ များကပါ ယခုကိစ္စရပ်များ ကိုင် တွယ်ဆောင်ရွက်ရန်လိုကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရဦး ရွှေမန်းကပြောသည်။

ယခုအချိန်တွင် တရုတ်နိုင်ငံ မှ မြန်မာအလုပ်သမားများတရား ၀င်အလုပ်လုပ်ကိုင်ရေးနှင့်ပတ် သက်၍ ကမ်းလှမ်းလာခြင်းမျိုးမ ရှိသေးသည့်အတွက် တရုတ်နိုင်ငံ အတွင်းသို့ သွားရောက်အလုပ် လုပ်ကိုင်သူများအနေဖြင့် ခြောက်ညအိပ် ခုနစ်ရက်သက်တမ်းသာရှိသော ယာယီနယ်စပ်ဖြတ်ကျော်သွားရောက်ခွင့်လက်မှတ်ဖြင့်သာကူးသန်း အလုပ်လုပ်ကိုင်နေရ ကြောင်း ဒုတိယ၀န်ကြီးက ပြော သည်။

‘‘ဒေသခံတွေအနေနဲ့အလုပ် အကိုင်ရှားပါးမှုကြောင့် နယ်စပ် ကနေတစ်ဆင့် တရုတ်ပြည်ထဲမှာ အလုပ်သွားလုပ်ရတော့ တရား ၀င်မဟုတ်တဲ့အတွက် ယာယီ လက်မှတ်နဲ့ပဲသွားရတယ်။ သက် တမ်းကုန်တော့ တရုတ်ရဲက ဖမ်း ရင်ထောင်ကျတယ်။ ထောင်ထဲမှာဆီးစစ်ပြီး မူးယစ်ဆေးသုံးတာ တွေ့ရတယ်ဆိုပြီး အလုပ်ကြမ်းနဲ့ ထောင်ဒဏ်သတ်မှတ်တယ်။ ပြီး တော့ လမ်းခင်းတဲ့နေရာတွေမှာ သုံးတယ်။ အဲဒီလိုခံနေရတဲ့သူ တွေအများကြီးပါ’’ ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးစိုင်းဘိုးအောင်က ပြောသည်။

7day daily

အားလပ်ရက်မှာ လည်စရာ- တွင်းတောင်ကိုရောက်ဖူးချင်လား


ဓာတ်ပုံ− မျိုးမင်းဦး
အားလပ်ရက်တွေမှာ မိုးတွေတစွတ်စွတ် ရွာချိန်နဲ့ တိုးနေလို့ အိမ်တွင်း အောင်းခဲ့ရသူတွေအတွက် ဒီတစ်ပတ်မှာတော့ ပူပြင်းခြောက်သွေ့ပြီး သွားလည်ချင်စရာကောင်းတဲ့နေရာလေး တစ်ခုကို ညွှန်းချင်ပါတယ်။ အဲဒီနေရာလေးကတော့ အခုတစ်လော သတင်းစာ စာမျက်နှာတွေထက်မှာ မကြာခဏပါရှိလာနေတဲ့ စိမ်းပြာရေညှိများ ထွက်ရှိခဲ့ရာ တွင်းတောင်ခရီးစဉ်လေးပါပဲ။

တွင်းတောင်ဆိုတာ လွန်ခဲ့ တဲ့ ၂ နှစ်လောက်ကတော့ ဆေး ဖက်ဝင် စပီရူလိုင်းနားလို့ခေါ်တဲ့ စိမ်းပြာရေညှိတွေ အမြောက်အမြားထွက်ရှိခဲ့တဲ့ ရှားပါးသဘာဝ နေရာကြီးတစ်ခုပါ။ စိမ်းပြာရေ ညှိတင်မက လက်ဖက်တို့ထဲထည့် စားတဲ့တွင်းပိုးကောင်တွေထွက် ခဲ့တဲ့နေရာတစ်ခုပေါ့။ အခုတော့ စိမ်းပြာရေညှိလည်း မထွက်နိုင် တော့သလို တွင်းပိုးကောင်လည်း မရနိုင်တော့တာတွေ ဖြစ်စပြုလာ ပါပြီ။ အဲဒီလို သဘာဝသယံဇာတ တွေ ကုန်ခန်းစပြုလာနေပေမယ့် တွင်းတောင်ကြီးကတော့ စိမ်းစို လှပနေဆဲပါ။

ကဲ..တွင်းတောင်ကို ဘယ် လိုသွားလို့ရမလဲဆိုတာ ပြောပြ ချင်ပါတယ်။ တွင်းတောင်က မုံရွာမြို့ရဲ့ မြောက်ဘက်မိုင် ၂၀ ကျော်လောက်ဝေးတဲ့ ဘုတလင်မြို့နယ်တွင်းမှာ တည်ရှိတာပါ။ ဒါကြောင့် မုံရွာမြို့ကို အရောက်သွား၊ အညာဒေသ ဘုရားစုံဖူးပြီး အဲဒီကနေတစ်ဆင့် ဆက်သွားဖို့ သင့်လျော်လှတဲ့ နေရာလေးတစ်ခုပါပဲ။ ဘာကြောင့်လဲဆိုတော့ ကားနဲ့ပဲ ဖြစ်ဖြစ်၊ ဆိုင်ကယ်နဲ့ပဲဖြစ်ဖြစ် တစ်နာရီ ကျော်ကျော်လောက် မောင်းလိုက်တာနဲ့ ရောက်နိုင်တာမို့ပါ။

မုံရွာကနေ ဘုတလင် အသွားလမ်းတစ်လျှောက်မှာ တမာပင်တန်းတွေ စီတန်းနေတာမို့ ကြွေစပြုနေပြီဖြစ်တဲ့ တမာသီးရဲ့စူးရှရှအနံ့ကိုသင်ရှူရှိုက်ရမှာပါ။ သင့်မှာ အညာသူ၊ အညာသားခရီးဖော်တစ်ဦး ပါလာခဲ့တယ်ဆိုရင်တော့ တန်းစီပေါက်နေတဲ့ တမာပင်တွေအကြောင်း စကားစကြည့်ပါ။ ပါးစပ်က အမြှုပ်ထွက်မတတ် အညာရဲ့ ဝိသေသ တမာပင်တွေအကြောင်း ပြောပြပါလိမ့်မယ်။ ဘုတလင်မြို့အနီးရောက် တော့မယ်ဆိုရင် မြို့မရောက်ခင် အနောက်ဘက်လမ်းခွဲကနေ ၇ မိုင်လောက် ဆက်လက်သွားရပါဦးမယ်။ အဲဒီလမ်းကတော့ မြေသား လမ်းဖြစ်သွားပြီမို့ မိုးတအားရွာ ရင်တော့ ရွှံ့ဗွက်ထတတ်တယ်လို့ ဆိုပါတယ်။ ပုံမှန် ရာသီဥတုနဲ့ဆိုရင်တော့ သွားလို့ကောင်းပါ တယ်။ တွင်းတောင်သွားရင်း လမ်းတစ်ဖက်တစ်ချက်က လယ် ယာလုပ်ငန်းခွင်တွေကိုလည်း လေ့လာသွားနိုင်ပါသေးတယ်။ ၇ မိုင်လောက် ဆက်သွားပြီးရင် တော့ တွင်းတော်ရွာကိုတွေ့ရပါ မယ်။ တွင်းတော်ရွာကနေ ဆက် တက်ရဦးမှာပါ။ လမ်းကတဖြည်း ဖြည်း အတက်လမ်းဖြစ်လာပါပြီ။ တွင်းတော်ရွာကနေ ၁၀ မိနစ်ခန့် တက်လိုက်ရင်တော့ ခပ်မြင့်မြင့် နေရာတစ်ခုကို ရောက်လာမှာဖြစ် ပြီး အဲဒီနေရာကနေ အောက်ကို တစ်ချက် လှမ်းကြည့်လိုက်မယ်ဆိုရင်တော့ ဒယ်အိုးကြီး တစ်ခု အသွင်သဏ္ဌာန်စိမ်းစိမ်းစိုစိုသစ် ပင်အုပ်အုပ်ဆိုင်းဆိုင်းတွေ ဝန်းရံ နေတဲ့ တွင်းတောင်အင်းကို တွေ့ ရမှာဖြစ်ပါတယ်။

အဲဒီနေရာကနေ အောက်ကို ဆင်းဖို့အတွက် အတော်လေး သတိထားရတော့မှာပါ။ ဘာလို့ လဲဆိုတော့ မတ်စောက် ကျဉ်း မြောင်းလှပြီး အကွေ့အကောက် တွေပေါများလှတဲ့ တောင်ဆင်း လမ်းကို ဆင်းရတော့မှာမို့ပါ။ တောင်ဆင်း လမ်းကိုလည်း တောက်လျှောက်ကြီးဆင်းမသွား ပါနဲ့ဦး။ လမ်းတစ်နေရာရောက် တိုင်း တွင်းတောင်အလှကတစ် မျိုးပေါ်လာပြန်တာမို့ အမှတ်တရ ဓာတ်ပုံရိုက်ကူးနိုင်ပါသေးတယ်။ မိနစ်အနည်းငယ်ခန့်ဆင်းလာပြီး ရင်တော့ စိမ်းပြာရေညှိထုတ်လုပ် ငန်းလုပ်ကိုင်နေတဲ့ အဆောက် အအုံခြံဝင်းကို ရောက်ရှိမှာဖြစ်ပါတယ်။ စက်ရုံဝင်း အတွင်းကို ဝင်ခွင့်တောင်းပြီး စတင်လေ့လာ လို့ရပါပြီ။

တွင်းတောင်အင်းကမ်းစပ် တစ်လျှောက်မှာ သစ်ပင်တွေက အုပ်အုပ်ဆိုင်းဆိုင်းပေါက်နေတာ ကြောင့် တောတွင်းခရီးလေးတစ် ခုအသွင် ခံစားရမှာပါ။  တော တန်းလေးအတွင်း ဖြတ်သန်းရင်း ကမ်းစပ်နေရာတစ်ခုနားမှာတော့ ခပ်မြင့်မြင့် ဘန်ဂလိုလေးတစ်ခု တွေ့ရမှာဖြစ်ပါတယ်။ အဲဒီဘန် ဂလိုမှာ အနားယူရင်း တွင်းတောင် အင်းအလှတစ်ဝကြီးခံစားလို့ရပါ တယ်။ ပြာလဲ့လဲ့ကောင်းကင်ရယ်၊ စိမ်းညို့ညို့တောအုပ်ရယ်၊ ဖက် ဖူးစိမ်းရောင်ရေပြင်ကြီးရယ် တို့ ကသင့်စိတ်နှလုံးကိုကြည်နူးစေပါ လိမ့်မယ်။

တွင်းတောင်ခရီးစဉ်မှာ သွား လာစရိတ်ကလွဲလို့ ကျန်တာမကုန် နိုင်ပါဘူး။ ဘာလို့လဲဆိုတော့ စား သောက်ဆိုင်တစ်ဆိုင်မှမရှိလို့ပါ။ တွင်းတောင်ထဲမှာသင့်ဟန်းဖုန်း က ဆက်သွယ်မှုဧရိယာ ပြင်ပ ရောက်သွားတဲ့အတွက် ဖုန်းအဆက်အသွယ်တွေ ကင်းလွတ်ခွင့်ရပါလိမ့်မယ်။ စိတ်ကြိုက်အနားယူအပန်းဖြေလေ့လာပြီး ပြန်မယ် ဆိုရင်တော့ သင်တို့ သတိထား ဆင်းခဲ့ရတဲ့ မတ်စောက်လှတဲ့ တောင်ပတ်လမ်းကို သတိကြီးစွာနဲ့ ပြန်တက်ရဦးမှာပါ။

တွင်းတောင် ခရီးစဉ်ဟာ တောင်ဆင်း၊ တောင်တက်လမ်း ကို သတိထားရမှာကလွဲလို့ သင့် အတွက် ထူးခြားလှတဲ့အတွေ့ အကြုံတွေ ရရှိစေမှာ အမှန်ပါ။ ဒါကြောင့် ခုတစ်ပတ် အားလပ် ရက်မှာ အပန်းဖြေခရီးထွက်ချင် လို့ပဲဖြစ်ဖြစ်၊ အညာမြေမုံရွာကို ရောက်နေလို့ပဲဖြစ်ဖြစ် အလွယ် တကူ သွားရောက်နိုင်တဲ့ တွင်း တောင်ခရီးစဉ်ကို ထည့်သွင်းစဉ်း စားဖို့ အကြံပြုညွှန်းဆိုလိုက်ရပါ တယ်။        ။

7day daily

မြန်မာ့မူးယစ် စီးပွား အစိုးရ GDP ထက် ကြီးထွား



ကမ္ဘာ့တ၀န်း တချို့ဒေသမှာ မူးယစ်ဆေးဝါး သုံးစွဲမှုပမာဏ မြင့်တက်လာပေမဲ့ အားလုံးခြုံ ကြည့်ရင်တော့ မူယစ်ဆေးဝါး သုံးစွဲမှုအခြေအနေဟာ တည်ငြိမ်မှု ရှိလာတယ်လို့ ကုလသမဂ္ဂက အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။ မြန်မာနိုင်ငံမှာ ဘိန်းစိုက်ပျိုးမှု ဟာ ၂၀၀၆ ခုနှစ်ကုန်ပိုင်းကစပြီး တိုးတက်လာခဲ့ပြီး ၂၀၁၃ ခုနှစ်မှာ စိုက်ခင်း ဧကပေါင်း တသိန်းခွဲနီးပါးထိ ရှိလာခဲ့ကြောင်း၊ ဘိန်းဖြူ ထုတ်လုပ်မှု ဟာလည်း ၂၀၀၈ ကနေ ၂၀၁၁ ခုနှစ်ကာလ ထုတ်လုပ်တဲ့ ပမာဏကို ပြန်လည် တိုးတက်လာခဲ့ကြောင်း UNODC ခေါ် ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ပြစ်မှုဆိုင်ရာရုံး ရဲ့ ၂၀၁၄ ခုနှစ်အစီရင်ခံစာမှာဖေါ်ပြလိုက်ပါတယ်။ တစ်ချိန်တည်းမှာပဲ ဒီကနေ့ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးစားမှုနဲ့ တရားမ၀င် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အဖြစ် မူးယစ်ဆေးဝါး မီးရှို့ဖျက်စီးတဲ့ အခမ်းအနားတွေကို ကျင်းပခဲ့ပါတယ်။ ကိုစည်သူနိုင်က ပြောပြပေးမှာပါ။

အာဖဂန်နစ္စတန်နိုင်ငံရဲ့ ဘိန်းစိမ်းထုတ်လုပ်မှုဟာ တန်ချိန် ၅၅၀၀ ရှိပြီး ကမ္ဘာ့ ဘိန်းစိမ်းထုတ်လုပ်မှုရဲ့ ၈၀% ဖြစ်ပြီး၊  မြန်မာနိုင်ငံရဲ့ ဘိန်းစိမ်းထုတ်လုပ်မှုဟာ ၁၂ နှစ်အတွင်း စိုက်ဧက တသိန်းခွဲထိတိုးလာတာ တွေ့ရတယ်လို့ UNODC ရဲ့ ဒီကနေ့ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာဖေါ်ပြထားပါတယ်။ မြန်မာနိုင်ငံရဲ့ မူးယစ်ဆေးဝါးရောင်းဝယ်မှု လည်ပတ်ငွေပမာဏဟာ ခန့်မှန်းခြေ အမေရိကန်ဒေါ်လာသန်းပေါင်း ၉ သောင်းရှိတယ်လို့ အရှေ့တောင်အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ UNODC ကိုယ်စားလှယ် Jeremy Douglas ကပြောပါတယ်။

“ဒေါ်လာသန်းပေါင်း ၉ သောင်းဆိုတာဟာ မြန်မာနိုင်ငံ ရဲ့ တရားဝင် GDP ပြည်တွင်းအသားတင်ထုတ်လုပ်မှု ပမာဏထက်အများကြီးပိုပါတယ်။  အိမ်နီးချင်း မဲခေါင်မြစ်ဝှမ်းဒေသတောင်ပိုင်းနိုင်ငံတွေရဲ့ GDP ထက်လည်း အများကြီး သာပါတယ်။  ဒါကြောင့် ဒီငွေစီးဆင်းမှုဟာ ဒေသတွင်း စီးပွားရေး အင်အားအကြီးမားဆုံးဖြစ်နေပါတယ်။”

အာရှနိုင်ငံတွေမှာ မူးယစ်ဆေးဝါးသုံးစွဲမှုအခြေအနေကိုလည်း UNODC က အခုလိုသုံးသပ်ပါတယ်။

“ကမ္ဘာမှာ အာရှနိုင်ငံတွေဟာ ဆေးခြောက်ထက် Methamphetamine စိတ်ကြွဆေးပြားသုံးစွဲမှု အများဆုံးနိုင်ငံတွေဖြစ်ကြပါတယ်။ ဒီအရှေ့တောင်အာရှနိုင်ငံတွေ မှာ ဓါတုဆေးဝါးက ထုတ်လုပ်တဲ့ စိတ်ကြွဆေးတွေကို အများဆုံး သုံးလာတာတွေ့ရပါတယ်။”

တရုတ်၊ မလေးရှား ၊ မြန်မာနဲ့ ဗိယက်နမ် အပါအ၀င် ဒေသတွင်း အခြားနိုင်ငံတွေမှာလည်း  ဘိန်းဖြူ ထုတ်လုပ်နေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။ ရွှေတြိဂံနယ်မြေမှာ ၂၀၀၆ ခုနှစ်က စပြီး နှစ်စဉ် ဘိန်းအထွက်တိုးခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အဲဒီဒေသတွေမှာ တရားဥပဒေစိုးမိုးရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် နိုင်ငံတကာအသိုင်းအ၀ိုင်းရဲ့ ထောက်ပံ့ကူညီမှု လိုအပ်တယ်လို့ UNODC ကုလသမဂ္ဂမူးယစ်ဆေးဝါးနဲ့ ပြစ်မှုဆိုင်ရာရုံးရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။


တစ်ချိန်တည်းမှာပဲ  အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးစားမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် မူးယစ်ဆေးဝါးများ မီးရှို့ဖျက်စီးပွဲကို ဒီကနေ့ မှာပဲ  ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးမြို့တွေမှာ တပြိုင်တည်း ပြုလုပ်ခဲ့ပါတယ်။ ၂၀၁၃ ခုနှစ် ဇွန်လကနေ ၂၀၁၄ ဇွန်လအထိ ဖမ်းဆီးရမိတဲ့  မူးယစ်ဆေးဝါး အမျိုးအစားမျိုးစုံကို မီးရှို့ဖျက်ဆီးခဲ့တာဖြစ်ပါတယ်။

 ရန်ကုန်မြို့ ရွှေပြည်သာ ရဲအကြပ်သင်တန်းကျောင်းမှာ မီးရှို့ဖျက်စီးခဲ့တဲ့ မူးယစ်ဆေးဝါးတွေမှာ စိတ်ကြွဆေးပြား၊ ဘိန်းဖြူ၊ ဆေးခြောက်၊ ဘိန်းစာမှုန့်နဲ့အခြား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးတွေ ပါဝင်ပြီးတော့ အမေရိကန်ဒေါ်လာ ၉.၇ သန်းတန်ဖိုးရှိတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ် ။

မန္တလေးမြို့မှာ ဒေါ်လာ ၃၃ သန်းကျော်ဖိုး၊ တောင်ကြီးမြို့မှာ ဒေါ်လာ (၈၈) သန်းကျော်နဲ့ တစ်နိုင်ငံလုံးအနေနဲ့ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၃၀.၉၄ သန်း တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြတာပါ။ မြန်မာနိုင်ငံရဲ့ လက်ရှိ ဘိန်းစိုက်ပျိုးမှု အခြေအနေကို မူးယစ်ရဲတပ်ဖွဲ့ ရဲမှူးခင်မောင်သိန်းက အခုလိုပြောပါတယ်။

"ကိန်းဂဏန်းစာရင်းတွေအရ ဘိန်းစိုက်ပျိုးမှုလည်း များတယ်။ ဒါက တောင်သူတွေကို အစားထိုး သီးနှံဖွံ့ဖြိုးရေး လုပ်ငန်းတွေပေါ့။ ဆောင်ရွက်ဆဲဖြစ် တယ်။ နောက်တခါ ဒေသ အေးချမ်းမှု အတွက်က ညှိနှိုင်းဆွေးနွေးနေဆဲပဲ။ အငြင်းပွားမှုတွေ မပြီးသေးဘူး။ မပြီးသေးတဲ့အခါမှာ ထိန်းချုပ်မှု မလုပ်နိုင်သေးဘူး။ ဒီဘိန်းစိုက်တောင်သူတွေကို တခြားအသက်မွေးဝမ်းကျောင်း မလုပ်ပေးနိုင်သေးဘူး။ အဲ့ဒီ့အတွက် ခါတိုင်းထက်စာရင် နည်းနည်းလေး မြင့်တက်နေ တယ်ပြောလို့ရပါတယ်။ "

မြန်မာနိုင်ငံမှာ ဘိန်းစိုက်ပျိုးမှု ပပျောက်ရေးအတွက် အစားထိုးသီးနှံ စိုက်ပျိုးရေး ပညာပေးလုပ်ငန်းတွေနဲ့ လူငယ်တွေနဲ့ မူးယစ်ဆေးသုံးစွဲသူတွေကြားမှာလည်း ပညာပေးလုပ်ငန်းတွေကို စီမံကိန်းချ လုပ်ဆောင်နေကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။


မြန်မာနိုင်ငံမှာ ၁၉၉၉ ခုနှစ်က စတင်ကာ ဘိန်းစိုက်ပျိုးမှုနဲ့ အခြားမူးယစ်စေသောဆေးဝါး များ လျှော့ချရန် ၁၅ နှစ်စီမံကိန်း ရေးဆွဲ ဆောင်ရွက်ခဲ့ရာ အစောပိုင်းနှစ်တွေမှာ အနည်းငယ် ကျဆင်းခဲ့ပေမယ့် ၂၀၀၇ ခုနှစ်က စတင်ကာ တစ်နှစ်ထက်တစ်နှစ် ပိုမိုတိုးတက်လာကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ ၀န်ကြီးက ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ပြောဆိုခဲ့ဖူးပါတယ်။

ဒါကြောင့် ဘိန်းစိုက်ပျိုးမှု လျှော့ချရေး နောက်ထပ် ၅ နှစ် စီမံကိန်းကို ၂၀၁၉ ထိ သတ်မှတ်ထားတယ်လို့ ရဲတပ်ဖွဲ့ က ပြောပါတယ်။ မြန်မာနိုင်ငံရဲ့ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုဟာ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှု မအောင်မြင်သေးသ၍ ပပျောက်ဖို့ မလွယ်ကူသေးကြောင်းလည်း နိုင်ငံတကာ အသိုင်းအ၀ိုင်းက ထောက်ပြ ဝေဖန်နေကြပါတယ်။

VOA