သားသမီးတွေအတွက် ရတက်အေးကြရပြီလား အမတ်မင်းကြီးများခင်ဗျား

ပို့စ်တင်ချိန် - 6/27/2014 04:55:00 PM


စည်သူအောင်မြင့်

သိပ်မကြာခင်ကာလအတွင်း အစိုးရဟာ နိုင်ငံခြားဘဏ်တွေကို လုပ်ငန်းလုပ်ကိုင်ခွင့်ပြုတော့မယ်ဆိုတဲ့ သတင်းထွက်ပေါ်လာတဲ့အခါ လွှတ်တော်ဘက်အခြမ်းက လှုပ်လှုပ်ရှားရှားဖြစ်လာပါတယ်။ အထူးသဖြင့် ဘဏ်နဲ့ ငွေရေးကြေးရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌအမတ်ကြီး ဦးအောင်သောင်းနဲ့ အမတ်တချို့ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ လွှတ်တော်အစည်းအဝေးကာလတုန်းကပဲ ဒီနိုင်ငံခြားဘဏ်တွေ ဖွင့်ခွင့်ပေးဖို့ကိစ္စ လွှတ်တော်အမတ်တချို့ရဲ့ အပြင်းအထန်ကန့်ကွက်မှုတွေ ရှိခဲ့ပါသေးတယ်။ နာယက သူရဦးရွှေမန်းကိုယ်တိုင် ဒီကိစ္စ အကောင်အထည်ဖော်တဲ့အခါ ဗဟိုဘဏ်၊ ဘဏ္ဍာရေးဝန်ကြီးဌာန၊ လွှတ်တော်ဘဏ်နဲ့ငွေရေးကြေးရေး ကော်မတီ၊ ဘဏ်လုပ်ငန်းရှင်တွေ စုပေါင်းထားတဲ့ အသင်းအဖွဲ့နဲ့ အခြားပညာရှင်တွေ ဆွေးနွေးညှိနှိုင်းပြီး တိုင်တိုင်ပင်ပင် လုပ်ကြပါလို့ လမ်းညွှန်သမှု ပြုခဲ့ပါသေးတယ်။ ဒါပေမဲ့ နောက်ပိုင်းအစိုးရနဲ့ ဗဟိုဘဏ်ဟာ နိုင်ငံခြားဘဏ် ဖွင့်ခွင့်ပြုရေး သူ့အစီအစဉ်နဲ့သူ ဆက်လုပ်ကိုင်ဆောင်ရွက်သွားတာ တွေ့ရပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်က ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ ဗဟိုဘဏ် ဒု-ဥက္ကဋ္ဌ ဦးဆက်အောင်က နိုင်ငံခြားဘဏ်ဖွင့်ခွင့်ပြုရေး ဗဟိုဘဏ်ဘက်က လုပ်ကိုင်ဆောင်ရွက်နေတာတွေကို ရှင်းလင်းပြောဆိုခဲ့ပါ တယ်။ ဒါကြောင့် ဘဏ်ဖွင့်ထားကြတဲ့ သားသားမီးမီးတွေအတွက် ရတက်မအေးဖြစ်နေတဲ့ အမတ်တချို့ နှလုံးစိတ်ဝမ်း အေးချမ်းသင့်ပြီလားဆိုတာ ဒီကနေ့ ဆွေးနွေးတင်ပြသွားပါ့မယ်။

နိုင်ငံခြားဘဏ်များ ဖွင့်လှစ်ရေး၊ ကြီးကြပ်ရေးကိစ္စ ဦးဆက်အောင်က “ဒီကိစ္စကို ချဉ်းကပ်တဲ့ဆီမှာ ပြည်သူတွေ အားလုံးနဲ့ဆိုင်တဲ့ နိုင်ငံတော်အကျိုးစီးပွား၊ မြန်မာနိုင်ငံက ပုဂ္ဂလိကဘဏ်များရဲ့ အကျိုးစီးပွား၊ ပြည်တွင်းပုဂ္ဂလိက ကုမ္ပဏီစီးပွားရေး လုပ်ငန်းများရဲ့အကျိုးစီးပွားဆိုပြီး အပိုင်းသုံးပိုင်းရှိရာမှာ နိုင်ငံတော် အကျိုးစီးပွားကို အဓိကထားပြီး ကျန်အကျိုးစီးပွားတွေလည်း မထိခိုက်ရလေအောင် ဟန်ချက်ညီညီလုပ်ဖို့ စဉ်းစားခဲ့တယ်”လို့ ဆိုပါတယ်။

နိုင်ငံခြားဘဏ် ဖွင့်လှစ်ခွင့်ပေးမယ့်ကိစ္စ ဗဟိုဘဏ်တာဝန်ရှိသူတွေ၊ ဘဏ္ဍာရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေ၊ ရှေ့နေချုပ်ရုံး၊ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF၊ ကမ္ဘာ့ဘဏ်နဲ့ ဂျာမနီအခြေစိုက်အကြံပေးပညာရှင်အဖွဲ့တွေပါဝင် အကောင်အထည်ဖော်ခဲ့ကြတဲ့အကြောင်း၊ နိုင်ငံခြားဘဏ် ဖွင့်ခွင့်ပြုရာမှာ Branch(ဘဏ်ခွဲ)၊ ပြည်တွင်းမှာ နာမည်အသစ်တစ်ခုနဲ့ ရင်းနှီးမြှုပ်နှံစေခြင်း Subsidiary နဲ့ ဖက်စပ်လုပ်ကိုင်ခွင့်ပေးခြင်း Joint Venture နည်းလမ်းသုံးသွယ်ရှိရာမှာ ကနဦးအဆင့်အနေနဲ့ စည်းကမ်းသတ်မှတ်ချက်တွေ ချမှတ်ထားတဲ့ Branch(ဘဏ်ခွဲ) အနေနဲ့ ခွင့်ပြုပေးဖို့ စဉ်းစားထားကြောင်းရှင်းပြပါတယ်။ ဒီနည်းလမ်း သုံးခုစလုံးမှာလည်း သူ့အားသာချက်အားနည်းချက်တွေ ရှိနေကြတဲ့အတွက် မြန်မာနိုင်ငံရဲ့လက်ရှိ အခြေအနေနဲ့ ကိုက်ညီတဲ့၊ ဘဏ်နဲ့ငွေကြေးဆိုင်ရာ အကျပ်အတည်း ဆိုက်လာရင် တိုင်းပြည် အထိမနာရအောင် ကာကွယ်ထားတဲ့ စည်းကမ်းချက်တွေနဲ့ လုပ်ကိုင်စေမယ်လို့ ဆိုပါတယ်။

ဒါကြောင့် ဘဏ်ခွဲဖွင့်မယ့် နိုင်ငံခြားဘဏ်အနေနဲ့ ကနဦး ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၇၅ သန်း မတည်ရမှာဖြစ်ကြောင်း၊ အဲဒီအထဲက ဒေါ်လာသန်း ၄၀ ကို ဗဟိုဘဏ်မှာ ထားစေပြီး သူ့ဘဏ်ခွဲကတောင် လက်ဖျားနဲ့မှ မထိရလေအောင် Lock-in လုပ်ထားမယ့်အကြောင်း ပြောပါတယ်။ ဘဏ်လုပ်ငန်းလုပ်ရာမှာလည်း လက်ရှိ ပြည်တွင်းဘဏ်တွေလို ဘဏ်ခွဲအများအပြား ဖွင့်ခွင့ ပြုမှာမဟုတ်ဘဲ ဘဏ်ခွဲတစ်ခုတည်းသာ ဖွင့်ခွင့်ပြုမယ့်အကြောင်း၊ ဒါတင်မက လက်ရှိ ပြည်တွင်းဘဏ်တွေလုပ်ကိုင်နေတဲ့ လက်လီဘဏ်လုပ်ငန်း Retail Banking လုပ်ခွင့်ပေးမှာ မဟုတ်ဘဲ လက်ကားဘဏ် Wholesale Banking ပဲ လုပ်ခွင့်ပေးမှာဖြစ်ကြောင်း၊ အဓိကအားဖြင့် ပြည်တွင်းမှာ လာရောက်ရင်းနှီးမြှုပ်နှံနေတဲ့ နိုင်ငံခြားကုမ္ပဏီနဲ့ စီးပွားရေးလုပ်ငန်းတွေကို ၀န်ဆောင်မှုပေးစေမှာ ဖြစ်ကြောင်း၊ ပြည်တွင်းက ကုမ္ပဏီနဲ့ စီးပွားရေးလုပ်ငန်းတွေကို ချေးငွေဆိုင်ရာ ၀န်ဆောင်မှုပေးရေးကိုတော့ ပြည်တွင်းက ပုဂ္ဂလိကဘဏ်တွေနဲ့ ပူးတွဲပြီးမှသာ လုပ်ကိုင်ဆောင်ရွက်ခွင့်ပြုမယ့်အကြောင်း ရှင်းပြပါတယ်။

ဦးဆက်အောင် ဆက်ရှင်းပြတာက လောလောဆယ် ခေတ်မမီတော့တဲ့ ကုမ္ပဏီများ အက်ဥပဒေကို ပြင်ဆင်ဖို့ အစိုးရနဲ့ ကမ္ဘာ့ဘဏ် ပူးပေါင်းအကောင်အထည်ဖော်နေတဲ့အကြောင်း၊ အဲဒီဥပဒေ အတည်ပြု ပြဋ္ဌာန်းပြီးချိန်ဆိုရင် နိုင်ငံခြားဘဏ်တွေနဲ့ ပြည်တွင်း ပုဂ္ဂလိကဘဏ်တွေ ဖက်စပ်ပူးပေါင်း လုပ်ကိုင်နိုင်မယ်လို့လည်း ဆိုပါတယ်။ တစ်ဆက်တည်း ပြည်တွင်းပုဂ္ဂလိကဘဏ်တွေ ဖွံ့ဖြိုးတိုးတက်ဖို့အတွက်လည်း ဖြေလျော့မှု အစီအစဉ်တွေ ချမှတ်ထားတဲ့အကြောင်း၊ လက်ရှိစည်းမျဉ်းအရ ပုဂ္ဂလိကဘဏ်တွေဟာ ဘဏ်ခွဲတစ်ခုဖွင့်တိုင်း သူ့ရဲ့ Capital တိုးမြှင့်ရကြောင်း၊ အဲဒါ နောက်ပိုင်း မလိုတော့အောင် ပြင်ဆင်နေတဲ့အကြောင်း၊ အခြားမလိုအပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေကိုလည်း ပယ်ဖျက်မယ့်အကြောင်း ရှင်းပြပါတယ်။

တကယ်တော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ၀င်ရောက်လာစေရေးကိစ္စ၊ နိုင်ငံတကာ ကုန်သွယ်ရေး အဆင်ပြေချောမွေ့စေရေး ကိစ္စတွေ အားလုံးအတွက် ပြည်တွင်းမှာ နိုင်ငံခြားဘဏ်တွေ ဖွင့်ခွင့်ပေးနိုင်ရေး အတော် အရေးကြီးပါတယ်။ သားသားမီးမီးတွေ ဘဏ်ထောင်ထားတဲ့ အမတ်မင်းကြီးတချို့ ပြောသလို ပုဂ္ဂလိက ဘဏ်တွေ အင်အားကြီးထွား ကြံ့ခိုင်လာတဲ့အချိန်ထိ စောင့်နေလို့မဖြစ်ပါဘူး။ မြန်မာနိုင်ငံမှာ ၂၀၀၀ ပြည့်နှစ် မတိုင်ခင်အချိန်တုန်းက ပုဂ္ဂလိကဘဏ်လုပ်ငန်း အားကောင်းခဲ့ပါတယ်။ ပန်းဆိုးတန်းအလယ် ဘလောက်က မေဖလားဝါးဘဏ်ရှေ့မှာ ၂၄ နာရီ ငွေထုတ်တဲ့ ATM ရှိခဲ့ဖူးပါတယ်။ အဲဒီအချိန်က ရန်ကုန်သူ ရန်ကုန်သားတွေဟာ နိုင်ငံခြားပစ္စည်းမျိုးစုံရောင်းတဲ့ ကုန်တိုက်တွေကို ငွေထုပ်ပိုက်သွားစရာမလိုဘဲ အကြွေးဝယ်ကတ်လို့ခေါ်တဲ့ ခရက်ဒစ်ကတ်တွေနဲ့ ကြော့ကြော့မော့မော့ ဈေးဝယ်ထွက်နိုင်ကြပါတယ်။ အာရှဓနဘဏ်၊ မေဖလားဝါးဘဏ်နဲ့ ရိုးမဘဏ်ခရစ်ဒစ်ကတ်တွေ လက်ခံတဲ့ ကြော်ငြာစာသားတွေ ကုန်တိုက် ငွေရှင်းကောင်တာတွေမှာ တွေ့မြင်ကြရပါလိမ့်မယ်။ နောက်ပိုင်း စစ်အာဏာရှင်တွေကြောင့်ပဲ ဒီ တိုးတက်စပြုတဲ့ ဘဏ်စနစ်ကြီးပြိုကျသွားခဲ့ရပါတယ်။ နောက်ထပ် ပြောဖို့လိုတာက ဒီအမတ်မင်းကြီးတွေ ဦးဆောင်ခဲ့တဲ့ စစ်အစိုးရကြီးဟာ ဈေးကွက်စီးပွားရေးစနစ် ကျင့်သုံးခဲ့ပါတယ်ဆိုတဲ့ နှစ်ပေါင်း ၂၀ ကျော် ကာလအတွင်း ပုဂ္ဂလိကဘဏ်တွေ ဖွံ့ဖြိုးကြီးထွားအားကောင်းအောင်ဘာလို့ မလုပ်ခဲ့ကြဘဲ၊ ခုလို တိုင်းပြည် အကျိုးစီးပွားအတွက် မဖြစ်မနေ နိုင်ငံခြားဘဏ် ဖွင့်ခွင့်ပြုမယ်ဆိုတော့မှ နေပါဦး၊ စောင့်ပါဦး၊ မလာပါနဲ့ ပြောဆိုကြသလဲဆိုတာပါ။ ဘယ်လိုပဲဖြစ်ဖြစ် လက်ရှိအစိုးရနဲ့ ဗဟိုဘဏ်က ချမှတ်ထားတဲ့ အစီအစဉ်တွေ အလွန်ကောင်းမွန်ပါတယ်။ ဒါကြောင့် ဘဏ်ထောင်ထားတဲ့ သားသားမီးမီးတွေအတွက်လည်း ရတက်အေးကြပါတော့လို့ အမတ်မင်းများကို မေတ္တာရှေ့ထားပြောကြားလိုက်ရပါတယ်။


Mizzima Burmese