သန္တိသုခ အရှုပ်တော်ပုံ ဝင်မရှင်းဘူးလို့ ဦးခင်ညွန့်ပြော

ပို့စ်တင်ချိန် - 6/27/2014 04:59:00 PM


မဟာသန္တိသုခကျောင်းတိုက် အရှုပ်တော်ပုံကို ဝင်ရှင်းပေးမှာ မဟုတ်ဘူးလို့ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်က ပြောပါတယ်။ သန္တိသုခ ကျောင်းတိုက်ကို ဦးခင်ညွန့်က နိုင်ငံတော် သံဃမဟာနာယက (မဟန) ကို  ထိန်းသိမ်းဖို့ အပ်ခဲ့တာ ဖြစ်ပါတယ်။

“သန္တိသုခနဲ့ ပတ်သက်လို့ ဘာမှ ဝင်မရှင်းဘူး။ ဆိုင်လည်း မဆိုင်တော့ဘူး။ သူတို့ဘာသာ သူတို့ ရှင်းကြပါလိမ့်မယ်” လို့ သူက မီဒီယာတွေကို ပြောဆိုပါတယ်။

၂၀၀၂ ခုနှစ်က ဦးခင်ညွန့်က မဟာသန္တိသုခကျောင်းတိုက်ဟာ အုပ်ချုပ်ရေး အဆင်မပြေတဲ့အတွက် ထိန်းသိမ်းပေးဖို့ နိုင်ငံတော် သံဃမဟာနာယကကို ခေတ္တအပ်ထားခဲ့တယ်ဆိုပြီး ၂၀၀၄ခုနှစ်မှာ တယ်လီဖုန်းနဲ့ လျှောက်ခဲ့တယ်လို့ ပီနန်ဆရာတော်က မိန့်ကြားထားပါတယ်။

အဲဒီကျောင်းတိုက်မှာ နိုင်ငံတော် သံဃမဟာနာယကရဲ့ ခွင့်ပြုချက် မရှိဘဲ နေထိုင်တယ်ဆိုပြီးတော့ လန်ဒန်ဆရာတော် ဦးဥတ္တရနဲ့ သံဃာတော်လေးပါး တရားစွဲဆိုခံထားရပါတယ်။ နိုင်ငံတော် သံဃမဟာနာယကရဲ့ ညွန်ကြားချက်နဲ့ မဟာသန္တိသုခကျောင်းတိုက်ကို ဇွန်လ ၁၀ ရက်နေ့ည သန်းခေါင်ယံ အချိန်မှာ ချိတ်ပိတ်ခဲ့ပါတယ်။ လန်ဒန်ဆရာတော် ဦးဥတ္တရ အပါအဝင် သံဃာတော်ငါးပါးကို လူဝတ်လဲပြီးဇွန်လ ၁၃ ရက်နေ့မှာ တာမွေမြို့နယ် တရားရုံးမှာရုံးထုတ် စစ်ဆေးခဲ့ပါတယ်။

The Voice