ကျဆုံး တပ်မတော်သား ထောက်ပံ့ကြေးမှာ ဂျနီဗာလိုပတ်၏ တင်ပါးတစ်ခြမ်း အာမခံထားရှိမှု မျှသာရှိဟု ဦးလှဆွေ ပြော

ပို့စ်တင်ချိန် - 6/27/2014 01:48:00 PM



စစ်ဆင်ရေး တာဝန် ထမ်းဆောင်စဉ် တိုက်ပွဲ၌ ကျဆုံး သွားသော တပ်မတော်သား များအတွက် ပေးသည့် ထောက်ပံ့ကြေးငွေသည် ဂျနီဗာလိုပက်၏ တင်ပါး တစ်ခြမ်း အာမခံ ထားရှိမှု မျှသာရှိကြောင်း မကွေးတိုင်း ဒေသကြီး မဲဆန္ဒနယ် အမတ်(၂) မှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက ပြောသည်။ ယမန်နေ့က ကျင်းပသည့် အမျိုးသား လွှတ်တော် အစည်းအဝေးတွင် ရန်ကုန်တိုင်း ဒေသကြီးမှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က တပ်မတော်မှ သက်ပြည့် အငြိမ်းစားများ၊ ကိုယ်လက်အင်္ဂါ စွန့်လွှတ် ထားသူများနှင့် ကျဆုံးသူများ၏ ကျန်ရစ်သူ မိသားစုများ အတွက် မည်ကဲ့သို့ ထောက်ပံ့မှု ပေးထား သည်ကို မေးမြန်း ခဲ့ရာ ကာကွယ်ရေး ၀န်ကြီးဌာနမှ ဒုတိယ ၀န်ကြီး ဗိုလ်ချုပ် ကျော်ညွန့်က လာရောက် ဖြေကြား ခဲ့သည်။
ယင်းသို့ ဖြေကြားရာတွင် စစ်ဆင်ရေး တာဝန် ထမ်းဆောင်စဉ် တိုက်ပွဲ ကျဆုံး အရာရှိ တစ်ဦးလျှင် တပ်မတော် အထွေထွေ သက်သာချောင်ချိရေး ရန်ပုံငွေမှ ငွေကျပ် (၁၀) သိန်း နှုန်းဖြင့် လည်းကောင်း၊ အခြား အဆင့် တစ်ဦးလျှင် ကျပ် ရှစ်သိန်း နှုန်းဖြင့် လည်းကောင်း၊ စစ်မှုထမ်းဆောင်ခြင်းနှင့် အကျုံးဝင်သော သေဆုံး အရာရှိ တစ်ဦးလျှင် ကျပ် သုံးသိန်း၊ အခြားအဆင့် တစ်ဦးလျှင် ကျပ် နှစ်သိန်း၊ EA 1 အရာရှိတစ်ဦးလျှင် ကျပ် ငါးသိန်း၊ EA 2 အရာရှိ တစ်ဦးလျှင် ကျပ် သုံးသိန်း၊ အခြားအဆင့် တစ်ဦးလျှင် ကျပ် နှစ်သိန်းနှုန်းတို့ဖြင့် ထောက်ပံ့ကြေး များကို ၂၀၁၀ ပြည့်နှစ်မှ စတင် ပေးလျက် ရှိကြောင်း ကာကွယ်ရေး ဒုတိယ၀န်ကြီးက ဆိုသည်။
ထိုသို့ ကျဆုံး တပ်မတော်သားများ အတွက် ပေးသော ထောက်ပံ့ကြေးသည် ရန်ကုန်-နေပြည်တော် အမြန်လမ်းတွင် ယာဉ်မတော်တဆမှုဖြင့် အသက် ဆုံးရှုံးသွားသူများ အတွက်ပေးသော အာမခံကြေး မျှပင်မရှိခြင်း ကို တပ်မတော်တွင် တာဝန် ထမ်းဆောင်ခဲ့သော အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေအား မေးမြန်းရာ ““အာမခံထားလို့ ရတဲ့ ငွေနဲ့ လျော်ကြေးက မတူပါဘူး။ တပ်မတော်က ကြေးစား တပ်မတော် တစ်ခုလည်း မဟုတ်ပါဘူး။ နိုင်ငံတော်က ထောက်ပံ့လို့သာ ဒီငွေက ရတာပါ။ အရင်တုန်းက ဆိုရင် ဒီလောက်တောင် မရဘူး။ ထောက်ပံ့ငွေနဲ့ အာမခံ လျော်ကြေးကို နှိုင်းယှဉ်လို့ တော့မရဘူး။ နှိုင်းယှဉ် ပြောမယ်ဆိုရင် တပ်မတော်သားတွေ တိုက်ပွဲမှာ ကျဆုံးလို့ ရတဲ့ ထောက်ပံ့ကြေး ဟာ ဂျနီဗာလိုပက် တင်ပါးတစ်ခြမ်းကို အာမခံ ထားသလောက်ပဲ ရှိလိမ့်မယ်”” ဟု ဦးလှဆွေက ပြောသည်။
တပ်မတော်သားများ အနေဖြင့် စစ်ဆင်ရေး တာဝန်များ ထမ်းဆောင်နေစဉ် ဒဏ်ရာ ရရှိပါက အရာရှိ တစ်ဦးလျှင် ကျပ် တစ်သိန်း၊ အခြားအဆင့် တစ်ဦးလျှင် ကျပ်ငါးသောင်း ထောက်ပံ့ပေး၊ ၂၀၁၀ ပြည့်နှစ် ဧပြီလမှ ၂၀၁၄ ခုနှစ် ဇန်န၀ါရီလ အထိ ထောက်ပံ့ကြေးငွေ စုစုပေါင်း ကျပ်သိန်းပေါင်း (၂၃၀၂၁) သိန်းကို ထောက်ပံ့ပေး ခဲ့ကြောင်း ကာကွယ်ရေး ၀န်ကြီးဌာနမှ သိရသည်။
““တပ်မတော်သားတွေ အသက်အာမခံ ထားရင်တော့ ကျဆုံးတဲ့ အခါ လျော်ကြေး သိန်း(၁၀၀) စသဖြင့် ရရှိ ပါလိမ့်မယ်။ အခု ပေးနေတဲ့ ထောက်ပံ့ကြေးကတော့ နိုင်ငံတော်ကနေ ပေးတာပါ။ ထောက်ပံ့ကြေး တိုးပေးရင်တော့ ကောင်းပါတယ်။ ဒါပေမဲ့ နိုင်ငံတော်ရဲ့ ဘတ်ဂျက် အခြေအနေ ကိုလည်း ပြန်ကြည့်ရမယ်””ဟုဦးလှဆွေက ဆက်ပြောသည်။
ဂျနီဗာလိုပက်၏ တင်ပါးအာမခံမှာ အမေရိကန်ဒေါ်လာ (၂၇) သန်း တန်ကြေးရှိသည်။
ယခုနှစ် မေလ (၁၂) ရက်နေ့တွင် နေပြည်တော် အမြန်လမ်း (၁၉၇) မိုင်၌ ရာဇာမင်း ခရီးသည်တင် တိမ်းမှောက် ခဲ့ရာ အသက် ဆုံးရှုံးသွားသော ခရီးသည်များ အတွက် အာမခံလျော်ကြေးနှင့် ထောက်ပံ့ကြေးများ ပေးရာတွင် သေဆုံး ခရီးသည် တစ်ဦးလျှင် ကျပ်သိန်း (၆၀) အထိ ရရှိခဲ့ပြီး၊ တိုင်းပြည် တာဝန် ထမ်းဆောင်နေသော တပ်မတော်သားများ စစ်ဆင်ရေးတွင် ကျဆုံးမှု အတွက် ပေးသော ထောက်ပံ့ကြေးမှာ အမြင့်ဆုံး ကျပ် (၁၀) သိန်းသာ ရှိသောကြောင့် နှိုင်းယှဉ် ပါက တပ်မတော်သားများကို ပေးသော ထောက်ပံ့ကြေးမှာ နည်းပါးလျက် ရှိသည်။
Messenger News Journal