ဆွာရက်ဇ် ပွဲကစားခွင့် လေးလပိတ်ပင်ခံရ

ပို့စ်တင်ချိန် - 6/27/2014 07:57:00 AM


  အီတလီနောက်တန်းလူ ချီလီနီကို ကိုက်ခဲ့ခြင်းအတွက် ဥရုဂွေးတိုက်စစ်မှူးဆွာရက်ဇ်မှာ ဘောလုံးကစားခြင်းမှ လေးလပိတ်ပင်ခြင်းပြစ်ဒဏ်နှင့်အတူ နိုင်ငံအသင်းအတွက် ကိုးပွဲပယ်နှင့် ပေါင် ၆၅,၀၀၀ ပြစ်ဒဏ်ချမှတ်ခံရသည်။ ထို့ကြောင့် ဆွာရက်ဇ်မှာ လီဗာပူးအသင်းအတွက်လည်း အောက်တိုဘာလကုန်အထိ ပါဝင်ကစားနိုင်မည် မဟုတ်ပေ။

ဆွာရက်ဇ်နှင့်ဥရုဂွေးအသင်းသည် ပြစ်ဒဏ်အတွက်အယူခံပိုင်ခွင့်ရှိသော်လည်း ပွဲပယ်ပြစ်ဒဏ်မှာ ရှုံးထွက် ၁၆ သင်းအဆင့်တွင်  ကိုလံဘီယာနှင့်ပွဲမှစတင်၍ ကျခံရမည်ဖြစ်ပြီး ထိုပွဲတွင်ပါဝင်ကစားခွင့်ရမည်မဟုတ်ပေ။ လူးဝစ္စဆွာရက်ဇ်(၂၇)နှစ်မှာ ကစားသမားမပီသသောလုပ်ရပ်အတွက် အပြစ်ရှိကြောင်း တွေ့ရှိခဲ့ပြီးနောက် ဖီဖာ၏စည်းကမ်းထိန်းသိမ်းရေးကော်မတီက ယခုပိတ်ပင်မှု ပြစ်ဒဏ်ချမှတ်လိုက်ခြင်းဖြစ်သည်။

ဆွာရက်ဇ်က ချီလီနီကိုကိုက်ခဲ့ခြင်းမှာ ကမ္ဘာ့ဖလားအုပ်စု(D) တွင် ဥရုဂွေးက အီတလီကိုအနိုင်ရသောပွဲတွင် ကျူးလွန်ခဲ့ခြင်းဖြစ်သည်။ ထိုပွဲတွင် ဥရုဂွေးကအနိုင်ရရှိပြီး နောက်ဆုံး ၁၆ သင်း အဆင့်သို့တက်ရောက်နိုင်ခဲ့သည်။ ၎င်းတို့၏ဆုံးဖြတ်ချက်ကို ကစားသမားနှင့် ဥရုဂွေးဘောလုံးအဖွဲ့ချုပ်သို့ အကြောင်းကြားပြီးဖြစ်သည်ဟု ဖီဖာက ပြောကြားသည်။

ယင်းသို့သော အပြုအမူမျိုးမှာ သည်းခံနိုင်စရာမရှိကြောင်းနှင့် အထူးသဖြင့်လူသန်းပေါင်းများစွာ က ကွင်းအတွင်းရှိအကျော်အမော်များကိုကြည့်ရှုနေချိန်တွင်ဖြစ်ကြောင်း ဖီဖာစည်းကမ်း ထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ကလော်ဒီယိုဆူလ်ဆာက ပြောကြားသည်။          

Ref: BBC
7day daily