ကျပ်သိန်းငါးထောင်နီးပါး ကုန်ကျမည့် အခမဲ့ဆေးခန်း သုံးဆယ်ကျော် ဖွင့်လှစ်မည်

ပို့စ်တင်ချိန် - 11/28/2013 02:43:00 PM


ရန်ကုန်၊ နိုဝင်ဘာ ၂၇

ငွေကြေး ချို့တဲ့သူများအတွက် ကျန်းမာရေးဖူလုံမှု ရရှိစေရန် မြန်မာနိုင်ငံ အနှံ့တွင် ဆေးခန်း ၃၃ ခန်းလာမည့် နှစ်ဆန်းပိုင်းက စတင်ပြီး ကျပ်သိန်းငါးထောင် နီးပါး အကုန်အကျခံကာ အခမဲ့ဆေးခန်းများ ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေး ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဒေါက်တာသိန်းစိန်က The Voice သို့ ပြောကြားသည်။

မြန်မာနိုင်ငံတွင် ၁၉၉၀ ခုနှစ်က မြန်မာ့ဂရုဏာ ဖောင်ဒေးရှင်း အမည်ဖြင့် အခမဲ့ဆေးခန်း ၃၃ ခန်း ဖွင့်လှစ်ခဲ့ပြီး ၁၉၉၇ ခုနှစ်တွင် ကျန်းမာရေးဝန်ကြီးဌာနက ခေတ္တပိတ်သိမ်းခဲ့ရာမှ ၂၀၁၄ ခုနှစ်တွင် ပြည်သူ့ကျန်းမာရေး ဖောင်ဒေးရှင်းက ယခုကဲ့သို့ ပြန်လည် ဖွင့်လှစ်ရန် စီစဉ်ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

အဆိုပါ ဆေးခန်းတစ်ခန်းကို တစ်နှစ်လျှင် ကျပ် ၁၅၀ သိန်း ကုန်ကျမည် ဖြစ်ပြီး၊ ကနဦး ရန်ကုန်နှင့် မန္တလေးမြို့တော် များတွင် ဆေးခန်းလေးခန်း ဖွင့်လှစ်သွားရန် စီစဉ်ထားကြောင်း၊ ယင်းဆေးခန်းများ သည် ၁၉၉၀ ခုနှစ်ခန့်က မြန်မာ့ကရုဏာ ဖောင်ဒေးရှင်း အမည်နှင့် ဖွင့်လှစ်ထားသော ဆေးခန်းများ ဖြစ်ကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။

ရန်ကုန်တွင် လှိုင်သာယာမြို့နယ်နှင့် တောင်ဥက္ကလာပမြို့နယ်၊ မန္တလေးတွင် ချမ်းမြသာစည်မြို့နယ်၊ ပြည်ကြီးတံခွန် မြို့နယ်တို့တွင် ၂၀၁၄ ဇန်နဝါရီလတွင် ဆေးခန်းများ ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း ၎င်းကပြောသည်။

ငွေကြေး နွမ်းပါးသူများအတွက် ဖွင့်လှစ်ထားသော အခမဲ့ဆေးခန်း တစ်ခန်းစီတွင် အထွေထွေရောဂါကု ဆရာဝန်နှင့် သူနာပြု အပါအဝင် ခြောက်ဦးခန့်စီ ထားမည်ဖြစ်ပြီး၊ ၎င်းတို့လစာနှင့် လစဉ် ဆေးကုန်ကျစရိတ် အားလုံး ကျပ် ၁၂ သိန်းနီးပါး ကုန်ကျနိုင်ကြောင်း ဒေါက်တာသိန်းစိန်၏ ပြောကြားချက်များအရ သိရသည်။
“နိုင်ငံတော်က ဆေးခန်းမြေနေရာ ပေးတယ်။ ဖောင်ဒေးရှင်းကတော့ လစဉ် ကုန်ကျစရိတ်ကို ရန်ပုံငွေ ရှာရမယ်” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

လက်ရှိအချိန်တွင် ရန်ကုန်မြို့ရှိ ဆေးခန်းနှစ်ခုအတွက် အလှူငွေ ကျပ်သိန်း သုံးရာ့သုံးဆယ်ကျော်နှင့် မန္တလေးမြို့ ဆေးခန်းများအတွက် ကျပ်သိန်းတစ်ရာကျော် ရရှိထားပြီး ဆက်လက်၍ ရန်ပုံငွေ လှူဒါန်းသူများ လိုအပ်သေးကြောင်း ပြည်သူ့ ကျန်းမာရေး ဖောင်ဒေးရှင်းက သိရသည်။
“လူတွေ ပြဿနာက ဆေးဝယ်ခိုင်း ရင်တောင် ဆေးမဝယ် သောက်နိုင်တာ၊ ဆေးစစ်ခိုင်းတာမျိုး ဆိုရင် ပိုဆိုးတဲ့အတွက် အခမဲ့ ဆေးခန်းတွေ ဖွင့်ပေးမယ် ဆိုရင် နွမ်းပါးပြီး အမှန်တကယ် လိုအပ်တဲ့လူတွေ ကို ရစေချင်တယ်။ မနွမ်းပါးဘဲ အခွင့်အရေး ယူသူတွေလဲ ရှိနေတယ်” ဟု သင်္ဃန်းကျွန်း မြို့နယ်ရှိ လူနာများကို အခမဲ့ ဆေးကုသ ပေးနေသော ရောင်ခြည်သစ် ဆေးခန်းတာဝန်ခံ ဒေါက်တာကျော်စွာဦးက ဆိုသည်။

အခြေခံ လူတန်းစားများအတွက် အဓိက အခက်အခဲသည် ငွေကြေး ဖြစ်သည့်အတွက် ပုဂ္ဂလိက အထွေထွေ ဆေးခန်းများ၊ အထူးကု ဆေးရုံများနှင့် အစိုးရ ဆေးရုံများကို သွားရောက်ရန် အဆင်မပြေကြောင်း၊ အစိုးရ ဆေးရုံများတွင် အခမဲ့ ဆေးကုသပေးခြင်းများ ရှိသော်လည်း အခြေခံ လိုအပ်ချက်ကို မပြည့်မီသေးကြောင်း၊ အခမဲ့ ဆေးခန်းများ ဖွင့်ခြင်းအားဖြင့် အစိုးရ၏ ဝန်ကိုလည်း ပေါ့စေကြောင်း ဒေါက်တာကျော်စွာဦးက ပြောကြားသည်။

The Voice Weekly