နန်းသီတာဆိပ်ကမ်း၌ အထပ်၂၀ မြင့် အဆောက်အအုံနှစ်လုံးနှင့် ၁၆ ထပ်အမြင့်ရှိ ဟိုတယ်များ တည်ဆောက်ရန် စီစဉ်မှု ရန်ကုန်မြို့တော်စည်ပင် ခွင့်မပြု

ပို့စ်တင်ချိန် - 11/28/2013 12:26:00 PM


(ရန်ကုန်မြို့ နန်းသီတာဆိပ်ကမ်းအား နိုဝင်ဘာလအတွင်းက တွေ့ရစဉ် (ဓာတ်ပုံ-မျိုးမင်းထက်))
ရန်ကုန်ဆိပ်ကမ်း ဖွံ့ဖြိုးမှု စီမံကိန်းအရ နန်းသီတာဆိပ်ကမ်း၌ အထပ်၂၀မြင့် အဆောက်အအုံနှစ်လုံးနှင့် ၁၆ ထပ်အမြင့်ရှိ ဟိုတယ်များ တည်ဆောက်ရန် စီစဉ်မှုအား ရန်ကုန်မြို့တော်စည်ပင်မှ ခွင့်ပြုခြင်း မရှိသေးကြောင်း သတင်းရရှိပါသည်။

ယင်းသို့ ခွင့်ပြုခြင်းမရှိသည်မှာ အဆိုပါဧရိယာမှာ Zonig သတ်မှတ်ချက်အရ စိမ်းလန်းမြေအဖြစ်သာ ထားရှိရန်နှင့် အများနှင့်သက်ဆိုင်သော အဆောက်အအုံအား နှစ်ထပ်ထက် မပိုစေဘဲ မြေကွက်၏ နှစ်ရာခိုင်နှုန်းသာ ဆောက်လုပ်ရန် လျာထားခြင်းဖြစ်သဖြင့် အထပ်မြင့် အဆောက်အအုံများ ဆောက်လုပ်ရန် မသင့်ခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။

"မြို့ပြဖွံ့ဖြိုးရေး လုပ်ငန်းတွေ လုပ်ဆောင်တဲ့အခါ ရှေးဟောင်း အဆောက်အအုံတွေရဲ့ မူလသွင်ပြင်လက္ခဏာကို မပျက်စီးအောင် အတတ်နိုင်ဆုံး လုပ်တာကောင်းပါတယ်။ ဒါပေမဲ့ တိတိကျကျ လိုက်နာမယ်ဆိုရင်လည်း မြို့ပြဖွံ့ဖြိုးရေး လုပ်ငန်းတွေကို ဘာမှဆက်လုပ်လို့ မရတဲ့အတွက် ညှိနှိုင်းပြီး ဆောင်ရွက်စေလိုပါတယ်" ရန်ကုန်တိုင်း ဒေသကြီး ၀န်ကြီးချုပ်ဦးမြင့်ဆွေက နိုဝင်ဘာ ၂၅ ရက်က ပြောကြားခဲ့သည်။

ရန်ကုန်ဆိပ်ကမ်း ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတွင် ပါဝင်သည့် နန်းသီတာဆိပ်ကမ်းနှင့် ပန်းဆိုးတန်း-ဒလခရီးသည်တင် ဆိပ်ခံဗောတံတားအား အဆင့်မြင့် ခေတ်မီခရီးသည်တင် ဆိပ်ခံတံတားအဖြစ် ပြောင်းလဲ တည်ဆောက်ရာတွင် ဆိပ်ခံတံတားနှင့် ဆက်စပ်မြေနေရာ၌ အထပ် ၂၀ မြင့်ရှိ အဆောက်အအုံနှစ်ခု၊ ၁၆ ထပ်အမြင့်ရှိ ဟိုတယ်တစ်လုံးနှင့် လေးထပ်အမြင့်ရှိ ဈေးဝယ်စင်တာတစ်ခု တည်ဆောက်ရန်အတွက် ရန်ကုန်မြို့တော်စည်ပင်သို့ ခွင့်ပြုချက် တောင်းခံထားခြင်း ဖြစ်သည်။

အဆိုပါစီမံကိန်းအား လုပ်ကိုင်ရန် တင်ဒါခေါ်ယူခဲ့ပြီး တင်ဒါတင်သွင်းသည့် ကုမ္ပဏီများထဲမှ အမှတ်အများဆုံးရရှိသည့် Starting Bell ကုမ္ပဏီသည် လိုအပ်သည့် ငွေကြေးခိုင်မာမှု စာရွက်စာတမ်းများအား တင်ပြနိုင်ခြင်းမရှိ၍ ဒုတိယအမှတ်အများဆုံး ရရှိသည့် New Downtown Develo-pment ကုမ္ပဏီနှင့် ဆက်လက် ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။ ယင်းကုမ္ပဏီအား လုပ်ငန်းလုပ်ကိုင်ခွင့်ကာလ နှစ် ၃၀ အား BOT စနစ်ဖြင့် လုပ်ငန်းများအား ဆောင်ရွက်သွားရန် စီစဉ်ထားခြင်း ဖြစ်သည်။

ဆိပ်ကမ်းဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များတွင် ရန်ကုန်မြို့တော်စည်ပင်အား ခွင့်ပြုချက် တောင်းခံခြင်းမှာ ဆိပ်ကမ်းဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များအတွက် တင်ဒါခေါ်ယူခဲ့စဉ်ကပင် ရန်ကုန်မြို့တော်စည်ပင်၏ ခွင့်ပြုချက်ရရှိပြီးမှသာ အဆောက်အအုံများ တည်ဆောက်ရမည်ဆိုသည့် အချက်အား တင်ဒါစည်းကမ်းချက်တွင် ထည့်သွင်းထားခြင်းကြောင့် ဖြစ်သည်။

Eleven Media Group