IMF အကြီးအကဲ မြန်မာနိုင်ငံကို ပထမဆုံး အကြိမ်သွားရောက်မည်

ပို့စ်တင်ချိန် - 11/28/2013 10:31:00 AM


(နိရဉ္စရာ- ၂၈ နိုဝင်္ဘာ ၂၀၁၃)

နိုင်ငံတကာ ငွေကြေးရန်ပုံငွေ အဖွဲ့ IMF အကြီးအကဲ Christine Lagarde သည် နောက်လတွင် မြန်မာနိုင်ငံကို သွားရောက်မည် ဖြစ်ကြောင်း သိရသည်။

IMF အကြီး အကဲ အမှုဆောင် ညွှန်ကြားရေးမှူး Christine Lagarde သည် အာရှ (၃) နိုင်ငံဖြစ်သော တောင်ကိုးရီယား၊ ကမ္ဘောဒီယားနှင့် မြန်မာနိုင်ငံတို့သို့ ဒီဇင်္ဘာလတွင် သွားရောက်မည် ဖြစ်ကြောင်း IMF ၏ ကျေညာချက်တွင် ဖေါ်ပြသည်။

အင်္ဂါနေ့က ထုတ်ပြန်သော IMF ၏ ကျေညာချက်တွင် သူမသည် တောင်ကိုးရီယား၊ ကမ္ဘောဒီယား နိုင်ငံများသို့ သွားရောက်ပြီးနောက် မြန်မာနိုင်ငံသို့ ဒီဇင်္ဘာလ ၆ ရက်နေ့တွင် ရောက်ရှိမည် ဖြစ်ပြီး ၇ ရက်နေ့ထိ နေထိုင် လည်ပတ်မည် ဖြစ်ကြောင်း ဖေါ်ပြသည်။

IMF အကြီးအကဲ၏ ကျေညာချက်ထဲတွင် “ကမ္ဘာ့ စီးပွားရေးတွင် အဆင့် ၁၃ အင်အား အကြီးဆုံး တောင်ကိုရီးယားနှင့်  စီးပွားရေးတိုးတက်ရန်  အလားအလာအများကြီးရှိနေသော  ကမ္ဘောဒီးယား၊ ဖွံ့ဖြိုး တိုးတက်ရေး အတွက် မရေတွက်နိုင်သော အခွင့်အလမ်းများ ပြည့်နက်နေသော  မြန်မာနိုင်ငံသို့ IMF အကြီးအကဲ တစ်ဦးအနေဖြင့် သွားရောက် လည်ပတ်ဖို့ အတွက် အင်မတန်မှ စိတ်အား ထက်သန်နေကြောင်း”  သူမက ဆိုသည်။

IMF အကြီးအကဲ Ms. Lagarde သည် မြန်မာနိုင်ငံ၏ ခရီးစဉ် အတွင်း လက်ရှိ နိုင်ငံ၏ မြို့တော် နေပြည်တော်နှင့် စီးပွားရေးမြို့တော် ရန်ကုန်သို့ သွားရောက်မည် ဖြစ်သည်။

IMF အကြီးအကဲသည် မြန်မာ အစိုးရ အရာရှိကြီးများ၊ ထိပ်တန်း စီးပွားရေး လုပ်ငန်းရှင်များ အပါအ၀င် မြန်မာနိုင်ငံ ဒီမိုကရေစီရေး ကြိုးပမ်း၍ နှစ်ပေါင်း ၂၀ ခန့် အကျဉ်းကျခံခဲ့ရသူ နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံမည် ဖြစ်ကြောင်း IMF ပြောခွင့်ရသူ Gerry Rice ကပြောသည်။

IMF နိုင်ငံတကာ ရန်ပုံငွေ အဖွဲ့သည် မြန်မာနိုင်ငံမှ ရရှိမည့် ကြွေးမြီ အမေရိကန် ဒေါ်လာ (၆) ဘီလီယန်အား ယခုနှစ် ဇန္န၀ါရီလအတွင်းက လျှော်ပစ်ခဲ့ပြီး မြန်မာနိုင်ငံသည် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်အတွင်း ၆ ဒဿမ ၇၅ ရာခိုင်နုန်း ဖွံ့ဖြိုး တိုးတက်မည်ဟု ခန့်မှန်းထားသည်။

နိုင်ငံတကာ ရန်ပုံငွေ အဖွဲ့ IMF နှင့် ကမ္ဘာဘဏ် (World Bank) တို့သည် မြန်မာ အစိုးရမှ ပြုပြင်ပြောင်းလဲမူများ ပြုလုပ်လာပြီးနောက်  ၂၀၁၁ ခုနှစ်မှ စတင်ပြီး မြန်မာနှင့် ဆက်ဆံရေး တိုးချဲ့ ခဲ့သည်။

narinjara burmesenews