အငြိမ်းစားတို့ အငြိမ်းစားဖို့

ပို့စ်တင်ချိန် - 11/28/2013 09:01:00 AM


ဤလူ့လောက၊ လူ့ဘ၀၌
သကျရူပံ၊ မိန့်သံဂါထာ
ကျမ်းလာအရှိ၊ ငယ်ခါကလျှင်
မသင်ပညာ၊ ဥစ္စာမစု
သူ့ကို ချစ်ဖျက်၊ သူ့သက်သတ်စား
သူ့မယား၌၊ ပြစ်မှားတုံဘိ
ပစ္စည်းရှိလျက်၊ စိုးစိမလှူ
မွေးမြူမိဘ၊ မပြုရနှင့်
ပညာရှိထံ၊ နည်းခံမမှတ်
အမြတ်မကျင့်၊ ဤဆယ်ဆင့်ကား
ကြီးရင့်ဇရာ၊ အိုသောခါလျှင်
ပူဆာနောင်တ၊ ရတတ်စွတည့်။
(မဃဒေ၀-၃၂၁)
အသက် ၆၀ မှာ အငြိမ်းစားလို့ ယေဘုယျ သတ်မှတ်ထားကြတယ်။ မြန်မာနိုင်ငံ သက်တမ်း ၆၅ နှစ်ကို အရွယ်သုံးပါးနဲ့ ပိုင်းခြားရင်တော့ အသက် ၄၅ ကျော်ရင်ကို တတိယ အရွယ်တွင်း သက်ဆင်းလို့ လာပါပြီ။ တတိယ အရွယ်မှာ တရားရှာဆိုတဲ့ စကားနဲ့ကြည့်ရင် အသက် ၄၅ ကျော်ရင် အငြိမ်းစား ရတော့မှာ။ ဒါပေမဲ့ အစိုးရ ၀န်ထမ်းဘ၀မှ ပင်စင်ယူတဲ့ အသက် ၆၀ နောက်ပိုင်းကိုပဲ အငြိမ်းစားလို့ ဆိုကြပါစို့။
အငြိမ်းစားဆိုတဲ့ စကားရပ်က ငြိမ်းဆိုရာမှာ ကာယပိုင်း၊ စိတ္တပိုင်း ငြိမ်းနှစ်မျိုး ရှိတယ်။ အခုခေတ် အငြိမ်းစား ယူတယ်ဆိုတာ အလုပ်ကနေ အနားယူတာမို့ ကာယပိုင်းကို အထူးရည်ရွယ် တာပါပဲ။ အလုပ်မလုပ် ရတော့လို့ ပင်ပန်းမှုတွေ ငြိမ်းသွားတယ်ဆိုတဲ့ သဘောပါပဲ။ ဒါပေမဲ့ အဓိက ငြိမ်းရမှာက ငြိမ်းသင့်တာက စိတ်ပိုင်းဆိုင်ရာပဲ။ စိတ်ထဲက လောဘဒေါသသောက စတဲ့အပူတွေ အကုန်လုံး ငြိမ်းရမှာ။ စိတ်ပိုင်းဆိုင်ရာ အပူတွေငြိမ်းမှ တကယ်အငြိမ်းစား စစ်စစ်ပဲ။
ဆင်းရဲတဲ့ နိုင်ငံတွေမှာတော့ အဘိုးတွေ၊ အဘွားတွေ အများစုဟာ ကာယပိုင်းဆိုင်ရာလည်း မငြိမ်းကြပါဘူး။ စိတ္တပိုင်း ဆိုင်ရာလည်း မငြိမ်းရှာကြဘူး။ လမ်းဘေးမှာ လုပ်ကိုင်ရှာဖွေ စားသောက်နေရတဲ့ အဘိုး၊ အဘွားတွေ၊ တချို့တောင်းရမ်း စားသောက်နေရတဲ့ အဘိုး၊ အဘွားတွေကို တွေ့ရတာ စိတ်ထဲမှာ တော်တော်ခံစား ရတယ်။ အတော် သနားစရာပဲ။ တချို့လည်း ပစ္စည်းဥစ္စာ ပြည့်စုံပါလျက် လောဘဒေါသတွေ အတောမသတ်နိုင်တော့ သောကတွေ၊ ဒေါမနဿတွေ လုံးထွေးပြီး ဟိုအပူ၊ ဒီအပူနဲ့ ဘ၀နဲ့ ဓမ္မက ကွာဟချက်ကြီးကာ ဒီအပူတွေနဲ့ မငြိမ်းနိုင်၊ မအေးနိုင် ဘ၀ဇာတ်သိမ်း သွားကြရရှာတယ်။ တန်ဖိုးရှိလှတဲ့ လူ့ဘ၀ မီးလောင်ပြာကျ ဘာမှမရဘဲ ပြန်သွားရတာ စိတ်မကောင်းစရာဘဲ။
စာမှာနောင်တ ၁၀ ပါးရှိတယ်။ နောင်တရတယ်ဆိုတာ ပူပန်တာပဲ။ နောင်တဆိုတာ အသက်ကြီးမှ သို့မဟုတ် နောင်ကျမှ တ,တာ၊ ပူပန်တာမို့ နောင်တလို့ ခေါ်တယ်။ လုပ်သင့်တာကို မလုပ်ခဲ့မိလို့၊ မလုပ်သင့်တာ လုပ်ခဲ့မိလို့ နောင်မှစိတ်မကောင်းဖြစ်ခြင်း၊ နှမြောတသ ယူကျုံးမရ ဖြစ်ခြင်းပါဘဲ။ နောင်တကို အရကောက်တော့ ကုက္ကုစ္စစေတသိက် အကုသိုလ်တရား ဖြစ်ပါတယ်။ မဃဒေ၀ ၂၃၄ မှာတော့ "လောဘဒေါသ၊ မောဟအဟုန်၊ ဆတ်ဆတ်ခုန်၍၊ သည်းတုံအူကြိုက်၊ သူမိုက်သဘော၊ စရိုက်ပြောလျက်၊ ကုဒ္ဓေါဓမ္မံ၊ နဇာနတိ၊ အစရှိသား၊ ပါဠိဒေသနာ၊ ဟောမိန့်မှာတိုင်း၊ မှန်စွာစိစစ်၊ ကျိုးပြစ်တရား မသိငြားဘူး၊ ပြစ်မှားလွန်မှ၊ လူ့ဗာလတို့၊ ကုက္ကုစ္စကြီး၊ လွှမ်းဖိစီး၍၊ မီးနှင့်အတူ နောင်တဟူသည်၊ လောင်ပူမကင်း၊ ကျွန်ရာသွင်းလျက်၊ စာရင်းချုပ်ထား၊ ကြွေးမြီလားသို့၊ တိမ်းပါးမရ၊ အပါယ်ကျသည်၊ ဒုက္ခကိုယ် ကျပ်မကွာတည်း" လို့ နောင်တအဓိပ္ပာယ်ကို ဖွင့်ဆိုတယ်။
အငြိမ်းစား အရွယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ် ငြိမ်းအောင်နေရမယ်။ ငြိမ်းဆိုတာလည်း ငြှိမ်းမှသာ ငြိမ်းမယ်။ ငြိမ်းမှအေးမယ်။ အေးအေးချမ်းချမ်း နေချင်ရင်တော့ ကိုယ့်မီးတွေ ကိုယ်ငြှိမ်းရမယ်။ မငြှိမ်းရင်တော့ မငြိမ်းဘူး။ မငြိမ်းရင်တော့ လောင်မယ်။ လောင်ရင်ပူမယ်။ ပူတယ်ဆိုတာ လောင်လို့ပါပဲ။ ပူလောင်ဆိုတဲ့အတိုင်း ပူရင်လောင်မယ်။ လောင်ရင်ပူမယ်။ ဘာတွေက လောင်တာလဲ။ လောဘ ဒေါသစတဲ့ ကိလေသာတွေက လောင်တာ။ နောင်တတရားတွေက လောင်တာ။ ဒီအပူ အလောင်တွေကို ၀ိပဿနာ ရေချမ်းနဲ့ ပက်ဖျန်းပြီးတော့ ငြှိမ်းရမယ် . . . . .
ပထမအရွယ်မှာ ပညာရှာ ဆိုတဲ့အတိုင်း ငယ်ရွယ်စဉ် ပထမ အရွယ်မှာတော့ ပညာကို ကြိုးစားရှာ၊ ပညာကို ကြိုးစားသင်ရပါမယ်။ ပညာကတော့ တတ်လေကောင်းလေပါပဲ။ ဘုရားက ပညာနဲ့ အသက်မွေးတာဟာ အကောင်းဆုံးသော အသက်မွေးခြင်းလို့ မိန့်ပါတယ်။ ကိုယ့်ပညာနဲ့ကိုယ် ရိုးရိုး၊ အေးအေး၊ ရှင်းရှင်း အသက်မွေး ၀မ်းကျောင်းပြုတာ အကောင်းဆုံးပါပဲ။ ပညာမတတ်တော့ အသက်မွေးကြမ်းတယ်။ အသက်မွေးကြမ်းတယ်ဆိုတာ အောက်ခြေသိမ်း အလုပ်တွေကို ပင်ပင်ပန်းပန်း လုပ်ရတာ ရှိသလို ခွင်အလုပ်တွေ ရှာပြီးတော့ မဟုတ်မမှန်တာတွေ လုပ်ပြီး မိစ္ဆာဇီဝတွေနဲ့ အသက်မွေးရတာလည်း အသက်မွေး ကြမ်းတယ်လို့ ခေါ်ရပါတယ်။ ကိုယ့်ပညာလေးနဲ့ကိုယ် ပညာရှင်ဘ၀နဲ့ ရောင့်ရဲလို့၊ တင်းတိမ်လို့ အသက်မွေးရတာ စိတ်အချမ်းသာဆုံးပါပဲ။ ဘုရားကလည်း ရောင့်ရဲခြင်းသာ အမြတ်ဆုံးသော ဥစ္စာလို့ မိန့်ပါတယ်။ အဲဒီလို ပညာရှာ မထားရင်၊ ပညာမတတ်၊ ပညာမရှိရင် ကြီးတဲ့အခါ ဒုက္ခရောက် နောင်တရ စိတ်ပူပန် ရတတ်ပါတယ်။
ဒုတိယ အရွယ်မှာ ဥစ္စာရှာတဲ့။ ပညာရှာပြီးရင် ဥစ္စရှာရတယ်။ ရှာဖွေစုဆောင်း သူဌေးလောင်းဆိုတော့ ဥစ္စာက ရှာရုံနဲ့ မပြီးဘူး။ ရှာဖွေပြီးရင် စုဆောင်းတတ်ရပါတယ်။ ငွေကြေးဥစ္စာကို စနစ်တကျ စီမံခန့်ခွဲ တတ်ရပါတယ်။ စာမှာတော့ ရှာဖွေရရှိတဲ့ ပစ္စည်းဥစ္စာကို လေးပုံခွဲခြားပါ။ တစ်ပုံကို စားသုံးပါ။ နှစ်ပုံကို အရင်းအနှီးလုပ်ပါ။ ကျန်တစ်ပုံကိုတော့ အရေးပေါ် သုံးစွဲဖို့အတွက် ထားပါ။ လှူတာကတော့ စားသုံးတဲ့ အထဲက ခွဲလှူပါ။ လူ့လောကီ ဘုံဘ၀မှာ စီးပွားရေးဆိုတာ ပင်မလမ်းကြောင်းကြီးပါပဲ။ ကျန်တဲ့လူမှုရေး လမ်းကြောင်းဟူသမျှ စီးပွားရေး လမ်းမကြီးမှ ခွဲထွက်ရတာပဲ။ စီးပွားရေးကောင်းမှ ကျန်တဲ့လူမှုရေးတွေ ကောင်းပါတယ်။ ဥစ္စာမရှာ၊ ဥစ္စာမရှိလို့ စီးပွားမရှိရင် ဆင်းရဲမှာ သေချာပါတယ်။ အဲဒီအခါ နောင်တရ စိတ်ပူပန် ရပါလိမ့်မယ်။ သူ့ကို ချစ်ဖျက်ဆိုတာ ပိသုဏ၀ါစာ-ကုန်းချောတာ၊ သွေးခွဲတာ။ နှစ်ဦးကြားက ချစ်ခြင်းကို ဆိတ်သုဉ်းသွားအောင် လုပ်တာ။ ဒါဟာလည်း နောင်တရကြောင်း ပူပန်ကြောင်း တစ်ပါးပါပဲ။ သူတစ်ပါးကို ညှဉ်းပန်းခဲ့ရင်၊ နှိပ်စက်ခဲ့ရင်၊ သတ်ဖြတ်ခဲ့ရင် နောင်တစ်ချိန်ချိန်မှာ နောင်တရ၊ စိတ်ပူပန် ရပါလိမ့်မယ်။ အိမ်ထောင်ရေး စည်းဖောက် ကာမေသုမိစ္ဆာစာရအမှု ကျူးလွန်ခဲ့ရင် နောင်တစ်ချိန်ချိန်မှာ နောင်တရ၊ စိတ်ပူပန် ရပါလိမ့်မယ်။ ပစ္စည်းဥစ္စာ ပြည့်စုံပါလျက် စွန့်ကြဲမှု၊ ပေးကမ်းမှု၊ လှူဒါန်းမှု မပြုခဲ့ရင် နောင်တစ်ချိန်ချိန်မှာ နောင်တရ၊ စိတ်ပူပန် ရပါလိမ့်မယ်။ မိဘနှစ်ပါးအား ပြုစုစောင့်ရှောက်မှု မပြုခဲ့ရင် မိဘတွေ မရှိတော့တဲ့နောက်ပိုင်း နောင်တစ်ချိန်ချိန်မှာ နောင်တရ၊ စိတ်ပူပန် ရပါလိမ့်မယ်။
လူပညာရှိ၊ ရဟန်းပညာရှိ၊ သူတော်ကောင်း ပညာရှိတို့အား ဆည်းကပ်ခြင်း မပြု။ ပညာရှိ သူတော်ကောင်း စကားကို မနာကြား၊ နည်းခံမှတ်သားမှု မပြုခဲ့ရင် နောင်တစ်ချိန်ချိန်မှာ နောင်တရ၊ စိတ်ပူပန် ရပါလိမ့်မယ်။ ဘုရားရှင်၏ အဆုံးအမ တရားတော်ကို လိုက်နာကျင့်သုံးမှု မပြုဘဲ လောဘဒေါသနောက်လိုက် မှောက်မှောက်မှားမှား ပြုကျင့်မိခဲ့ရင် နောင်တစ်ချိန်ချိန်မှာ နောင်တရ၊ စိတ်ပူပန်ရပါလိမ့်မယ်။ မဂ္ဂဗြဟ္မစရိယခေါ် မဂ်ဖိုလ်နိဗ္ဗာန် ရရှိစေသော ၀ိပဿနာအလုပ် အားမထုတ်ဖြစ်ခဲ့ရင် နောင်တစ်ချိန်ချိန်မှာ နောင်တရ၊ စိတ်ပူပန် ရပါလိမ့်မယ်။ ဒီနောင်တ ၁၀ ပါးဟာ ဇနသန္ဒဇာတ်တော်မှာ ဘုရားလောင်း ဇနသန္ဒမင်းက တိုင်းသူပြည်သားတို့အား အေးချမ်းတဲ့ ဘ၀ဖြစ်ဖို့၊ အေးချမ်းတဲ့ တိုင်းပြည်ဖြစ်ဖို့ ဆုံးမစကား ပြောကြားတဲ့ သြ၀ါဒ တရားပါပဲ။
အငြိမ်းစား အရွယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ် ငြိမ်းအောင်နေရမယ်။ ငြိမ်းဆိုတာလည်း ငြှိမ်းမှသာ ငြိမ်းမယ်။ ငြိမ်းမှအေးမယ်။ အေးအေးချမ်းချမ်း နေချင်ရင်တော့ ကိုယ့်မီးတွေ ကိုယ်ငြှိမ်းရမယ်။ မငြှိမ်းရင်တော့ မငြိမ်းဘူး။ မငြိမ်းရင်တော့ လောင်မယ်။ လောင်ရင်ပူမယ်။ ပူတယ်ဆိုတာ လောင်လို့ပါပဲ။ ပူလောင်ဆိုတဲ့အတိုင်း ပူရင်လောင်မယ်။ လောင်ရင်ပူမယ်။ ဘာတွေက လောင်တာလဲ။ လောဘ ဒေါသစတဲ့ ကိလေသာတွေက လောင်တာ။ နောင်တတရားတွေက လောင်တာ။ ဒီအပူ အလောင်တွေကို ၀ိပဿနာ ရေချမ်းနဲ့ ပက်ဖျန်းပြီးတော့ ငြှိမ်းရမယ်။ ငြှိမ်းမှသာ ငြိမ်းမယ်။ ငြိမ်းမှသာ အေးမယ်။ အငြိမ်းစား အရွယ်မှာ ကိုယ်ရောစိတ်ရော ငြိမ်းပါမှ ဘ၀အဓိပ္ပာယ် ရှိလိမ့်မယ်။ အငြိမ်းစားများ ကိုယ်ရောစိတ်ပါ ငြိမ်းကြပါစေ။

Eleven