လူငယ်များအကြား အုပ်စုဖွဲ့ ပြစ်မှုကျူးလွန်ခြင်းများ အတင့်ရဲလာ၊ ကြိုတင်ကာကွယ်နိုင်မှု အားနည်း

ပို့စ်တင်ချိန် - 11/18/2013 09:01:00 AM


ဇော်ဇော်ထွေး| တနင်္ဂနွေနေ့၊ နိုဝင်ဘာလ ၁၇ ရက်၊ ၂၀၁၃ ခုနှစ်

လူငယ်များအကြားတွင် ပေါ်ပေါ်ထင်ထင် ဒုစရိုက်ကျူးလွန်မှုများ၊ အမှုအခင်းကြီးများကို အုပ်စုဖွဲ့၍ သော်လည်းကောင်း ဂိုဏ်းစတား ဆန်ဆန်ပုံစံများဖြင့်သော်လည်းကောင်း ကျူးလွန်မှုများ ဖြစ်ပွားလာမှုကို ပိုမိုတွေ့ရှိလာရသည်။

သို့သော် ဖြစ်စဉ်များမှာ လူငယ်များ၏ အတတ်ပညာနှင့် စိတ်ပိုင်းဆိုင်ရာ သွန်သင်ဆုံးမမှုများတွင် အားနည်းချက်များ ရှိလာနေရသည့်အပြင် ပြည်သူ့လုံခြုံမှုကို စောင့်ရှောက်ရသော ရဲတပ်ဖွဲ့တွင်လည်း အင်အားတောင့်တင်းခိုင်မာမှု လိုအပ်ချက် ရှိနေခြင်းကြောင့်ဟူသည်ကို အောက်ပါ အတိုင်း ထောက်ပြကြသည်။

“တစ်ပါတီအာဏာရှင်စနစ်ကနေ ဒီမိုကရေစီကို အသွင်ကူးပြောင်းတဲ့အခါမှာ ဒီလို အုပ်စုဖွဲ့တာတွေ၊ ပြန်ပေးဆွဲတာတွေ၊ လမ်းသူရဲဂိုဏ်းတွေ ပေါ်လာနိုင်တယ်။ ဒါကို အစိုးရအနေနဲ့ ကြိုတင်စီမံချက်ချပြီး ဆောင်ရွက်ထားသင့်တယ် ရဲတွေကိုလည်း အင်အားတောင့်တင်းအောင် လုပ်ဆောင်ထားသင့်တယ်” ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက ပြောပြသည်။

ရန်ကုန်မြို့တွင် ဆိုင်ကယ် ကယ်ရီသမားများက အုပ်စုဖွဲ့ပြီး ရဲကင်းများနှင့် ရဲဝန်ထမ်းများကို ဝင်ရောက်ရိုက်နှက်ဖျက်စီးမှု လှိုင်သာယာမြို့နယ်၊ မင်္ဂလာဒုံမြို့နယ်တို့တွင် ဖြစ်ပွားထားသည်။

နိုဝင်ဘာလ ၁၃ ရက် ည ၁၁ နာရီခန့်ကလည်း အင်းစိန်မြို့နယ်နှင့် အောင်ဇေယျကြိုးတားပေါ်တွင် လူငယ် သုံးဦးနှင့် ခြောက်ဦးအဖွဲ့တို့ ခိုက်ရန်ဖြစ်ပွားခဲ့ရာ ပုလင်းကွဲဖြင့် လည်ပင်းအား အထိုးခံရသဖြင့် လူငယ်တစ်ဦး သေဆုံးခဲ့ရသည်။

ပဲခူးမြို့ရှိ မွန်စံပြ ရပ်ကွက်တွင်လည်း ပဒေသာပင်ပွဲတော်ပြုလုပ်နေသော လမ်းအတွင်သို့ လူငယ် ၁၅ ဦးတို့က အိတ်ဇောဖြုတ်ထားသော ဆိုင်ကယ်များအား မြွေလိမ်မြွေကောက်စီးပြီး ပဒေသာပင်များရှိ ပစ္စည်းများ၊ ပိုက်ဆံများအား ဆွဲဖြုတ်ယူမှုတစ်ခု သီတင်းကျွတ် လပြည့်ညက ဖြစ်ပွားခဲ့သည်။

ထို့နောက် ထွက်ပြေးစဉ် ကျန်ရှိခဲ့သော ဆိုင်ကယ်အား ပြန်လည်ယူဆောင်ရာတွင်လည်း တုတ်ကိုယ်စီကိုင်ဆောင်ထားသော လူငယ် ၃၀ ဦးခန့်ဖြင့် လမ်းအတွင်းသို့ လာရောက်ခဲ့ပြီး ပွဲတော်စည်းကမ်းထိန်းသိမ်းရေးခေါင်းဆောင်တစ်ဦးအား အများရှေ့မှာပင် တုတ်ဖြင့်ရိုက်ပြီး ဓားဖင့် ထိုးခဲ့မှု ဖြစ်ပွားခဲ့သည်။

ထို့ပြင် လွန်ခဲ့သော နှစ်အနည်းငယ်အတွင်းကလည်း အင်းလျားကန်ဘောင်သို့ တုတ်ဓားလက်နက်များ ကိုင်ဆောင်ထားသော လူငယ် ၂၀ ဦးခန့်က ဆိုင်ကယ်များဖြင့် ရောက်ရှိလာပြီး ကန်ဘောင်ပေါ်ရှိ တွေ့သမျှလူများအား တုတ်ဓားများဖြင့် ထိုးခုတ်မှုတစ်ခု ဖြစ်ပွားခဲ့ဖူးသည်။

မြောက်ဥက္ကလာပမြို့နယ်တွင်လည်း ဓားကိုယ်စီဖြင့် မျက်နှာဖုံးစွပ်ထားသော ကြေးစားလူသတ်သမားများက အများမြင်ကွင်းရှေ့မှာပင် လူတစ်ဦးကို ဝိုင်းဝန်း သတ်ဖြတ်ခဲ့ကြသည်။

လူငယ်များအကြား အုပ်စုဖွဲ့ခြင်းနှင့် ပါတ်သက်၍ ဆင်းခြေဖုန်းမြို့နယ်တစ်ခုမှ ကိုမောင်ကျော် က “ကျွန်တော်တို့ ဖွဲ့ထားတာတော့ သူများကို ရမ်းကားဖို့မဟုတ်ပါဘူး၊ ကိုယ်တွေ အရေးကြုံလာရင် အကူအညီတောင်းလို့ရအောင်ပါ။ ကိုယ်ဘက်ကတော့ ဘယ်တော့မှ စပြီး အမှားမလုပ်ပါဘူး။ အကုန်လုံးကတော့ ပြဿနာဖြစ်လာရင် ဆိုးအတူ ကောင်းအတူ မျှခံရဲတဲ့သူတွေပါ။ ဂိုဏ်းစတားလိုတော့မဟုတ်ပါဘူး ကိုယ်တွေ သူငယ်ချင်းတွေနဲ့ဖွဲ့ထားတာပါ” ဟု ပြောပြသည်။

လက်ရှိဖြစ်ပေါ်နေသော လူငယ်များအကြား အုပ်စုဖွဲ့ပြစ်မှုကျူးလွန်ခြင်းများမှာ လူငယ်တို့၏ ကြီးပြင်းရာ ပတ်ဝန်းကျင်နှင့် အသိပညာ အတတ်ပညာပေးမှုအပိုင်းတွင် အများကြီး သက်ရောက်မှုရှိနေသည်ဟု အငြိမ်းစား ဒု-ရဲမှူးတစ်ဦးဖြစ်သူ ဦးညွှန့်လှိုင်က ထောက်ပြသည်။

“ရေတိုအနေနဲ့ကတော့ ပြစ်မှုကျူးလွန်သူလူငယ်တွေကို ဥပဒေအရ အပြစ်ပေးအရေးယူရမှာပေါ့။ ဒါပေမယ့် ရေရှည်စီမံကိန်းလုပ်ဖို့လိုတယ်” ဟု ၄င်းက ဆိုသည်။

ယင်းသို့သော အုပ်စုဖွဲ့ရိုက်နှက်မှုများ ဖြစ်ပွားရာတွင် ရဲတပ်ဖွဲ့ဝင်များက အချိန်မီ ဝင်ရောက်ဟန့်တားနိုင်မှုမရှိ သည့်အပြင် အချိန်ကြန့်ကြာနေမှုများကြောင့် လွတ်မြောက်နေသည့် ပြစ်မှုကျူးလွန်သူ အများအပြားရှိနေသည်။

တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီဝင်ဖြစ်သူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်လဲ့လဲ့ဝင်းဆွေ က “ပြစ်မှုကျူးလွန်မှု ဖြစ်စဉ်တွေမှာ တရားလိုက ချက်ချင်းတိုင်တန်းဖို့လိုသလို မြန်မာနိုင်ငံရဲတပ်ဖွဲ့ကလည်း ချက်ချင်း လာရောက်ပြီး အရေးယူဆောင်ရွက်ပေးဖိုလိုပါတယ်။ ခုဟာက ပြစ်မှုဖြစ်ပြီး နောက်တစ်နေ့မှ ရောက်လာပြီး လိုက်ဖမ်းတော့ လွတ်မြောက်နေသူတွေလည်း ရှိနေတယ်။ ပြစ်မှုကျူးလွန်သူကို ဥပေဒအရ အမြန်ဆုံးအရေးယူဖို့လိုသလို မဖြစ်ခင်ကလည်း ကြိုတင်ကာကွယ်တားဆီးပေးနိုင်ဖို့ လိုပါတယ်” ဟု သူမက ဆိုခဲ့သည်။

နိုဝင်ဘာလ ၁၄ ရက်နေ့ည က ပွဲတော်လုံခြုံရေးနှင့် နယ်မြေလုံခြုံရေးအတွက် လှည့်ကင်းဆောင်ရွက်နေသည့် ရဲအရာရှိတစ်ဦးပါ လှည့်ကင်းရဲတပ်ဖွဲ့အား လူငယ်အဖွဲ့တစ်ခုက လမ်းခုလတ်တွင် ပိတ်ဆို့ပြီး ဝိုင်းဝန်းရိုက်နှက်မှုတစ်ခု စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ဝက်လက်မြို့တွင် ဖြစ်ပွားခဲ့သေးသည်။

“အချိုးချမယ်ဆိုရင် လူပေါင်း လေးငါးထောင်မှ ရဲတစ်ယောက်ပဲ ရှိတာဆိုတော့ လုံခြုံရေးက လိုအပ်ချက် ရှိနေတာပေါ့၊ ဒီလိုမျိုးအမှုအခင်းတွေ ရှိရင် ဘယ်လိုမျိုး ထိန်းသိမ်းရမလဲဆိုတဲ့ နည်းလမ်းတွေ ရှိရပါမယ်။ ဒါမျိုးကို ထိန်းနိုင်မယ့် ရဲအင်အား ရှိဖို့လိုပါတယ်။ သူတို့မှာလည်း လိုအပ်တဲ့ ပစ္စည်ကိရိယာ အပြည့်အစုံရှိဖို့လိုပါတယ်။ ဒါမျိုးတွေ လုပ်အပ်နေသေးတာပေါ့” ဟု ဦးညွှန့်လှိုင်က ဆိုသည်။

ဖြစ်ပွားခဲ့သော အုပ်စုဖွဲ့ကျူးလွန်သည့် မှုခင်းများနှင့် အများပြည်သူ ရှေ့မှောက်တွင်ပင် ပေါ်ပေါ်ထင်ထင်ကျူးလွန်သော မှုခင်များတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် အချိန်မီ လာရောက်ဟန့်တားနိုင်မှု မရှိခဲ့ပေ။

ထို့ပြင် မြန်မာနိုင်ငံရဲတပ်ဖွဲ့အင်အားနှင့် ပြည်သူအချိုးညီမျှမှုမှာ များစွာခြားနားနေသဖြင့် အင်အားတောင့်တင်းသော ရဲတပ်ဖွဲ့တစ်ခုဖြစ်ရန် လိုအပ်နေကြောင်း အငြိမ်းစားဒု-ရဲမှူးတစ်ဦးဖြစ်သူ ဦးညွှန့်လှိုင်က ဆိုသည်။

ယခုဖြစ်ပွားလျက်ရှိသည့် အုပ်စုဖွဲ့မှုခင်းများကို မဖြစ်ပွားခင်က ကြိုတင်ကာကွယ်နိုင်ရန်နှင့် ဖြစ်ပွားလာပါက အချိန်မီ ဝင်ရောက်ဟန့်တားမှုပြုနိုင်သော ရဲတပ်ဖွဲ့တစ်ခု ရှိလာရန် လိုအပ်နေပေသေးသည်။

Mizzima - News in Burmese